အခန်း ၄၂
Viewers 7k

Chapter (42)

Unicode

အခန်း(၄၂) - နင်တို့တွေ မမှားအောင် အစ်မဘာသာ ဥပမာပေးပြီး သင်ပြပေးမယ်

တစ်ခုခု မူမမှန်တာကို ရှင်းဟုန်က နားမလည်ပေ။

သူမက ခဏလောက် တွေးပြီးနောက် ရှောင်သခင်မကြီးကို မေးခဲ့သည်။ "သခင်မကြီး အဲမိန်းမယုတ်က ပြဿနာ တစ်ခုခု ရှာလိုက်သေးလား။"

ရှောင်သခင်မကြီးနှင့် တခြားလူတွေကို ပို၍ မပျော်မရွှင် ဖြစ်သွားစေသည်။

သူ ဘာပြောတာလဲ။

ဒီကောင်မက ရှောင်ဟန်ကျန့်ရဲ့ မိန်းမ သူတို့ကို ပြဿနာရှာလိုက်ဖို့ မျှော်လင့်နေတာလား။

ရှောင်သခင်မကြီးရဲ့ မျက်နှာက မည်းမှောင်သွားခဲ့သည်။ "အစေခံက ငါတို့ကိစ္စတွေကို ဝင်စွက်ဖက်စရာလိုလား။"

သူမက ကျန်သည့်လူတွေကို လှည့်ကြည့်လိုက်သည်။ "အစေခံက သူ့သခင် မိသားစုကို မလေးစားရင် ငါတို့ ဘာလုပ်လို့ရမလဲ။"

အမျိုးသမီးဝူက ပြုံးကာ ပြောခဲ့သည်။ "အမေ အစေခံက စကားနားမထောင်ရင် ပါးစပ်ကို ဖြတ်ရိုက်လို့ရတယ်လို့ ကြားဖူးပါတယ်။"

ရှောင်သခင်မကြီးက စိတ်ရှုပ်နေသည့် ရှင်းဟုန်ကို အေးစက်စွာ ကြည့်လိုက်သည်။ "ဒါဆိုလည်း သူ့ပါးစပ်ကို ဖြတ်ရိုက်လိုက်၊ ဒီကိစ္စကို နင်တို့နှစ်ယောက်ကို လွှဲခဲ့ပြီ။"

အမျိုးသမီးဝမ်က လူတစ်ယောက်ကို ရိုက်နှက်ရဖို့ လက်တွေ ယားနေတာကြာပြီ ဖြစ်သည်။

အရင်တစ်ခေါက် ရှစ်ချင်းလျို့ သူမကို ရိုက်ခဲ့ကတည်းက အခဲမကျေ ဖြစ်နေခဲ့တာ ဖြစ်သည်။

အခုတော့ အယုတ်တမာ အစေခံမက မြို့တော်မှာ သူတို့ကို ကောင်းကောင်းမွန်မွန် မနေရအောင် တားဆီးတာကို သိခဲ့ရလေသည်။

ပြီးတော့ မြို့တော်မှာ နောက်ထပ် တိရိစ္ဆာန်မ တစ်ကောင် ကျန်ရှိနေသေးသည်။

မိဘမဲ့ကများ သူတို့ကို အထင်သေးရဲတယ်။

ထို့ကြောင့် ဒေါသအဟောင်းကော အသစ်ပါ စုပြုံပြီး ရှင်းဟုန်ကို ထိုးပစ်ခဲ့လေသည်။

သူမကို ဆံပင်ဆွဲကာ မြေကြီးပေါ် တွန်းလဲပစ်ခဲ့သည်။

သူမ တစ်ကိုယ်လုံး ရှင်းဟုန်ရဲ့ ကိုယ်ပေါ်ခွတက်ပြီး ပါးကို ဘယ်ပြန်ညာပြန်ရိုက်ခဲ့သည်။

ရှောင်သခင်မကြီးက အမျိုးသမီးဝမ်နဲ့ တခြားလူတွေဖြင့် သူမကို ရိုက်ခွင့်ပြုလိမ့်မည်ဟု ရှင်းဟုန် မထင်ခဲ့ပေ။

သူ့ဦးနှောက်ပျက်သွားတာလား။

ခြံထဲက ထွက်လာပြီးမှ ဘာလို့ သူ့ကို ရုတ်တရက်ကြီး ပစ်မှတ်ထားနေတာလဲ။

ဒီလိုလုပ်အောင်လို့ အယုတ်တမာမ သွေးထိုးလိုက်တာလား။

"အား" ပါးမှ နာကျင်မှုက သူမရဲ့ အတွေးတွေကို ရပ်တန့်သွားစေခဲ့သည်။

အမျိုးသမီးဝမ်က သူမကို ဆက်ရိုက်နေပြီး သူမကလည်း အော်ဟစ်နေခဲ့သည်။

သူမက ခုခံခဲ့ပေမယ့် အိမ်မှုကိစ္စတွေလုပ်သည့် အမျိုးသမီးဝမ်က ပိုသန်မာနေသည်။

သူမ ဆက်ခုခံလေ အမျိုးသမီးဝူက ရှေ့တိုးလာပြီး သူမ ဆံပင်ကို ဆောင့်ဆွဲပြီး ကိုယ်ခန္ဓာကို ထိုးခဲ့သည်။

ရှင်းဟုန်က မျက်နှာတွေ နာနေပြီး ကိုယ်ခန္ဓာကလည်း ထိုးခံထားရတာကြောင့် တစ်ကိုယ်လုံး နာကျင်နေခဲ့သည်။

သူမက အော်ဟစ်ငိုယိုခဲ့သည်။ "သခင်မကြီး ကျွန်မ မှားပါတယ်၊ သူတို့ကို တားပေးပါဦး၊ အဲမိန်းမယုတ်ရဲ့ သွေးထိုးတဲ့ စကားတွေကို နားမယောင်ပါနဲ့၊ ကျွန်မက သခင်မကြီး ကောင်းဖို့အတွက် လုပ်တာပါ။"

ရှောင်သခင်မကြီးက အေးစက်စွာ ခနဲ့ခဲ့သည်။ "ထွီး မိန်းမပျက်၊ ငါတို့ကောင်းဖို့လုပ်တာဆိုရင် ဘာလို့ ငါတို့ကိုလိမ်ပြီး မြို့တော်ကို မသွားအောင် လုပ်ခဲ့တာလဲ။"

သူမ စကားပြောပြီးနောက် ရှင်းဟုန်က ကြက်သေ သေသွားခဲ့သည်။

ရှစ်ချင်းလျို့ အမှန်ပြောခဲ့တာကြောင့် ရှောင်သခင်မကြီးက ပိုသေချာခဲ့သည်။

ဒီမိန်းမပျက်က သူတို့ကို တစ်ချိန်လုံး လှည့်စားခဲ့တာပဲ။

တော်တော်ရွံဖို့ကောင်းတယ်။

"နင်က ငါတို့ကို အရူးလို ဆက်ပြီး ဆက်ဆံချင်နေတာလား၊ အိပ်မက် မက်နေလိုက်လေ။"

ရှောင်သခင်မကြီးက ဆက်သည်းမခံနိုင်တော့ပေ။

သူမက ရှင်းဟုန်ရဲ့ မျက်နှာကို ပိတ်ကန်ဖို့ လုပ်လိုက်သည့်အချိန်မှာ ရှောင်အိမ်၏ အကြီးဆုံးမြေးရဲ့ တားမြစ်ခြင်းကို ခံခဲ့ရသည်။

သူက ရှောင်သခင်မကြီးကို ဘေးနားသို့ ဆွဲပြီး နှစ်ယောက်တည်း ကြားနိုင်လောက်သည့်အသံဖြင့် ပြောခဲ့သည်။ "အဖွား သူ့မျက်နှာကို မကန်နဲ့။ မဟုတ်ရင် စျေးကောင်းမရဘဲနေမယ်။"

အဖွားအိုရှောင်က ပြန်ဖြေခဲ့သည်။ "ဟုတ်တယ်။ သူ့မျက်နှာကို ရိုက်လို့ မရဘူး။"

ထို့နောက် သူမက ရှင်းဟုန်ရဲ့ ဗိုက်နှင့် ခါးကို ပစ်ကန်ပြီး ဒေါသပုံချခဲ့သည်။

ထို့နောက် အမျိုးသမီးဝမ်ကို ပြောလိုက်သည်။ "သူ့မျက်နှာကို မရိုက်နဲ့၊ သူရုပ်ဆိုးသွားရင် ကောင်းတာ မရှိဘူး။"

အမျိုးသမီးဝမ်က အစကတော့ ကြောင်တောင်တောင် ဖြစ်သွားခဲ့သည်။

ထို့နောက် သူမ သားရဲ့ 'ရောင်းစားမှာ' ဟူသော နှုတ်ခမ်းလှုပ်ပြမှုကို မြင်လိုက်လေသည်။

နောက်တစ်နေ့ကျရင် ရှင်းဟုန်ကို ပြည့်တန်ဆာအိမ်မှာ သွားရောင်းဖို့ သူ တွေးထားခဲ့သည်။

ရှင်းဟုန်ရဲ့ မျက်နှာသာ ပျက်စီးသွားပါက စျေးကောင်းရမည် မဟုတ်ပေ။

ထို့ကြောင့် မျက်နှာကို ရိုက်တာ ရပ်လိုက်ပြီး ထိုအစား ကိုယ်ခန္ဓာကို ထိုးနှက်ခဲ့သည်။

အမျိုးသမီးဝူနှင့် အမျိုးသမီးဝမ်က အားကောင်းမောင်းသန်ဖြစ်ပြီး သူများကို ထိုးနှက်ရာမှာ ကျွမ်းကျင်သည်။

ရှင်းဟုန်က အလွန်နာကျင်နေပြီး သက်ညှာပေးဖို့ ငိုယိုတောင်းပန်ခဲ့သည်။

တစ်ဖက်က ရှောင်ပိုင်လီနှင့် ရှောင်အာ့လန်ကလည်း တံခါးလေးဟကာ သူတို့ကို ကြည့်နေခဲ့သည်။

သူတို့၂ယောက်လုံး ဒေါသပုံချဖို့အတွက် စိတ်လှုပ်ရှားနေကြသည်။

အမေရှောင်ကလည်း တံခါးနားတွင် ရှိသည်။

ရှောင်သခင်မကြီးနှင့် တခြားလူတွေကို အမြဲရန်တိုက်ပေးနေသည့် အစေခံမလေး ရိုက်နှက်ခံနေရတာကို တွေ့တော့ သူမ ကျေနပ်နေမိသည်။

စောနက သူမက ခြံအနောက်မှာ ကလေးနှစ်ယောက်ဖြင့် အတူတူ ရှိနေခြင်း ဖြစ်သည်။

ရှောင်သခင်မကြီးနှင့် တခြားလူတွေရဲ့ အသံကို ကြားတော့ သူမရဲ့ ချွေးမနှင့် သားဖြစ်သူတို့ အနိုင်ကျင့်ခံရမှာကို ကြောက်လို့ သူမ ခြံရှေ့ကို အလောတကြီး ပြေးထွက်လာမိခဲ့သည်။

သူမ ခြံရှေ့မရောက်ခင်မှာပဲ သူမရဲ့ ချွေးမ၊ ရှောင်သခင်မကြီးနှင့် ကျန်သည့်လူတွေ စုဝေးနေပြီး ဆန်ကုန်မြေလေးကောင်နှင့် မိန်းမပျက်ကို ကိုင်တွယ်ရှင်းထုတ်မည့် နည်းလမ်းတွေကို ဆွေးနွေးနေတာ ကြားလိုက်ရလေသည်။

သူမက ရှေ့ဆက်တိုးမည့်အစား ကလေးနှစ်ယောက်ကို နံရံနား ဆွဲခေါ်ကာ ပုန်းနေလိုက်သည်။

ရှောင်သခင်မကြီး သူမကို တွေ့ရင် ဆဲဆိုနေပါက ချွေးမရဲ့ အစီအစဥ်တွေ ပျက်သွားမှာစိုးလို့ဖြစ်သည်။

ရှောင်သခင်မကြီးနှင့် တခြားလူတွေ ထွက်သွားမှ သူမက ကလေးနှစ်ယောက်ကို ခေါ်ထုတ်လာခဲ့ခြင်း ဖြစ်သည်။

သူမ မထိုင်ရသေးခင်မှာပဲ အပြင်က အော်ဟစ်ဆဲဆိုသံတွေ ကြားခဲ့ရသည်။

ထို့ကြောင့် သူမက တံခါးနား သွားနားထောင်ခဲ့ပြီး ကလေးနှစ်ယောက်က အပေါ်အဟလေးကနေ ချောင်းကြည့်နေခဲ့သည်။

ခဏနေတော့ အမျိုးသမီးဝူနှင့် အမျိုးသမီးဝမ်က ရိုက်နှက်ရတာ ပင်ပန်းသွားခဲ့သည်။

ထိုအခါမှ မျက်ရည်တွေကော နှပ်တွေပါ ပေနေသည့် ရှင်းဟုန်ကို လွှတ်ပေးလိုက်သည်။

ထိုမြင်ကွင်းကိုမြင်မှ ရှောင်သခင်မကြီးက စိတ်ကျေနပ်သွားခဲ့သည်။ "သူ့ကို ထင်းတဲဆီ ဆွဲခေါ်သွားလိုက်၊ ဒီညတော့ သူ့ဘာသာသူ ပြန်သုံးသပ်ပါစေ၊ အစေခံက သခင်ဖြစ်ချင်နေတယ် ဟာသပဲ။"

သူမကို သော့ပိတ်ထားမှ အိမ်နှင့်မြေတွေကို ဘယ်လိုရောင်းရမလဲဆိုတာ သေချာဆွေးနွေးနိုင်မည် ဖြစ်သည်။

အမျိုးသမီးဝမ်နှင့် အမျိုးသမီးဝူက ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်ကဲ့"

ထို့နောက် သူတို့နှစ်ယောက်က ရှင်းဟုန်ကို ဆံပင်ကဆွဲပြီး အိမ်ပြန်ခေါ်သွားခဲ့သည်။

သူတို့တွေပြန်သွားမှ အမေရှောင်နှင့် ကလေးနှစ်ယောက်က ခြံထဲ ပြန်ထိုင်ခဲ့သည်။

ရှောင်အာ့လန်က စိတ်လှုပ်ရှားစွာ ပြောခဲ့သည်။ "မကောင်းတဲ့မိန်းမက အသေအရိုက်ခံရတာပဲ၊ ကြည့်ရတာ ကြည့်လို့ သိပ်ကောင်းတာပဲ။"

အရင်တုန်းက ထိုအကျင့်မကောင်းသည့် အစေခံက သူ့ရဲ့ တတိယအစ်ကိုဝမ်းကွဲနဲ့ စတုတ္ထအစ်ကိုဝမ်းကွဲ သူ့ကို ရိုက်အောင် လှုံ့ဆော်ခဲ့ပြီး သူ့ရဲ့ ဦးလေးကြီးနှင့် အဒေါ်ကြီး သူ့အမေကို အနိုင်ကျင့်အောင်လည်း လှုံ့ဆော်ပေးခဲ့သည်။

အခုလို အရိုက်ခံရတာ သူနဲ့ ထိုက်တန်တယ်။

ရှောင်ပိုင်လီက ပြုံးကာ ပြောခဲ့သည်။ "အရမ်း ကျေနပ်ဖို့ ကောင်းတာပဲ။"

အမေရှောင်က ဘာမှမပြောဘဲ ပြုံးသာပြုံးနေခဲ့သည်။

သူမ အလွန်ပျော်နေသည်။

"အစ်မက လုံးဝ အတော်ဆုံးပဲ"ရှောင်ပိုင်လီနှင့် ရှောင်အာ့လန်က ရှစ်ချင်းလျို့ကို ချီးကျူးပြောဆိုခဲ့သည်။

ရှစ်ချင်းလျို့က တခစ်ခစ် ရယ်လိုက်သည်။ "ဒီဗီလိန်တွေကို ရှင်းဖို့ဆိုရင် သူတို့လို တူညီတဲ့အပြုအမူကို သုံးရတယ်၊ ဒီဗီလိန်တွေကို ရှင်းဖို့ဆိုရင် ဒေါသဆွနေလို့ အသုံးမဝင်ဘူး၊ ကြမ်းပြလိုက်မှ ရတယ်၊ ဒါဆိုရင် သူတို့ လာပြီး ပြဿနာရှာရဲမှာ မဟုတ်တော့ဘူး။"

ဆန်ကုန်မြေလေးအဖေက မြို့တော်က ပြန်မလာသည့် အဓိကအကြောင်းအရင်းကြောင့် ထိပ်တိုက်တွေ့လို့မရပေ။

ဒါကြောင့် အကြမ်းဖက်မှုကို ပိုကြီးသည့် အကြမ်းဖက်မှုဖြင့် ထိပ်တိုက်တွေ့ဖို့ လိုအပ်သည်။

သူမက ခဏနေတော့ ဆက်ပြောလေသည်။ "အဲဒီဗီလိန်တွေကိုရှင်းဖို့ဆိုရင် မြို့တော်က ဆန်ကုန်မြေလေး၊ မကောင်းတဲ့မိန်းမနဲ့ သူတို့တွေ ခွေး ခွေးချင်း ကိုက်တာကို အရင်ကြည့်ရမယ်၊ သူတို့ အချင်းချင်း ကိုက်ကြရန်ဖြစ်ကြပြီဆိုရင် ကျွန်မတို့က သူတို့ကို တိုက်ခိုက်လိုက်ရုံပဲ။"

"သိပြီ" ရှောင်ပိုင်လီနှင့် ရှောင်အာ့လန်က ရှစ်ချင်းလျို့ရဲ့ စကားကို သေချာတွေးနေခဲ့သည်။

ဒါက အကျိုးအကြောင်းသင့်သည့်ဟု အမေရှောင် ခံစားမိခဲ့သည်။ သူမက ကလေးနှစ်ယောက်ကို ပြောခဲ့သည်။ "ရှေ့လျှောက် နင်တို့အစ်မဆီက များများ သင်ယူသင့်တယ်။"

ရှောင်ပိုင်လီနှင့် ရှောင်အာ့လန်က ခေါင်းငြိမ့်ပြခဲ့သည်။ "အင်း အနာဂတ်မှာ အစ်မလိုတော်အောင် လုပ်ရမယ်။"

ရှစ်ချင်းလျို့က ပြုံးကာ အားပေးခဲ့သည်။ "နင်တို့တွေ သေချာပေါက် လုပ်နိုင်မှာပါ၊ နင်တို့တွေ မမှားအောင် အစ်မဘာသာ ဥပမာပေးပြီး သင်ပြပေးမယ်။"

ရှောင်ဟန်ကျန့်က ဘေးမှာ ရပ်နေပြီး လမ်းကြောင်း ဦးတည်ချက် ပြောင်းတော့မည့် အမေနှင့် မောင်နှမနှစ်ယောက်ကို ကြည့်နေခဲ့သည်။

သူ့ဇနီး၏ နည်းလမ်းကျသည့် အပြုအမူကို သူ တကယ်အံ့သြနေမိသည်။

စောနက သူမရဲ့ လုပ်ဆောင်ချက်ကလည်း တကယ် ကျေနပ်ဖို့ ကောင်းမှန်း သူ ဝန်ခံသည်။

အရင်တုန်းကလို အနိုင်ကျင့်တာ ခံနေရတာထက် မိသားစုကို လမ်းကြောင်း ပြောင်းပေးနိုင်တာ ပိုကောင်းသည်။

သူက ရှစ်ချင်းလျို့ကို သိချင်စွာ မေးမြန်းခဲ့သည်။ "ဗိုလ်ချုပ်ကြီးရဲ့ အိမ်မှာ အဲ့မိန်းမက သူ့မောင်နှမတွေကို ပြုစုပျိုးထောင်ခဲ့ပြီး ဆန်ကုန်မြေလေးအဖေက သူ့မောင်လေးအတွက် အလုပ်ကောင်း ရှာပေးခဲ့တာကို ခင်ဗျား ဘယ်လိုသိတာလဲ။"

ရှစ်ချင်းလျို့က အပြစ်ကင်းစင်စွာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ပြခဲ့သည်။ "ကျွန်မ အဲ့တာကို မသိပါဘူး၊ ဒီတိုင်းပဲ ပြောလိုက်တာပါ။"

သူမက ထပ်ပြောခဲ့သည်။ "ဆန်ကုန်မြေလေးအဖေနဲ့ အဲ့မိန်းမဆီ ခံစားချက်တွေ အုံကြွလာအောင် လုပ်နိုင်တာပဲ အဆင်ပြေနေပြီ၊ ပြီးတော့ ရှင့်ဆန်ကုန်မြေလေးအဖေက အဲမိန်းမကို သိပ်အလေးထားမှတော့ အဲမိန်းမရဲ့ မောင်နှမတွေကို ပျိုးထောင်ပေးပြီး အလုပ်ကောင်းရှာပေးတာတို့ အိမ်ထောင်ပြုပေးတာတို့က ပုံမှန် မဟုတ်ဘူးလား။"

ရှောင်ဟန်ကျန့် နားထောင်ခဲ့ပြီး ထိုအဓိပ္ပာယ်မရှိသည့်စကားက အကျိုးအကြာင်း ဆီလျော်မှန်း သိသွားခဲ့သည်။

အဓိကအချက်က သူမက ကိစ္စရပ်တွေ အကုန်လုံးကို အမှန်ဖြစ်သလို ယုံကြည်အောင် ပြောနိုင်ခဲ့ခြင်း ဖြစ်သည်။

သူ့ဇနီးလေးက တကယ်အံ့သြဖို့ကောင်းသည်။