အခန်း ၄၄
Viewers 7k

Chapter (44)

Unicode

အခန်း(၄၄) - ဒါဆို ကျွန်မတို့ အရင်ဆုံး တိုက်ခိုက်ရမယ်

ရှောင်ဟန်ကျန့် ငုံ့ကြည့်လိုက်တော့ သူမရဲ့ ကြည်လင်နေသည့် မျက်လုံးတွေက သူ့ကို သိချင်စိတ်ရှိစွာ ကြည့်နေတာကို တွေ့လိုက်ရလေသည်။

သူ့နှလုံးခုန်နှုန်းက ပိုတောင် မြန်သွားခဲ့သည်။

သူ့လျှို့ဝှက်ချက် ပေါက်ကြားသွားမှာတောင် ဂရုမထားဘဲ ခေါင်းငြိမ့်ပြကာ ပြောခဲ့သည်။ "အင်း မော့ချင်းလင်ရဲ့ အနာဂတ် အောင်မြင်မှုက မဆိုးဘူး။"

သူ သေသွားတဲ့အချိန်မှာ မော့ချင်းလင်က စစ်ဝန်ကြီးမှာ ခိုင်မှာသည့် ခြေကုပ်ကျားကုပ်ကို ရခဲ့သည်။

မမျှော်လင့်ထားတာတွေ ဖြစ်မလာပါက မော့ချင်းလင်က လက်ရှိစစ်ဝန်ကြီးနေရာကို လက်လွှဲယူနိုင်လိမ့်မည်။

ရှစ်ချင်းလျို့ရဲ့ မျက်လုံးတွေက တောက်ပသွားခဲ့သည်။ "ဒါဆို အခွင့်အရေးရှာပြီး ကျွန်မတို့ သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ထားလို့ရတာပဲ။"

သံနှင့် သံမဏိ ထုတ်လုပ်သန့်စင်နည်းက သူမ လက်ထဲမှာ ရှိသည်။

မော့ချင်းလင်သာ သံရိုင်းကို တူးဖော်တွေ့ရှိပါက သူမ အခွင့်အရေးရှာပြီး သူနှင့် ကောင်းမွန်သည့် ဆက်ဆံရေး တည်ဆောက်ဖို့အတွက် သတ္တုသန့်စင်ထုတ်လုပ်ခြင်း နည်းလမ်းများ သူ့ကို ပေးအပ်သွားမည် ဖြစ်သည်။

အနာဂတ်မှာ သူတို့ မှီခိုဖို့ မြို့တော်မှာ လူတစ်ယောက် ရှိလာပါလိမ့်မည်။

ရှောင်ဟန်ကျန့်က သူ့ဇနီးလေးရဲ့ အစီအစဥ်ကို တစ်ချက်ကြည့်ပြီး သူက ခပ်ဖွဖွပြုံးကာ ပြောခဲ့သည်။ "ကောင်းပြီ"

ဒီဘဝမှာတော့ သူ့အရင်းနှီးဆုံး မိသားစုဝင်တွေက အသက်ရှင်နေသေးသည်။

အခု သူ့မှာ ဇနီးလေး ရှိတာကြောင့် မတူညီတဲ့ လမ်းကြောင်းကို လျှောက်လှမ်းဖို့ ဆုံးဖြတ်ခဲ့သည်။

လက်စားချေခြင်းကပဲ သူ့ဘဝရဲ့ တစ်ခုတည်းသော ပန်းတိုင် မဟုတ်တော့ပေ။

သူ့အမေ၊ မောင်နှမနှင့် ဇနီးအတွက် ပိုကောင်းမွန်တဲ့ဘဝကို ဦးဆောင်ပေးချင်သည်။

တစ်ချိန်တည်းမှာပဲ အရင်ဘဝက သူ ရခဲ့သည့် နောင်တတွေကိုလည်း ပြင်ဆင်သွားမည်ဖြစ်သည်။

မော့ချင်းလင်နှင့် မိတ်ဆွေဖွဲ့ခြင်းက ဒီတစ်ခါတော့ သူငယ်ချင်းဆက်ဆံရေးအဖြစ်ကို ကူးပြောင်းနိုင်မလားဆိုတာ သူ သိချင်သည်။

သူမ ခင်ပွန်းက အရမ်းကောင်းတာကို ရှစ်ချင်းလျို့ သိသည်။

သူမ ဆိုလိုရင်းကို သူနားလည်ရုံတင်မကဘဲ သူတို့နှစ်ယောက်က အလွန် သဟဇာတ ဖြစ်သည်။

သူက ယောက်ျားမာန်မာန မထားဘဲ သူမကို အလွန်လိုက်လျောသည်။

မော်ဒန်ခေတ်မှာတောင် ထိုကဲ့သို့သော အမျိုးသားမျိုးနှင့် သူမ မဆုံဖူးခဲ့ပေ။

သူမက မေးခဲ့သည်။ "ရာဇဝတ်တရားသူကြီးဟောင်းက ဝူမိသားစုနဲ့ နက်နဲတဲ့ ဆက်ဆံရေး ရှိတာလား၊ ပိုင်မိသားစုရဲ့ အစေခံဆီက ကြားတာတော့ အခု ရာဇဝတ်တရားသူကြီးအသစ်ကြောင့် ပိုင်မိသားစုက အရမ်းပျော်နေတယ်တဲ့။"

ရှောင်ဟန်ကျန့်က ပြန်ဖြေခဲ့သည်။ "သူတို့ဆက်ဆံရေးက အရမ်းနက်နဲတယ်၊ ရာဇဝတ်တရားသူကြီးဟောင်းက တွန့်ဆုတ်တယ်၊ လောဘကြီးတယ်၊ ညံ့ဖျင်းတယ်၊ ဝူမိသားစုနောက်ခံရှိနေတဲ့ ရာဇဝတ်တရားသူကြီးကို ပိုင်မိသားစုက ကြောက်တယ်၊ ဘာပဲဖြစ်ဖြစ် အရင်က သူက နန်ရှီမြို့မှာ ဆုံးဖြတ်ခွင့်ရှိတဲ့လူပဲလေ၊ ပိုင်မိသားစုက မှီခိုစရာ အဆင့် ၄ အရာရှိ ရှိပေမယ့် သူ့ကိုတော့ ရှောင်တယ်။"

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "မကြာခင်က ဝူမိသားစု ကျွန်မတို့ကို ပြဿနာ လာမရှာတာလည်း မဆန်းတော့ပါဘူး၊ ရာဇဝတ်တရားသူကြီး အသစ်ပြောင်းသွားတော့ သူတို့ တော်တော် အလုပ်ရှုပ်နေပုံပဲ။"

ဝူမိသားစုက သူ့ဇနီးလေးကို ရန်စချင်နေတာလည်း ရှောင်ဟန်ကျန့် မအံ့သြတော့ပေ။

သူ့ဇနီးလေးက သူ့မိသားစုနှင့် လက်မထပ်ခဲ့ရုံမက ညီမဖြစ်သူ လက်မထပ်ရအောင်ပါ တားမြစ်ခဲ့လေသည်။

ဝူမိသားစုက စိတ်ထားသေးသိမ်ပြီး မိုက်ရိုင်းသည်။

သူတို့ သေချာပေါက် ထိုကိစ္စကို နောက်ကျရင် လက်စားပြန်ချေမှာ ဖြစ်သည်။

"သူတို့အားလပ်သွားတဲ့အချိန်ကျရင် လာပြီး စိတ်အနှောင့်အယှက်ပေးလိမ့်မယ်။"

သူ့အရင်ဘဝတုန်းက ဝူမိသားစုနောက်မှာ ရာဇဝတ်တရားသူကြီး ရှိနေခဲ့သည်။

အစတုန်းကတော့ ဝူမိသားစုကို သူ ဘာမှ မလုပ်နိုင်ခဲ့ပေ။

နောက်ပိုင်းကျတော့ သူရာထူးတွေမြင့်လာပြီးမှ သက်သေနှင့်တကွ ဝူမိသားစုကို ဖျက်စီးပစ်နိုင်ခဲ့သည်။

ထို့နောက် ဝူမိသားစုက အကျင့်မကောင်းသည့်လူတွေ အကုန်လုံးကို ခေါင်းဖြတ်ကွပ်မျက်ပြီး ပြည်နှင်ဒဏ်ပေးခဲ့သည်။

ရှစ်ချင်းလျို့ရဲ့ မျက်လုံးတွေက အေးစက်သွားခဲ့သည်။ "ဒါဆို ကျွန်မတို့ အရင်ဆုံး တိုက်ခိုက်ရမယ်။"

ဝူမိသားစုရဲ့ လုပ်ရပ်တွေအရ အခုနှစ်တွေထဲ မကောင်းမှု ဒုစရိုက်တွေနှင့် အန္တရာယ်ပေးမှုများ အများအပြားကို လုပ်ပြီးလောက်ပြီဖြစ်သည်။

ပိုင်မိသားစုနှင့် ရှင်းကျီမြို့ကို သုံးပြီး ဝူမိသားစုကို ဖိနှိပ်လို့ ရနိုင်သည်။

နန်ရှီမြို့မှာ ပိုင်မိသားစု သူတို့ရဲ့ နေရာကို ပြန်ရယူချင်ပြီး ပိုကြွယ်ဝချမ်းသာချင်ပါက ဝူမိသားစုကို သူတို့ နင်းခြေပစ်ဖို့ လိုအပ်သည်။

နန်ရှီမြို့မှာ မော့ချင်းလင် ခိုင်မာသည့် နေရာလိုချင်ပါက အရင်ရာဇဝတ်တရားသူကြီးနှင့် မကောင်းမှုတွေ ပေါင်းကြံသည့် ဝူမိသားစုကို ရှင်းထုတ်ပစ်ဖို့ လိုအပ်သည်။

ထို့ကြောင့် ရှစ်ချင်းလျို့က ထို နှစ်ဖွဲ့ကို တလွဲအသုံးချခြင်း မဟုတ်ပေ။ ထိုအစား သူတို့ကို ကူညီပေးခြင်း ဖြစ်သည်။

သူမ ရန်သူရဲ့ ရန်သူက သူမရဲ့ မိတ်ဆွေဖြစ်လာခြင်း ဖြစ်သည်။

သူမက ဆက်ပြောခဲ့သည်။ "မော့ကျီမြို့က သူတို့ကို တင်းတင်းကြပ်ကြပ် သတိထားနေတဲ့အချိန်မှာပဲ ဝူမိသားစုက ကျွန်မရဲ့ အမည်းရောင် အလုံးလေးတွေကို လုယူဖို့ ကြိုးစားမလားဆိုတာ မသိဘူး။"

အကယ်၍ ဝူမိသားစုက မြေလုပ်ဗုံးကို ရာဇဝတ်တရားသူကြီးတွေဆီ လက်လွှဲပေးလိုက်ပါက သူတို့ရဲ့ အားထုတ်မှုက အသိအမှတ်ပြုခံရလိမ့်မည်။

မော့ချင်းလင်က ကြီးမားတဲ့နောက်ခံ ရှိရင်တောင် သူတို့ကိုတော့ အများကြီး ထိရောက်အောင် ကိုင်တွယ်နိုင်မည် မဟုတ်ပေ။

ရှောင်ဟန်ကျန့်က မေးခဲ့သည်။ "အမည်းရောင်အလုံးလေးတွေက ဘာလဲ။"

ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်။ "အဲတာ ဖျက်စီးရေးဗုံးလေ၊ ယမ်းမှုန့်ကို သိတယ်မလား၊ အဲထဲမှာ သူတို့က ပါဝင်ပစ္စည်းအနေနဲ့ ပါတယ်။"

သမိုင်းကြောင်းအရ ယမ်းမှုန့်သည် နွေဦးနှင့် ဆောင်ဦးအချိန် (၇၇၀-၄၇၆ ဘီစီ) ကတည်းက တည်ရှိခဲ့သည်။

ထန်မင်းဆက်မှာမှ တပ်မတော်အတွက် အနက်ရောင်ယမ်းမှုန့်တွေ တရားဝင် ပေါ်လာခဲ့ခြင်း ဖြစ်သည်။

အခုက ထန်မင်းဆက် မဟုတ်ဘဲ တာ့လျန်မင်းဆက်မှာ စစ်ရေးကိစ္စမျာတွင် ယမ်းမှုန့်ကို အသုံးမပြုရသေးပေ။

ရှောင်ဟန်ကျန့်က အလွန်ဉာဏ်ကောင်းသည်။ "အရင်တစ်ခါတုန်းက တာအိုဘုန်းကြီးကျောင်း မှာ ကျယ်လောင်တဲ့အသံကြီး ကြားခဲ့ပြီး ကောင်းကင်ပေါ် မီးခိုးတွေ အူတက်နေခဲ့တာ၊ အဲတာ အဲအမည်းရောင်အလုံးကြောင့် ဖြစ်တာမလား။"

အဲတုန်းက အသံအကျယ်ကြီးနှင့် ကောင်းကင်ဘုံကို မီးလျှံတွေ လျှံတက်နေတာ သူ တွေ့ခဲ့ပေမယ့် တာအိုဘုန်းတော်ကြီး ကောင်းကင်ဘုံကို တက်လှမ်းသွားတာလို့တော့ သူ မယုံကြည်ခဲ့ပေ။

ဘာကများ ထိုကဲ့သို့ အုတ်အော်သောင်းနင်း ဖြစ်စေခဲ့တာလည်းဟု သူ သိချင်နေခဲ့ပြီး အခုတော့ ဖြစ်ရပ်မှန်ကို သူ သိပြီ ဖြစ်သည်။

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်တယ်။ သူ အဂ္ဂရိတ်ပညာနဲ့ ဖော်စပ်ရာမှာ ယမ်းမှုန့်ကို အသုံးပြုခဲ့တယ်၊ ခန်းမကြီးထဲမှာထဲ ဗုံးတွေ အများကြီး ရှိနေတာကြောင့် အကုန်ပေါက်ကွဲသွားတာကို ကောင်းကင်ဘုံကို တက်လှမ်းတယ်လို့ ပြောနေကြတာလေ။"

ရှောင်ဟန်ကျန့်က ခဏလောက် တွေးပြီးနောက် မေးခဲ့သည်။ "အဲတာတွေ ဘယ်လိုလုပ်ရလဲဆိုတာ သိလား။"

ရှစ်ချင်းလျို့က မကွယ်ဝှက်ထားပေ။ "အင်း အဲထက် ပိုသိပေမယ့် ကျွန်မတို့ဘာသာ မထုတ်လုပ်နိုင်ဘူး၊ ဒါကြောင့် မထုတ်ယူသင့်ဘူး။"

'အချိန်ခရီးသွားစွယ်စုံကျမ်း'က ယမ်းမှုန့်နှင့် ဗုံးဖော်စပ်ပုံကို ပြောပြထားရုံသာမက ကျောက်မီးသေနတ် ထုတ်လုပ်နည်းပါ ဖော်ပြထားသည်။

အခုချိန်မှာသာ သူတို့တွေ ယူထုတ်လိုက်ရင် သူတို့က အင်အားကြီးတဲ့လူတွေအောက် သို့မဟုတ် ဘုရင်ကြီးရဲ့ ထိန်းချုပ်မှုအောက်ကို ကျရောက်သွားနိုင်သည်။

အခုအချိန်မှာ သူတို့က အရမ်းအားနည်းနေသေးသည်။

အစကတည်းက တိုးတက်အောင်လုပ်ရင်း တိုးတိုးသိပ်သိပ် နေသင့်သည်။

ဘုရင်ကြီးတောင်မှ မထိပါးရဲသည်အထိ သူတို့ရဲ့ ငွေကြေးလုံလောက်အောင်များပြားမှ ထုတ်သုံးမည်ဖြစ်သည်။

သူ့ဇနီးလေးက အလွန် အထက်စီးဆန်မှန်း ရှောင်ဟန်ကျန့် သိခဲ့လေသည်။

သူမက သတိထားသည့်အချိန်ဆိုရင်လည်း အလွန်သတိထားသည်။

သူမက အခြေအနေတွေကို ဆုံးဖြတ်ရာမှာလည်း အရမ်းတော်ပြီး သူမရဲ့ လှုပ်ရှားမှုတွေက အရမ်းဉာဏ်ရှိသည်။

ထိုကဲ့သို့သော မိန်းကလေးကို ဘယ်လိုမိသားစုက ပျိုးထောင်နိုင်ပေးခဲ့လည်း သူ မသိပေ။

“မင်း သတိထားတာ မှန်တယ်၊ အခု ကိုယ်တို့ ထုတ်သုံးလို့မရသေးဘူး။"

ရှောင်ဟန်ကျန့်က ခဏလောက်တွေးပြီး ဆက်ပြောခဲ့သည်။ "ဒါပေမဲ့ အားနည်းတဲ့ ယမ်းမှုန့် အရင်လုပ်လို့ရတယ်၊ ပြီးရင် မသန့်စင်တဲ့ ပစ္စည်းတွေ ရောထည့်လို့ ရတာပဲ၊ ဝူမိသားစု အဲတာ ယူသွားအောင် လှည့်စားလို့ ရတယ်လေ၊ အဲတာကို သုံးကြည့်တဲ့အခါကျရင် စစ်တပ်မှာ သုံးလို့ မသင့်လျော်တာ သိသွားမှာပဲလေ၊ အဲ့အခါကျရင် သူတို့ လက်လျော့သွားမှာပဲ။"

သူက အဓိပ္ပာယ်ပါစွာ ပြောခဲ့သည်။ "သူတို့တွေ ခိုးသွားမှာကို မကြောက်ပါဘူး။ သူတို့ ခိုးဝှက်ဖို့ ဆက်တွေးနေမှာပဲကြောက်တာ။"

ရှစ်ချင်းလျို့က ထိုစကားက အဓိပ္ပာယ်ရှိသည်ဟု တွေးလိုက်သည်။ "အင်း ဝူမိသားစု လက်လျော့သွားအောင် အရင်လုပ်သင့်တယ်၊ ဒါမှ သူတို့အဲတာကို ဆက်မတွေးတော့မှာ။"

ထိုကိစ္စပြီးရင် သူမ လုပ်စရာ အများကြီးရှိသေးတာကြောင့် ဝူမိသားစု ဆက်တွေးနေလည်း ကိစ္စမရှိပေ။

သူမက လက်ဖျောက်တီးခဲ့သည်။ "ဒါဆို အကျိုးသက်ရောက်မှု မရှိတဲ့ ပါဝင်ပစ္စည်းတွေ စထည့်လိုက်တော့မယ်၊ မျက်စိဆံပင်မွေးစူးနေတဲ့ စတုတ္ထဦးလေးနဲ့ ဝူမိသားစုဆီ သွားပို့ခိုင်းလိုက်မယ်၊ သူတို့ဆီက ငွေတောင် ညှစ်လို့ ရသေးတယ်။"

ရှောင်ဟန်ကျန့်က နားလည်စွာ ပြုံးခဲ့သည်။ "ဒီအကြံ မဆိုးဘူး။"

သူတို့တွေက ရန်သူဖြစ်ခဲ့ပြီမလို့ ဒီထက် အကျင့်ယုတ်လည်း ကိစ္စ မရှိတော့ပေ။

စကားပြောပြီးနောက် သူတို့က ခြံနောက်ကို သွားလိုက်သည်။

အမေရှောင်က ရှောင်ပိုင်လီနှင့် ရှောင်အာ့လန်ကို ဦးဆောင်ပြီး ကောက်ရိုးရုံလေး ဆောက်လုပ်နေသည်။

သူတို့သုံးယောက်က ကြက်ကလေး ဘဲကလေးတွေကို မွေးမြူရတာ အလွန်ပျော်နေသည်။

ရှောင်အာ့လန်က စိတ်လှုပ်ရှားစွာ ပြောခဲ့သည်။ "အစ်မ ဒီနေ့ကစပြီး ကျွန်တော် ဘဲလေး ကြက်လေးတွေကို ကျွေးဖို့ နေ့တိုင်း တီကောင်ရှာတော့မယ်။"

ကြက်ကလေးတွေ ဘဲကလေးတွေ ကြီးလာတဲ့အချိန်ကျရင် ကြက်ဥ၊ ဘဲဥနှင့် အသားတွေပါ သူတို့ စားလို့ရပြီဖြစ်သည်။

ရှစ်ချင်းလျို့က ပြုံးကာ အားပေးခဲ့သည်။ "အခုကစပြီး ဘဲလေးတွေ ကြက်လေးတွေ အစာကျွေးဖို့ မောင်လေးကို တာဝန်ပေးလိုက်ပြီ။"

ရှောင်အာ့လန်က စိတ်လှုပ်ရှားစွာ ခေါင်းငြိမ့်ပြခဲ့သည်။ "သား ကောင်းကောင်း လုပ်ပါ့မယ်။"

ရှစ်ချင်းလျို့က ထပ်ပြောခဲ့သည်။ "ကြက်နဲ့ ဘဲတွေ အရင်မွေးမယ်၊ ပိုက်ဆံရှိလာတဲ့အချိန်ကျရင် အနောက်က တောင်ကိုဝယ်ပြီး တစ်တောင်လုံး ကြက်တွေ ဘဲတွေ မွေးပစ်မယ်။"

ကြက်တွေ ဘဲတွေက တောင်ပေါ်မှာ ပတ်သွားကာ အစာကောက်ရပါက ပိုကျန်းမာလာပြီး အရသာရှိလာလိမ့်မည်ဖြစ်သည်။

ဒါ့အပြင် နေရာအကျယ်ကြီးမှာ မွေးမြူပါက ပိုစိတ်ဝင်စားဖို့ကောင်းသည်။

ထိုစကားကို အမေရှောင်နှင့် ကလေးနှစ်ယောက်ကြားတော့ မျှော်လင့်ချက်တွေ ပြည့်သွားလေသည်။ "တကယ်လား။ သိပ်မိုက်မှာပဲ။"

ရှစ်ချင်းလျို့က ယုံကြည်ချက်ရှိစွာ ပြောခဲ့သည်။ "ဒါပေါ့"

ထို့နောက် ရှစ်ချင်းလျို့က ကူညီဖို့ နေခဲ့ပြီး ရှောင်ဟန်ကျန့်က ဝတ္ထုပြန်ရေးခဲ့သည်။

ကြက်တွေဘဲတွေထားဖို့ နေရာဆောက်လုပ်ပြီးနောက် ရှစ်ချင်းလျို့က ကြက်တွေ ဘဲတွေ သောက်ဖို့ ရေသွားခပ်ခဲ့သည်။

သူမက ဘဲတွေကြက်တွေ မသေအောင် နွေဦးစမ်းရေတွေ အများကြီး ထည့်တိုက်ခဲ့သည်။

မွေးမြူထားသည့် ကြက်တွေ ဘဲတွေ ရောဂါမဖြစ်အောင်လည်း ဆေးတွေ ကြိုတင်ပြင်ဆင်ခဲ့သည်။

ထိုကိစ္စတွေပြီးပါက သူမ မြို့ထဲသွားပြီး ဆေးသွားဝယ်ခဲ့သည်။

သူမ မိသားစုက မွေးမြူထားသည့် အကောင်တွေ ရောဂါမဖြစ်ဘဲ သေဆုံးမှု သုညဖြစ်အောင်ဟု သူမ ရှင်းပြခဲ့သည်။