အခန်း ၄၅
Viewers 7k

Chapter (45)

Unicode

အခန်း(၄၅) - သိပ်မကြာခင်မှာပဲ နန်ရှီမြို့မှာ တို့ဟူးက နာမည်ကြီးသွားခဲ့သည်

ရှစ်ချင်းလျို့က ရှောင်ပိုင်လီ ညစာပြင်ဖို့ လမ်းညွှန်ပြသပေးခဲ့သည်။

သူမက မချက်ပြုတ်တတ်ပေမယ့် အရသာရှိသည့် အစားအစာ ချက်ပြုတ်နည်းများစွာကို သိရှိသည်။

ဝက်သားနှပ်၊ အိမ်ချက်တို့ဟူးဟင်း၊ ခါကြက်ဥနှင့် ဝက်နံရိုးစတူး၊ ကြက်ဥမွှေကြော်တို့ ဖြစ်သည်။

ရှောင်မိသားစုဟောင်းဆီက ခွဲထွက်လာကတည်းက ထိုကဲ့သို့သော တန်ဖိုးကြီးဟင်းလျာကို ပထမဦးဆုံးအကြိမ်အဖြစ် စားဖူးခဲ့ခြင်း ဖြစ်သည်။

အမေရှောင်နှင့် ကလေးနှစ်ယောက် စားဖူးခဲ့သမျှထဲမှာ အကောင်းဆုံး ဟင်းလျာတွေ ဖြစ်လေသည်။

အမေရှောင်က စားသောက်ရင်း ပျော်ရွှင်သည့် မျက်လုံးတွေဖြင့် ရှစ်ချင်းလျို့ကို ကြည့်ခဲ့သည်။

သူမရဲ့ ချွေးမလေး ရောက်လာကတည်းက သူမ သားက မကြာခဏပြုံးခဲ့သလို သူ့တို့မိသားစုလည်း လာဘ်လာဘ ပိုတိုးလာခဲ့သည်။

အံ့သြဖို့ကောင်းလိုက်တာ။

စားသောက်ပြီးနောက် မမှောင်ခင်အထိ သူတို့တွေက လမ်းခဏလျှောက်ခဲ့သည်။

ထို့နောက် လူတိုင်း အိပ်ရာဝင်သွားခဲ့ကြသည်။

နောက်နေ့ကျရင် ရွာသားတွေ တို့ဟူးလုပ်ရမှာမလို့ ရှောင်ဟန်ကျန့်ပင် ညဥ့်နက်အောင် ဝတ္ထု မရေးခဲ့ပေ။

အာရုဏ်မတက်ခင် မနက် နှစ်နာရီလောက်မှာ တံခါးခေါက်သံ ကြားလိုက်ရလေသည်။

စောစောနိုးကာ မျက်နှာသစ် သန့်စင်ပြီးသည့် အမေရှောင်က ရွာသူကြီး ရွေးပေးခဲ့သည့် တို့ဟူးလုပ်မည့်လူတွေကို တံခါးဖွင့်ပေးကာ ဝင်စေခဲ့သည်။

ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့လည်း အဝတ်အစား လဲပြီးနောက် အခန်းပြင် ထွက်ခဲ့ကြသည်။

လရောင်အောက်မှာ ရှောင်ဟန်ကျန့် လမ်းလျှောက်နေတာကို လူတိုင်း မြင်တွေ့ခဲ့လေသည်။

ရွာသူကြီးရဲ့ တတိယသား ရှောင်ချင်းစန်က ရှောင်ဟန်ကျန့်ကို ကြည့်ကာ မေးခဲ့သည်။ "တာ့လန် ဘယ်လိုနေသေးလဲ။"

ရှောင်ဟန်ကျန့်က ရှောင်ချင်းစန်ကို ပြုံးပြကာ ပြောခဲ့သည်။ "ပျောက်ခါနီးပါပြီ။"

သူက ထပ်ပြောခဲ့သည်။ "ကျွန်တော့်ဇနီးရဲ့ ကျေးဇူးတွေကြောင့်ပေါ့ဗျာ။"

ဒါက အမှန်တရားဖြစ်သည်။

ရှစ်ချင်းလျို့၏ သကြားရေနှင့် အဖျားကျဆေးကြောင့်သာ မဟုတ်ရင် သူ ဒီလောက် မြန်မြန် ပြန်ကောင်းလာမည် မဟုတ်ပေ။

တခြားလူတွေရဲ့ နားထဲမှာတော့ ရှစ်ချင်းလျို့က ကောင်းချီးပေးခံရတာ ဖြစ်သည်။

သူမက ရှောင်ဟန်ကျန့်ကို ချုံရှီပွဲဖြင့် နိုးထစေလာရုံသာမက ကျန်းမာရေးကိုပါ ပျောက်ကင်းစေခဲ့သည်။

တကယ်ပဲ တာအိုဘုန်းတော်ကြီးရဲ့ တပည့်ဆိုတဲ့အတိုင်း အရမ်းအစွမ်းထက်တာပဲ။

ရှောင်မိသားစုရဲ့ တို့ဟူးလုပ်ငန်းကိုလည်း အောင်မြင်စေခဲ့သည်။

ရှောင်ဟန်ကျန့်က သူတို့ကို ကြည့်ကာ ပြောခဲ့သည်။ "အခုကစပြီး ကျွန်တော်တို့ တို့ဟူးလုပ်ငန်းကို ကူညီပေးဖို့ တောင်းဆိုပါရစေ။"

"ထမင်း မကျွေးပါဘူး၊ တစ်ရက် လုပ်အားခ ၁၀ပြားပါ၊ မနက်စာ ပြန်စားလို့ ရတယ်၊ တစ်ရက် လုပ်ရမယ့် တို့ဟူးပမာဏပြီးရင် အိမ်ပြန်လို့ ရပါတယ်။"

သူက ခဏလောက်ရပ်ပြီးတော့ ဆက်ပြောခဲ့သည်။ "၁၀ရက် တစ်ခါ ပိုက်ဆံထုတ်ပေးမယ်၊ အဆင်ပြေလား။"

ရွာသူကြီးက လုပ်အားခအကြောင်း သူတို့ကို ပြောပြီးသားမလို့ သူတို့အကုန် သဘောတူကြသည်။

သူတို့က တစ်လတစ်ခါ လစာထုတ်ရမယ်လို့ ထင်ခဲ့ကြပြီး ၁၀ရက် တစ်ခါ ထုတ်ရမယ်လို့ မထင်မိခဲ့ပေ။

ဒါက မမျှော်လင့်ထားသည့် အံ့ဖွယ်ကိစ္စ ဖြစ်သည်။

"ကိစ္စမရှိဘူး။ ငါတို့ အခု အလုပ်စလုပ်လို့ရပြီ။"

ရှောင်ဟန်ကျန့်က သူတို့ကို ခြံနောက်ကို ခေါ်သွားခဲ့ပြီး ရှစ်ချင်းလျို့ မြို့ထဲက အထူးဝယ်လာသည့် ဖယောင်းဆီမီးတွေ ထွန်းပေးခဲ့သည်။

ရှစ်ချင်းလျို့က အလုပ်လုပ်ဖို့ သင်ကြားပေးနေပြီး ရှောင်ဟန်ကျန့်က ဘေးက ကူညီလုပ်ကိုင်ပေးနေခဲ့သည်။

ရွာသူကြီး ရွေးပေးထားသည့် အမျိုးသားသုံးယောက်နှင့် အမျိုးသမီးနှစ်ယောက် စုစုပေါင်း ငါးယောက်က တကယ် အလုပ်ကြိုးစားကြသည်။

ရှောင်ချင်းစန်က ခေါင်းဆောင်ဖြစ်လို့ ဘယ်သူမှ မခိုကပ်ရဲပေ။

သူတို့အကုန်လုံးက အလုပ်ကို တက်တက်ကြွကြွ လုပ်ကြသည်။

သူတို့က တို့ဟူးလုပ်နည်းကို အာရုံစိုက်ကြည့်နေခဲ့ကြသည်။

ရှစ်ချင်းလျို့က တို့ဟူးလုပ်နည်းကို မချန်မဝှက်ဘဲ သင်ပြပေးခဲ့သည်။

အနာဂတ်မှာ သူမက ပိုကြီးမားတဲ့ တို့ဟူးလုပ်ငန်း ချဲ့ထွင်ခြင်း သို့မဟုတ် ထုတ်ကုန်အမှတ်တံဆိပ်တွေ တိုးချဲ့ဖို့ ရည်ရွယ်ထားတာကြောင့် ပြုလုပ်နည်းကို သူမ ဖုံးကွယ်ထားလို့ မရပေ။

သူမက တို့ဟူး မျက်နှာပြင်ကို ပြားပြားလေးဖြစ်အောင် လုပ်ရင်း ပြောပြခဲ့သည်။ "ဒါက ကျွန်မ ဆရာ ချန်ပေးခဲ့တဲ့ ပြုလုပ်နည်းပဲ၊ ဒီနည်းနဲ့မှ ပဲရည်ကနေ တို့ဟူးကိုပြောင်းနိုင်လိမ့်မယ်။"

အရင်တုန်းကတော့ ပဲရည်ကနေ တို့ဟူး ဘယ်လိုပြောင်းသွားလဲဆိုတာ သူတို့ သိချင်ခဲ့ကြပြီး အခုတော့ ယခုလို လျှို့ဝှက်ပြုလုပ်နည်းကြောင့် တို့ဟူးအဖြစ် ပြောင်းလဲသွားကြောင်း သိလိုက်ရလေသည်။

ရှစ်ချင်းလျို့ တို့ဟူး မျက်နှာပြင် ပြားပြားလေးဖြစ်အောင် လုပ်ပြီးနောက် တဖြည်းဖြည်း ခဲသွားတာကို တွေ့လိုက်ရလေသည်။

လူတိုင်းက တာအိုဘုန်းတော်ကြီးရဲ့ လျှို့ဝှက်ပြုလုပ်နည်းကို တအံ့တသြ ကြည့်နေခဲ့ကြသည်။

နေမထွက်ခင်မှာပဲ တို့ဟူး လတ်လတ်ဆတ်ဆတ် ပြုလုပ်ပြီးစီးသွားခဲ့သည်။

တို့ဟူး ပြန်ယူရောင်းမည့် လူတွေလည်း ရောက်လာခဲ့ကြသည်။

ရှစ်ချင်းလျို့က အမေရှောင်နှင့် ရှောင်ပိုင်လီကို ခေါ်ပြီး တို့ဟူးတွေ ချိန်တွယ်ပေးခိုင်းခဲ့သည်။

ရှစ်ချင်းလျို့က ရှောင်ပိုင်လီကို ကြော်ခိုင်းထားသည့် တို့ဟူးကြော်တွေကို သစ်ရွက်အသန့်လေးတွေဖြင့် ထုတ်ထားခဲ့သည်။

တို့ဟူးဝယ်သည့် လူတွေကို သူတို့ ဝယ်သည့် ပမာဏအတိုင်း ထိုအထုတ်လေးတွေ ပေးခဲ့သည်။

ရှစ်ချင်းလျို့က ပြောခဲ့သည်။ "တို့ဟူးရောင်းရင် လာဝယ်တဲ့လူကို တို့ဟူးကြော်လေး အရင်မြည်းကြည့်ခိုင်းလိုက်၊ ပြီးတော့ အရင်တုန်းက ကျွန်မ ရှင်တို့ကို ပြောပြခဲ့တဲ့ တို့ဟူးကို ချက်စားတဲ့ နည်းလမ်းလေးတွေ ပြောပြပေးလိုက်၊ ဒါဆို တို့ဟူးမရောင်းရမှာ စိတ်မပူနဲ့။"

ရွာသားတွေက အရင်က တစ်ခါမှ စျေးမရောင်းဖူးတာတော့ မဟုတ်ပေ။

အရင်တုန်းက ပြည်တွင်းထုတ်ကုန်တွေ၊ လယ်ထဲက အသီးအနှံတွေ ရောင်းချခဲ့ကြသည်။

သို့ပေမယ့် ဒီလိုရောင်းလို့ရမည်ဟု မထင်ခဲ့ပေ။

"ဒါတွေ ကျွေးတော့ ငါတို့ အရှုံးမဖြစ်ဘူးလား" လူတစ်ယောက်က စိတ်ရှုပ်ထွေးစွာ မေးမြန်းခဲ့သည်။

ရှစ်ချင်းလျို့က ပြုံးကာ ပြောခဲ့သည်။ "နည်းနည်းလေး ပေးစားရုံနဲ့ ၁ကျင်း ၂ကျင်းလောက် အသာလေး ရောင်းရနိုင်တယ်၊ ကျွန်မတို့ မရှုံးပါဘူး၊ မဟုတ်ရင် မပေးမြည်းရင် အရသာက ဘယ်လိုရှိမှန်း မသိတော့ သူများတွေ ဝယ်ရဲမှာ မဟုတ်ဘူးလေ၊ တို့ဟူးအရသာကို လူတိုင်း သိသွားပြီး နာမည်ကြီးသွားရင် ပေးမြည်းစရာ မလိုတော့ဘူး။"

လူတိုင်းက သဘောတူခဲ့သည်။ "ကောင်းပါပြီ ဒါဆို မင်းပြောတဲ့အတိုင်း လုပ်တာပေါ့။"

ဒီနေ့တော့ တို့ဟူး လာယူသည့်လူ မများပေ။

တို့ဟူးယူဖို့ မဆုံးဖြတ်ရသေးခင် လူအများစုက သူများတွေ ရောင်းကောင်းလားဆိုတာ အရင်စောင့်ကြည့်နေကြသည်။

တို့ဟူးတွေ အကုန်လုံးက ပြန်ရောင်းဖို့ ဝယ်ကြခြင်း မဟုတ်ပေ။

ကျန်သည့် တို့ဟူးတွေကို ရွာထဲက တခြားလူတွေကို လဲလှယ်ပေးခြင်း ဖြစ်သည်။

ရှောင်မိသားစုကို ပိုက်ဆံချေးခဲ့သည့် လူတွေက ပိုက်ဆံပေးစရာမလိုဘူးဟု ရှစ်ချင်းလျို့က ကြေငြာခဲ့ပြီး တို့ဟူးကို စရန်ငွေအဖြစ် သုံးခဲ့သည်။

ထိုနည်းဖြင့် စားသုံးဖို့အတွက် မိသားစုတွေကို ဆွဲဆောင်နိုင်ခဲ့သည်။

ဥပမာအားဖြင့် ရွာသူကြီးရဲ့ အကြီးဆုံးသားက ၆ကျင်း ယူခဲ့သည်။

တခြားမိသားစုတွေလည်း ကျင်းအနည်းငယ်ဆီ ယူခဲ့သည်။

နေ့လည်စာ စားချိန်မှာ အမေရှောင်နှင့် ကလေးနှစ်ယောက်က အသိစိတ် ကပ်မနေပေ။

ရှစ်ချင်းလျို့က အကြောင်းအရင်းကို ခန့်မှန်းမိပြီး ပြုံးကာ ပြောခဲ့သည်။ "အမေ စိတ်မပူပါနဲ့၊ တို့ဟူးက ရောင်းရမခက်ပါဘူး၊ စိတ်မပူပါနဲ့။"

ထိုစကားကြားတော့ ဘာကြောင့်မှန်းမသိ အမေရှောင်က စိုးရိမ်စိတ် အနည်းငယ် လျော့ကျသွားခဲ့သည်။ "အင်း အမေတို့ တို့ဟူးကို အမေ ယုံတယ်။"

သူတို့ စကားပြောနေတုန်း တံခါးခေါက်သံ ကြားလိုက်လေသည်။

ရှောင်အာ့လန် တံခါးသွားဖွင့်လိုက်တော့ ပထမဆုံး တို့ဟူး ယူရောင်းဖို့ ပြောသည့် လူကြီး ရှောင်တာ့စူးက သူ့ညီအစ်ကို နှစ်ယောက်ဖြင့် ရပ်နေတာကို တွေ့လိုက်သည်။

ရှောင်ဟန်ကျန့်က မတ်တပ်ထရပ်လိုက်သည်။ "တာ့စူး တို့ဟူး ရောင်းကုန်ပြီလား။"

ရှောင်တာ့စူးက စိတ်လှုပ်ရှားစွာဖြင့် မျက်နှာထက်မှာ အပြုံးတွေ ပြည့်နေခဲ့သည်။ "ငါတို့ အကုန်ရောင်းကုန်ခဲ့တယ်၊ လောက်တောင် မလောက်ဘူးကွာ၊ အဲတာ မင်းမိန်းမ သူများကို အမြည်းကျွေးခိုင်းတဲ့ ကျေးဇူးတွေကြောင့်ပေါ့၊ တို့ဟူးကြော်ကို မြည်းကြည့်တဲ့ လူတိုင်းနီးပါး ဝယ်သွားတာချည်းပဲ၊ အနီးအနားက ရွာကိုပဲ သွားရသေးတယ်၊ တို့ဟူး ကျင်း၃၀လောက် ရောင်းပြီးနေပြီ။"

သူတို့တွေက တော်တော် သတ္တိကောင်းသည်။ ညီအစ်ကိုသုံးယောက်က တစ်ယောက်ကို ၁၀ကျင်းဆီ ယူခဲ့သည်။

တခြားရွာသားတွေက ရောင်းဖို့အတွက် ၃ကျင်း ၆ကျင်းလောက်သာ ယူခဲ့သည်။

သူတို့ မျှော်လင့်ခဲ့သည့်အတိုင်း ဝင်ငွေက တော်တော်လေး ကောင်းသည်။

မြို့ထဲမှာ အလုပ်သွားလုပ်တာထက် ပိုကောင်းပြီး တစ်မနက်အတွင်း ပြား၃၀ ရှာနိုင်ခဲ့သည်။

ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြခဲ့သည်။ "အကုန်ရောင်းကုန်သွားတော့ ကောင်းတာပေါ့။"

ရှောင်တာ့စူးက ပြုံးကာ ပြောခဲ့သည်။ “မနက်ဖြန် တို့ဟူးတွေ ပိုတိုးယူမယ့်အကြောင်း မင်းကို အသိလာပေးတာပါ။"

ရှောင်ဟန်ကျန့်က မေးခဲ့သည်။ "ဒါဆို ဘယ်လောက် လိုချင်လဲ။"

ရှောင်တာ့စူးက ပြန်ဖြေခဲ့သည်။ "ကျင်း၆၀လောက်ပေါ့၊ မနက်ဖြန် ၂ရွာလောက်ထိ ပိုသွားရောင်းမယ်။"

ရောင်းထွက်ဖို့ အချိန် အနည်းငယ် ပိုယူရနိုင်သော်လည်း ယနေ့အခြေအနေအရ သေချာပေါက် ရောင်းကုန်မှာ သေချာသည်။

တို့ဟူး ရောင်းရဖို့ မခက်တာကို သူ ခန့်မှန်းမိသော်လည်း အရင်က တစ်ခါမှ မလုပ်ဖူးတာကြောင့် အရမ်း ယုံကြည်ချက် မရှိနေခြင်း ဖြစ်သည်။

အခုတော့ သူလုံးဝ ယုံကြည်စိတ်ချသွားပြီဖြစ်သည်။

တို့ဟူးရောင်းသည့် တခြားလူတွေလည်း မနက်ဖြန်ရောင်းဖို့ တို့ဟူး တိုးယူမှာ သိတာကြောင့် သူက အရင်ကြိုတင်စာရင်းပေးထားခြင်းဖြစ်သည်။

ရှောင်ဟန်ကျန့်က ချက်ချင်း ပြန်မဖြေဘဲ ရှစ်ချင်းလျို့ကို ကြည့်ခဲ့သည်။

သူမ ခေါင်းငြိမ့်ပြမှ ရှောင်ဟန်ကျန့်က ပြန်ဖြေခဲ့သည်။ "ကိစ္စမရှိဘူး။ မနက်ဖြန် ခင်ဗျားအတွက် တို့ဟူး ကျင်း၆၀ ချန်ထားပေးမယ်။"

ရှောင်တာ့စူးနှင့် သူ့ညီအစ်ကိုတွေက ပျော်ရွှင်စွာ ပြောခဲ့သည်။ "ကျေးဇူးတင်ပါတယ်။"

သူတို့သုံးယောက် ပြန်ပြီး သိပ်မကြာခင်မှာ မနက်ဖြန် တို့ဟူးအလေးချိန် တိုးယူဖို့ ကြိုတင်စာရင်းပေးသည့် လူတွေ အိမ်ကို ရောက်လာခဲ့ကြသည်။

ဒါတွေက ရှစ်ချင်းလျို့ မျှော်လင့်ထားသည့်အတိုင်း ဖြစ်သည်။

ရှောင်ပိုင်လီရဲ့ ဟင်းချက်စွမ်းရည်က အရမ်းကောင်းပြီး သူမ ကြော်ထားသည့် တို့ဟူးက အေးသွားတာတောင် စားလို့ ကောင်းနေဆဲ ဖြစ်သည်။

တစ်ခါမှ မစားဖူးတဲ့လူတွေတောင် တို့ဟူးက စျေးမကြီးဘဲ အရသာရှိတာကြောင့် စမ်းစားကြည့်ဖို့ ဝယ်သွားကြသည်။

လူတချို့ ဝယ်သည်နှင့် တခြားလူတွေကလည်း လိုက်ဝယ်ခဲ့ကြသည်။

သိပ်မကြာခင်မှာပဲ နန်ရှီမြို့မှာ တို့ဟူးက နာမည်ကြီးသွားခဲ့သည်။