အခန်း ၄၆
Viewers 7k

Chapter (46)

Unicode

အခန်း(၄၆) - ဘယ်သူက ဘယ်သူ့ကို ကြံစည်မှာလဲ

မနက်က တို့ဟူး ဝယ်ရောင်းသည့် လူတွေ အကုန်လုံး ရောင်းကုန်သွားခဲ့သည်။

လူတိုင်းက အနီးအနားရွာတွေနှင့် မြို့ထဲမှာ ရောင်းချခဲ့ကြသည်။

ရှစ်ချင်းလျို့ရဲ့ အကြံအရ စျေးနှုန်းက ၅ပြားဖြစ်ပြီး ၁ကျင်းကို ၁ပြား မြတ်သည်။

မနက်ခင်းမှာတင် သူတို့က ပြားအနည်းငယ် ရှာနိုင်ခဲ့ပြီး ရှောင်တာ့စူးတို့ ညီအစ်ကိုက ပြား၃၀ ရှာနိုင်ခဲ့သည်။

ရွာသားတွေအတွက်တော့ ကောင်းကင်က မုန့်ကြီး ပြုတ်ကျလာတာနှင့် တူနေသည်။

သိပ်မကြာခင်မှာပဲ တစ်ရွာလုံးကို သတင်းပျံ့သွားခဲ့သည်။

စာသင်သားရှောင်ရဲ့ မိသားစုက လုပ်သည့် တို့ဟူးက အရမ်းနာမည်ကြီးကြောင်း လူတိုင်းသိသည်။

ရောင်းဖို့အတွက် အခြေအနေ စောင့်ကြည့်နေသည့်လူတွေပင် နောက်တစ်ရက်ကျရင် ယူရောင်းဖို့ ဆုံးဖြတ်ခဲ့ကြသည်။

သိပ်မကြာခင်မှာပဲ ရွာထဲမှာ နောက်ထပ်သတင်းတစ်ခု ထပ်ပျံ့ခဲ့လေသည်။

ရှောင်မိသားစုဟောင်းက ရှောင်သခင်မကြီးကို အလုပ်အကျွေးပြုနေသည့် အစေခံမလေးကို ရောင်းပစ်လိုက်ပြီဟူသော သတင်း ဖြစ်သည်။

ရှင်းဟုန် ရောင်းစားခံရသည့် သတင်းကြားတော့ ရွာသားတွေက အသက်ရှူရပ်မတတ် အော်ဟစ်ခဲ့ကြသည်။

သူတို့က ရှောင်သခင်မကြီးကို အော်ဟစ်ကာ တောင်းပန်ခဲ့သည်။

သူတို့က ရှစ်ချင်းလျို့ကို ဆဲဆိုခဲ့ကြပေမယ့် သိပ်မကြာခင်မှာ အကျိုးဆောင်တွေရဲ့ ဆွဲထုတ်သွားခြင်းကို ခံလိုက်ရလေသည်။

နောက်တော့ ရှောင်မိသားစုဟောင်းက သူတို့ရဲ့ အိမ်နှင့် မြေရောင်းမည့်သတင်းကို ထုတ်ပြန်ခဲ့သည်။

ဝယ်ချင်သည့်လူတွေ သူတို့ဆီလာပြီး ညှိနှိုင်းလို့ရကြောင်း ကြေငြာခဲ့သည်။

အမေရှောင်နှင့် တခြားလူတွေ ထိုသတင်းကိုကြားတော့ အရမ်းကို ပျော်ရွှင်နေခဲ့သည်။

ရှောင်မိသားစုဟောင်းက လူတွေက မြို့တော်မှာ ပြဿနာ အကြီးအကျယ်ရှာဖို့ မကြာခင်မှာ ရွာက ထွက်သွားတော့မည် ဖြစ်သည်။

မကောင်းတဲ့မိန်းမ ရှင်းဟုန်ဟာလည်း ဝဋ်ပြန်လည်ပြီဖြစ်သည်။

သူတို့က မီးရှူးမီးပန်းတွေဖောက်ပြီး အောင်ပွဲတောင်ခံချင်နေသည်။

အမေရှောင်က ပြောခဲ့သည်။ "အိမ်ဟောင်းကလူတွေ ဘယ်အချိန်ထွက်သွားမလဲ မသိဘူး။"

ရှစ်ချင်းလျို့က ပြောခဲ့သည်။ "အိမ်နဲ့ မြေရောင်းပြီးရင် မြို့တော်ကို သွားကြလိမ့်မယ်။"

ရှောင်အိမ်ဟောင်းက ပြဿနာကောင်တွေကို သူမ သွေးထိုးလှုံ့ဆော်ပြီးကတည်းက သူတို့က မြို့တော်မှာ ပိုကောင်းမွန်သည့် ဘဝဖြင့် မြန်မြန်ဖြတ်သန်းချင်နေကြသည်။

အမေရှောင်က ပြုံးခဲ့သည်။ "ကောင်းတာပေါ့။ သူတို့မြို့တော်ကိုသွားရင် တို့ဟူးလုပ်ငန်းကို လုယူဖို့ တွေးတော့မှာ မဟုတ်ဘူး"

ရှစ်ချင်းလျိုးက ခေါင်းငြိမ့်ပြခဲ့သည်။ "အခု သူတို့က တို့ဟူးလုပ်ငန်းကို စိတ်မဝင်စားတော့ပါဘူး။"

ရှောင်အိမ်ဟောင်းက လူတွေက ဘယ်လောက်တောင် လောဘကြီးလဲဆိုတာ အမေရှောင် သိသည်။ "တကယ်ပဲ သူတို့သာ အမေတို့နဲ့ဝေးသွားရင် အမေတို့ အေးချမ်းပြီ။"

ထို့နောက် သူမက စကားခေါင်းစဥ် ပြောင်းလိုက်သည်။ "ရှင်းလျို့ တို့ဟူးက တကယ်ရောင်းကောင်းတာပဲ၊ မနက်ဖြန် ပိုလုပ်ရမှာမလား။"

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "အင်း မနက်ဖြန်တော့ နှစ်ဆပဲ၊ ရှေ့လျှောက် တို့ဟူး ဝယ်ရောင်းမယ့်လူတွေ များလာတော့မှာမလို့ စိတ်ကြိုတင်ပြင်ဆင်ထားရတော့မယ်။"

အမေရှောင်က ပြုံးကာ ခေါင်းငြိမ့်ပြခဲ့သည်။ "စိတ်ကို ကြိုတင်ပြင်ဆင်ထားပါတယ်၊ တို့ဟူးလုပ်လို့ကျန်တဲ့ ပဲအနှစ်တွေကိုလေ ဟင်းသီးဟင်းရွက်တွေ၊ တီကောင်တွေနဲ့ ရောကျွေးတော့ ကြက်တွေ ဘဲတွေက တော်တော်ကြိုက်ကြတာပဲဟယ်၊ ရှေ့လျှောက် အမေတို့ တို့ဟူး ပိုလုပ်ရမယ်၊ သမီးပြောသလို အမေတို့ ပိုက်ဆံရှိလာတဲ့အချိန်ကျရင် အနောက်က တောင်ကိုဝယ်ပြီး ဘဲတွေ ကြက်တွေကို ကောင်းကောင်း ကျွေးရမယ်၊ ပြီးရင် ဝက်တချို့လည်း ဝယ်ရမယ် ဒါမှ ကျန်နေတဲ့ ပဲအနှစ်တွေ အလကားမဖြစ်မှာ။"

သူမရဲ့ စိတ်ချမ်းသာပြီး မျှော်လင့်ချက် ပြည့်ဝနေသည့် လက်ရှိဘဝလေးကို သဘောကျနေသည်။

ဘယ်လောက်ပဲ ခက်ခဲပါစေ သူမ လုပ်ဖို့ ဆန္ဒရှိသည်။

ရှစ်ချင်းလျို့က ပြုံးကာ ခေါင်းငြိမ့်ပြခဲ့သည်။ "အမေမှန်တယ်။ ကျွန်မလည်း အဲလိုပဲ တွေးတယ်၊ ပြီးတော့ အဲနေ့က မကြာခင် ရောက်လာတော့မှာပါ။"

အမေရှောင်ရဲ့ မျက်ဝန်းက စိတ်အားထက်သန်မှုတွေ မျှော်လင့်ချက်တွေနှင့် ပြည့်နေပြီး သူမက ပြုံးခဲ့သည်။ "ကောင်းပြီ"

ထို့နောက် သူမက ရှောင်ပိုင်လီကိုခေါ်ပြီး ပျော်ရွှင်စွာ သွားရောက် ချက်ပြုတ်ခဲ့သည်။

ရှစ်ချင်းလျို့က ခြံထဲထိုင်နေပြီး ရှောင်ဟန်ကျန့် ဝတ္ထုရေးတာကို ထိုင်ကြည့်နေခဲ့သည်။

အခု နေနေတာက အိမ်အဟောင်း ဖြစ်သည်။ အဆောက်အဦးရဲ့ အပြင်အဆင်က မကောင်းတာကြောင့် နေ့အချိန်မှာ အလင်းရောင်က သိပ်မကောင်းပေ။

ရှောင်ဟန်ကျန့်က စာရေးဖို့သာဖတ်ဖို့အတွက် အမြဲတမ်း စားပွဲနှင့် ထိုင်ခုံကို ခြံထဲရွှေ့ရသည်။

ရှောင်ဟန်ကျန့်က ဝတ္ထုစာလုံးရေတွေ အများကြီး ရေးသားပြီးနောက် ရှစ်ချင်းလျို့ကို ပြသခဲ့သည်။

ဖတ်ရှူပြီးနောက် ရှစ်ချင်းလျို့က သက်ပြင်းချပြခဲ့သည်။ "ရေးထားတာ အရမ်းကောင်းတယ်၊ ဒီတစ်ခါ ပြင်စရာမလိုဘူး၊ ရှင့်ရဲ့ ဝတ္ထုရေးတဲ့စွမ်းရည်ကတော့ အံ့မခန်းပါပဲ။"

သူမလို ကျင့်ကြံစဥ်ဝတ္ထုတွေ အများကြီး ဖတ်တဲ့လူတောင် သဘောကျသည်။

ရှေးခေတ်က ကျင့်ကြံစဥ်ဝတ္ထုတွေ တစ်ခါမှ မဖတ်ဖူးမည့် လူတွေရဲ့ တုံ့ပြန်ချက်ကို တွေးကြည့်လို့ ရသည်။

သူ့ဇနီးလေးရဲ့ အသိအမှတ်ပြု ချီးကျူးပေးမှုကို သူ သဘောကျသည်။

အတိတ်ဘဝတုန်းက အကုန်လုံးကို သူ့ဘာသာသူ လုပ်ခဲ့ရသည်။

အခုတော့ သူ့ဘေးမှာ ရှစ်ချင်းလျို့လိုလူရှိနေတာ သိပ်ကောင်းသည်။

"နှစ်ရက်အတွင်း မြို့ထဲသွားမှာ၊ အဲ့ကျရင် လက်ရေးစာမူကို စာအုပ်ဆိုင်ဆီ ယူသွားပြပြီး ရောင်းလို့ရလားလို့ မေးခဲ့လိုက်မယ်။"

လက်ရေးမူကို ကြည့်ရသလောက်တော့ ရောင်းရမခက်ဘူးဟု သူ ထင်သည်။

ရှစ်ချင်းလျို့က ပြုံးကာ ခေါင်းငြိမ့်ပြခဲ့သည်။ "ဒါဆို သဘက်ခါကျရင် ကျွန်မလည်း ရှင်နဲ့ မြို့ထဲလိုက်ပြီး လိုတာလေးတွေ လိုက်ဝယ်မယ်။"

သူတို့နှစ်ယောက် စကားပြောနေတုန်းမှာပဲ ရှောင်မိသားစုဟောင်းရဲ့ ဒုတိယမြေးက ရောက်လာခဲ့သည်။

ရှောင်ဟန်ကျန့်က အေးစက်စွာ မေးခဲ့သည်။ "ဘာကိစ္စရှိလို့လဲ။"

သူက ရှောင်ဟန်ကျန့်ထက် တစ်နှစ်ကြီးသော်လည်း သူ့ညီဝမ်းကွဲက အရင်တုန်းက သူ့ကိစ္စတွေကို အကြိမ်များစွာ ဝင်စွက်ဖက်ခဲ့တာကြောင့် သူ ကြောက်သည်။

သူက ခြံထဲ မဝင်ရဲပေ။

ထိုအစား သူက တံခါးတွင် ရပ်ကာ ပြောခဲ့သည်။ "အဖိုးနဲ့ အဖွားက ခေါ်ခိုင်းလိုက်လို့ပါ။"

ရှစ်ချင်လျို့နဲ့ ရှောင်ဟန်ကျန့်က အချင်းချင်းကြည့်ပြီး ခေါင်းငြိမ့်ပြခဲ့သည်။

ရှောင်ဟန်ကျန့်က သူ့လက်ရေးစာမူနှင့် စုတ်တံကို ချလိုက်သည်။ "ကောင်းပြီ။ သွားစို့။"

ဒီတစ်ခါတော့ သူတို့က ရှောင်မိသားစုဟောင်းရဲ့ အိမ်ကို ဖိတ်ခေါ်ခံရတာ ဖြစ်သည်။

ထိုပြဿနာကောင်တွေက သူ့ကို ကြံစည်ချင်နေတာ ဖြစ်နိုင်သည်။

သူတို့နှစ်ယောက်က သူ့နောက်ကနေ ၁၀မိနစ်လောက် လိုက်ပြီးနောက် ခြံဝကို ရောက်ခဲ့သည်။

ခြံထဲဝင်လိုက်သည့်အချိန်မှာတော့ ခြံထဲမှာ လူဆယ်ယောက်လောက် ထိုင်နေတာကို ရှစ်ချင်းလျို့ တွေ့လိုက်သည်။

ရှောင်မိသားစုက လူတွေ အကုန်ရောက်နေတာဟု သူမ ထင်လိုက်သည်။

သူမက ရှောင်သခင်မကြီးကိုကြည့်ကာ မေးလိုက်သည်။ "ဒီက အဖွားဟောင်းက ကျွန်မတို့ကို ခေါ်လိုက်တာလား။"

ရှောင်သခင်မကြီးက စိတ်ရှုပ်စွာ ကြည့်ခဲ့သည်။

ဒီမိန်းမယုတ်က သူမကို 'အဖွားဟောင်း'ဟူသော နာမ်စား ထည့်ခေါ်ခဲ့သည်။

သူက တော်တော်စိတ်ရှုပ်ဖို့ကောင်းတာပဲ။

သို့ပေမယ့် ဒီနေ့ သူတို့ကို ခေါ်လိုက်ရသည့် အကြောင်းအရင်းက ရန်ဖြစ်ဖို့ မဟုတ်ပေ။

သူမက ခြံထဲက ခုံအလွတ် နှစ်ခုကို ညွှန်ပြခဲ့သည်။ "ထိုင်ပါဦး။"

သူတို့နှစ်ယောက် ထိုင်ပြီးသည်နှင့် သူမက ပြောခဲ့သည်။ "ငါနင့်အကြံအတိုင်း ရှင်းဟုန်ကို ရောင်းခဲ့တယ်။"

ရှစ်ချင်းလျို့က လက်မြှောက်ကာ ခါယမ်းပြခဲ့သည်။ "အဖွားဟောင်း ပြောတာ မှားနေပြီ၊ ကျွန်မက အကြံပြုခဲ့ရုံပါ၊ သူများကို ရောင်းစားခိုင်းတယ်ဆိုပြီး အပြစ်ပုံချတာ မခံဘူးနော်။"

ရှောင်သခင်မကြီးနှင့် တခြားလူတွေက ဆွံ့အသွားခဲ့သည်။ အရှက်မရှိတဲ့ကောင်မ။ မနေ့က သူပဲ အကြံပေးခဲ့တာလေ။

သူမကို မနိုင်မှန်း ရှောင်သခင်မကြီးက သိတာကြောင့် အသက်ပြင်းပြင်းရှူလိုက်ပြီး ပြောခဲ့သည်။ "အေး ငါတို့ကိုယ့်ဘာသာကိုယ် သူ့ကိုရောင်းခဲ့တာ။"

သူမက ဆက်ပြောခဲ့သည်။ "အခု ငါတို့ အိမ်နဲ့ မြေကို ရောင်းချင်တယ်၊ နင့်ရဲ့ တို့ဟူးရောင်းအားက သိပ်ကောင်းတယ်လို့ ငါကြားတယ်။ ဒါကြောင့် နင်များ ဝယ်ချင်မလားလို့ သိချင်လို့လေ။"

ရှစ်ချင်းလျို့သာ သူတို့ တို့ဟူးလုပ်ငန်းကို စိတ်မဝင်စားအောင်လုပ်ပြီး ဗိုလ်ချုပ်အိမ်တော်အကြောင်း မျှော်လင့်ချက် မပေးခဲ့ပါက ဒီလောက် တို့ဟူးရောင်းကောင်းမယ်မှန်းသိရင် တို့ဟူးထုတ်လုပ်ရေးကို လက်လွှဲယူပစ်လိုက်ပြီဖြစ်သည်။

သို့ပေမယ့် အခု သူတို့မှာ တခြားအစီအစဥ်ရှိနေသည်။

ရှစ်ချင်းလျို့က ချက်ချင်း ခေါင်းခါပြခဲ့သည်။ "ကျွန်မတို့ မတတ်နိုင်ပါဘူး၊ တို့ဟူးက အသစ်အဆန်းမလို့ ရောင်းကောင်းတာပါ၊ ရှေ့လျှောက် ဘယ်လောက်ထိ ရောင်းကောင်းမလဲဆိုတာ မပြောနိုင်ဘူး၊ ကျွန်မတို့ ရှင့်ဆီကို တင်နေတဲ့ အကြွေးတောင် မဆပ်ရသေးဘူး၊ ရှင့်ရဲ့ အိမ်နဲ့မြေကို ဘယ်လိုလုပ် ဝယ်ဖို့ တတ်နိုင်မှာလဲ။"

သူမက မျက်လုံးလည်ကာ တခစ်ခစ်ရယ်ခဲ့သည်။ "အကြွေးနဲ့ ရောင်းမလား၊ ဒါဆို ဝယ်မှာပေါ့။"

ဒီပြဿနာကောင်တွေက ရှေ့ရေးကြိုမြင်ပြီး သူတို့ကို အိမ်နှင့်ခြံရောင်းခြင်း ဖြစ်သည်။

အနာဂတ်မှာ သူတို့ပြန်လာသည့်အခါကျရင် သားသမီးဝတ္တရား မကျေပွန်တဲ့ဟာတွေဟု ခေါင်းစဥ်တပ်ကာ သူတို့ဆီက ပြန်တောင်းမည်ဖြစ်သည်။

ပြီးရင် သူတို့စကားကို ပြန်ရုတ်သိမ်းပြီး ပြန်ပေးတော့မည် မဟုတ်ပေ။

သူတို့တွေနှင့် အငြင်းပွားနေဖို့ သူမမှာ အချိန်မရှိပေ။

အမှန်အတိုင်း ပြောရရင် ဒီအိမ်ကိုလည်း သူမ စိတ်မဝင်စားပေ။

ဒါကြောင့် သူတို့ ဝယ်ဖို့ မတတ်နိုင်ကြောင်း အကြွေးဖြင့် ရောင်းပါက ဝယ်မည်ဖြစ်ကြောင်း ပြောခဲ့ခြင်း ဖြစ်သည်။

သူတို့ ဒီအကြံကို လက်မခံမှာ သူမ သိသည်။

လူကို အကွက်ချချစီစဥ်ရင် ဘယ်သူက အသက်ရှင်ကျန်ရစ်ဖို့ ပိုသန်မာလည်းဆိုတာ ကြည့်ကြတာပေါ့။ ဟမ့်။

အကြွေးနဲ့ ဝယ်ဖို့ အိပ်မက် မက်နေလိုက်ဟု ရှောင်အိမ်ဟောင်းမှ လူတွေက တွေးခဲ့သည်။

အစတုန်းကတော့ သူတို့ လုပ်ဖို့တွေးကြည့်ခဲ့သေးသည်။

ရှောင်ဟန်ကျန့် မိသားစုက ပိုက်ဆံရှိရင် သို့မဟုတ် မြို့တော်မှာ သွားချေးပြီး ဝယ်ပါက ပိုအဆင်ပြေသည်။

အနာဂတ်မှာ သူတို့ပြန်လာပါက ပြန်လုယူလို့ရပြီး ပိုက်ဆံတချို့ ချွေတာလို့ ရသည်။

အကြွေးရောင်းရအောင်တော့ သူတို့ မတုံးအပေ။

ရှောင်သခင်မကြီးက လုပ်ပြုံး ပြုံးကာ ပြောခဲ့သည်။ "မတတ်နိုင်ရင်လည်း ထားပါတော့၊ ငါတို့က ခရီးသွားဖို့ ပိုက်ဆံလိုသေးတယ်လေ။"

ရှစ်ချင်းလျို့က သူမကို သဘောတူခဲ့သည်။ "မှန်တာပေါ့၊ မြို့တော်ကို ရောက်ရင် အစားအသောက်ကို စိတ်ပူစရာ မလိုဘဲ ငွေကိုလည်း အကြိုက်ဖြုန်းလို့ရမယ်ဆိုပေမယ့် ခရီးသွားဖို့ ပြင်ဆင်စရာလေးတွေက ရှိသေးတာပဲ။"

ရှောင်သခင်မကြီးက သူမ မျက်နှာကို မမြင်ချင်တော့ပေ။ "ကောင်းပြီလေ။ ဒါဆို နင်တို့ပြန်လို့ရပြီ။"

ရှစ်ချင်းလျို့က မလှုပ်ခဲ့ပေ။ "အဖွားဟောင်းက ကျွန်မတို့ကို လိုသုံးလုပ်နေတာလား။"

သူမက ဆက်ပြောခဲ့သည်။ "ကျွန်မကို တခြား တစ်ခုခု မပြောချင်တော့ဘူးလား။"