အခန်း ၄၇
Viewers 7k

Chapter (47)

Unicode

အခန်း(၄၇) - ရွေးချယ်စရာမရှိဘဲ လက်ခံလိုက်ရတော့ တော်တော် ကသိကအောက်ဖြစ်တာပဲ

ရှောင်သခင်မကြီးနှင့် တခြားလူတွေက ခေါင်းခြောက်သွားခဲ့သည်။ "ငါက နင့်ကို ဘာပြောရမှာလဲ။"

ရှစ်ချင်းလျို့က ဒေါသထွက်စွာ ကြည့်လိုက်သည်။ "ရှင်တို့ ကျွန်မဆီက အကြံတောင်းချင်နေတာမလား ဒါမှ ရှင်တို့ မြို့တော်မှာ တစ်သက်လုံး နေထိုင်နိုင်မှာ မဟုတ်လား။"

ရှောင်သခင်မကြီးက ဆွံ့အသွားခဲ့သည်။ "ဟုတ်ပါတယ် ဒါပေမဲ့ ရှေ့လျှောက် ငါတို့က နေရာတစ်ခုထဲမှာ ရှိမှာ မဟုတ်တော့ဘူးလေ၊ ဘယ်လို အကြံတောင်းလို့ ရမှာလဲ။"

ဒီမိန်းမယုတ်က စိတ်ရှုပ်ဖို့ ကောင်းပေမယ့် သူ့ဦးနှောက်က တော်တော်လေး အသုံးဝင်တယ်။

ရှစ်ချင်းလျို့က မျက်လုံး လည်ပြခဲ့သည်။ "စာရေးလို့ရတာပဲ၊ ရှင့်ရဲ့ အကြီးဆုံးနဲ့ ဒုတိယမြေးက ကျောင်းတက်ခဲ့တယ်ဆို သူတို့က ပညာရေးမှာ အထုံပါရမီမပါဘဲ ကျွန်မ ယောက်ျားရဲ့ အဆင့်အတန်းနဲ့ ကွာဝေးပေမယ့် စာတော့ ရေးတတ်တယ်မလား။"

ရှောင်မိသားစုဟောင်းရဲ့ အကြီးဆုံးနှင့် ဒုတိယမြေးက ဆွံ့အသွားခဲ့သည်။

ဒါက စာရေးရုံပဲကို ဘာလို့ ရှောင်ဟန်ကျန့်နဲ့ လာနှိုင်းယှဥ်နေတာလဲ။

ရှောင်မိသားစုဟောင်းရဲ့ အကြီးဆုံးမြေးက ခြောက်ကပ်စွာ ချောင်းဟန့်လိုက်သည်။ "စာရေးတာလောက်က ပြဿနာ မရှိပါဘူး။"

သူတို့က ကျောင်းကို နှစ်ပေါင်းများစွာ သွားခဲ့ပေမယ့် ကျောင်းမှာ အဆင့်တစ်ခုကို မရတာကြောင့် ကျောင်းထွက်ခဲ့သည်။ သို့ပေမယ့် စာလုံးအများစုရေးနည်းကိုတော့ မှတ်မိနေဆဲ ဖြစ်သည်။

ရှစ်ချင်းလျို့က သူ့ကို မဆိုးပါဘူး ဟူသောအကြည့်ဖြင့် ကြည့်ခဲ့သည်။ "ရှင့်ကြည့်ရတာ ဉာဏ်ကောင်းမယ့်ပုံပဲ။"

သူမရဲ့ ချီးကျူးမှုကြောင့် ရှောင်မိသားစုဟောင်းရဲ့ အကြီးဆုံးမြေးက ကြက်သေ သေသွားပြီးမှ ရင်ကိုကော့လိုက်သည်။ "ဒါပေါ့"

အနည်းဆုံးတော့ ဒီမိန်းမယုတ်က အမှန်ကို မြင်တတ်သားပဲ။

သူ့ရဲ့ ဂုဏ်ဆာနေသည့်ပုံကိုကြည့်ပြီး ရှောင်ဟန်ကျန့်က ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။

သူ့ဇနီးလေးက လူတစ်ယောက်ကို ရုတ်တရက်ကြီး ချီးကျူးမှတော့ သူမတွင် အကြောင်းပြချက် ရှိရမည်။

သူမက သူမအပေါ် ကောင်းသည့်လူကို ကောင်းပေးပြီး ပြဿနာကောင်တွေကိုတော့ သေချာပေါက် ရိုက်စားလုပ်လိမ့်မည်။

ထိုလူက သူ့ဇနီးရဲ့ ရောင်းစားတာ ခံရတော့မှာတောင် အရမ်းပျော်နေသည်။ သူက သူ့ဇနီးကို ပျော်ပျော်ရွှင်ရွှင်ဖြင့် ငွေရေတွက်ပေးမည့်လူမျိုး ဖြစ်သည်။

ထိုလူက သိပ်တုံးအတာကြောင့် ရှောင်ဟန်ကျန့်က သူ့ဇနီးကို သူ့ကြည့်လိုက်သည်။

ရှစ်ချင်းလျို့က ရှောင်မိသားစု အကြီးဆုံးမြေးကို အချက်ပြလိုက်သည်။

"လာခဲ့၊ စာရေးနည်း သင်ပေးမယ်။"

ရှောင်မိသားစု အကြီးဆုံးမြေးက ဆွံ့အသွားခဲ့သည်။ "ငါ စာရေးတတ်တယ်။ မင်းက ဘာကိစ္စ ငါ့ကို သင်ပေးမှာလဲ။"

ရှစ်ချင်းလျို့က သူ့ကို မျက်လုံးလည်ပြခဲ့သည်။ "မြို့တော်ကိုသွားပြီး အလုပ်ကောင်းကောင်း ရချင်လား၊ မြို့တော်က မိန်းမကို လက်ထပ်ချင်လား။"

ရှောင်မိသားစု အကြီးဆုံးမြေးက ခဏလောက် တွေးလိုက်သည်။

ထို့နောက် သူက ထိုင်ခုံရွှေ့ပြီး ရှစ်ချင်းလျို့နား တိုးထိုင်လိုက်သည်။

"ရှေ့လျှောက် ဗိုလ်ချုပ်အိမ်တော်မှာ ကိစ္စတစ်ခုခုရှိရင် အစိုးရစာပို့ရုံးကတစ်ဆင့် ရှင့်ညီဝမ်းကွဲဟောင်းဆီ စာပို့လို့ရတယ်။"

သူမက စကားပြောရင်း ရှောင်ဟန်ကျန့်ကို ညွှန်ပြခဲ့သည်။ "ပြီးရင် သူကတစ်ဆင့် ကျွန်မကို စာပြန်ပေးလိမ့်မယ်။ ကျွန်မ ဖတ်ကြည့်ပြီးရင် ရှင်တို့ကို ကူညီပြီး အကြံပေးမယ်။"

ရှောင်သခင်မကြီးက မျက်မှောင်ကြုတ်ခဲ့သည်။ "နင်အကြံပေးမယ်ဆိုရင်တောင် ငါ့မြေးက ဘာကိစ္စ ဗိုလ်ချုပ်အိမ်တော်မှာ ဖြစ်သမျှ နင့်ကို အသိပေးရမှာလဲ။"

သူမက မတုံးအပေ။

ဒီမိန်းမယုတ်က ဗိုလ်ချုပ်စံအိမ်က ဖြစ်သမျှကို သိချင်နေတာပဲ။

ရှစ်ချင်းလျို့က မဖုံးကွယ်ထားပေ။ "ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်အိမ်တော်မှာ ဖြစ်ပျက်သမျှကို သိချင်လို့ပေါ့၊ အဲ့တာကို သိမှ ရှင့်ရဲ့ သားနဲ့ ချွေးမရဲ့ လက်ရှိအခြေအနေကိုသိပြီး ရှင်တို့ အဲမှာ ခြေကုပ်ကျားကုပ်မြဲအောင် ကျွန်မ ကူညီ အကြံပေးနိုင်မှာလေ၊ မဟုတ်ရင် ရှင်တို့က သူတို့ကို ဘယ်လို ကိုင်တွယ်မှာလဲ၊ ရှင်တို့ရွာကို ပြန်လာပြီး ဆင်းရဲဒုက္ခခံစားချင်နေတယ်လို့တော့ မပြောနဲ့နော်။"

ရှောင်သခင်မကြီးနှင့် တခြားလူတွေက အသံတိတ်နေခဲ့သည်။

ရှစ်ချင်းလျို့ ပြောတာ အဓိပ္ပာယ်ရှိသည်။ တကယ်ပဲ သူတို့ မခံစားချင်ပေ။

ရှစ်ချင်းလျို့က ထပ်ပြောခဲ့သည်။ "ဒါတွေလုပ်တာက ရှင်တို့ကို ကူညီဖို့ပါ၊ မဟုတ်ရင် အလုပ်ရှုပ်ခံပြီး စာပို့ပါ့မလား၊ မှင်ဖိုး၊ စာရွက်ဖိုးနဲ့ စာတိုက်ပို့ခပါ ကုန်ခံရဦးမှာ၊ ဘာအကျိုးအမြတ်မှ မရှိတဲ့လူက ကျွန်မတို့ပါနော်၊ ရှောင်သခင်မကြီး ရှင်က ဉာဏ်ကောင်းတဲ့လူပါ၊ ကျွန်မရဲ့ ကောင်းတဲ့ရည်ရွယ်ချက်ကို ရှင်မသိဘူးလို့တော့ မပြောနဲ့နော်။"

ရှောင်မိသားစု အကြီးဆုံးမြေးက အသံတိတ်နေခဲ့သည်။ သူပဲ စောနက သူ့ကို ဉာဏ်ကောင်းတယ်လို့ ချီးကျူးခဲ့တာ။ တော်တော် အပြောင်းအလဲမြန်တဲ့မိန်းမပဲ။

ရှောင်သခင်မကြီးက တကယ်ပဲ နားမလည်ပေ။ သူတို့ကို ကူညီဖို့အတွက် ဒီမိန်းမယုတ်က ဘာအကျိုးအမြတ်မှ မရဘဲ ဘာလို့ လိုက်လိုက်လျောလျော ကူညီပေးနေတာလဲ။

သူက အကျိုးမရှိဘဲ လုပ်မယ့်လူစားမျိုး မဟုတ်ဘူး။

ရှောင်သခင်မကြီးက ထပ်ပြီး ရှုပ်ထွေးသွားခဲ့သည်။

သို့ပေမယ့် သူက အတင်းပြုံးခဲ့သည်။ "ဒါပေါ့။ ငါနားလည်တာပေါ့။"

မဟုတ်ရင် သူမက ဉာဏ်မကောင်းသည့်လူ ဖြစ်သွားလိမ့်မည်။

"ဒါဆို ငါ့မြေးကြီးနဲ့ ကျန့်အာဆီ စာရေးခိုင်းလိုက်မယ်၊ နင်က အကြံဉာဏ်ပြန်ပေးပြီး စာပြန်ပို့ပေါ့။"

သူမက အဓိပ္ပာယ်ပါပါ ပြောခဲ့သည်။ "မြို့တော်က အိမ်မှာ ငါတို့ခြေကုပ်ကျားကုပ်မြဲခဲ့ရင် နင်တို့လည်း အကျိုးအမြတ် ရှိစေရပါမယ်၊ ငါရဲ့ ဒုတိယမြေးနဲ့ နင်တို့ကို မြို့တော်ကို ခေါ်ခိုင်းလိုက်ပါ့မယ်၊ ကျန့်အာ အတွက်လည်း အကောင်းဆုံး ဆရာရှာပေးမယ် ဒါဆို အနာဂတ်မှာ သူလည်း အဆင့်မြင့်စာသင်သား ဖြစ်လာနိုင်တာပဲ။"

ဘာစောက်ကြောင်းကြောင့် လုပ်ပေးရမှာလဲ။

ရှစ်ချင်းလျို့က ရိုးသားသည့် ပုံစံလေးဖြင့် ပြောခဲ့သည်။ "ဒါဆိုရင်တော့ အဖွားဟောင်းကို ကျေးဇူးတင်ပါတယ်။"

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သူမက ဆက်ပြောခဲ့သည်။ "လက်ရှိ ကျွန်မတို့ရဲ့ ဆက်ဆံရေးအရ မေးစရာရှိရင် စာပို့ပြီးတော့သာ မေးလိုက်၊ ရှင်တို့ ဗိုလ်ချုပ်စံအိမ်ကို ကောင်းကောင်း ထိန်းချုပ်နိုင်ဖို့ ကျွန်မတို့လင်မယားက အကောင်းဆုံး အကြံတွေ ပေးမယ်။"

ထို့နောက် သူမက စကားလမ်းကြောင်းလွှဲခဲ့သည်။ "ဒါပေမဲ့ ဒါတွေကို ဗိုလ်ချုပ်ကြီးနဲ့ သူ့မိန်းမကို ပေးသိလို့ မရဘူးနော်၊ မဟုတ်ရင်တော့ ရှင်တို့နဲ့ ဆက်သွယ်ရေး ဖြတ်တောက်ပြီး ရှင်တို့အတွက် လွတ်လမ်းပါ ဖြတ်ပစ်လိမ့်မယ်၊ ဒါဆိုရင် သူတို့က ရှင်တို့ကို ရွာပြန်ပို့လိုက်လို့ကတော့ ငိုစရာနေရာတောင် မရှိ ဖြစ်သွားလိမ့်မယ်၊ အဲနှစ်ယောက်က သိပ်ဉာဏ်ကောင်းပြီး ကောက်ကျစ်တယ်၊ ရှင်တို့ကို ကူညီပြီး အကြံပေးတဲ့လူမရှိရင် ရှင်တို့အားလုံးပေါင်းရင်တောင် သူတို့နှစ်ယောက်ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။"

ရှောင်သခင်မကြီးနှင့် တခြားလူတွေက ဆွံ့အသွားခဲ့သည်။ စောနကပဲ သူတို့ကို ဉာဏ်ကောင်းတယ်လို့ ချီးကျူးခဲ့တာ ဘယ်သူလဲ။

သူမ စကားတွေက နားကြားခါးသော်လည်း အမှန်တွေ ဖြစ်သည်။

ဟိုးတုန်းက ရှောင်မိသားစု ဒုတိယသားက အိမ်မှာ အကြံအစည် အများဆုံးလူ ဖြစ်သည်။

အခုတော့ အရှက်မရှိသည့် တိရိစ္ဆာန်မနှင့် ပေါင်းသင်းနေတာကြောင့် အကြံပေးမည့်လူသာမရှိရင် တကယ်ပဲ သူတို့နှစ်ယောက်ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။

အဟမ်း အရင်တုန်းက သူတို့က ရှင်းဟုန်ရဲ့ အရူးလုပ်တာကို ခံခဲ့ရတာပဲ။

ရှောင်သခင်မကြီးက ရှောင်သခင်ကြီးကို လှည့်ကြည့်လိုက်တော့ ခေါင်းငြိမ့်ပြတာကို တွေ့လိုက်လေသည်။

ထိုအခါမှ သူက ရှစ်ချင်းလျို့ကို ပြောခဲ့သည်။ "ကောင်းပြီ။ စာလဲလှယ်ကြတာပေါ့၊ အဲနှစ်ယောက်ကို ငါတို့ သိခွင့်မပေးပါဘူး။"

ရှစ်ချင်းလျို့ရဲ့ လွှမ်းမိုးမှုအောက်မှာ သူတို့အကျိုးအမြတ်ရမှာကို စိတ်ဝင်စားပြီး ရှစ်ချင်းလျို့က ရှောင်မိသားစု ဒုတိယသားထက် ပိုယုံကြည်ရသည်ဟု သူတို့ ခံစားမိခဲ့လေသည်။

ရှစ်ချင်းလျို့က တောက်ပစွာ ပြုံးခဲ့သည်။ "အင်း ကျွန်မတို့က တစ်လှေတည်းစီးတဲ့လူတွေပဲ။ အချင်းချင်း ကူညီတာ ပိုကောင်းတာပေါ့။"

ထို့နောက် သူမက ရှောင်မိသားစု အကြီးဆုံးမြေးကို မေးခဲ့သည်။ "ရှင်က သိပ်ဉာဏ်ကောင်းတော့ စာရေးနည်းသိတယ်မလား။"

ရှောင်မိသားစု အကြီးဆုံးမြေးက ရင်ဘတ်ကို ပုတ်ပြခဲ့ကာ သူမ သူ့ကို ယုံကြည်လို့ရကြောင်း လုပ်ပြခဲ့သည်။ "သိတာပေါ့။ ဗိုလ်ချုပ်စံအိမ်မှာ ဖြစ်သမျှတွေ မင်းဆီ စာရေးပို့ပေးမယ်။"

ရှစ်ချင်းလျို့က သူ့ကို သတိပေးခဲ့သည်။ "ရှင့်ဒုတိယဦးလေးနဲ့ သူမိန်းမရဲ့ အကျင့်တွေ၊ အပြင်လူနဲ့ သူတို့ရဲ့ ဆက်ဆံရေးတွေပါ ရေးပြီး ပြောပြလို့ ရတယ်၊ မျက်လုံးက စေ့စေ့စပ်စပ် ကြည့်နေဖို့ လိုအပ်တယ်၊ စေ့စေ့စပ်စပ်ကြည့်လေ အကြောင်းတွေ ပိုသိနိုင်ပြီး ကျွန်မကလည်း အကြံတွေ ပိုပေးလို့ ရတာပေါ့။"

သင့်အကြောင်းနဲ့ သင့်ရန်သူအကြောင်းကို သိရုံနဲ့တင် တိုက်ပွဲတိုင်းကို အနိုင်ရနိုင်တယ် ဟူသော တရုတ်စကားပုံအတိုင်း ဖြစ်သည်။

ထိုပြဿနာကောင်တွေကို ဟိုအမျိုးသမီးဆီ လက်ဆောင်လို ထုတ်ပိုးကာ ပေးခဲ့ရုံမက သူတို့ကို သူမရဲ့ ကိုယ်ပိုင်သူလျှိုပါဖြစ်အောင် ပြုလုပ်ခဲ့သည်။

ခဏနေပြီးတော့ သူမက အဓိပ္ပာယ်အပြည့်ဖြင့် လှုံ့ဆော်ပေးခဲ့သည်။ "မြို့တော်ကို ရောက်တဲ့အခါ အဲ့မိန်းမရဲ့ မောင်လေးက ရှင့်ရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းနဲ့ ဂုဏ်သိက္ခာကို မခိုးယူစေနဲ့၊ ဘာပဲဖြစ်ဖြစ် ရှင်က ဗိုလ်ချုပ်ကြီးရဲ့ တူအရင်းပဲ၊ ရှောင်မိသားစုရဲ့ မြေးကြီးအနေနဲ့ ရှင်က အဲ့မိန်းမရဲ့ မောင်ထက် နိမ့်ကျလို့ မရဘူး၊ ဒါကြောင့် သေသေချာချာ စေ့စေ့စပ်စပ် စောင့်ကြည့်ပြီး ကျွန်မဆီ စာပို့ပေး။"

ဒုတိယဦးလေးက သူတို့ကို မြို့တော်ကို မခေါ်သွားသလို အလုပ်ကောင်းလည်း မစီစဥ်ပေးတာကို ရှောင်မိသားစု အကြီးဆုံးမြေးက မှတ်ထားသည်။

ထိုအစား သူက ထိုအမျိုးသမီးရဲ့ မောင်ဖြစ်သူကို စံအိမ်ကိုခေါ်ပြီး ပျိုးထောင်ပေးခဲ့သည်။

ရာထူးကောင်းကောင်းရအောင်လည်း ရှာပေးခဲ့သည်။

ရှောင်မိသားစု အကြီးဆုံးမြေးက သူ့ရဲ့ ဒုတိယအန်တီအသစ်ကို ပိုပြီး မကျေမနပ်ဖြစ်ကာ ပိုမုန်းသွားခဲ့သည်။

သူက နှာမှုတ်ခဲ့သည်။ "ဒါပေါ့။ ငါ့စာကိုသာ စောင့်နေလိုက်။"

ရှစ်ချင်းလျို့က သူ့ကို လက်မ ထောင်ပြခဲ့သည်။ "ကျွန်မတော့ ရှင့်ကို အထင်ကြီးတယ်၊ ရှင်က အဲမိန်းမရဲ့ မောင်ထက် အများကြီး သာတယ်။"

ရှောင်မိသားစု အကြီးဆုံးမြေးက ဘဝင်ခိုက်စွာ ပြောခဲ့သည်။ "ဒါပေါ့။"

သူက မိဘမဲ့ခွေးမရဲ့ မောင်ဖြစ်သူထက် လုံးဝကို သာလွန်သည်။

ရှစ်ချင်းလျို့က ရှောင်မိသားစု အကြီးဆုံးမြေးကို စကားလုံးအချိုတွေဖြင့် အချိုသပ်ပြီးနောက် တောက်ပစွာ ပြုံးခဲ့သည်။

သူမက ရှောင်သခင်မကြီးကို ကြည့်ကာ ပြောခဲ့သည်။ "ဒါဆိုလည်း မြို့ရောက်တာနဲ့ ရှင်တို့ စာပို့လို့ရပြီ၊ ဒါမှပဲ ကျွန်မက ရှင်တို့ကို ကူညီလို့ရလိမ့်မယ်။"

ရှောင်သခင်မကြီးက လက်ဝေ့ယမ်းပြခဲ့သည်။ "သိတယ်။ အခု နင်ပြန်လို့ရပြီ။"

ထိုမိန်းမယုတ်ရဲ့ တောက်ပနေသည့် အပြုံးက မျက်စိဖမ်းစားလွန်းနေသည်။

သူမက သူတို့ကို ရိုက်စားလုပ်နေတာ သိသော်လည်း မတတ်နိုင်စွာ လက်ခံနေရသည်။

တော်တော်လေးတော့ ကသိကအောက် ခံစားနေရသည်။

ထို့ကြောင့် သူတို့ မထွက်သွားခင် ထိုမိန်းမယုတ်ရဲ့ မျက်နှာကို ထပ်မမြင်ချင်တော့ပေ။