အခန်း ၄၉
Viewers 7k

Chapter (49)

Unicode

အခန်း(၄၉) - ဇနီးလေးလိုချင်တာ ဖြည့်ဆည်းပေးမယ်

၁၀ပွဲလောက် တိုက်ခိုက်ပြီးနောက် ရှောင်ဟန်ကျန့်က ရှစ်ချင်းလျို့ရဲ့ လက်ကို ဆွဲခဲ့သည်။

သူက ရှစ်ချင်းလျို့ နား နား ကပ်ကာ တိုးတိုးလေး ပြောခဲ့သည်။ "မိန်းမ မင်း ရှုံးပြီ။"

တိုက်ခိုက်လေလေ သူမကို ပိုကြောက်လာခဲ့သည်။

သူ့ဇနီးလေးက အရမ်းတော်မယ်မှန်း သူ မသိခဲ့ပေ။

သူမ တိုက်ကွက်တွေက တောက်ပြောင် မနေသော်လည်း တပ်စခန်းမှာ လေ့ကျင့်ပေးခြင်း ခံထားရသလို အချက်တိုင်းက ချက်ကောင်းကို ထိနေသည်။

ရှစ်ချင်းလျို့ ခန္ဓာကိုယ်က အနည်းငယ် အားနည်းနေသည်။ အခု မောပန်းမှုကြောင့် အသက်ပင် လုရှူနေရသည်။

"ရှောင်အဖိုးကြီးရဲ့ အတိုက်အခိုက်စွမ်းရည် ဒီလောက်မြင့်လိမ့်မယ်လို့ မထင်မိခဲ့ဘူး။"

အခု သူမရဲ့ အားနည်းနေသည့် ခန္ဓာကိုယ်ကြောင့် သူမ ခင်ပွန်းရဲ့ တိုက်ကွက်တွေကို မလိုက်နိုင်သော်လည်း အရင်ဘဝက အားဖြင့်သာ ဆိုပါက သူမ ခင်ပွန်းကို ရှုံးနိမ့်မည် မဟုတ်ပေ။

သူမက တောက်ပနေသည့် မျက်လုံးဖြင့် လှည့်ကြည့်ကာ မေးခဲ့သည်။ "နံရံတွေပေါ် လမ်းလျှောက်ပြီး ခေါင်မိုးတွေကို ခုန်ပျံကျော်လွှားနိုင်တဲ့ ချင်ကုန်းနည်းလမ်းကို သိလား။"

ရှောင်ဟန်ကျန့်က ရယ်လိုက်မိသည်။ "အဲတာ ချင်ကုန်းကို ချဲ့ကားပြောဆိုထားတာ၊ အဲတာက နံရံကို မှီတက်ဖို့ လွယ်ပေမယ့် နံရံပေါ် လမ်းလျှောက်တာတို့ ခေါင်မိုးပေါ် ခုန်ပျံကျော်လွှားတာတို့ကတော့ မဖြစ်နိုင်ဘူး၊ ပစ္စည်းတစ်ခုခုနဲ့ လုပ်မှပဲ ဖြစ်နိုင်လိမ့်မယ်။"

ရှစ်ချင်းလျို့က ချက်ချင်း ရှေ့တိုးလာပြီး လက်ကိုင်ပဝါထုတ်ကာ ရှောင်ဟန်ကျန့်ရဲ့ ချွေးတွေကို သုတ်ပေးခဲ့သည်။

"အစ်ကိုကျန့် ကျွန်မကို ချင်ကုန်း သင်ပေးလို့ရမလား၊ ကျွန်မလည်း သင်ချင်တယ်။"

နံရံပေါ် လမ်းလျှောက်ပြီး ခေါင်မိုးကို ခုန်ပျံမကျော်လွှားနိုင်သော်လည်း နံရံပေါ် တက်နိုင်ရင်ဘဲ အဆင်ပြေလှပြီဖြစ်သည်။

သူ့မျက်နှာကို လက်ကိုင်ပဝါဖြင့် သုတ်ပေးနေတာကို ရှောင်ဟန်ကျန့်က ကြည့်နေခဲ့သည်။

သူက ရယ်ရမလား ငိုရမလား မသိတော့ပေ။ "ကောင်းပြီ။ သင်ပေးမယ်။"

သူ့ဇနီးလေးက သူ့ကို တစ်ခုခု လုပ်စေချင်တိုင်း သူမက နာခံတတ်ယောင်ဆောင်ပြီး အာရုံစိုက်ခံရအောင် ကောင်းကောင်း လုပ်တတ်သည်။

ရှောင်အဖိုးကြီးကနေ အစ်ကိုကျန့် ဟုလည်း ပြောင်းခေါ်တတ်သေးသည်။

"ဟီးဟီး အစ်ကိုကျန့်က အကောင်းဆုံးပဲ၊ အစ်ကိုကျန့်ကို သဘောအကျဆုံးပဲ။” ရှစ်ချင်းလျို့ရဲ့ မျက်လုံးတွေနှင့် မျက်ခုံးတွေက အပြုံးတွေကြောင့် လခြမ်းလေးလို ကွေးညွှတ်သွားခဲ့သည်။

ရှစ်ချင်းလျို့ရဲ့ စကားကို ကြားတော့ ရှောင်ဟန်ကျန့်ရဲ့ နှုတ်ခမ်းတွေ ကော့တက်သွားခဲ့သည်။

သူ့ဇနီးလေးက သူ့ကို သိပ်သဘောကျနေတာပဲ။ သိပ်ကောင်းတယ်။

သူက ပြောခဲ့သည်။ "ရှေ့လျှောက် မနက်တိုင်း မင်းနဲ့ အတိုက်အခိုက်စွမ်းရည် လေ့ကျင့်ပြီး တစ်ချိန်တည်းမှာပဲ မင်းကို ချင်ကုန်း သင်ပေးမယ်။"

သူ့ဇနီးလေးနှင့် သူ့မိသားစုကို ကာကွယ်ချင်ပါက အရင်ဘဝက သူကျွမ်းကျင်ခဲ့သည့် အတိုက်အခိုက်စွမ်းရည် အမြန်ဆုံး ပြန်တိုးတက်လာအောင် လုပ်ရမည်ဖြစ်သည်။

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "ဒါ ကောင်းမွန်တဲ့ အစပျိုးမှုပဲ။"

နောက်တစ်နေ့ မနက်ကျတော့ ရှစ်ချင်းလျို့နဲ့ ရှောင်ဟန်ကျန့်က ထပြီး တို့ဟူး လုပ်ကူခဲ့သည်။

တို့ဟူးပြင်လုပ်ပြီးနောက် အမေရှောင်က သူမ စောင့်ကြည့်ထားမှာဖြစ်လို့ သူတို့နှစ်ယောက်ကို အခန်း ပြန်နားဖို့ ပြောခဲ့သည်။

တခြား တို့ဟူးလုပ်သည့် အမျိုးသမီးနှစ်ယောက်ကလည်း လက်ထပ်ပြီးသားမလို့ အတင်းပြောစရာဖြစ်မည် မဟုတ်ပေ။

ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့်လည်း စိတ်အေးသွားခဲ့သည်။

ဒါက အမေရှောင်ကို လေ့ကျင့်ပေးလို့ရမည့် အခွင့်အရေး ဖြစ်သည်။

သူတို့နှစ်ယောက်က နေ့လည်ဘက်ကျရင် တောင်ပေါ်တက်ဖို့ စီစဉ်ထားတာကြောင့် ခဏလောက် အနားယူခဲ့သည်။

သူတို့နှစ်ယောက် အိပ်ရာက ပြန်နိုးသည့်အချိန်မှာ တို့ဟူးတွေ ရောင်းကုန်ပြီ ဖြစ်သည်။

အမေရှောင်နှင့် ရှောင်ပိုင်လီက သူတို့ဘဝနေထိုင်မှုပုံစံ ပြောင်းလဲဖို့ ကြိုးကြိုးစားစား သင်ယူကာ အလုပ်ကြိုးစားခဲ့ကြသည်။

ရှောင်ပိုင်လီ ပြင်ထားပေးသည့် မနက်စာ စားပြီးနောက် ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့က ကျောဘက်မှာ ခြင်းတောင်းလွယ်ပြီး တောင်ပေါ်တက်ခဲ့ကြသည်။

သူတို့က သူတို့အိမ်နောက်က တောင်ပေါ်ကို သွားခဲ့တာမဟုတ်ဘဲ ရွာနှစ်ခုကြားက ရှေးအကျဆုံး အကြီးဆုံး တောင်ပေါ်ကို သွားခဲ့ခြင်း ဖြစ်သည်။

ထိုတောင်မှာ တောရိုင်းကောင်တွေ ရှိတာကြောင့် ရွာသားတွေက တောနက်ကြီးထဲထိ မသွားရဲပေ။

ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့ရဲ့ အတိုက်အခိုက်စွမ်းရည်က မဆိုးလှတာကြောင့် သူတို့က တောရိုင်းတိရိစ္ဆာန်တွေနှင့် တွေ့ရမှာ မကြောက်ဘဲ တောနက်ကြီးအထဲထိ သွားခဲ့သည်။

ရှောင်ဟန်ကျန့်က တောနက်ကြီးနှင့် သိပ်ကျွမ်းဝင်နေမှန်း ရှစ်ချင်းလျို့ သဘောပေါက်သွားခဲ့သည်။ "ရှင် အရင်က ဒီကို ရောက်ဖူးတာလား။"

ရှောင်ဟန်ကျန့်က သူ့လက်ကို ကိုင်ထားခဲ့သည်။ "ကိုယ် ဒီကို အကြိမ်များစွာ ရောက်ဖူးတယ်၊ ဒီမှာ နှစ် ၁၀၀သက်တမ်းရှိ ဂျင်ဆင်းကိုတောင် တွေ့ခဲ့ဖူးတယ်။"

အတိတ်ဘဝတုန်းက သူ့အမေ၊ ညီလေးနှင့် ညီမလေးတို့ သေဆုံးသွားခဲ့သည်။

သူ့မိသားစုက အကြွေးတင်နေတာကြောင့် ငွေရှာခဲ့ရသည်။

ရလဒ်အနေဖြင့် စားသောက်ရဖို့အတွက် တောထဲသွားကာ ယုန်တို့ ရစ်ငှက်တို့ ဖမ်းခဲ့ရပြီး ရောင်းချဖို့အတွက် ဆေးမြစ်တွေ တူးဆွခဲ့ရသည်။

တောဝက်ထီးတွေ အလိုက်ခံရတုန်းက ထွက်ပြေးရင်း လမ်းပျောက်ပြီး မတော်တဆ နှစ်၁၀၀သက်တမ်းရှိ ဂျင်ဆင်းကို တွေ့ခဲ့ရသည်။

ထိုဂျင်ဆင်းကိုရောင်းပြီးနောက့် ဆေးပညာနှင့် အတိုက်အခိုက်စွမ်းရည်ကို သင်ယူဖို့ ရှာ့ရှီရွာက ထွက်ခွာနိုင်ခဲ့သည်။

ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်ရဲ့ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။

အရင်ဘဝက သူမ ခင်ပွန်က အများကြီး ဒုက္ခခံခဲ့ရတာဖြစ်နိုင်တာကြောင့် သူမ နှလုံးသားလေး အနည်းငယ် နာကျင်နေသည်။

သူမက မေးခဲ့သည်။ "အဲ့ဂျင်ဆင်းက ဘယ်နေရာမှာရှိတာလဲ မှတ်မိလား။"

ရှောင်ဟန်ကျန့်က ပြန်ဖြေခဲ့သည်။ "နေရာတော့ မှတ်မိပေမယ့် အဲမှာ ဝံပုလွေတွေ တောဝက်ထီးတွေ ရှိတယ်၊ ကျုပ်တို့ရဲ့ လက်ရှိ အတိုက်အခိုက်စွမ်းရည်နဲ့ဆိုရင် သူတို့နဲ့ ရင်ဆိုင်တွေ့ရရင် ဒုက္ခရောက်လိမ့်မယ်၊ အနာဂတ်မှ အခွင့်သင့်မှ ထပ်သွားကြတာပေါ့။"

အနည်းဆုံးတော့ သူတို့ဘာသာသူတို့ ကာကွယ်နိုင်ရမည်။

ရှစ်ချင်းလျို့က စိတ်လိုက်မာန်ပါ လုပ်တတ်သည့် လူစား မဟုတ်ပေ။ "အင်း နှစ်၁၀၀ဂျင်ဆင်းကို ရောင်းရမှာ နှမြောစရာကြီး၊ အနာဂတ်မှာ ကျွန်မတို့ ရှာတွေ့ခဲ့ရင် ကိုယ့်ဘာသာကိုယ် သိမ်းထားကြမယ်လေ။"

ရှောင်ဟန်ကျန့်က သူမရဲ့ လက်ကို ဖိညှစ်ခဲ့သည်။ "ကောင်းပါပြီဗျာ။"

သူတို့တွေ ခဏလောက် လှည့်လည်သွားပြီးနောက် ရှစ်ချင်းလျို့က သစ်ပင်ကြီးအောက်မှာ ရပ်ခဲ့သည်။

"ဟေး ဒီမှာ ယွန်းပင်တွေ ရှိနေတာပဲ။"

ထိုကိစ္စတွေကို ရှောင်ဟန်ကျန့် သိပ်မသိပေ။ "ယွန်းပင်က ဘာလုပ်လို့ရလဲ။"

"သူ့ပင်စည်ကနေ သစ်စေးထုတ်လို့ ရတယ်၊ သူ့အစေ့တွေကနေ ဆီထုတ်ယူလို့ ရတယ်၊ ယွန်းကိုင်းခြောက်တွေကို ဆေးဝါးအဖြစ်လည်း အသုံးပြုလို့ ရသလို ပိုးမွှားတွေကိုလည်း တွန်းလှန်နိုင်စွမ်းရှိတယ်၊ ချောင်းဆိုးခြင်းကိုလည်း သက်သာစေနိုင်တယ်။"

"သူ့အစေ့မှ ထုတ်ယူရရှိတဲ့ဆီကို မှင်နဲ့ ဆပ်ပြာပြုလုပ်ရာမှာ အသုံးပြုနိုင်တယ်၊ သူ့အခွံတွေကိုတော့ ဖယောင်းတိုင်နဲ့ ဖယောင်းစက္ကူ ပြုလုပ်တဲ့ ဖယောင်းအဖြစ် အသုံးပြုလို့ ရတယ်၊ သူ့အရွက်တွေကနေ သားရည်နယ်ဆေး ပြုလုပ်လို့ ရတယ်၊ သူ့အရွက်နဲ့ အမြစ်တွေကိုတော့ မြေဩဇာအဖြစ်လည်း အသုံးပြုလို့ ရတယ်၊ သူ့တစ်ပင်လုံး အဖိုးတန်တွေပဲ၊ ဒီနေရာကျယ်ကြီးက ယွန်းပင်တွေနဲ့ ပြည့်နှက်နေတာပဲ၊ ကျွန်မတို့ သစ်စေးတွေ အများကြီး ထုတ်လို့ ရတယ်။"

ယခု ရှေးခေတ်မှာ သစ်စေးတွေကို ဗိသုကာဆိုင်ရာ ဆေးသုတ်ခြင်းနှင့် ပရိဘောဂများတွင် အသုံးပြုနေပြီ ဖြစ်သည်။

ဆိုင်တွေမှာ တွေ့ရသည့် သစ်စေးက ထိုအပင်က လာမှန်း ရှောင်ဟန်ကျန့် မသိခဲ့ပေ။

"သုတ်ဆေးတန်းဖိုးက မနည်းဘူး၊ ဒီနားက အပင်တွေကို လူတချို့နဲ့ ခုတ်ခိုင်းပြီး ကျွန်မတို့က အစေ့ကိုလည်း သုံးလို့ ရတယ်။"

သူမက ထပ်ပြောခဲ့သည်။ "ကျွန်မတို့ကိုယ်တိုင် ခုတ်ရင်တော့ ပင်ပန်းပြီး ထိရောက်မှုလည်း နည်းလိမ့်မယ်၊ ပိုက်ဆံနည်းနည်းလောက် ရှာပြီးရင် ကျွန်မတို့ ဆေးသုတ်တဲ့ သုတ်ဆေးလုပ်ငန်း ဖွင့်လို့ ရတာပေါ့၊ သုတ်ဆေးတွေအပြင် ဖယောင်းတိုင်၊ ဖယောင်းစက္ကူ၊ ဆပ်ပြာနဲ့ တခြားဟာတွေလည်း ရောင်းလို့ ရတာပဲ။"

ရှောင်ဟန်ကျန့်က သူမကို ထောက်ခံခဲ့သည်။ "ဟုတ်တယ်။"

ရှစ်ချင်းလျို့က ထပ်ပြောခဲ့သည်။ "ဒါပေမဲ့ အရင်ဆုံး ပိုက်ဆံရှာချင်တယ်၊ ခြံကို အသစ်ပြန်ပြင်ချင်ပြီး ရေချိုးခန်းနဲ့ အိမ်သာကို ပြင်ဆင်ချင်တယ်။"

ရှေးခေတ်က ရေချိုးခန်းနှင့် အိမ်သာကို သူမ တကယ်ကို သည်းမခံနိုင်ပေ။

ထို့ကြောင့် ရေဆွဲအိမ်သာနှင့် ရေပန်း ရေချိုးခန်း ဆောက်လုပ်ချင်သည်။

ထိုအရာတွေနှင့် ပတ်သက်ပြီး သူ့ဇနီးလေး တော်တော်လေး မကျေမနပ်ဖြစ်နေမှန်း သူ သိသည်။

ဘာပဲဖြစ်ဖြစ် သူမ လိုချင်ပါက သူက ထောက်ပံ့ပေးရမည်ဖြစ်သည်။

ထို့ကြောင့် သူက ပြောခဲ့သည်။ "အိမ်အရင်ဆောက်ကြတာပေါ့၊ ပြီးရင် မွေးမြူရေးအတွက် တောင်ဝယ်ပြီးမှ သုတ်ဆေးလုပ်ငန်း စကြတာပေါ့။"

ပိုက်ဆံတချို့ရှာဖို့က သူ့အတွက် မခက်ခဲပေ။

သူက ထပ်ပြောခဲ့သည်။ "တကယ်တော့ ရောဂါ ဘယ်လိုကုရမလဲဆိုတာ ကျုပ်သိတယ်၊ နောက်လကျရင် အပြင်သွားပြီး လူနာတွေကို သွားကြည့်ပေးမယ်၊ ဝင်ငွေကတော့ နည်းမှာ မဟုတ်ဘူး။"

ထိုပိုက်ဆံတွေဖြင့် သူ့ဇနီးလေးရဲ့ လိုအင်ဆန္ဒကို နှစ်လအတွင်း ကျေနပ်အောင် ဖြည့်ဆည်းပေးမည်။

ရှစ်ချင်းလျို့က ကိုယ်တိုင် ငွေရှာပြီး အိမ်ဆောက်နိုင်သော်လည်း ခင်ပွန်းဖြစ်သူရဲ့ သူမ အပေါ် အလိုလိုက် တာဝန်ယူမှုရှိသည့် စကားကိုကြားတော့ အလွန်ပျော်နေသည်။

ဒီလိုရှေးခေတ်မှာ မိန်းမကို ဦးစားပေး အလိုလိုက်သည့် ယောက်ျားက ရှားပါးသည်။

အထူးသဖြင့် လူမျိုးကြီးဝါဒကို လက်ကိုင်ထားသူတွေ ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် အခုခေတ်က ယောက်ျားတွေက မိန်းမတွေထက် မွန်မြတ်သာလွန်သည့် ရှေးခေတ် ဖြစ်နေသည်။

သူမရဲ့ ရွေးချယ်မှုက မှန်ကန်သည်။ သူမက ပထမတစ်ခါ တွေ့ဖူးကတည်းက သူမရဲ့ ခင်ပွန်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

သူမက မှီတွယ်ကာ ရှောင်ဟန်ကျန့်ရဲ့ ပါးပြင်ကို နမ်းခဲ့သည်။ "အစ်ကိုကျန့်က သိပ်တော်တာပဲ။ ဒါက ဆုချတာပါ။"

သူမ၏ နှုတ်ခမ်းနွေးနွေးလေးက သူ့ပါးပြင်ကို လာထိခတ်သွားတော့ ရှောင်ဟန်ကျန့် ကြက်သေ သေသွားခဲ့သည်။

သူ့ဇနီးလေး သူ့ကို နမ်းမည်ဟု သူ မထင်မိခဲ့ပေ။

သူက ခေါင်းငုံ့ကာ သူမ မျက်လုံးတွေကို စိုက်ကြည့်ခဲ့သည်။

သူမက နေမင်းကြီးလို တောက်တောက်ပပ ပြုံးခဲ့သည်။

သူ့ရဲ့ နှလုံးခုန်နှုန်းတွေ မြန်ဆန်လာပြီး နားလေးတွေ နီရဲနေခဲ့သည်။

သူ့ဇနီးလေးက မရှက်တတ်ဘူးပဲ။

ဒါပေမဲ့ ဒီခံစားချက်က တော်တော်လေးကောင်းတယ်။

ရှောင်ဟန်ကျန့်ကို နမ်းပြီးနောက် ရှစ်ချင်းလျို့ရဲ့ နားတွေ နီရဲသွားခဲ့သည်။

အား ဒါ ပထမဆုံးအကြိမ် ယောက်ျားလေးတစ်ယောက်ကို နမ်းဖူးတာပဲ။

ထို့ကြောင့် သူမက ရှောင်ဟန်ကျန့်ကို ဆွဲပြီး ယွန်းပင်တောအုပ်ကို အမှတ်အသား ပြုလုပ်ခဲ့သည်။

သူတို့နှစ်ယောက်က တည်နေရာကို မှတ်သားခဲ့သည်။ ဒါမှ သုတ်ဆေးထုတ်လုပ်မည့်အခါ ပြန်လာနိုင်မှာ ဖြစ်သည်။

လမ်းခဏလောက် လျှောက်ပြီးနောက် ရှစ်ချင်းလျို့က သူမ ရှေ့က အပင်ကိုကြည့်ပြီး သူမ၏ မျက်လုံးတွေ လင်းလက်သွားခဲ့သည်။

"ကျွန်မတို့ရှေ့မှာ မုန်လာရိုင်းစိုက်ခင်းပဲ၊ ကျွန်မတို့ ဒီနေ့ ရိတ်သိမ်းရရှိတာတွေ အရမ်းကောင်းတယ်။"

ရှောင်ဟန်ကျန့်က မေးခဲ့သည်။ "မုန်လာရိုင်းစိုက်ခင်းက ဘာလုပ်လို့ရလဲ။"

ရှစ်ချင်းလျို့က ပြုံးကာ ပြောခဲ့သည်။ "သကြားလုပ်လို့ ရတယ်လေ။"