အခန်း ၅၁
Viewers 7k

Chapter (51)

Unicode

အခန်း(၅၁) - ရှင်ချမ်းသာလိမ့်မယ်

နှစ်ယောက်သား အရင်ဦးဆုံး ရှောင်ဟန်ကျန့် စာအုပ်ကူးရေးပေးသည့် စာအုပ်ဆိုင်ကို သွားလိုက်သည်။

ထိုစာအုပ်ဆိုင်က မြို့ထဲမှာ အကြီးဆုံး စာအုပ်ဆိုင်ဖြစ်သည်။

ဆိုင်ရှင်က ရှောင်ဟန်ကျန့်ကိုတွေ့တော့ အပြုံးခပ်ကြီးကြီး ပြုံးပြကာ ပြောခဲ့သည်။ "ရှောင်သခင်လေး ရောက်လာပြီလားဗျ၊ ဒီနေ့ကော စာအုပ် ထပ်ကူးရေးဖို့ လာယူတာလား။"

ရှောင်ဟန်ကျန့်က နန်ရှီမြို့မှာ တော်ဝင်စာမေးပွဲရဲ့ ထိပ်ဆုံး ၃ဦးထဲကို ပထမဆုံးဝင်ဖူးသည့် လူဖြစ်လို့ သူက ယဥ်ကျေးစွာ ဆက်ဆံခဲ့သည်။

ရှောင်ဟန်ကျန့်က ခပ်ဖွဖွပြုံးကာ ပြန်ဖြေခဲ့သည်။ "ဒီနေ့ စာအုပ်ကူးရေးဖို့ လာတာ မဟုတ်ပါဘူး၊ ကျွန်တော် ရေးထားတဲ့ဝတ္ထုလေး ပြချင်လို့ပါ၊ အဲလို လက်ခံလား မသိဘူး။"

ဆိုင်ရှင်က ကြက်သေသေသွားခဲ့သည်။ "အာ ဘာများရေးထားတာလဲဗျ။"

ရှောင်ဟန်ကျန့်က သူ့ဆီက ဝတ္ထုစာအုပ်တွေ ကူးရေးပေးလာတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ကာ အရင်က တစ်ခါမှ သူကိုယ်တိုင် ဝတ္ထု မရေးဖူးပေ။

သူက စိတ်ကူးယဥ်ဆန်သည့် အချစ်ဝတ္ထုတွေကို စိတ်ဝင်စားဟန် မပေါ်ပေ။

ရှောင်ဟန်ကျန့်က သူရေးထားသည့် လက်ရေးမူကို ထုတ်ယူကာ လက်လွှဲပေးခဲ့သည်။

ဆိုင်ရှင်က အကူလေးကို လက်ဖက်ရည် တည်ခင်းဧည့်ခံခိုင်းပြီး သူက ဘေးမှာထိုင်ကာ စတင်ဖတ်ရှုလိုက်သည်။

စစချင်း ၂ခန်းလောက် ဖတ်တုန်းက သူက နည်းနည်း ဇဝေဇဝါ ဖြစ်နေသည်။

ဒါ ဘာဇာတ်အိမ်အကြောင်းလဲ။

အချစ်ကြောင်းလည်းမဟုတ် သရဲကြောင်းလည်း မဟုတ်သလို ထူးဆန်းတဲ့ ဇာတ်အိမ်ကြီးပါလား။

အရေးအသားက ကောင်းပေမယ့် ဇာတ်အိမ်က သိပ်မကောင်းတာ နှမြောဖို့ကောင်းသည်။

သို့ပေမယ့်လည်း သူက သည်းခံပြီး စိတ်ရှည်စွာ ဆက်ဖတ်ခဲ့သည်။

ထို့နောက် ဇာတ်လမ်းထဲ စီးမျှောသွားခဲ့သည်။

အဓိကဇာတ်ကောင်က မသေမျိုးလမ်းစဥ်ကို ဝင်ရောက်ပြီး ဂိုဏ်းထဲဝင်တော့မည့်အချိန်မှာပဲ လက်ရေးမူက ပြီးဆုံးသွားခဲ့သည်။

သူက သူ့ဘာသာသူ အရမ်းမဖော်ပြဘဲ ပြောခဲ့သည်။ "ဇာတ်အိမ်က တော်တော်လေး ဆန်းသစ်တယ်ဗျ၊ မသေမျိုးကျင့်ကြံစဥ် ဝတ္ထုရေးသားတဲ့လူကို ဒါ ပထမဆုံး တွေ့ဖူးတာပဲ။ ပြီးတော့ တကယ်ဆက်ဖတ်ချင်သေးတယ်။"

သူက မေးခဲ့သည်။ "ဝတ္ထုရှည်ရေးဖို့ စီစဥ်ထားလား။"

ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြခဲ့သည်။ "စျေးနှုန်းသင့်ပြီး ရောင်းကောင်းရင် ဆက်ရေးမှာပါ။"

ဆိုင်ရှင်က ပြုံးကာ ပြောခဲ့သည်။ "ကျုပ်ရဲ့ အတွေ့အကြုံအရဆိုရင်တော့ ရောင်းကောင်းမှာလို့ထင်တယ်။"

"ရှောင်ဟန်ကျန့်ဘက်က ဘယ်လောက်စျေးနဲ့ ရောင်းချချင်လဲ ခင်ဗျ။"

ဒီကိုမလာခင်တုန်းက ရှောင်ဟန်ကျန့်က ရှစ်ချင်းလျို့နှင့် ဆွေးနွေးပြီးထားဖြစ်သည်။ "ဝတ္ထုစျေးနှုန်းကို မသတ်မှတ်ချင်ဘူး၊ အဲဒီအစား ဝေစုနဲ့ လိုချင်ပါတယ်။"

ဒီအကြံက သူ့ဇနီးလေးပေးတာဖြစ်ပြီး ဒါက ကောင်းမွန်သည့် အကြံ ဖြစ်သည်။ ဒီနည်းဖြင့် ဆိုပါက ရောင်းကောင်းခဲ့ရင် သူ အရှုံးမရှိနိုင်ပေ။

ဆိုင်ရှင်က ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ "ဝေစုက ဘာလဲ။"

ရှောင်ဟန်ကျန့်က ပြောခဲ့သည်။ "ထုတ်ဝေငှားရမ်းခ နှုတ်ယူပြီးလို့ ကျန်တဲ့ အမြတ် လေးဆယ်ရာခိုင်နှုန်းကို ကျွန်တော့်ကို ပေးရပါမယ်။"

ဒီလိုပုံစံဖြင့် လက်ရေးမူရေးခြင်းကို သူ ပထမဆုံး တွေ့ဖူးခြင်း ဖြစ်သည်။

သူက ကို့ရို့ကားယားဖြစ်စွာ ပြန်ဖြေလေသည်။ "ဒါက... ကျုပ်တို့ဆိုင်က ဒီလိုလက်ရေးမူကို တစ်ခါမှ လက်မခံဖူးဘူးဗျ။"

ရှောင်ဟန်ကျန့်က အေးတိအေးစက် ပြုံးပြခဲ့သည်။ "ဒါဆိုလည်း တခြားဆိုင်ကိုပဲ ယူသွားပြလိုက်မယ်။"

ထိုစကားကိုကြားတော့ ဆိုင်ရှင်က စိတ်ခံစားချက် မကောင်းမွန်တော့ပေ။

ဒီဝတ္ထုက ရေပန်းစားလိမ့်မည်ဟု သူခံစားနေရသည်။

သူတို့သာ တခြားလူကို ရောင်းလိုက်ပါက ပိုက်ဆံတင်သာမက စီးပွားရေးပါ အများကြီး ဆုံးရှုံးသွားနိုင်သည်။

ထို့ကြောင့် သူက ကို့ရို့ကားယားပြုံးကာ ပြောခဲ့သည်။ "ကျုပ်က ဆုံးဖြတ်ချက်ချလို့မရဘူး၊ ဒီကိစ္စနဲ့ပတ်သက်ပြီး အပေါ်မှာ ခွင့်ပြုချက် သွားတောင်းပေးမယ်လေ။"

ဒီကိစ္စကို သူဆုံးဖြတ်ချက်ချလို့မရတာ ရှောင်ဟန်ကျန့် သိသည်။ "ကောင်းပါပြီ။"

ဆိုင်ရှင်က ပြုံးကာ လက်ရေးမူကိုယူပြီး အပေါ်ထပ်ကို တက်သွားခဲ့သည်။

အပေါ်ထပ်မှာ ပိုင်ရွှီက စာအုပ်ဆိုင်ရဲ့ ငွေစာရင်းကို ကြည့်ရှုနေသည်။

လွန်ခဲ့သည့် လအနည်းငယ်က စာအုပ်ဆိုင်ရဲ့ အကျိုးအမြတ်ကို သူသိပ်မကျေနပ်ပေ။

ဝူမိသားစုက လွန်ခဲ့သည့် ၆လတုန်းက စာအုပ်အသစ်တွေ အများကြီး ထုတ်ဝေခဲ့တာကြောင့် သူတို့၏ စီးပွားရေး လုယူခံခဲ့ရသည်။

သူတွေးနေတုန်းမှာပဲ ဆိုင်ရှင်က လမ်းလျှောက်ဝင်လာခဲ့သည်။

"သခင်လေး လက်ရေးမူအသစ် ရောက်လာတယ်၊ အပေါစားအချစ်ဝတ္ထုမျိုး မဟုတ်ဘဲ စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်အိမ်ဖြစ်လို့ ရေပန်းစားမယ်လို့ထင်ပါတယ်၊ ဒါပေမဲ့ စာရေးသူက အကျိုးအမြတ်ရဲ့ လေးဆယ်ရာခိုင်နှုန်းကို လိုချင်နေပါတယ်၊ ကျွန်တော် မဆုံးဖြတ်တတ်တော့လို့ သခင်လေးက ဆုံးဖြတ်ပေးပါ။"

ထို့နောက် သူက လက်ရေးမူကို ကမ်းပေးခဲ့သည်။

လက်ရေးမူကို ထိုပုံစံဖြင့်ရောင်းတာ ပိုင်ရွှီ အခုမှ ကြားဖူးခြင်း ဖြစ်သည်။

သူက သိချင်စွာ ယူလိုက်သည်။ "အရင်ဆုံး ကြည့်ပါရစေဦး။"

အဓိကဇာတ်ကောင်က သေဘေးမှ လွတ်မြောက်သွားခြင်း၊ ရတနာဖြင့် တွေ့ဆုံခြင်း အကြောင်းတွေ ဖတ်ပြီး သူက သဘောကျစွာ လက်ခုပ်တီးခဲ့သည်။

သူလည်း ဖတ်ပြီးသွားတော့ ဆိုင်ရှင်လို မပြတ်မသား ဖြစ်ခဲ့သည်။

သူက မေးခဲ့သည်။ "လက်ရေးမူတွေ ထပ်ရှိသေးလား။"

ဆိုင်ရှင်က ခေါင်းခါပြခဲ့သည်။ "မရှိတော့ပါဘူး။" သူလည်း ဆက်ဖတ်ချင်သေးသည်။

ပိုင်ရွှီရဲ့ စိတ်ဝင်စားမှုက အောင့်သက်သက် ဖြစ်သွားခဲ့သည်။ "စကားပြောရအောင်လို့ သူ့ကို အပေါ်ခေါ်လာခဲ့လိုက်ပါ။"

သူက ဆက်မေးခဲ့သည်။ "အာ ဟုတ်သား၊ လက်ရေးမူရောင်းတဲ့လူကို ငါသိလား။"

ဆိုင်ရှင်က ပြန်ဖြေခဲ့သည်။ "ဟုတ်ကဲ့ တော်ဝင်စာမေးပွဲမှာ ၃ဦးထဲဝင်တဲ့ အခြေခံစာသင်သားရှောင်ပါ။"

ပိုင်ရွှီက အံ့သြသွားခဲ့သည်။ "သူ နေပြန်ကောင်းသွားပြီလား။"

ဆိုင်ရှင်က ခေါင်းငြိမ့်ပြခဲ့သည်။ "သူ့ကြည့်ရတာ အဆင်ပြေပုံပါပဲ။ အခု နေပြန်ကောင်းသွားပြီထင်တယ်၊ ချုံရှီပွဲကြောင့်လို့လည်း ပြောကြတာပဲ။" သူက သတင်းတွေကိုတောင် စတင် ယုံကြည်မိခဲ့သည်။

ပိုင်ရွှီက ထိုစကားကိုကြားတော့ ရှောင်ဟန်ကျန့်ရဲ့ ပြဿနာအိုး ဇနီးကို တွေးလိုက်မိသည်။

"ကောင်းပြီ။ သူတို့ကို ခေါ်လိုက်ပါ။"

"ဟုတ်ကဲ့။"

မကြာခင်မှာပဲ ဆိုင်ရှင်က ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့ကို အပေါ်ထပ်က သီးသန့်ခန်းထဲ ဦးဆောင်ခေါ်ဝင်လာခဲ့သည်။

သီးသန့်ခန်းထဲမှာ ပိုင်ရွှီကိုတွေ့လိုက်တော့ ရှစ်လျင်းလျို့က ကြက်သေ သေသွားခဲ့သည်။ "ဒါဆို ဒီစာအုပ်ဆိုင်က ရှင့်မိသားစုက ပိုင်တာပေါ့။"

ဒါဆို ကိုင်တွယ်ရ ပိုလွယ်သွားတာပေါ့။

သူမ သူ့ကိုကြည့်နေပုံက ခွေးတစ်ကောင် အရိုးကို ကြည့်နေတာနှင့် တူသည်ဟု ပိုင်ရွှီ ခံစားလိုက်ရသည်။

ထွီး သူက အရိုး မဟုတ်ဘူး။

သူက ပြုံးခဲ့သည်။ "အင်း ဒါက ပိုင်မိသားစုက ပိုင်တာလေ။"

ထို့နောက် သူက ထရပ်ကာ ရှောင်ဟန်ကျန့်ကို သိုင်းသမားလက်ဟန်ဖြင့် နှုတ်ဆက်လာခဲ့သည်။ "ရှောင်သခင်လေးကို နှုတ်ဆက်ပါတယ်။"

ရှောင်ဟန်ကျန့်ကလည်း သူ့ကို သိုင်းသမားလက်ဟန်ဖြင့် ပြန်လည်နှုတ်ဆက်လာခဲ့သည်။ "ပိုင်သခင်လေး အရမ်းယဥ်ကျေးလွန်းနေပါပြီ။"

ပိုင်ရွှီက လက်မြှောက်ပြခဲ့သည်။ "ကျေးဇူးပြုပြီး ထိုင်ပါဦး။"

ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့က သူ့ရဲ့ ဆန့်ကျင်ဘက်တွင် ဝင်ထိုင်လိုက်သည်။

ပိုင်ရွှီက မေးခဲ့သည်။ "ရှောင်သခင်လေးက ဒီမသေမျိုးကျင့်ကြံစဥ် ဝတ္ထုကို ရေးခဲ့တာလား။"

ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်ပါတယ်။ ပိုင်သခင်လေး ဘယ်လိုထင်လဲ။"

ပိုင်ရွှီက အမှန်အတိုင်း ပြောခဲ့သည်။ "ရေးထားတာ တော်တော်ကောင်းပါတယ်။"

သူက စကားပြောင်းလိုက်သည်။ "ဒီလိုအကျိုးအမြတ် တောင်းတာတော့ ပထမဆုံး ကြားဖူးတာပဲ။"

ရှောင်ဟန်ကျန့်က ပြုံးခဲ့သည်။ "လူတစ်ယောက်က အစထွင်လိုက်ရင် အနောက်က လိုက်လုပ်တဲ့လူတွေ ရှိလာပါလိမ့်မယ်၊ ပိုင်သခင်လေး ကျင့်သားရသွားပါလိမ့်မယ်။"

သူက သွယ်ဝိုက်ပြောမနေပေ။ "အဲဒီတော့ ကျွန်တော့်ရဲ့ တောင်းဆိုချက်ကို ဘယ်လိုသဘောရလဲ။"

ပိုင်ရွှီက စားပွဲကို လက်ချောင်းလေးတွေဖြင့် ခေါက်လိုက်သည်။ "လေးဆယ်ရာခိုင်နှုန်းက အရမ်းများတယ်လို့ထင်တယ်။"

ရှောင်ဟန်ကျန့်က စျေးညှိတာ မတော်တာကြောင့် ရှစ်ချင်းလျိုု့က ဝင်ပြောခဲ့သည်။

သူမက လက်ညှိုးခါယမ်းပြခဲ့သည်။ "မှားနေပြီ၊ လေးဆယ်ရာခိုင်နှုန်းက သိပ်မများပါဘူး၊ အကယ်၍ ဒီစာအုပ်သာ နာမည်ကြီးသွားရင် ရှင့်စာအုပ်ဆိုင် ဂုဏ်သတင်း တိုးတက်သွားမှာရယ် ရှင်တို့ ရမယ့် အကျိုးအမြတ်ကို မပြောသေးဘူး။"

သူမက အသားပေး ထပ်ပြောခဲ့သည်။ "ကျွန်မတို့နဲ့ ပူးပေါင်းနေသ၍ ရှင်ချမ်းသာလိမ့်မယ်၊ အကျိုးအမြတ် လေးဆယ်ရာခိုင်နှုန်းပဲယူတဲ့ ကျွန်မတို့အပေါ်ကို ရှင် အကျိုးအမြတ် ရယူတာပဲလေ။"

ပိုင်ရွှီက ဆွံ့အသွားခဲ့သည်။ ဘယ်မှာ အကျိုးအမြတ်ယူလို့လဲ။

ဟိုးတုန်းက စာရေးသူတွေကို ပေးခဲ့သည့် ငွေက အကျိုးအမြတ်ရဲ့ ဆယ်ရာခိုင်နှုန်းတောင် မရှိပေ။

သူက မျက်ခုံးပင့်ခဲ့သည်။ "ငါသာ မင်းတို့နဲ့ ပူးပေါင်းရင် ဘယ်လို အကျိုးအမြတ်ရယူတာလဲဆိုတာ ပြောပါဦး။"

ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်။ "စာအုပ်က ရောင်းကောင်းရင် ရှင့်ကို အကျိုးအမြတ် နည်းနည်းပေးတာပဲလေ၊ စာအုပ်သာ နာမည်ကြီးသွားရင် ကျွန်မယောက်ျားက နောက်ထပ်ရေးမယ့် ဝတ္ထုကိုလည်း ရှင်တို့ဆိုင်နဲ့ပဲ ပူးပေါင်းပါလိမ့်မယ်၊ ကျွန်မတို့ မိသားစုက တာ့လျန်မင်းဆက်မှာ ဘယ်သူမှ မစားဖူးတဲ့ တို့ဟူးကိုလည်း ထုတ်လုပ်ခဲ့တယ်၊ အဲတာကို ကြားဖူးလား။"

ပိုင်ရွှီက ခေါင်းခါပြခဲ့သည်။ "မကြားဖူးဘူး။"

ဆိုင်ရှင်က ဖြတ်ပြောခဲ့သည်။ "အဲ့တာကို ကျွန်တော်သိတယ် သခင်လေး၊ အဲတာ လွန်ခဲ့တဲ့ ၂ရက်က နာမည်ကြီးလာတဲ့ စားစရာလေ၊ မနေ့က ကျွန်တော့်ဇနီးက တို့ဟူးဝယ်လာပြီး ချက်စားကြည့်တာ၊ တကယ် စားကောင်းတယ်။"

ပိုင်ရွှီက ရှစ်ချင်းလျို့ကို လှည့်ကြည့်ခဲ့တာ။ "အဲ့တာနဲ့ ဘာဆိုင်လို့လဲ။"

ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်။ "ဆိုင်တာပေါ့၊ ရှင့်မိသားစုရဲ့ စားသောက်ဆိုင်က ဝူမိသားစုရဲ့ စားသောက်ဆိုင်နဲ့ ပြိုင်ဆိုင်နေတာမလား၊ တကယ်လို့ ကျွန်မတို့မိသားစုဆီက တို့ဟူးနဲ့ ပဲထုတ်ကုန်တွေကို ရှင်တို့ရပြီး အသီးအရွက်တွေနဲ့သာ လုပ်ရောင်းမယ်ဆိုရင် နန်ရှီမြို့မှာ အထူးသီးသန့်ဖြစ်ရုံတင်မကဘဲ တာ့လျန်မင်းဆက်မှာပါ ပထမဆုံးဖြစ်မှာနော်၊ ကျွန်မက တို့ဟူးကို ချက်ပြုတ်နည်းမျိုးစုံကိုသိတယ်။ အချိန်ကျရင် ရှင့်ကို ပေးသိမှာပါ။"

ဖောက်သည်အကြီးစားရှိခြင်းက အပိုဆုကြီး ဖြစ်သည်။

ပိုင်ရွှီနှင့် တခြားလူတွေနှင့် အနာဂတ်မှာ သူမ ပူးပေါင်းရမည်ဖြစ်ကြောင်း သူမ ယူဆထားခဲ့သည်။

မဟုတ်ပါက နည်းနည်းချင်းရောင်းပါက ပြဿနာရှိပြီး လက်ကားရောင်းသူကို သူမ ရှာဖွေဖို့လိုသည်။