အခန်း ၅၂
Viewers 7k

Chapter (52)

Unicode

အခန်း(၅၂) - သူမက မှန်ကန်တိကျတယ်

ပိုင်ရွှီက သူမ စကားကို စိတ်ဝင်စားသွားခဲ့သည်။

သို့ပေမယ့် သူက အလျင်စလို မပြုမူပေ။

"မင်းပြောတဲ့ တို့ဟူးကို ငါအရင် မြည်းကြည့်မှာမလို့ စောင့်လိုက်ပါဦး။"

သူက ထပ်မေးခဲ့သည်။ "ဒီကိစ္စကို သဘောတူဖို့အတွက် တခြားအကြောင်းအရင်းကော ရှိသေးလား၊ တို့ဟူး တစ်မျိုးတည်းတော့ မလုံလောက်ဘူးလေ။"

တို့ဟူးရဲ့ အရသာက တကယ်ကောင်းရင်တောင် တို့ဟူးဟင်းလျာက ခြေလှမ်းအစပဲ ပေးနိုင်မည်ဖြစ်သည်။

သိပ်မကြာခင်မှာပဲ တခြားစားသောက်ဆိုင်တွေကလည်း လိုက်လုပ်လာကြလိမ့်မည် ဖြစ်သည်။

ပထမဆုံးခြေလှမ်းမှာ အောင်မြင်မှု အများကြီးရဖို့ အခွင့်အရေးကလည်း လိုအပ်သေးသည်။

သူတို့မိသားစုက မြို့တော်မှာ စားသောက်ဆိုင် အသေးစားလေးကိုလည်း ပိုင်ဆိုင်ထားသေးသည်။

တို့ဟူးဟင်းလျာသာ တကယ်ကောင်းပါက မြို့တော်မှာလည်း ရောင်းမည်ဖြစ်သည်။

ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်။ "ဒါပေါ့ ရှိတာပေါ့၊ ကျွန်မက တချို့ရှားပါး အဖိုးတန်ပန်းတွေ စိုက်ပျိုးနိုင်တယ်၊ အနက်ရောင် ဂန္ဓမာပန်း၊ အနက်ရောင် ပျိုနီပန်း၊ ရောင်စုံ ဂန္ဓမာပန်း၊ ရောင်စုံ ပျိုနီပန်းပင်တွေ အစရှိသဖြင့် အစုံပေါ့နော်၊ ဂန္ဓမာပန်းတွေဆိုရင် ရှင် အရင်က တစ်ခါမှ မတွေ့ဖူးတဲ့ အမျိုးအစားတွေကို ကျွန်မ စိုက်ပျိုးနိုင်တယ်၊ ပြီးတော့ ရှင် ရတနာလို ဆက်ဆံနေတဲ့ ကျူးလစ်ပန်းတွေကိုလည်း အရောင်စုံ စိုက်ပျိုးပေးနိုင်တယ်။"

သူမသည် ကိုင်းဆက်ကူး စိုက်ပျိုးခြင်းမှာ ကျွမ်းကျင်သည်။

ပြီးနောက် သူမတွင် ကောင်းချီးမင်္ဂလာတစ်ပါးဖြစ်သည့် နွေဦးစမ်းရေ ရှိနေသည်။

ပိုင်ရွှီက တကယ် မယုံကြည်ပေ။ "တကယ်လား။"

ရှစ်ချင်းလျို့က သူ့ကို မယုံကြည်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ "အကယ်၍ ရှင်ကျွန်မကို မယုံရင်တော့ ရှင်က အမြင်မရှိတဲ့လူပဲနော်။ ရှင် အခွင့်အရေးတွေ အများကြီးကို ဆုံးရှုံးသွားရလိမ့်မယ်။"

ပိုင်ရွှီက အသံတိတ် စဥ်းစားလိုက်သည်။ သူပြောတာ မယုံရင်ဘဲ ငါက အမြင်မရှိတဲ့လူဖြစ်ဦးမယ် ဟုတ်လား။ ဒီမိန်းမက တကယ် မလွယ်ကြောဘဲ။

သူ တွေးနေတာတွေကို ရှစ်ချင်းလျို့က မသိဘဲ မနေပေ။ "အကယ်၍ ရှင် ကျွန်မကို မယုံဘူးဆိုရင်လည်း ရှင်မနာလိုဖြစ်ရမယ့် အချိန်ကို စောင့်လိုက်၊ အချိန်ကျရင် ကျွန်မက ရှားပါးအဖိုးတန်ပန်းပင်တွေ စိုက်ပျိုးပြီး သူများတွေနဲ့ အလုပ်တွဲလုပ်မယ်၊ ဒါဆိုရင် ရှင်တော်တော်လေး မနာလိုအားကျရမှာနော်။"

နန်ရှီမြို့မှာ စီးပွားရေးလုပ်ငန်းကြီး မိသားစု နှစ်ခုထဲကမှ ဝူမိသားစုကသာ သူတို့နှင့် ပြဿနာကြီး မရှိထားပါက ပိုင်ရွှီကို ဒီအခြေအနေမှာ အမိဖမ်းနေမည် မဟုတ်ပေ။

သေချာပေါက်ကို သူမရဲ့ အမိဖမ်းဖို့ ခံရဖို့အထိ ပိုင်ရွှီက ကံကောင်းနေတာ ဖြစ်သည်။

ပိုင်ရွှီက ဆွံ့အ သွားခဲ့သည်။

သူမကို ရယ်သာရယ်ချင်တော့သည်။

သို့ပေမယ့်လည်း ချုပ်တီးထားလိုက်သည်။

ဒီအမျိုးသမီးသာ တကယ်ပဲ ရှားပါးပန်းပင်တွေ စိုက်ပျိုးနိုင်ပါက သူ တကယ် မနာလို အားကျ ဖြစ်ရလိမ့်မည်။

သူက ရှစ်ချင်းလျို့ကို မေးခဲ့သည်။ "ငါ့ပန်းတွေကော အခြေအနေ ဘယ်လိုလဲ။"

ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်။ "အသက်ပြန်ရှင်လာပြီ၊ ရှင်ကြိုက်တဲ့အချိန် လာလည်လို့ရတယ်၊ သူတို့လည်း ရှင့်ကို သတိရနေတာပါ။"

ပိုင်ရွှီက ဆွံ့အ သွားခဲ့သည်။ သူက သူ့ချစ်သူကောင်မလေးကို သွားတွေ့မယ့် လေသံနဲ့ ဘာဖြစ်လို့ ပြောနေရတာလဲ။

သူမက တော်တော် အဆိပ်ပြင်းတာပဲ။

သူက မျက်ခုံးပင့်ခဲ့သည်။ "အသက်ပြန်ရှင်လာတာ သေချာလား၊ ငါပြန်ယူသွားရင်တော့ ခြောက်ကပ်ပြီး သေမသွားပါဘူးနော်။"

ရှစ်ချင်းလျို့က ခေါင်းခါပြခဲ့သည်။ "သေချာပေါက် မဖြစ်ဘူးပေါ့၊ ရှင်မယုံရင် ကျွန်မ ယောက်ျားကို မေးကြည့်လိုက်၊ သူ့စကားကိုတော့ ရှင်ယုံသင့်တယ်မလား။" ရှောင်ဟန်ကျန့်ကို အာမခံပေးမည့်လူအဖြစ် ထပ်မံ ဆွဲထုတ်ခဲ့သည်။

ရှောင်ဟန်ကျန့်က ထောက်ခံပေးခဲ့သည်။ "ပိုင်သခင်လေးရဲ့ ခရမ်းရောင် ဂန္ဓမာပန်းတွေ တကယ် ပြန်ရှင်လာတာပါ။"

ပိုင်ရွှီက ရှောင်ဟန်ကျန့်ကို ယုံကြည်နေပါသေးသည်။

သူက ခေါင်းငြိမ့်ပြကာ ရှစ်ချင်းလျို့ကို ပြောခဲ့သည်။ "မင်းက တကယ်ပဲ ပန်းကို ပြုစုပျိုးထောင်တဲ့နေရာမှာ တော်တာပဲ၊ ငါမနက်ဖြန် လာကြည့်မယ်။"

ရှစ်ချင်းလျို့က ပြုံးကာ ပြောခဲ့သည်။ "တကယ်တော့ ရှင် ဒီနေ့ လာကြည့်လို့ ရပါတယ်၊ သူတို့ကလည်း ရှင့်ကို တွေ့ချင်နေပုံပဲ။"

ဤနည်းဖြင့် နွားလှည်းဖြင့် ပြန်စရာ မလိုတော့ပေ။

အဓိက အကြောင်းအရင်းက သူမ ဒီနေ့ ပစ္စည်းတွေ အများကြီး ဝယ်မှာ ဖြစ်သည်။

မဟုတ်ပါက နွားလှည်းစီးမည့်အစား လမ်းလျှောက်သာ ပြန်လိုက်မည်ဖြစ်သည်။

အခုတော့ မြင်းရထားလုံး စီးရမည့် အခွင့်အရေး ရှိတာကြောင့် လက်လွှတ်မခံနိုင်ပေ။

ပိုင်ရွှီက ဆွံ့အသွားပြီး မင်း မြင်းရထားလုံး စီးချင်နေတာ သိသာနေတယ်ကွ။ ငါမသိဘူးလို့ ထင်မနေနဲ့။

သူက အပြုံးတု ဆင်မြန်းကာ ပြောခဲ့သည်။ "ငါ မနက်ဖြန်မှ လာရင်လည်း အတူတူပါပဲ။"

ရှစ်ချင်းလျို့က လက်ဖက်ရည်ခွက်လေးကို ကစားကာ ပြောခဲ့သည်။ "ဒါဆိုရင်တော့ ရှင် တို့ဟူးကို မနက်ဖြန်မှ မြည်းကြည့်နိုင်ပြီး စားသောက်ဆိုင်မှာ တို့ဟူးဟင်းလျာ မိတ်ဆက်ပေးတာလည်း နောက်ကျမှာပေါ့၊ အချိန်ဆိုတာ ပိုက်ဆံပဲ၊ ကျွန်မတို့အိမ်ကလုပ်တဲ့ သကြားကိုလည်း ရှင်လွတ်သွားဦးမယ်။"

မနေ့က မုန်လာရိုင်းတွေ အိမ်ပြန်ယူသွားပြီး အမေရှောင်နှင့် တခြားလူတွေကိုခေါ်ကာ သကြား ပြုလုပ်ခဲ့သည်။

ပိုင်ရွှီက မျက်ခုံးပင့်ခဲ့သည်။ "သကြားလုပ်နည်းလည်း သိတယ်ပေါ့လေ။" မင်းက မင်းရဲ့ ဆရာသခင်နဲ့အတူ ကောင်းကင်ဘုံကိုပါ တက်လှမ်းနိုင်တယ်လို့ ဘာလို့ မပြောတာလဲ။

ပိုင်ရွှီ သူမကို မယုံတာတွေ့တော့ ရှစ်ချင်းလျို့က သူမ လွယ်ထားသည့် အဝတ်အိတ်ထဲက စာရွက်ဖြင့် ပတ်ထားသည့် သကြားဖြူထုတ်ကို ထုတ်ယူလိုက်သည်။

ဖွင့်ကြည့်လိုက်တော့ အထဲမှာ ဖြူဖွေးနေသည့် သကြားတွေကို တွေ့ခဲ့သည်။

သူမက ဘဝင်မြင့်စွာ ခနဲ့ခဲ့သည်။ "ရှင် ငြင်းဆန်ရင် နောင်တရမယ်လို့ မပြောခဲ့ဘူးလား။ ရှင်မှ ကျွန်မကို မယုံဘဲ။"

ပိုင်ရွှီက စာရွက်ထဲက ပ စ္စည်းက တအံ့တသြကြည့်ကာ ပြောခဲ့သည်။ "ဒါက သကြားလား။"

"ဟုတ်တယ်။" ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။

သူက ထပ်မေးခဲ့သည်။ "ဒါ ဘာသကြားလဲ။"

ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်။ "စျေးကွက်ထဲက သကြားဝါနဲ့ အတူတူပဲလေ၊ ပိုစစ်မှန်တယ်။"

သကြားဖြူကို ဒီမှာ သကြားဝါလို့ခေါ်သည်။

အရောင်ချွတ်ဆေး မပေါ်သေးတာကြောင့် ကြံပင်က ထုတ်လုပ်သည့် သကြားက အညိုရောင်နှင့် အဝါရောင် သမ်းနေတတ်သည်။

သကြားညိုကိုတော့ သကြားညိုဟုသာ ခေါ်သည်။

ပိုင်ရွှီက အနည်းငယ် သံသယ ဝင်နေသည်။ "သကြားဝါက ဘာလို့ အဲ့လောက် ဖြူနေတာလဲ၊ ငါမြည်းကြည့်လို့ရမလား။"

ဒီလောက်ထိ ဖြူဖွေးနေသည့် သကြားကို သူ အရင်က တစ်ခါမှ မတွေ့ဖူးခဲ့ပေ။

ဒီက သကြားတွေက အဲ့လောက် မဖြူတာကို ရှစ်ချင်းလျို့ သိတာကြောင့် ပိုင်ရွှီရဲ့ တုံ့ပြန်မှုက သူမ ထင်သည့်အတိုင်း ဖြစ်သည်။

သူမက စာရွက်ပေါ်က သကြားတချို့ကိုယူကာ သူမ ပါးစပ်ထဲ ထည့်ခဲ့သည်။ "ရတာပေါ့။ ကျွန်မ ရှင့်ကို အရင်ပေးမြည်းမယ်။"

ဒါက စားစရာဖြစ်တာကြောင့် သူမ အရင်မြည်းကြည့်တာ ပိုကောင်းသည်။

ပိုင်ရွှီက မြည်းကြည့်ဖို့ ပြောပြီးမှ နောင်တရသွားခဲ့သည်။

သူက ဒီနှစ်ယောက်ဖြင့် မရင်းနှီးသေးပေ။

အဆိပ်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။

ဖြစ်နိုင်ချေ သိပ်မရှိသော်လည်း ဂရုစိုက်တာ ပိုကောင်းသည်။

သို့ပေမယ့် အခုလေးတင် ရှစ်ချင်းလျို့ စားပြခဲ့တာကြောင့် သူလည်း အနည်းငယ်ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။

သူ့မျက်လုံးထဲ အံ့သြရိပ်တွေ ထင်းသွားခဲ့သည်။ "ဒီသကြားက ပိုသန့်စင်ပြီး သကြားဝါထက် ပိုချိုတယ်။"

ဒီအမျိုးသမီး သကြားလုပ်တတ်လိမ့်မည်ဟု သူ မထင်မိခဲ့ပေ။

သူက သိချင်စွာ မေးခဲ့သည်။ "ဘယ်လိုလုပ်ခဲ့တာလဲ။"

ရှစ်ချင်းလျို့က ပုံမှန်အတိုင်း အပြစ်ဖို့ခဲ့သည်။ "ကျွန်မ ဆရာ သင်ပေးခဲ့တာလေ။"

ပိုင်ရွှီက သက်ပြင်းချခဲ့သည်။ မင်းဆရာက တကယ့်အံ့ဖွယ်ပဲ။ အကုန်လုံးကို သိနေတော့တာပဲ။

သူက မေးခဲ့သည်။ "ငါပြောတာက ဒါကို ဘယ်လိုလုပ်ခဲ့တာလဲလို့ မေးတာလေ။"

ဒီသကြားကို အဲလောက်ထိ ဖြူဖွေးနေအောင် ဘယ်လိုလုပ်ထားတာလည်းဆိုတာ သူ အရမ်း သိချင်နေသည်။

ပိုင်မျိုးနွယ်စုက သကြားဝါနှင့် သကြားညို ထုတ်လုပ်သည့် ကြံခင်းများစွာ ပိုင်ဆိုင်ထားသည်။

အကျိုးအမြတ်က ကြီးမားသည်။

သို့ပေမယ့် သူတို့မျိုးနွယ်စုက ကြံမျိုးစေ့တွေကို ထိန်းချုပ်ထားပြီး တခြားပိုင်မိသားစုတွေကို အကျိုးအမြတ် ခံစားခွင့် မပေးခဲ့ပေ။

သူတို့မိသားစုက သကြားစီးပွားရေးထဲ မပါဝင်နိုင်ခဲ့ပေ။

နန်ရှီမြို့မှာ ကြံပင်တွေ သိပ်မတွေ့ဖူးတာကြောင့် ထိုအမျိုးသမီးက သကြားကို ကြံပင်က ထုတ်တာ မဖြစ်နိုင်ကြောင်းတော့ သေချာသည်။

မေးခွန်းတွေ ပိုရှုပ်ထွေးသွားခဲ့သည်။

ရှစ်ချင်းလျို့က သူ့ကို အဓိပ္ပာယ်ပါပါ ကြည့်ခဲ့သည်။ "လျှို့ဝှက်ချက်ကို ရှင့်ကို ပြောပြလိမ့်မယ်လို့ ထင်နေတာလား။"

ပိုင်ရွှီက ဆွံ့အသွားခဲ့သည်။

ဟုတ်တယ်။ တကယ်လို့ သူမ နေရာမှာ သူသာဆိုရင်လည်း ပြောပြမှာ မဟုတ်ဘူး။

အခုတော့ သူက မနေနိုင်စွာ မေးမိခဲ့ပြီ။

"ဒီသကြားကို ရောင်းမှာလား။" သူက စီးပွားရေး အခွင့်အရေးတွေ အများကြီး မြင်နေရသည်။

ပုံစံ၊ အရည်အသွေးနှင့် အရသာက သူ သိသည့် သကြားတွေထက် ပိုကောင်းနေသည်။

ထုတ်ပိုးမှုပုံစံနှင့် အရည်အသွေးကိုသာ မြှင့်တင်လိုက်ပါက ချမ်းချမ်းသာသာ၊ အာဏာကြီးစွာဖြင့် စီးပွားရေးကို အာရုံစိုက်နိုင်မည်ဖြစ်သည်။

အကျိုးအမြတ်အတွက် ယုံကြည်မှုရှိသည်။

ဒီအမျိုးသမီးက ဆုံးဖြတ်ချက်ချသည့်နေရာမှာ မှန်ကန်တိကျသည်။

ရှစ်ချင်းလျို့က ရူးနေလားဟူသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ "ဒါကိုလုပ်ပြီးမှ မရောင်းလို့ စားရမှာလား၊ အခုတော့ အများကြီး မရှိသေးဘူး။"

သူအထင်လွဲမိကြောင်း ပိုင်ရွှီ ခံစားလိုက်ရသည်။

ပိုက်ဆံအတွက်ကြောင့် သူမနှင့် အငြင်းမပွားဖို့ ဆုံးဖြတ်လိုက်သည်။ "ဒါဆို ဘယ်လောက်ရှိလဲ၊ ငါဝယ်မယ်ဆိုရင် ဘယ်လောက်နဲ့ ရောင်းမလဲ။"

ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်။ "ရှင်လိုချင်သလောက် ရောင်းပေးနိုင်တယ်။"

စျေးကွက်ထဲက သကြားဝါတွေကိုဝယ်ပြီး ဟွမ်းနီရွှေ့လင်ထျန်းဖာနည်းလမ်းဖြင့် သကြားဖြူဖြစ်အောင် သူမ အရောင်ချွတ်နိုင်သည်။

ပိုင်ရွှီက ခဏလောက်တွေးကာ မေးခဲ့သည်။ "မင်းက အပြော သိပ်ကြီးနေတာပဲ၊ သကြားဝါတွေကို သကြားဖြူအဖြစ် ပြောင်းနိုင်တယ်လို့တော့ မပြောဘူးမလား။"

မဟုတ်ရင် ဘယ်လိုလုပ် အဲလောက် အများကြီး ထုတ်နိုင်မှာလဲ။ နန်ရှီမြို့မှာ ကြံပင်စိုက်ခင်းမှ မရှိတာ။