အခန်း ၅၄
Viewers 7k

Ch-54 Uni

အခန်း(၅၄) - ကျွန်မက ရှင့်ကို အမြတ်ထုတ်မယ့်လူပဲ

 

ပိုင်ရွှီက ရှစ်ချင်းလျို့ကို ကြည့်ခဲ့သည်။

 

"ငါက မြင်းတွေ မယူပေးနိုင်ခဲ့ဘူးဆိုရင်ကော။"

 

ရှစ်ချင်းလျို့က မျက်ခုံးပင့်ခဲ့သည်။ "ဒါဆို တခြားနေရာကနေ ယူရမှာပေါ့၊ လက်ရှိ လုပ်ငန်းပြီးရင် တခြားလူတွေနဲ့ ဆက်လုပ်ဖို့ ရှာရမှာပဲ။"

 

နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် ကိစ္စကိုတောင် သဘောမတူပေးနိုင်ပါက ပိုင်မိသားစုနှင့် ဆက်ပူးပေါင်းဖို့ မလိုပေ။

 

ပိုင်ရွှီက ဆွံ့အ သွားခဲ့သည်။ ဒီအမျိုးသမီးက သူ့ကို ထပ်တိုက်ချခဲ့ပြန်ပြီ။

 

ဒီအမျိုးသမီးက မရိုးရှင်းဘူးဟု သူဘာကြောင့် ခံစားနေရလည်း မသိပေ။

 

ပုံနှိပ်ထုတ်ဝေခြင်း အကြောင်းတွေကို သိနေရုံသာမက ရှေ့ရေးလည်း တွေးဆနိုင်သည်။

 

ထို့ကြောင့် သူ့မျက်နှာထက်က ကူကယ်ရာမဲ့နေသည့် အမူအရာက ပိုထင်းလာခဲ့သည်။ "ကောင်းပြီ၊ ငါကြိုးစားကူညီပေးပါ့မယ်၊ ဒါပေမဲ့ မြင်းငါးကောင်ထက်တော့ ပိုမရဘူး၊ မြင်းစီမံခန့်ခွဲရေးနဲ့ ပတ်သက်ပြီး တော်ဝင်ခုံရုံးက တအားတင်းကြပ်တယ်။"

 

သူက ထပ်ပြောခဲ့သည်။ "ခြံမွေးတိရိစ္ဆာန်စီးပွားရေး လုပ်ငန်းမှာ ငါ့ဦးလေးငယ်ရှိလို့ ငါက မြင်းအနည်းငယ် ယူပေးလို့ရတာ။"

 

ရှစ်ချင်းလျို့ရဲ့ မျက်လုံးတွေက အရောင်တောက်သွားခဲ့သည်။ "ဒါဆို ရှင့်ဦးလေးငယ်က ကျွဲနွားတိရိစ္ဆာန်၊ သိုးနဲ့ဝက် မွေးမြူရေး လုပ်ငန်းလည်း လုပ်ကိုင်တယ်ပေါ့။"

 

တိရိစ္ဆာန်မွေးမြူရေး လုပ်ငန်းလို့ ကြားတော့ ရှစ်ချင်းလျို့ ဘာကြောင့် အဲလောက် တက်ကြွသွားလည်း သူ မသိပေ။

 

"လုပ်တယ်လေ ငါ့ဦးလေးငယ်က မြက်ခင်းလွင်ပြင်က တိရိစ္ဆာန်မွေးမြူရေးလူတွေနဲ့ အဆက်အသွယ် လုပ်ရတာ၊ မြင်း၊ သိုး၊ နွားတွေ အကုန်လုံးကို ပြန်ရောင်းဖို့ တာ့လျန်ကို တင်ပို့တာ၊ တိရိစ္ဆာန်မွေးမြူရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး မြက်ခင်းလွင်ပြင်ထဲ နက်နက်နဲနဲ မကြာခဏ သွားရတော့ အရမ်း အန္တရာယ်များတယ်၊ ငါတို့ အသက်ကို စွန့်စားတာနဲ့ အတူတူပဲ။"

 

ဒါက လျှို့ဝှက်ချက် မဟုတ်ပေ။

 

သူ့အမေရဲ့ မိသားစုက အိမ်နီးချင်းနိုင်ငံက ကုန်သည်ကြီးတွေ ဖြစ်သည်။

 

အရင်တုန်းက သူ့အမေက သူ့အဖေကို သဘောကျလို့ သန့်သန့်ရှင်းရှင်း လက်ထပ်ထားခြင်း ဖြစ်သည်။

 

ထို့ကြောင့် သူတို့မိသားစုက အငယ်အနှောင်း မောင်းမတွေနဲ့ ပတ်သက်ပြီး ရန်ဖြစ် ရှုပ်ထွေးရတာမျိုး မရှိပေ။

 

သူ့တွင် အစ်ကိုအရင်းနှင့် အစ်မအရင်းတွေသာ ရှိပြီး သွေးတစ်ဝက်သာ တော်စပ်သည့် မောင်နှမ မရှိပေ။

 

ရှစ်ချင်းလျို့က ပြုံးကာ ပြောခဲ့သည်။ "မြင်းငါးကောင်အပြင်၊ ရှင့်ဦးလေးငယ်ဆီက နွားတစ်သုတ်၊ သိုးတစ်သုတ်နဲ့ ဝက်တစ်သုတ်လည်း ဝယ်ချင်သေးတယ်။"

 

ပိုင်ရွှီက မျက်ခုံး ပင့်ခဲ့သည်။ "ငါ့ဦးလေးငယ်က စီးပွားရေးကို အကြီးကြီးလုပ်တာကြောင့် ရောင်းဝယ်ရင် နွား၊ သိုး၊ ဝက်တွေကို အနည်းဆုံး အကောင်၁၀၀ ကနေ စရောင်းတာကွ။"

 

ရှစ်ချင်းလျို့ကလည်း မျက်ခုံးပင့်သွားခဲ့သည်။ "အဲတော့ ဘာဖြစ်လဲ ကျွန်မ မတတ်နိုင်ဘူးလို့ ထင်နေတာလား။"

 

ပိုင်ရွှီက ခေါင်းငြိမ့်ပြခဲ့သည်။ "အင်း မင်းတတ်နိုင်တယ်လို့တော့ မပြောနဲ့နော်။"

 

ဟိုတစ်ခါတုန်းက ဘယ်သူက ပန်းကုသစရိတ်ရဲ့ စရံငွေကို အတင်းတောင်းခဲ့တာလဲ။

 

အဲဒီငွေတုံး နည်းနည်းလေးနဲ့ သိုး၊ နွား၊ ဝက် စတဲ့အကောင် ၁၀၀ လောက်ကို ဘယ်လို ဝယ်နိုင်မှာလဲ။

 

ရှစ်ချင်းလျို့က ယုံကြည်ချက်ရှိစွာ ပြောခဲ့သည်။ "အခုတော့ မပေးနိုင်သေးပေမယ့် နောက်နာရီ အနည်းငယ်နေရင်တော့ ရပြီ။"

 

ပိုင်ရွှီက ရယ်လိုက်သည်။ "မင်းမှော်ပညာတတ်တယ်လို့တော့ မပြောနဲ့နော်။"

 

ရူးနမ်းလိုက်တာဟူသော အကြည့်ဖြင့် ရှစ်ချင်းလျို့က ပိုင်ရွှီကို ကြည့်ခဲ့သည်။ "မှော်ပညာ မတတ်ပေမယ့် သကြားဝါကနေ သကြားဖြူ ပြောင်းလဲတာကို ရှင်မြင်ရင်တော့ အဲအချိန်ဆို ပိုက်ဆံ ထွက်လာမယ်မလား။"

 

သူမက အဓိပ္ပာယ်ပါစွာ ပြောခဲ့သည်။ "ပြီးတော့ ရှင်က အိမ်တိုင်ရာရောက် ငွေပို့ပေးမယ့်လူပဲ။"

 

'သူမကသာ သူ့ကို အမြတ်ထုတ်မည့်လူ'ဖြစ်ကြောင်း အတိုချုပ် ပြောသွားခြင်း ဖြစ်သည်။

 

ပိုင်ရွှီ အသက် ပြင်းပြင်းရှိုက်လိုက်သည်။ သူ ဒါကို မေ့နေခြင်း ဖြစ်သည်။

 

ဒီအမျိုးသမီးက အရာအားလုံးကို ငွေစာရင်းထဲ ထည့်ထားပြီးပြီ ဖြစ်သည်။

 

"မင်း တော်ပါတယ်။" သူ ဘာပြောရမလဲ မသိတော့ပေ။

 

ရှစ်ချင်းလျို့က မေးပင့်လိုက်သည်။ "ဒါပေါ့။"

 

ပိုင်သခင်လေးက သူမနှင့် တိုက်ခိုက်ဖို့ အတွေ့အကြုံ ဝါနုလွန်းပါသေးသည်။

 

ရှောင်ဟန်ကျန့်က သူ့ဇနီးလေး၏ ဘဝင်မြင့်နေဟန်ကိုကြည့်ကာ သူ့မျက်လုံထဲ အပြုံးရိပ်တွေ ပေါ်လာခဲ့သည်။

 

သူက လက်ကိုင်ပဝါကို ထုတ်ပြီး သူမ နှုတ်ခမ်းမှာ ပေနေသည့် လက်ဖက်ရည်ကို သုတ်ပေးခဲ့သည်။

 

ရှစ်ချင်းလျို့က မရှောင်ဘဲ ခွင့်ပြုပေးခဲ့သည်။

 

ထိုအရာက ပိုင်ရွှီကို ဆွံ့အ သွားစေခဲ့သည်။

 

ရှောင်ဟန်ကျန့်က သူ သိဖူးသည့် အတိတ်တုန်းက လူလို မဟုတ်တော့ဘဲ ပြောင်းလဲသွားပြီဖြစ်သည်။

 

ချောမောရည်မွန်တဲ့ စာသင်သားက သူ့ဇနီးသည်ရဲ့ ပါးစပ်ကို ဘယ်လိုလုပ်ပြီး သုတ်ပေးနိုင်ရတာလဲ။

 

သူတို့သုံးယောက်က ရထားလုံထဲ ထိုင်ကာ စကားပြောခဲ့သည်။

 

သူတို့ ရွာရောက်ခါနီးမှာပဲ ရှောင်ဟန်ကျန့်က ရုတ်တရက်ကြီး ပြောခဲ့သည်။ "ကျွန်တော်တို့နောက်ကို တစ်ယောက်ယောက် လိုက်နေသလိုပဲ။"

 

ပိုင်ရွှီက ခဏလောက် ကြက်သေသေသွားခဲ့သည်။

 

သူက ရထားလုံးအစွန်းပိုင်းက လျှို့ဝှက် ပြတင်းပေါက် အသေးလေးကို ဟလိုက်သည်။

 

ထင်သည့်အတိုင်း အစေခံတစ်ယောက်က မြင်းစီးကာ မလှမ်းမကမ်းကနေ လိုက်နေသည်။

 

သူက ပြတင်းပေါက်ကို ပြန်ပိတ်ခဲ့သည်။ "ငါ့နောက်လိုက်နေတာဖြစ်မယ်၊ သူက ဝူမိသားစုက အစေခံလေ။"

 

သူ စိတ်မချမ်းမြေ့တော့ပေ။

 

ဝူမိသားစုက ပိုပိုပြီး ရဲတင်းလာသည်။

 

ကျေးလက်ကိုသွားသည့် သူ့နောက်ကိုတောင် လူလွှတ်ကာ လိုက်ခိုင်းခဲ့သည်။

 

ထိုစကားကိုကြားတော့ ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ဝူမိသားစုက ဒီနောက်ကွယ်မှာ ရှိလိမ့်မည်ဟု ယူဆခဲ့သည်။

 

သို့ပေမယ့် သူတို့ ထုတ်မပြောခဲ့ပေ။

 

ပေါက်ကွဲလွယ်မည့်အကြောင်းကို ပိုင်ရွှီ သိဖို့လည်း မသင့်လျော်ပေ။

 

သူတို့ကို ပစ်မှတ်ထားတာလား ပိုင်ရွှီကို ပစ်မှတ်ထားတာလားလည်း သေချာ မသိပေ။

 

ရှစ်ချင်းလျို့က ပိုင်ရွှီကို ပြောခဲ့သည်။ "ဒါကြောင့် ဝူမိသားစုကို မြန်မြန်ဖြုတ်ချပြီး ရှင်တို့မိသားစုက မြို့တော်မှာ အချမ်းသာဆုံးဖြစ်အောင်လုပ်လေ၊ ဒီလို စောင့်ကြည့်ခံစရာလည်း မလိုတော့ဘူးပေါ့။"

 

ပိုင်ရွှီက သူ့ကို မျက်လုံးလည်ပြခဲ့သည်။ "ငါလည်း လုပ်ချင်တာပဲ။ ဒါပေမဲ့ ဝူမိသားစုက ဖြုတ်ချဖို့ မလွယ်ဘူး၊ သူတို့နောက်မှာ ရာဇဝတ္တရားသူကြီးတွေ ရှိတယ်။"

 

ရှစ်ချင်းလျို့က တခစ်ခစ်ရယ်ခဲ့သည်။ "ဒါဆို ရာဇဝတ္တရားသူကြီးတွေပါ ဖြုတ်ချလိုက်ပေါ့၊ ရှင်တို့ ပိုင်မိသားစု လုပ်နိုင်မယ်ဆိုတာ ကျွန်မ ယုံတယ်။"

 

ပိုင်ရွှီက ဆွံ့အသွားခဲ့သည်။ မင်းရဲ့ ချီးကျူးတဲ့စကားအတွက် ကျေးဇူးပါ။

 

ဒီအမျိုးသမီးက သူတို့ ဝူမိသားစုနှင့် တိုက်ခိုက်ဖို့အတွက် လှုံ့ဆော်ပေးဖို့ ကြိုးစားနေခြင်း ဖြစ်သည်။

 

"မင်းမြှောက်ပင့်လွန်းနေပြီ၊ ငါတို့ပိုင်မိသားစုက အဲလောက်လည်း မဟုတ်ပါဘူး။" သူက ပြုံးခဲ့သည်။

 

သို့ပေမယ့် သူ့ရင်ထဲမှာတော့ ရှစ်ချင်းလျို့ရဲ့ စကားကို သဘောတူနေပြီဖြစ်သည်။

 

အကယ်၍ ပိုင်မိသားစုသာ ဝူမိသားစုနှင့် ရာဇဝတ္တရားသူကြီးတွေကို မဖျက်စီးနိုင်ခဲ့ပါက သူတို့ အေးအေးဆေးဆေး နေထိုင်နိုင်မည် မဟုတ်ပေ။

 

မြို့တော်မှ စီရင်စုတွေမှာ စီးပွားရေး ချဲ့ထွင်ဖို့အတွက် ပိုင်မိသားစုမှာ အခွင့်အရေး များစွာ ရှိသည်။

 

ကံဆိုးချင်တော့ ရာဇဝတ္တရားသူကြီးတွေရဲ့ ဖိနှိပ်ခြင်းကို ခံနေရတာကြောင့် မတတ်နိုင်စွာ အရှုံးပေးခဲ့ရသည်။

 

သူ့ဦးလေးက မြို့တော်မှာ ကြံစည်ခံခဲ့ရကာ ထောင်ထဲရောက်တော့မလို ဖြစ်ခဲ့သည်။

 

သူ့ကို အာမခံဖြင့် ပြန်လွှတ်ပေးဖို့အတွက် ငွေတုံး တစ်သောင်း ပေးဖို့ ဖိအားပေး တောင်းဆိုခံခဲ့ရသည်။

 

အကယ်၍ သူတို့သာ မြို့တော်မှာ အသိမများပါက ဝူမိသားစုနှင့် ရာဇဝတ္တရားသူကြီးတွေ တခြားကုန်သည် မိသားစုတွေကို ဖျက်စီးသလို သူတို့တွေလည်း စီးပွားရေး လုပ်ငန်းတွေ အသိမ်းခံရလောက်ပြီ ဖြစ်သည်။

 

ပိုင်မိသားစု၊ ဝူမိသားစုနှင့် ရာဇဝတ္တရားသူကြီးတွေကြားက အမုန်းတရားက ရှိလာတာ ကြာပြီ ဖြစ်သည်။

 

သူက သူတို့ကို သတိပေးခဲ့သည်။ "မင်းတို့လည်း ဝူမိသားစုနဲ့ ပြဿနာတက်ထားဖူးတာဆိုတော့ ရှောင်သခင်လေး မြို့တော်မှာ တော်ဝင်စာမေးပွဲသွားဖြေရင် ဂရုစိုက်ပါ။"

 

ဝူမိသားစုနှင့် ပြဿနာတက်သည့် ကိစ္စရပ်ကို သိသွားကတည်းက ရှောင်ဟန်ကျန့်နှင့် ပူးပေါင်းရတာက ရာဇဝတ္တရားသူကြီးတွေနှင့် ပူးပေါင်းရတာထက် ပိုသက်သောင့်သက်သာ ရှိသည်။

 

ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြခဲ့သည်။ "သတိထားပါ့မယ်။"

 

သူ တော်ဝင်စာမေးပွဲ ဖြေဖို့ အချိန် တစ်နှစ်ကျော် ကျန်သေးသည်။

 

ထိုအချိန်မတိုင်ခင် ရာဇဝတ္တရားသူကြီးတွေကို ရအောင်ဖြုတ်ချမည်။

 

သုက နက်နက်နဲနဲတွေးကာ ပြောခဲ့သည်။ "စီးပွားရေး ပူးပေါင်းတာအပြင် တခြားအခွင့်အရေးတွေလည်း ရှိလောက်ပါသေးတယ်။"

 

ပိုင်ရွှီက ဉာဏ်ကောင်းသည့်လူဖြစ်သည်။ သူက ပြုံးကာ ပြောခဲ့သည်။ "ဖြစ်နိုင်တယ်။"

 

ရှောင်ဟန်ကျန့်လည်း မရိုးရှင်းမှန်း သူ သိသည်။

 

သူက ပညာရေး ထူးချွန်သလို တိုက်ရေးခိုက်ရေးလည်း ကျွမ်းကျင်သည်။

 

မဟုတ်ပါက အနောက်က လူလိုက်လာတာကို သူ သိမည် မဟုတ်ပေ။

 

ရှောင်ဟန်ကျန့်က ပြုံးလိုက်ပြီး ဒီကိစ္စကို ထပ်မပြောတော့ပေ။

 

ဒီကိစ္စကို လူတိုင်း သတိထားတာ ပိုကောင်းသည်။

 

ရှောင်အိမ်ကိုရောက်သည့်အခါ သုံးယောက်လုံး ရထားလုံးပေါ်မှ ဆင်းခဲ့သည်။

 

သူတို့ ရထားလုံးပေါ်က ထွက်ပြီးသည်နှင့် ဝူမိသားစုက အစေခံက ပြန်သွားခဲ့သည်။

 

သူတို့သုံးယောက်ကလည်း သူ့ကို လျစ်လျူရှုခဲ့သည်။

 

အိမ်ပြန်ရောက်တော့ ရှစ်ချင်းလျို့က ဝယ်လာသည့် ဟင်းခတ်အမွှေးအကြိုင်နှင့် အသားတွေကို မီးဖိုချောင်ထဲ ထည့်ခဲ့သည်။

 

သူမက မီးဖိုခန်းထဲက ဖန်ဘူးတစ်ခုကိုယူပြီး ပိုင်ရွှီကို ကမ်းပေးခဲ့သည်။ "ဒါ မနေ့က လုပ်ထားတဲ့ သကြား၊ စိတ်မရှိဘူးဆိုရင် ကျွန်မတို့အိမ်မှာ မြည်းစားကြည့်ပါလား၊ ကျွန်မ ယောက်မလေးကို သကြားနဲ့ တို့ဟူးဟင်းလျာ တချို့ ချက်ခိုင်းလိုက်မယ်။"

 

ပိုင်ရွှီက ဖန်ဘူးကို ကြည့်ခဲ့သည်။ "စိတ်ထဲ မထားပါဘူး၊ အနှောင့်အယှက် ပေးမိပြီ။"

 

သူလည်း တို့ဟူး ဟင်းလျာကို မြည်းစမ်းကြည့်ချင်နေသည်။

 

သူက ဇွန်းဖြင့် မွှေနှောက်ပြီး ကြည့်လိုက်တော့ အကုန်လုံး သကြားဖြူ ဖြစ်နေသည်။

 

သူက မေးခဲ့သည်။ "ဒါကို ကြံပင်ကနေ လုပ်ထားတာလား။"

 

ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်။ "မဟုတ်ဘူး မုန်လာရိုင်းကနေ လုပ်ထားတာ၊ အနာဂတ်မှာ ကျွန်မတို့ မိသားစုက သကြားစက်ရုံဖွင့်ပြီး လူတွေ ငှားရမ်းပြီး အများကြီး စိုက်ပျိုးမယ်၊ ကျွန်မတို့ ပူးပေါင်းမှုကို ကျေနပ်မှုရှိရင် ရှင်တို့မိသားစုကို အဓိက ထားရောင်းမယ်။"

 

ပိုင်ရွှီက ပြုံးခဲ့သည်။ "သကြားတွေ လိုသလောက်ရမယ်ဆိုမှတော့ ပျော်ဖို့ကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှု ဖြစ်မှာပါ။"

 

သူက ပိုစိတ်ဝင်စားသွားခဲ့သည်။ "အခု သကြားဝါကနေ သကြားဖြူပြောင်းတာ ကြည့်လို့ရမလား။"

 

ရှစ်ချင်းလျို့က ထိုင်ကာ ပြောခဲ့သည်။ "မလောပါနဲ့၊ စျေးနှုန်းကို အရင်ပြောသင့်တယ်မလား။"