အခန်း ၅၆
Viewers 7k

Ch-56 Uni

အခန်း(၅၆) - ရှင်တို့ကို ကိုက်မစားပါဘူး

 

ရှစ်သခင်ကြီးနှင့် ကလေးတွေကလွဲရင် ရှစ်သခင်မကြီးက သူမရဲ့ အကြီးဆုံးသား၊ ဒုတိယသား၊ တတိယသား၊ ချွေးမနှင့် စတုတ္ထသားကိုပါ ခေါ်လာခဲ့သည်။

 

သူတို့က ချည်ပန်းထိုးအဝတ်အစားနှင့် ပိုင်ရွှီ ပြန်သွားတာကို ကြည့်နေခဲ့သည်။

 

သူတို့မျက်လုံးထဲမှာ မနာလိုမှုတွေ၊ လောဘတွေ ပြည့်နှက်နေခဲ့သည်။

 

အမေရှောင်က သူတို့ကို ကြိုဆိုဖို့ ပြင်လိုက်ပေမယ့် ရှစ်ချင်းလျို့က တားမြစ်ခဲ့သည်။

 

သူမက အမေရှောင်ကို မျက်လုံးမှိတ်ပြခဲ့သည်။ "အမေ မောင်လေးနဲ့ ညီမလေးကို ခြံအနောက်ဘက်ခေါ်သွားပြီး ဘဲနဲ့ ကြက်တွေကို အစာသွားကျွေးလိုက်ပါဦး။"

 

အမေရှောင်က ချက်ချင်း သဘောပေါက်သွားခဲ့သည်။

 

ဒါက ချွေးမဖြစ်သူက သူမကို ဧည့်မခံစေချင်တာ ဖြစ်သည်။

 

တကယ်တော့ သူမလည်း သူတို့ကို သဘောမကျပေ။

 

သူတို့တွေက ခမည်းခမက်တွေမို့ ယဥ်ကျေးစွာ ဆက်ဆံသင့်သည်ဟုသာ တွေးမိခြင်း ဖြစ်သည်။

 

အခု ချွေးမ ဖြစ်သူက ဒီလိုပြောလာမှတော့ ယဥ်ကျေးယောင်ဆောင်နေစရာ မလိုတော့ပေ။

 

သူမက ပြုံးကာ ခေါင်းငြိမ့်ပြခဲ့သည်။ "ကောင်းပြီ သူတို့ကို အခု ခေါ်သွားလိုက်မယ်။"

 

ထို့နောက် သူမက တကယ်ပဲ ကလေးနှစ်ယောက်ကို ခြံနောက်ဘက်ကို ခေါ်သွားခဲ့သည်။

 

ရှစ်သခင်မကြီးနှင့် အမျိုးသမီးနျိုက ထိုအချင်းအရာကိုမြင်တော့ မျက်မှောင်ကြုတ်ခဲ့သည်။

 

သူမက ရှစ်ချင်းလျို့ကို ရန်စဖို့ ကြိုးစားခဲ့သည်။ "နင့်ယောက္ခမက မရိုင်းလွန်းဘူးလား၊ ခမည်းခမက်တွေ အလည်လာတာကိုတောင် ဧည့်မခံဘူး။"

 

ရှစ်ချင်းလျို့က အရင်ဆုံး ရှောင်ဟန်ကျန့်ကိုကြည့်ကာ ရှစ်မိသားစုက ပြဿနာကောင်တွေကို အာရုံစိုက်ဖို့ မလိုကြောင်း အချက်ပြခဲ့သည်။

 

ထို့နောက် သူမက သူတို့ကို ကြည့်လိုက်သည်။

 

သူမက မျက်ခုံးပင့်ခဲ့သည်။ "ခြံနောက်ကိုသွားဖို့ ယောက္ခမကို ကျွန်မ ပြောခဲ့တာကို ရှင်မကြားဘူးလား၊ ရှင်တို့က ကျွန်မ ယောက္ခမရဲ့ ဧည့်ခံမှုနဲ့ တန်လို့လား၊ သိပ်အတွေးလွန်နေပြီ။"

 

ရှစ်သခင်မကြီးနှင့် တခြားလူတွေက ဆွံ့အသွားခဲ့သည်။

 

ဒီအယုတ်တမာက လူစကားပြောနေတာကော ဟုတ်ရဲ့လား။

 

အမျိုးသမီးနျိုက ဒီသမီးကို စိတ်ထဲမှ ကျိန်ဆဲလိုက်လိုက်သည်။

 

သူမက မျက်နှာအရေထူစွာ ရှောင်ဟန်ကျန့်ကို အပြုံးဖြင့် ကြည့်လိုက်သည်။ "သမက်လေး နေကောင်းသွားပြီလား၊ နင်က အရည်အချင်းရှိတဲ့လူနဲ့တူတယ်။"

 

ဒီရွာတစ်ဝိုက်မှာ သူက အသက်အငယ်ဆုံး အခြေခံစာသင်သားဖြစ်သလို မြို့ထဲက သခင်လေးတွေထက် ပိုတော်သည်။

 

အကယ်၍ သူသာ ချုံရှီပွဲဖြင့် တကယ်နိုးလာမည်မှန်း သိပါက သူမရဲ့ ဒုတိယသမီး သို့မဟုတ် တတိယသမီးကို လုပ်ခိုင်းခဲ့မည်ဖြစ်သည်။ အယုတ်တမာ အကြီးဆုံးသမီးကို အကျိုးခံစားခွင့် ပေးနေမည် မဟုတ်ပေ။

 

ဒီအယုတ်တမာက တကယ် အကျိုးအမြတ် ရနေတာပဲ။

 

ရှောင်ဟန်ကျန့်က ခပ်ဖွဖွသာ ပြုံးပြီး ဘာမှပြန်မဖြေဘဲ သူတို့ကို အေးစက်စွာသာ တုံ့ပြန်ခဲ့သည်။

 

သူ့ဇနီးလေးသာ ရှစ်မိသားစုနှင့် ဆက်ဆံရေး ပြေလည်ပါက သူ ယဥ်ကျေးပျူငှာနေဦးမည်ဖြစ်သည်။

 

သို့ပေမယ့် သူမက ရှစ်မိသားစုမှ ပြဿနာကောင်တွေကို မုန်းပြီး သူ့ကိုလည်း အကြည့်တစ်ချက်ဖြင့် ကြည့်ခဲ့သေးသည်။

 

ဒါဆိုရင်တော့ သူမ စကားကို နားထောင်ရမည်။

 

ရှစ်ချင်းလျို့က သိပ်မဝေးသည့် နေရာက ထိုင်ခုံကိုညွှန်ပြကာ ပြောခဲ့သည်။ "ထိုင်ပါဦး။"

 

ရှစ်သခင်မကြီးက လူတွေကိုခေါ်ကာ ဝင်ထိုင်စေခဲ့သည်။

 

သူတို့လည်း မတ်တပ်မရပ်ချင်ပေ။

 

သူတို့ စကားပြောမည့်အချိန်မှာ ရှစ်ချင်းလျို့က ထရပ်ခဲ့သည်။

 

ရှစ်ချင်းလျို့က ခြံထောင့်ကိုသွားပြီး အမေရှောင် ခြင်းရက်လုပ်သည့် နွယ်ပင်ကို ကောက်လိုက်သည်။

 

သူမက လက်ထဲထည့်ကာ အကြိမ် အနည်းငယ် စမ်းရိုက်ကြည့်ခဲ့သည်။

 

ပြီးမှ ရှစ်မိသားစုရဲ့ ပြဿနာကောင်တွေရှေ့ကို ပြန်လျှောက်လာခဲ့သည်။

 

အမျိုးသမီးနျိုက တံတွေးမြိုချပြီး နွယ်ပင်ကိုကြည့်ကာ ဦးရေပြားတွေ စပ်ဖျဥ်းဖျဥ်း ခံစားလိုက်ရသည်။ "နင်.. နင်ဘာလုပ်တာလဲ။"

 

တခြားလူတွေလည်း ထိတ်လန့်နေခဲ့သည်။

 

ဒီရက်တွေထဲ ရှစ်ချင်းလျို့က အိမ်ကထွက်သွားတာတောင် စိတ်ဒဏ်ရာတွေ ချန်ပေးခဲ့သည်။

 

သူတို့မျက်လုံးထဲမှ အကြောက်တရားတွေကိုမြင်တော့ ရှစ်ချင်းလျို့က ပြုံးပြခဲ့သည်။ "ဘာတွေ ကြောက်နေတာလဲ၊ ကျွန်မက ရှင်တို့ကို ဝါးစားမှာမလို့လား။"

 

ရှစ်မိသားစုက လူတွေက ဆွံ့အသွားခဲ့သည်။

 

နင်က တခြားလူတွေကို ဝါးမစားပေမယ့် သူများကို သေအောင် ရိုက်တတ်တယ်လေ။

 

ရှောင်ဟန်ကျန့်က နွယ်ပင်ကိုင်ထားသည့် ရှစ်ချင်းလျို့နှင့် ကြောက်ရွံ့နေသည့် ရှစ်မိသားစုဝင်တွေကို ကြည့်လိုက်သည်။

 

ရှောင်မိသားစုနှင့် လက်ထပ်သွားတာတောင် ရှစ်မိသားစုက ဘာလို့ ပြဿနာ မရှာလဲဆိုတာ သူ နောက်ဆုံးတော့ နားလည်သွားခဲ့သည်။

 

နာခံမှုရှိဖို့ ရှစ်ချင်းလျို့ရဲ့ တွန်းအားပေးမှုကို သူတို့ ခံခဲ့ရတာ ဖြစ်လိမ့်မည်။

 

သူက မနေနိုင်စွာ ပြုံးလိုက်မိသည်။

 

သိပ်ကောင်းတယ် မိန်းမရေ။

 

ရှစ်ချင်းလျို့က ထိုင်ခုံဆွဲထုတ်ကာ ရှစ်မိသားစုက ပြဿနာကောင်တွေရဲ့ ဆန့်ကျင်ဘက်မှာ ထိုင်လိုက်သည်။

 

သူမက ပျင်းရိစွာပြောခဲ့သည်။ "ဘုန်းကြီးကျောင်းကို အကြောင်းမရှိဘဲ ဘယ်သူမှ အလကားမသွားဘူး၊ ဒီနေ့ လာရတဲ့ ရည်ရွယ်ချက်ကို ပြောပါဦး။"

 

ရှစ်သခင်မကြီးနှင့် တခြားလူတွေက ဆို့နင့်သွားခဲ့သည်။

 

စိတ်ခံစားချက်ကို ကစားမည့် ကဒ်တွေက ချက်ချင်း ပျောက်သွားခဲ့သည်။

 

ဒီအယုတ်တမာမက အဆိပ်ပြင်းသားပဲ။

 

ရှစ်သခင်မကြီးက အမျိုးသမီးနျိုကို အကြည့်တစ်ချက် ပေးလိုက်သည်။

 

အမျိုးသမီးနျိုက အရဲစွန့်ကာ ပြောခဲ့သည်။ "ငါ့သမီးကြီး မကြာခင်က တို့ဟူးဆိုင်ဖွင့်ထားတယ်လို့ ကြားတယ်၊ ငါတို့လည်း အဲတို့ဟူး စားခဲ့တယ်၊ တကယ်အရသာရှိတယ်။" ဒီနေ့ လူတစ်ယောက်က သူတို့ရွာထဲ လာရောင်းခဲ့တာကြောင့် အနည်းငယ် ဝယ်စားခဲ့သည်။

 

ထိုအခါမှပဲ ဒါက ရှစ်ချင်းလျို့ လုပ်ထားမှန်း သိခဲ့ရသည်။

 

ဒီအယုတ်တမာက တော်တော်လေး အောင်မြင်နေသည်။

 

မိဘအိမ်မှာနေတုန်းကတော့ တို့ဟူးလုပ်နည်း မသင်ပြပေးခဲ့ဘဲ လက်ထပ်ပြီးမှ ရှောင်မိသားစုကို တို့ဟူးလုပ်နည်း သင်ပြပေးခဲ့သည်။

 

အကယ်၍ အခု သူမသာ ထိုအယုတ်တမာမကို မကြောက်ပါက အိမ်ထဲ ဝင်ဝင်ချင်း ပါးကို ဘယ်ပြန်ညာပြန် ရိုက်ချလိုက်ပြီဖြစ်သည်။

 

ရှစ်ချင်းလျို့က သမ်းဝေခဲ့သည်။ "ဒီကို တို့ဟူးလုပ်နည်း လာမေးတာဆိုရင်တော့ အခုလာရာလမ်းအတိုင်း လှည့်ပြန်လို့ရပြီ။"

 

အမျိုးသမီးနျိုရဲ့ မျက်နှာက မည်းမှောင်သွားခဲ့သည်။ "သမီးကြီး နင့်ရဲ့ မျိုးရိုးနာမည်လည်း မေ့မနေနဲ့ဦး၊ နင်နဲ့ နင့်မိသားစုအတွက် ကြည့်တာ ပိုကောင်းတယ်။"

 

ရှစ်ချင်းလျို့က သူမကို စိုက်ကြည့်ခဲ့သည်။ "အရင်တုန်းက ရှင်တို့ရှစ်မိသားစု ကျွန်မကို လာတောင်းပန်ရလိမ့်မယ်လို့ ပြောခဲ့တုန်းက ရှင်တို့ ဘာပြောခဲ့လဲ၊ ကျွန်မကို အာရုံစိုက်မနေဘူးလို့ ပြောခဲ့တယ်လေ၊ အခု ဒီကို ဘာလာလုပ်တာလဲ၊ ကိုယ့်အရှက်ကိုယ်ခွဲတာ မြန်လွန်းမနေဘူးလား၊ ပြီးတော့ ကျွန်မ သေသေရှင်ရှင် ရှင်တို့နဲ့ မဆိုင်ဘူး။"

 

သူမက အေးစက်စွာ ခနဲ့ပြောဆိုခဲ့သည်။ "သနားကမားလုပ်ပြီး ကျွန်မကို ရယ်အောင်လာလုပ်မနေနဲ့၊ ရှက်ဖို့ကောင်းလွန်းတယ်။"

 

သူမ စကားတွေကြောင့် အမျိုးသမီးနျိုက ဆို့နင်သွားခဲ့သည်။ "နင်ကများ…"

 

ထို့နောက် သူမက ရှစ်မိသားစု တတိယသားကို ကြည်ခဲ့သည်။

 

မိန်းမယုတ်ကို ဘယ်တော့မှ သူ့ဘက်က စပြီး လာမရှာဘူးဟု ဟိုးတုန်းက သူ ပြောခဲ့သည်။

 

ရှစ်အိမ်မှ တတိယသားက ကူကယ်ရာမဲ့စွာ နှာခေါင်းပွတ်လိုက်သည်။

 

ထိုအယုတ်တမာမက မသေမျိုး ဘုန်းတော်ကြီးဆီက တို့ဟူးလုပ်နည်း သင်ခဲ့တာ သူ အရင်က မသိပေ။

 

မဟုတ်ပါက ထိုသို့သော စကားမျိုးကို ပြောခဲ့မည် မဟုတ်ပေ။

 

မဟုတ်ပါက ဒီအယုတ်တမာမကို မရိုက်နှက်ဘဲ အိမ်မှာ တို့ဟူးလုပ်နည်း သင်ပေးခိုင်းကာ အိမ်ထောင်ပြုခွင့်လည်း ပေးမည် မဟုတ်ပေ။

 

သူက ရှစ်ချင်းလျို့ကို ကို့ရို့ကားယား ပြုံးပြကာ ပြောခဲ့သည်။ "တူမလေး ကိစ္စတွေကို ဖြည်းဖြည်းချင်း ဆွေးနွေးရအောင်၊ ဒီလိုကြီး မငြင်းလိုက်ပါနဲ့။"

 

ရှစ်ချင်းလျို့က စားပွဲကို လက်ထဲမှ တုတ်ဖြင့် ရိုက်ချလိုက်သည်။ "ဒါကို ရှင်တို့နဲ့ ဆွေးနွေးနေဖို့ အချိန်မရှိဘူး၊ ရှင်တို့ တုတ်စာမြည်းစမ်းချင်ရင်တော့ ဆန္ဒဖြည့်ပေးရတာပေါ့။"

 

ရှစ်မိသားစု တတိယသားနှင့် တခြားလူတွေက အသံတိတ်နေခဲ့သည်။

 

ဟင့်အင်း သူတို့ ထပ်မမြည်းစမ်းချင်တော့ပေ။

 

တတိယအစ်ကိုနှင့် ယောက်မပင် သတ္တိကြောင်စွာ ရှုံးနိမ့်နေတာကို တွေ့တော့ ရှစ်မိသားစုရဲ့ စတုတ္ထသားကလည်း ဆွံ့အနေသည်။

 

သို့ပေမယ့်လည်း ဒါတွေက သူမျှော်လင့်ထားသည့် အတိုင်း ဖြစ်သည်။

 

ဒီမိန်းမယုတ်က အသေးအမွှားလေး မဟုတ်ပေ။

 

တို့ဟူး ဖော်စပ်ထုတ်လုပ်ပုံကို သူတို့ ကုတ်ဖဲ့ယူနိုင်မည်မဟုတ်ပေ။

 

သူက ရှစ်သခင်မကြီးကို မျက်လုံးမှိတ်ပြခဲ့သည်။

 

ရှစ်သခင်မကြီးက အခြေအနေကို သိပ်လက်မခံချင်ပေ။

 

တို့ဟူးလုပ်ငန်းက ပိုပိုပြီး ကောင်းလာနေသည်။

 

ရှစ်မိသားစုလည်း အကျိုးအမြတ် ရဖို့ သူမ မျှော်လင့်နေမိသည်။

 

ထို့ကြောင့် သူမက ရုတ်တရက် ထပြီး တံခါးဖွင့်ပြေးကာ မြေကြီးပေါ်ထိုင်ပြီး အော်ငိုခဲ့သည်။

 

"အမလေးဟဲ့ မြေးမက အဖွားကို အနိုင်ကျင့်နေပါတယ်၊ ငါ ဘာအကုသိုလ်တွေများ ကျူးလွန်မိခဲ့လို့ အခုလို... "

 

"အာ့…"

 

သူမ ငိုရှိုက်လို့ မပြီးသေးခင်မှာပဲ အော်သံတစ်သံကို ကြားလိုက်ရသည်။ အမျိုးသားတစ်ဦး၏ အသံ ဖြစ်သည်။

 

ရှစ်သခင်မကြီး လှည့်ကြည့်လိုက်တော့ ရှစ်ချင်းလျို့က သူမရဲ့ အငယ်ဆုံးသားကို တုတ်ဖြင့် ရိုက်နှက်နေတာကို တွေ့လိုက်ရသည်။

 

သူ့ရဲ့ လက်နှင့် မျက်နှာကို အဓိကထား ရိုက်နှက်နေခြင်း ဖြစ်သည်။

 

သူမရဲ့ ငိုယိုမည့်အသံက လည်ပင်းထဲတွင် တစ်ဆို့သွားခဲ့သည်။

 

ရှစ်ချင်းလျို့က ရှစ်မိသားစုရဲ့ စတုတ္ထသားကို ဆွဲပြီး ဆက်ရိုက်ခဲ့သည်။ သူမကိုပင် ပြုံးပြကာ ပြောခဲ့သည်။ "ရှစ်သခင်မကြီး ဆက်ငိုပါဦး၊ ရှင် ငိုတာ သိပ်ကောင်းတာပဲ၊ ဘာဖြစ်လို့ ဆက်မငိုတော့တာလဲ၊ ကျယ်ကျယ် ငိုလေ၊ ရှင့်သားကို အားပေးခိုင်းနေမယ်။"

 

တခြား ပြဿနာကောင်တွေကိုလည်း သူမက ထိုအတိုင်း လုပ်ခဲ့သည်။

 

ရှစ်သခင်ကြီးနှင့် ရှစ်သခင်မကြီးက အငယ်ဆုံးသားကို ပိုချစ်ကာ တစ်မိသားစုလုံးက သူ့ကို အလိုလိုက်သည်။

 

ထို့ကြောင့် သူ့ခန္ဓာကိုယ်ကို ရိုက်နေတာက ရှစ်သခင်မကြီးရဲ့ နှလုံးသားကို နာကျင်စေသည်။

 

ရှစ်သခင်မကြီးက ပင့်သက်ရှိုက်လိုက်သည်။ နင် လူပီသဖို့ ငါတောင်းပန်ပါတယ်။

 

ရှစ်မိသားစုရဲ့ စတုတ္ထသားက စာသင်သားဖြစ်ကာ လယ်ယာအလုပ် လုပ်ကိုင်တာ ရှားပါးသည်။

 

သူက ရှစ်ချင်းလျို့ကို မယှဥ်နိုင်ပေ။

 

ရိုက်ချက်တွေကြောင့် သူ့မျက်နှာနှင့် လက်တွေက ယောင်ကိုင်းလုနီးပါး ဖြစ်နေသည်။

 

"အမေ အရေးမပါတာတွေ လုပ်မနေနဲ့တော့၊ တံခါးပိတ်ပြီး မြန်မြန် ပြန်ဝင်ခဲ့တော့။"

 

ရှစ်ချင်းလျို့က ရှစ်မိသားစုရဲ့ စတုတ္ထသားရဲ့ အနောက်ကော်လံကို တင်းနေအောင် ဆွဲထားခဲ့သည်။

 

သူ့မှာ ရှောင်တိမ်းဖို့ နည်းလမ်း မရှိတာကြောင့် ရူးတော့မတတ် ဖြစ်နေသည်။

 

ဒီမိန်းမယုတ်က တကယ့်အပေါက်ဆိုးတဲ့မိန်းမပဲ။

 

ရှစ်သခင်မကြီးက ထရပ်ကာ တံခါးကို မကျေမနပ် ပိတ်လိုက်သည်။ သူမက ပြန်လာပြီး ထိုင်လိုက်သည်။

 

"တော်ပြီ။ မရိုက်နဲ့တော့။ ဒီ မဖြစ်စလောက် တို့ဟူးလုပ်နည်းကိုလည်း မသိချင်တော့ဘူး။"

 

ဒီမိန်းမယုတ်က ပမွှားလေး မဟုတ်မှန်း သူမ တွေ့ကြုံရပြီးပြီဖြစ်သည်။

 

သူမက ဘေးနားမှာ ဝင်မဆွဲရဲဘဲ သတ္တိနည်းစွာရပ်နေသည့် အကြီးဆုံးသား၊ ဒုတိယသား၊ တတိယသားနှင့် ချွေးမဖြစ်သူကို ကြည့်လိုက်သည်။

 

သူမ ဒေါသထွက်လွန်းလို့ နှလုံးတွေတောင် နာလာခဲ့သည်။

 

ဒီသတ္တိမရှိတဲ့လူတွေကြောင့် တော်တော်ရှက်ဖို့ကောင်းတာပဲ။