အခန်း ၅၉
Viewers 7k

Ch-59 Uni

အခန်း(၅၉) -သူ့ရဲ့ အသည်းညှာလေးဖြစ်ရမယ်

 

ဒီအယုတ်တမာမကို ရှစ်မိသားစု တတိယသား ဘာမှ မလုပ်နိုင်ပေ။

 

ရှစ်သခင်မကြီးနှင့် ရှစ်သခင်ကြီး လာတုန်းက ရှစ်မိသားစု စတုတ္ထသားကိုရိုက်ပြီး သူတို့ရင်နာသွားအောင် ခြိမ်းခြောက်ခဲ့သည်။

 

ရွေးချယ်စရာမရှိတော့ နောက်ဆုံးတော့ သူတို့လည်း အရှုံးပေးခဲ့ရသည်။

 

သူမ မိဘတွေ လာသည့်အချိန်မှာတော့ သူတို့တွေ သားနဲ့မြေးယောက်ျားလေးမရအောင် မသေမျိုးဆရာသခင်ဆီမှာ သွားဆုတောင်းမည့်အကြောင်း ပြောခဲ့သည်။

 

ရှစ်မိသားစု စတုတ္ထသားကိုကျတော့ ကျောင်းကိုသွားပြီး သူ့ရဲ့ဂုဏ်သိက္ခာကိုဖျက်စီးပစ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်။

 

ရှစ်မိသားစု၏ အကြီးဆုံးသားနဲ့ဒုတိယသားကလည်း ဒီအယုတ်တမာမကို ရှုံးခဲ့သည်။

 

ရှောင်မိသားစုဟောင်းကလူတွေပင် အိမ်နှင့်မြေကိုရောင်းကာ မြို့တော်သွားဖို့ ပြင်နေကြောင်း ကြားခဲ့ရသည်။

 

ဒါတွေဟာလည်း ဒီအယုတ်တမာမရဲ့ အကြံတွေဖြစ်နိုင်ကြောင်း သူတို့ သံသယဝင်မိသည်။

 

သူမ အိမ်ထောင်မပြုခင်အထိ ရှောင်မိသားစုဟောင်းက ရွာထဲမှာပဲနေကာ မြို့တော်ကိုသွားမည့်အကြောင်း မပြောဖူးခဲ့ပေ။

 

ဒီအယုတ်တမာမက တစ်ကိုယ်လုံး မကောင်းသည့် အကြံတွေဖြင့်ပြည့်နေပြီး အလွန်ရက်စက်ကြမ်းကြုတ်သည်။

 

သူတို့ သူမကို ရန်မစနိုင်ပေ။

 

အနည်းဆုံးတော့ ပွင့်ပွင့်လင်းလင်း မလုပ်နိုင်ပေ။

 

အချိန်တိုင်း သူတို့ရှုံးခဲ့ရပြီး သွေးအန်မတတ် မကျေမနပ်ခံစားရသည်။

 

အရမ်းဒေါသထွက်ဖို့ကောင်းတာပဲ။

 

ရှစ်ချင်းလျို့က ခေါင်းခါလိုက်သည်။ "မှားနေတယ်၊ ရှင်တို့ မလိုချင်တော့တာမဟုတ်ဘူး၊ ယူစရာသောက်ကြောင်းကိုမရှိတာ။"

 

သူမက ပြောခဲ့သည်။ "အနာဂတ်မှာ စိတ်ကောင်းကောင်းထားပြီး ကောင်းမှုများများလုပ် ဒါဆိုရင်တော့ သားယောက်ျားလေးရဖို့ အခွင့်အရေးရှိပါတယ်။"

 

ရှစ်မိသားစု တတိယသားက ကြက်သေသေသွားပြီးမှ မေးခဲ့သည်။ "တကယ်လား။"

 

ရှစ်ချင်းလျို့က ရုပ်တည်ကြီးဖြင့် ပေါက်ကရတွေပြောခဲ့သည်။ "ဒါပေါ့ ကျွန်မဆရာကပြောတယ် စိတ်ကောင်းထားပြီးကောင်းမှု များများလုပ်ရင် အနာဂတ်မှာ ဆုချခံရမယ်တဲ့။"

 

ဒီပြဿနာကောင်တွေ မကောင်းမှုလုပ်တာကို ပြောင်းလဲဖို့ သူမလည်း ကုသိုလ်လုပ်နိုင်သည်။

 

ရှစ်မိသားစု တတိယသားက မေးစေ့ကိုပွတ်ကာ နက်နက်နဲနဲတွေးနေသည်။

 

ခဏလောက်နေပြီးနောက် သူကမေးခဲ့သည်။ "ဒီတစ်ခါတော့ မင်းကိုယုံလို့ရတယ်မလား။"

 

သားယောက်ျားလေးရမည်ဆိုပါက ကောင်းမှုကုသိုလ်တွေလုပ်ဖို့ ဆန္ဒရှိသည်။

 

ရှစ်ချင်းလျို့က လက်လွတ်စပယ် ခေါင်းငြိမ့်ပြခဲ့သည်။ "ဒါပေါ့၊ ကျွန်မကိုယုံလို့ မမှားပါဘူး။"

 

ဘာပဲဖြစ်ဖြစ် ကောင်းမှုတွေလုပ်လို့ သားယောက်ျားလေး မွေးလိမ့်မည်ဟု သူမ အာမ မခံခဲ့ပေ။

 

သားယောက်ျားလေးမွေးဖို့ အခွင့်အရေးရှိတယ်ဟုသာ ပြောခဲ့သည် မဟုတ်လား။

 

အကယ်၍ သူမ အမေက သမီးလေး ထပ်မွေးခဲ့ရင် သူမ အဖေနှင့်အမေမှာ လုံလောက်သည့် ကောင်းမှုကုသိုလ် မရှိလို့ဖြစ်သည်။

 

အင်း အဲလိုပဲ။

 

အကယ်၍ ရှစ်မိသားစု တတိယသားသာ သူမ အတွေးတွေကိုသိရင် သွေးအန်မတတ် ဒေါသထွက်နိုင်သည်။

 

တတိယအစ်ကိုက ရှစ်ချင်းလျို့ကို တကယ်ယုံနေတာတွေ့တော့ ရှစ်မိသားစု စတုတ္ထသားက ဆွံ့အသွားခဲ့သည်။

 

"တတိယအစ်ကို ပြန်ရအောင်။"

 

တကယ်လို့ သူတို့ထပ်နေရင် ထပ်ပြီး လှည့်စားခံနေရလိမ့်မည်။

 

ရှစ်ချင်းလျို့ကလည်း ရွံရှာစွာ လက်ဝေ့ယမ်းပြလိုက်သည်။ "ကောင်းပြီ။ အကုန်လုံး အဆင်ပြေသွားပြီဆိုတော့ အခု မြန်မြန် ပြန်ကြတော့၊ ကျွန်မရဲ့အချိန်တွေက သိပ်အဖိုးတန်တာ နှောင့်နှေးအောင် လုပ်မနေနဲ့။

 

ရှစ်မိသားစု စတုတ္ထသားနှင့် ကျန်လူတွေက ဆွံ့အသွားပြီး မင်းက ရှောင်ဟန်ကျန့်ကို ကယ်တွယ်နေမှာကိုများ အချိန်တွေ နှောင့်နှေးမှာ စိုးနေသေးတယ်။ သွားသေလိုက်ပါလား။

 

"ဒါဆို ငါတို့ပြန်ပြီ။" တစ်ယောက်က အမြန်ပြန်ချင်နေပြီး နောက်တစ်ယောက်က အတွေးများနေကာ ချက်ချင်း ထရပ်လိုက်သည်။

 

ရှစ်ချင်းလျို့က ထရပ်ရမှာ အရမ်းပျင်းနေပြီး သူတို့ကို လိုက်ပို့ရမှာ ပျင်းနေတာကြောင့် ကိုယ့်ဘာသာ သာပြန်ခိုင်းလိုက်သည်။

 

ထိုအရာက သူမ အဖေကို ထပ်ပြီး ဒေါသထွက်စေခဲ့သည်။

 

ဒီအယုတ်တမာမက ပိုပိုပြီး သားသမီးဝတ္တရား မကျေပွန်တဲ့အပြင် ပိုပိုပြီး မောက်မာလာတာပဲ။

 

သူတို့နှစ်ယောက် ထွက်သွားပြီးနောက် ရှောင်ဟန်ကျန့်က ရှစ်ချင်းလျို့ကိုကြည့်ပြီး ပြုံးခဲ့သည်။ "သားလေး မွေးမယ်ဆိုတာ တကယ်လား။"

 

ရှစ်ချင်းလျို့က သူ့ကို စိုက်ကြည့်ခဲ့သည်။ "ဘယ်ဟုတ်ပါ့မလဲ၊ ကျွန်မက ပေါက်ကရတွေ ပြောလိုက်တာကို သူက ယုံသွားတာလေ။"

 

ရှောင်ဟန်ကျန့်က ရယ်ရမလား ငိုရမလား မသိဖြစ်သွားခဲ့သည်။ "ဟော မင်းကတော့ဗျာ။"

 

သူ့ဇနီးလေးက အတုကို အစစ်ဟု ထင်အောင် ပြောနိုင်ခဲ့သည်ဟု သူထင်သည်။

 

ရှစ်ချင်းလျို့က သူ့နားကပ်လာပြီး အလွန်အန္တရာယ်များသော လေသံဖြင့် ပြောခဲ့သည်။ "ဘာလို့လဲ၊ ကျွန်မ ဒီလိုလုပ်တာ မကြိုက်ဘူးလား။"

 

တကယ် မကြိုက်လို့ကတော့ သေမယ်။

 

ရှောင်ဟန်ကျန့်က အသက်ရှင်လိုစိတ် ပြင်းထန်နေတာကြောင့် မတုံ့ဆိုင်းရဲပေ။ "ဟုတ်ပါ့မလား၊ မင်းကြိုက်ရင် ကိုယ်လည်း ကြိုက်တာပေါ့။"

 

သူ့ဇနီးလေး၏ စိတ်နေစိတ်ထားကို သူတကယ် သဘောကျသည်။

 

အကယ်၍ သူမက အားနွဲ့ပြီး အနိုင်ကျင့်ခံရဖို့လွယ်ရင်တောင် သူတို့က လက်ထပ်ထားတာမလို့ သူတာဝန်ယူဦးမည်ဖြစ်သည်။

 

သို့ပေမယ့်လည်း သူမကို မထိပါးဘဲ ဧည့်သည်လိုသာ ဆက်ဆံမည်။

 

သို့ပေမယ့် သူ့ဇနီးလေးက သူ့ရင်ထဲ မရောက်ဘဲ မနေပေ။

 

သူမနဲ့ အတူတူနေထိုင်ရတာ ဆန်းသစ်နေသည်။

 

သူ့ဘဝလေးက ပိုစိတ်ဝင်စားဖို့ကောင်းလာပြီး အသက်ဆက်ရှင်ဖို့ မျှော်လင့်ချက်ရှိလာသလို ခံစားရသည်။

 

အထူးသဖြင့် အရင်ဘဝရဲ့ အထီးကျန်မှု အတွေ့အကြုံကြောင့် အခုလို ရင်ခုန်နေရသည့် ခံစားချက်ကို သဘောကျသည်။

 

သူ့စကားကိုကြားတော့ ရှစ်ချင်းလျို့က မျက်လုံးတွေ ပိတ်သွားအောင် ပြုံးပြခဲ့သည်။

 

သူမက သူ့ရဲ့လက်မောင်းကိုကိုင်ကာ မှီပြီး ခေါင်းဖြင့် ပွတ်သပ်ခဲ့သည်။

 

"ကျန့်ကျန့်က ကျွန်မကို သဘောအကျဆုံးဆိုတာ သိသားပဲ။"

 

သူမက ဉာဏ်အလွန်ထက်ကာ အစမ်းလက်ထပ်မှုကို လုပ်ခဲ့သည်။ သူမ ခင်ပွန်းလေးက သူမကို သဘောမကျဘဲ နေနိုင်မှာ မဟုတ်ပေ။

 

အဲလောက်ထိ ယုံကြည်ချက်ရှိတယ်။ ဟားဟား။

 

ရှောင်ဟန်ကျန့်ရဲ့ မျက်ဝန်းထဲမှာ အပြုံးတွေ ပြည့်နေခဲ့သည်။

 

သူက ကူကယ်ရာမဲ့စွာ အလိုလိုက်သည့်အသံဖြင့်ပြောခဲ့သည်။ "အင်း ကိုယ်က မင်းကို သဘောအကျဆုံးပါ။"

 

ရှစ်ချင်းလျို့က လက်ဆန့်ပြီး ရှောင်ဟန်ကျန့်ကို ဆွဲခဲ့သည်။ "မြေသွားဝယ်ပြီး အိမ်ဆောက်ရအောင်၊ ဝူမိသားစုဆီက ငွေတုံး ၆၀၀ရှိမှတော့ ဘယ်က ပိုက်ဆံရတာလဲလို့ တွေးနေစရာ မလိုဘူး၊ အပြင်လူတွေကို ပြောပြလို့ ရတယ်။"

 

မဟုတ်ပါက သူတို့ တို့ဟူးလုပ်ငန်းက ခေါင်းပုံဖြတ်သည်ဟု လူတွေ အထင်မှားကာ သူတို့ကို မနာလိုဖြစ်နိုင်သည်။

 

ရှောင်ဟန်ကျန့်က မတ်တပ်ရပ်ကာ သူမလက်ကို ဆုပ်ကိုင်ခဲ့သည်။ "ကောင်းပြီ။ အခု သူကြီးဆီသွား ရအောင်၊ ဒီပိုက်ဆံနဲ့ ဝါးတောဝယ်ပြီး အိမ်ဆောက်မယ်၊ ပြီးရင် စာအုပ်ရောင်းလို့ရတဲ့ အမြတ်ငွေနဲ့ ဒီအိမ်နောက်က တောင်ကိုဝယ်ပြီး ဝါးပင်တွေ စိုက်ကြမယ်။"

 

တတ်နိုင်သမျှ မြန်မြန်လေး ငွေရှာရမည်။ သူ့ဇနီးလေးကိုပဲ တာဝန်တွေ အကုန်မထမ်းစေချင်ပေ။

 

အထူးသဖြင့် ဝတ္ထုရေးပြီး နောက်လကျရင် ဆေးပညာဆိုင်ရာ ဆွေးနွေးမှုများလုပ်ပြီး ပိုက်ဆံရှာကာ အိမ်ဆောက်ဖို့ တွေးခဲ့သည်။

 

သို့ပေမယ့် သူ့ဇနီးလေးက ငွေအရင်ရှာနိုင်သွားပြီး အိမ်ဆောက်မယ်ဆိုတော့လည်း သူ မဆန့်ကျင်ပေ။

 

ဒါက သူစိမ်းဆန်လွန်းသည်။ သူတို့က လင်မယားတွေ ဖြစ်သည်။

 

ရှစ်ချင်းလျို့က သူ့ကို ယုံကြည်စွာကြည့်ခဲ့သည်။

 

သူမက ခေါင်းငြိမ့်ကာ ပြုံးခဲ့သည်။ "အစ်ကိုကျန့်ရဲ့ စာအုပ်က ရောင်းကောင်းမယ်လို့ယုံတယ်၊ ရှင်ရှာတဲ့ပိုက်ဆံကို ဖြုန်းရဖို့ ကျွန်မ စောင့်နေမယ်။"

 

တာဝန်ယူစိတ်ရှိသည့် အမျိုးသားက အမျိုးကောင်းသားဖြစ်ပြီး သူ့ဇနီးလေးအတွက် ငွေသုံးချင်သည့် အမျိုးသားက ပိုတောင်ကောင်းသေးသည်။

 

ဒါ့အပြင် သူမ ခင်ပွန်းကို လိုအပ်သလို ချီးကျူး ချော့မြူပေးဖို့သည်။

 

သူ့ရဲ့အသည်းညှာလေးဖြစ်ရမည်။

 

ထင်သည့်အတိုင်း ရှောင်ဟန်ကျန့်ရဲ့ မျက်လုံးထဲက အပြုံးတွေက ပိုတောက်ပလာခဲ့သည်။ "ဟုတ်ပါပြီဗျာ၊ ရှေ့လျှောက် ကိုယ်ရှာလို့ရတဲ့ငွေတွေ အကုန်လုံး မင်းကို အပ်ပါ့မယ်၊ မင်းစိတ်ကြိုက် သုံးပါ။"

 

သူက သူ့ဇနီးလေးကို မငြင်းဆန်နိုင်ပေ။

 

ရှစ်ချင်းလျို့က ပျော်ရွှင်စွာ ရှောင်ဟန်ကျန့်ရဲ့ ပါးကို နမ်းခဲ့သည်။ "အစ်ကိုကျန့်က အကောင်းဆုံးပဲ၊ ရှင့်ကို သဘောအကျဆုံးပဲ။"

 

သူမက တစ်ခါမှ ရည်းစားမထားဖူးသော်လည်း ကလူကျီစယ်သည့်နေရာမှာ သိပ်တော်သည်။

 

အတိတ်တုန်းက သူမက အဖိုးအဖွားရှေ့မှာ မကြာခဏ ကောင်းကောင်းမွန်မွန် နေပြခဲ့သည်။

 

နောက်တော့ သူတို့လည်း ရွေးချယ်စရာ မရှိတော့ သူမ ကြိုက်သလိုလုပ်ဖို့ သူမရဲ့ မိဘတွေကို ပြောပေးခဲ့သည်။

 

သူမရဲ့ မိဘတွေနှင့် ခပ်တန်းတန်းတော့ ဖြစ်မသွားပေ။

 

လူတိုင်းကို အကြိုက်လိုက်ပေးခဲ့ကာ မတွေ့ဖြစ်သည့်အခါတွေမှာ ဗီဒီယိုဖုန်းခေါ်ဆိုမှုဖြင့် ပျော်ရွှင်အောင် လုပ်ပေးခဲ့သည်။

 

သူမ မိဘတွေလည်း မတောင့်ခံနိုင်ပေ။

 

သူတို့က စီးပွားရေး လုပ်ငန်းကို လက်လွှဲယူစေချင်သော်လည်း သူမ ကြိုက်တာလုပ်ဖို့ အလိုလိုက်ပေးခဲ့သည်။

 

သူတို့က အလုပ်ရှုပ်ပြီး သူမနှင့် အချိန်အများကြီး မကုန်ဆုံးသော်လည်း မိဘနှစ်ပါးနှင့် သူမ ဆက်ဆံရေးက မဆိုးဝါးပေ။

 

ထိုသို့တွေးလိုက်တော့ မိသားစုကို သတိရသွားခဲ့သည်။

 

သူ့ရဲ့ အမြွှာမောင်လေးနှစ်ယောက်လည်း ဘာတွေလုပ်နေမလဲ သူမ မသိပေ။

 

မိဘတွေရဲ့ အစီအစဥ်အတိုင်း လိုက်လုပ်မှာလား သို့မဟုတ် သူမလိုပဲ ထင်ရာစိုင်းမှာလား။

 

ဟင်း ဒီကိုရောက်လာတော့ ပွဲမကြည့်ရတော့ဘူး။

 

တက်ကြွနေတတ်သည့် သူ့ဇနီးက အခုတော့ အနည်းငယ် မှုန်ကုပ်နေသည်။

 

ရှောင်ဟန်ကျန့်က စိုးရိမ်စွာ မေးလိုက်သည်။ "ဘာလို့ ရုတ်တရက်ကြီး မပျော်တော့တာလဲ။"

 

သူ့ကို ရန်မစမိပါဘူးနော်။

 

ရှစ်ချင်းလျို့က သက်ပြင်းချလိုက်ပြီး မဖုံးကွယ်ထားပေ။

 

သူမက အမှန်အတိုင်းပြောခဲ့သည်။ "မိသားစုကို လွမ်းလို့ပါ။"

 

ရှောင်ဟန်ကျန့်က သူမရဲ့လက်ကို ပိုတင်းကြပ်စွာ ဆုပ်ကိုင်ခဲ့သည်။

 

သူမကို ဖက်ဖို့ ခန္ဓာကိုယ်ကိုလှည့်ခဲ့သည်။

 

"အခု မင်းမှာ ကိုယ်တို့တွေရှိတယ်လေ။" သူ နည်းနည်း ကြောက်နေမိသည်။ သူ့ဇနီးလေးသာ ရုတ်တရက် ပျောက်ကွယ်သွားရင် သူဘယ်လိုလုပ်ရမလဲ။

 

ရှစ်ချင်းလျို့က သူ့ပုခုံးကို ခေါင်းမှီကာ ပွတ်သပ်ခဲ့သည်။ "အင်း အခု ကျွန်မမှာ ရှင်တို့ပဲ ရှိတယ်။"

 

ကံကောင်းချင်တော့ သူမမှာ အမေရှောင်၊ သူမ ခင်ပွန်း၊ ညီမလေးနှင့် မောင်လေး ရှိသေးသည်။

 

မဟုတ်ပါက အသက်ရှင်ဖို့ စိတ်အားထက်သန်မှုကော ရှိပါ့မလား သူမ မသိပေ။

 

"အင်း၊ ကိုယ် မင်းကို ဘယ်တော့မှ မထားခဲ့ဘူး။" ရှောင်ဟန်ကျန့်က သူမ လက်ကို တင်းတင်းဆုပ်ကိုင်ကာ ပြောခဲ့သည်။

 

ရှစ်ချင်းလျို့က စိတ်အပြောင်းအလဲမြန်သည်။

 

"သွားမယ်။ သူကြီးဆီသွားရအောင်။"

 

ဖြစ်လာသမျှကို လက်ခံရမည်။

 

ဒီမှာ သေသွားပြီးရင်တော့ မော်ဒန်ခေတ်ကို ပြန်သွားနိုင်မှာပါက သူမကိုယ်သူမ နှစ်သိမ့်လိုက်သည်။