အခန်း ၆၀
Viewers 7k

Ch-60 Uni

အခန်း(၆၀) -ဒီကိစ္စကို ဒီတိုင်းထားလို့မရဘူး

 

ရှောင်ဟန်ကျန့်က ရှစ်ချင်းလျို့ရဲ့ လက်ကို တွဲကာ အိမ်ကနေ သူကြီးဆီ ထွက်လာခဲ့သည်။

 

လမ်းမှာလည်း သူတို့က ရွာသားတွေကို ပျူငှာစွာ နှုတ်ဆက်ခဲ့သည်။

 

အခြေခံစာသင်သား ဖြစ်လာတာတောင် ရှောင်ဟန်ကျန့်က မာနကြီးတာတို့ စိတ်အပြောင်းအလဲ ဖြစ်သွားတာတို့ မရှိတာကြောင့် ရွာထဲမှာ သူ့ဂုဏ်သတင်းက ကောင်းမွန်နေသည်။

 

ရှောင်ဟန်ကျန့်က သူတို့နှင့် အလွန် အဆင့်အတန်း ကွာခြားနေကြောင်း မခံစားရဘဲ သူနှင့် စကားပြောရတာ ပျော်ဖို့ကောင်းနေသည်။

 

သူတို့နှစ်ယောက်ထွက်သွားတော့ ရွာသားတွေက စုပြီး စကားပြောခဲ့သည်။

 

"စာသင်သားရှောင်နဲ့ သူ့မိန်းမက ဆက်ဆံရေး သိပ်ကောင်းတာ ပြောစရာတောင် မလိုဘူး၊ သူ့မိန်းမကလည်း သိပ်လုပ်နိုင်စွမ်းရှိတာ၊ သူ ချုံရှီပွဲ လုပ်ပေးပြီးတာနဲ့ စာသင်သားရှောင်က ချက်ချင်း သတိပြန်လည်လာတာပဲ။"

 

"စားဝတ်နေရေးအတွက် ရှောင်မိသားစုနဲ့ အတူတူ တို့ဟူးလုပ်ငန်း လုပ်ကိုင်ခဲ့တယ်၊ ငါလည်း အဲလိုမိန်းကလေးကို ငါ့အိမ်ကိုလာစေချင်လိုက်တာဟယ်။"

 

"အဓိကအချက်က သူမက သန်မာတော့ ရှောင်မိသားစုဟောင်းကလူတွေ အနိုင်လာကျင့်မှာ မကြောက်ရဘူး၊ စာသင်သားရှောင် ကျောင်းသွားတက်ပြီး စာမေးပွဲဖြေရတဲ့အချိန်ကျရင် အမျိုးသမီးကုန်ကိုပဲ စိတ်ပူရမှာ။"

 

"သူက မသေမျိုးဘုန်းတော်ကြီးရဲ့ တပည့်လေ၊ ရှောင်မိသားစုဟောင်းကလူတွေရဲ့ အနိုင်ကျင့်တာ ခံရစရာလား၊ စာသင်သားရှောင်က အဲလိုမိန်းမ ရတာ တကယ်ကံကောင်းတာပဲ၊ သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာပဲ။"

 

ရွာသားတွေက ရှစ်ချင်းလျို့ကို အမြင်ကောင်းဖြင့် ရှုမြင်နေကြသည်။

 

အထူးသဖြင့် လွန်ခဲ့သည့်ရက်အနည်းငယ်က တို့ဟူးရောင်းကာ ငွေရှာနိုင်ခဲ့သည့်လူတွေဖြစ်သည်။

 

သူတို့က ရှစ်ချင်းလျို့ရဲ့ ကောင်းကြောင်းတွေကို ပြောခဲ့သည်။

 

ထိုအချိန်မှာ ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့်က ရွာသူကြီးအိမ်ကို ရောက်နေပြီဖြစ်သည်။

 

ရွာသူကြီးက ပြုံးပြီး သူတို့ကို လက်ဖက်ရည်ဖြင့် ဧည့်ခံခဲ့သည်။

 

ရှောင်ဟန်ကျန့် နေပြန်ကောင်းလာတာတွေ့တော့ သူအလွန် ပျော်ရွှင်နေသည်။

 

သူက စိုးရိမ်စွာ မေးလိုက်သည်။ "နောက်ထပ် ဘာဆက်လုပ်ကြမှာလဲ။"

 

ရှောင်ဟန်ကျန့်က ပြုံးကာဖြေခဲ့သည်။ "မြို့မှာ ကျောင်းဆက်တက်မှာပါ၊ နောက်နှစ် ပြန်စမှာပါ။"

 

ရွာသူကြီးက ရှောင်ဟန်ကျန့်ကို အများကြီး မျှော်လင့်ထားသည်။ "ငါထောက်ပံ့ပေးမယ်၊ မင်းကျောင်းတက်နေချိန်မှာ ငါနဲ့ တခြားခေါင်းဆောင်တွေက မင်းအိမ်ကို စောင့်ရှောက်ထားပေးပါ့မယ်။"

 

အရင်မင်းဆက်တုန်းက သူတို့မျိုးနွယ်စုက စာသင်သားတွေနှင့် အရာရှိတွေ ထွက်ခဲ့ဖူးသည်။

 

မင်းဆက်အသစ် တည်ထောင်ပြီးသည့်နောက်တွင်တော့ ထုံရှန်းနှစ်ယောက်နှင့် စာသင်သားရှောင်ကိုသာ ရှိဖူးသည်။

 

ထုံရှန်းနှစ်ယောက်က စိတ်ဝင်စားစရာမကောင်းပေမယ့် ရှောင်ဟန်ကျန့်ရဲ့ အရည်အချင်းက အကန့်အသတ်မဲ့သည်။

 

ရှောင်ဟန်ကျန့်က ပြုံးကာ ကျေးဇူးတင်စကားဆိုခဲ့သည်။ "ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သူကြီး၊ ကျွန်တော် ရာထူးကြီးသွားတဲ့အခါ လူတိုင်းရဲ့ အကူအညီကို မှတ်ထားပြီး ရှောင်မျိုးနွယ်စုကို ကျေးဇူးပြန်ဆပ်ပါ့မယ်။"

 

တခြားရွာတွေနှင့်ယှဥ်ရင် ရှာ့ရှီရွာက ရှောင်မျိုးနွယ်စုက အလွန်ကောင်းမွန်သည်။

 

အနီးအနားရွာက သူကြီး ဟယ်လီကျန်း ဆိုပါက စောင့်ရှောက်ပေးဖို့ မဆိုထားနှင့် သူ့အဖေ၏ အကြံအတိုင်းဖြစ်အောင် သူတို့မိသားစုကို ဦးဆောင်မှု မဖယ်ချန်ထားရင်တောင် ကံကောင်းနေပြီဖြစ်သည်။

 

ရွာသူကြီးက ပြုံးခဲ့သည်။ "မင်းမှာ အဲလိုအတွေးလေး ရှိတော့ ကောင်းတာပေါ့။"

 

တစ်နေ့မှာ ရှောင်ဟန်ကျန့် ရာထူးကြီးသွားပါက ရှောင်မျိုးနွယ်စုကို စောင့်ရှောက်ဖို့ မလိုပါဘူးဟု သူဟန်ဆောင်ပန်ဆောင် မပြောခဲ့ပေ။

 

ရှောင်ဟန်ကျန့်ကို ဂရုစိုက်ပေးတာဟာ မျိုးနွယ်စု တစ်ခုထဲကဖြစ်တာကြောင့်မဟုတ်ဘဲ သူ့အရည်အချင်းကြောင့်လည်းပါသည်။

 

သူက အနာဂတ်မှာ ရှောင်မျိုးနွယ်စုကို ပိုကြီးမြတ်အောင် ဦးဆောင်နိုင်လိမ့်မည်။

 

ခဏလောက်ထိုင်ကာ စကားပြောပြီးနောက် ရှောင်ဟန်ကျန့်က ပြောခဲ့သည်။ "သူကြီး ကျွန်တော်တို့ ဒီနေ့လာတာ မြေဝယ်ချင်လို့ပါ။"

 

ရွာသူကြီးက ကြက်သေ သေသွားခဲ့သည်။ "မြေဝယ်မလို့၊ ရှောင်မိသားစုဟောင်းရဲ့ အိမ်နဲ့ မြေကို ဝယ်မယ်လို့တော့ မပြောနဲ့နော်၊ အဲတာကို မဝယ်ဖို့ အကြံပြုပါရစေ။"

 

ဒါကိုတော့ သူ သဘောမတူနိုင်ပေ။

 

ရှောင်မိသားစုဟောင်းက အလွန်ကိုင်တွယ်ရခက်သည်။

 

တကယ်လို့ ထိုမြေကို ဝယ်လိုက်ပါက အနာဂတ်မှာ သူတို့ရွာကို ပြန်လာသည့်အခါ ဘယ်လိုပြဿနာတွေ ရှာမလဲဆိုတာ မတွေးနိုင်ပေ။

 

ရှောင်ဟန်ကျန့်ရဲ့ နှလုံးသားလေး နွေးထွေးသွားခဲ့သည်။

 

ဒီရွာသူကြီး နှစ်ဘဝလုံး သူ့အပေါ် ကောင်းပေးခဲ့သည်။

 

တခြားလူဆိုပါက ထိုအကြံမျိုး ပေးလိမ့်မည်မဟုတ်ပေ။

 

သူက ပြုံးကာ ပြန်ဖြေခဲ့သည်။ "ရှောင်မိသားစုဟောင်းရဲ့ မြေကိုမဝယ်ပါဘူး၊ မြစ်နဲ့နီးပြီး အနောက်မှာ တောင်ရှိတဲ့ ဝါးတောကို ဝယ်ချင်တာပါ။"

 

ရွာသူကြီးက အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။ "ဘာလို့ အဲမြေကို ဝယ်ချင်တာလဲ၊ အဲမြေက ဝါးပင်စိုက်ဖို့ပဲ သင့်လျော်ပြီး လယ်ယာစိုက်ပျိုးလို့ မရဘူး။"

 

ရှောင်ဟန်ကျန့်က အမှန်အတိုင်း ပြောခဲ့သည်။ "အိမ်အသစ်ဆောက်ဖို့ ဝယ်ချင်တာပါ။"

 

ရွာသူကြီးက ခဏလောက် တွေးပြီး ပြောခဲ့သည်။ "အဲတောင်က သိပ်အသုံးမဝင်ပေမယ့် မင်းဝယ်ချင်တယ်ဆိုရင်တော့ စျေးအနည်းဆုံးက ငွေတုံး ၃၀၊ ၄၀လောက် ရှိမယ်။"

 

ထိုတောင်ကို ဘယ်သူမှ မပိုင်ပေ။

 

ထိုတောင်ကို ဝယ်ယူချင်ပါက မြို့နယ်ရုံးကို သွားရမည်ဖြစ်သည်။

 

တို့ဟူးရောင်းသည့် ရက်အနည်းငယ်လောက်ဖြင့် ထိုမျှလောက် များပြားသည့် ငွေပမာဏ သူတို့မှာ ရှိလိမ့်မည်ဟု ရွာသူကြီး မထင်ပေ။

 

ရှောင်ဟန်ကျန့်က အမှန်အတိုင်း ပြောခဲ့သည်။ "ဝူမိသားစုက ကျွန်တော့်ဇနီးရဲ့ ဆရာသခင် ချန်ပေးခဲ့တဲ့ ပစ္စည်းတစ်မျိုးကို သဘောကျပြီး ငွေတုံး ၆၀၀နဲ့ ဝယ်သွားခဲ့ပါတယ်၊ ဒါကြောင့် အခု လုံလောက်တဲ့ ငွေပမာဏ ရှိပါတယ်။"

 

ဝူမိသားစု၏ အကျင့်စရိုက်အရ ထိုကိစ္စက လျှို့ဝှက်ချက် မဖြစ်နိုင်ပေ။

 

ရှစ်မိသားစုရဲ့ စတုတ္ထသားက အနက်ရောင် အလုံးလေးတွေကို ဝူမိသားစုဆီ လက်လွှဲပေးပြီးပါက လုပ်ငန်းပြီးမြောက်သွားပြီ ဖြစ်သည်။

 

သူတို့ကို ငွေတုံး ၆၀၀ ပေးပြီး ဝယ်ခဲ့ကြောင်း ဝူမိသားစုက သတင်းဖြန့်လိမ့်မည်ဖြစ်သည်။ ဒါမှ သူများတွေ သိသွားမှာ ဖြစ်သည်။

 

သူတို့ဘာသာ ဖော်ထုတ်ပြီး သူတို့ပိုက်ဆံ သုံးခဲ့တာကို ပြောပြလိုက်တာ ပိုကောင်းသည်။

 

ရွာသူကြီးက အလွန်အံ့သြသွားခဲ့သည်။

 

ရှောင်ဟန်ကျန့်ရဲ့ ဇနီးမှာ ထိုကဲ့သို့သော အဖိုးတန်ပစ္စည်း ရှိလိမ့်မည်ဟု သူ မထင်မိခဲ့ပေ။

 

"ဒီလိုဆိုရင်တော့ ပြဿနာမရှိဘူး၊ မနက်ဖြန်ကျရင် ဒီကိစ္စကို ကူမေးပေးမယ်၊ သိရတဲ့အချိန်ကျရင် ပြန်ပြောပေးမယ်လေ။"

 

သူတို့ရဲ့ အိမ်အဟောင်းက အလွန်စုတ်နေပြီဖြစ်သည်။

 

အိမ်အသစ်ဆောက်မယ်ဆိုတော့လည်း မဆိုးပေ။

 

ရှောင်ဟန်ကျန့်က ပြုံးကာ သူ့ကို ကျေးဇူးတင်ခဲ့သည်။ "ကျေးဇူးတင်ပါတယ်ဗျာ။ အလုပ်ရှုပ်စေမိပြီ။"

 

ခဏလောက်ထိုင်ပြီးမှ သူတို့နှစ်ယောက်က ပြန်သွားခဲ့သည်။

 

တစ်ဖက်မှာလည်း ဝူမိသားစုက ရှစ်မိသားစု စတုတ္ထသားဆီက အနက်ရောင် အလုံး ၆လုံးကို လက်ခံရရှိခဲ့သည်။

 

သူတို့က ရှစ်မိသားစု စတုတ္ထသားကို အလွန်ပျူငှာပြီး အသုံးမပြုရသေးသည့် အထည်တွေပင် ထုတ်ပိုးပေးကာ ယူပြန်ခိုင်းခဲ့သည်။

 

သူ ပြန်သွားပြီးနောက် ဝူသခင်ကြီးနှင့် သူ့အကြီးဆုံးသားက အိမ်စေအဖွားကြီးကို ခေါ်လိုက်သည်။

 

"ကြည့်ပါဦး။ ဒါ ရှစ်ချင်းလျို့ မင်းကို ခြိမ်းခြောက်ခဲ့တဲ့ အနက်ရောင် အလုံးတွေလား။"

 

အိမ်စေအဖွားကြီးက လမ်းလျှောက်လာကာ အနီးကပ် သေချာကြည့်ခဲ့သည်။ "ဟုတ်ပါတယ်။"

 

ဝူမိသားစုရဲ့ အကြီးဆုံးသားက အကြံပြုခဲ့သည်။ "အဖေ အရင်ဆုံး သူ့အစွမ်းကို စမ်းကြည့်ရအောင်။"

 

သူ့အဖေက ခေါင်းငြိမ့်ပြခဲ့သည်။ "ကောင်းပြီ။ အခု စမ်းကြည့်တာပေါ့။"

 

ဘာပဲဖြစ်ဖြစ် သူတို့မျက်လုံးဖြင့် တစ်ခါမှ မတွေ့ဖူးသေးပေ။ ထိုအရာကို တခြားလူကို အသုံးမပြုခိုင်းခင်မှာ သူတို့ အရင်စမ်းကြည့်တာ ပိုကောင်းသည်။

 

သူတို့သုံးယောက်က ခြံနောက်က ဝေးလံသည့် ခြံကို သွားခဲ့သည်။

 

အနက်ရောင် အလုံးပေါ်က ဖျူးကြိုးကို ညွှန်ပြကာ သခင်မကြီးက ပြောခဲ့သည်။ "ဟိုမိန်းမယုတ်က အဲကြိုးကို မီးရှို့ပြီး ပစ်ထုတ်လိုက်တာနဲ့ ချက်ချင်း ပေါက်ကွဲသွားတာပဲ။"

 

ဝူသခင်ကြီးနှင့် သူ့သားက သူတို့အသက်ကို အလွန်မြတ်နိုးတာကြောင့် အစေခံကောင်လေးတစ်ယောက်ကိုခေါ်ကာ စမ်းသပ်ခိုင်းခဲ့သည်။

 

အစေခံလေးက ကြိုးကို မီးညှိပြီး အဝေးက မြေကွက်လပ်ဆီ ပစ်ထုတ်လိုက်သည်။

 

"ဗုန်း" ပေါက်ကွဲသံ အကျယ်ကြီး ထွက်လာခဲ့သည်။

 

မြေကြီးတွေပင် အနည်းငယ် ဖွာသွားခဲ့သည်။

 

ပေါက်ကွဲမှုကြောင့် ဝူသခင်ကြီးက အနည်းငယ် ထိတ်လန့်သွားခဲ့သည်။

 

သူက သခင်မကြီးဘက်လှည့်ကာ မေးခဲ့သည်။ "ဒီလောက် အစွမ်းကြီးလား၊ အသံကတော့ ကြောက်စရာကြီး။"

 

အိမ်စေအဖွားကြီးက ခေါင်းငြိမ့်ပြခဲ့သည်။ "အင်း တကယ်ကြောက်ဖို့ကောင်းတယ်။"

 

အသံက အရင်က သူမ ကြားခဲ့သည့် အသံနှင့်တူသည်။

 

အစွမ်းလည်း အတူတူပဲဖြစ်မယ်မလား။

 

အဲအချိန်တုန်းက သူမ အရမ်းကြောက်နေတာကြောင့် အာရုံမစိုက်နိုင်ခဲ့ပေ။

 

အစွမ်းထက်ကာ ထိုလောက် အသံကျယ်သည့် ပစ္စည်းကို အခုမှ ဝူသခင်ကြီး ပထမဆုံး တွေ့ဖူးတာ ဖြစ်သည်။

 

တော်တော်လေး ကြောက်ဖို့ကောင်းသည်ဟု သူ ခံစားခဲ့ရသည်။

 

ရှစ်မိသားစုနှင့် အိမ်စေအဖွားကြီး ကြောက်နေတာလည်း မဆန်းတော့ပေ။

 

သူက လက်ယမ်းပြလိုက်သည်။ "မင်း သွားလို့ရပြီ။"

 

အိမ်စေအဖွားကြီးက ချက်ချင်းထွက်သွားခဲ့သည်။

 

ဝူသခင်ကြီးနှင့် သူ့သားက ခြံထဲမှာ နေခဲ့သည်။

 

ဝူသခင်ကြီးက ပြောခဲ့သည်။ "ဒီထက် နည်းနည်း အစွမ်းကြီးရင် ပိုကောင်းမယ်။"

 

သူက ပြုံးကာ ပြောခဲ့သည်။ "လူတချို့နဲ့ သုတေသန လုပ်ခိုင်းပြီး အစွမ်းမြင့်လို့ရလား ကြည့်တာပေါ့။"

 

သူက ထပ်ပြောခဲ့သည်။ "အများကြီးထုတ်နိုင်လို့ကတော့ ကျွန်တော်တို့ ဝူမိသားစုက ငွေအများကြီး ရှာနိုင်ပြီ။"

 

ဝူသခင်ကြီးက ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်တယ် မနက်ဖြန်ကစပြီး လက်မှုပညာသည်ကို ငှားရမ်းပြီး အထူးလေ့လာခိုင်းတာပေါ့။"

 

"ဟုတ်ကဲ့။" သူက ခေါင်းငြိမ့်ပြခဲ့သည်။ သူက ခဏလောက်တွေးကာ ပြောခဲ့သည်။ "အဖေ ငွေတုံး ၆၀၀၊ ဒီကိစ္စကို ဒီတိုင်း ထားလို့ မရဘူးနော်။"

 

ထိုအမျိုးသမီးက သူ့ညီရဲ့မင်္ဂလာပွဲ ပျက်အောင် လုပ်ခဲ့ရုံသာမက အထီးကျန်စွာ မြှုပ်နှံခံရအောင် လုပ်ခဲ့သည်။

 

သူတို့ဆီကနေလည်း ငွေတုံး ၆၀၀ ငွေညှစ်ခဲ့သေးသည်။

 

ဝူမိသားစုဆီက ပိုက်ဆံရဖို့ အဲလောက်လွယ်လား။