အခန်း ၆၂
Viewers 7k

Ch-62 Uni

အခန်း(၆၂) - အရာအားလုံးက သူမ ထိန်းချုပ်မှုအောက်မှာပဲ

 

ရှောင်မိသားစုဟောင်းက ပြဿနာကောင်တွေက သူမ အကြံကို လက်ခံလိုက်တာကြောင့် သူမနှင့် ရှောင်ဟန်ကျန့်က အိမ်ပြန်သွားခဲ့သည်။

 

အိမ်ပြန်ရောက်တော့ ရှစ်ချင်းလျို့က သကြားလုံးလေးတွေကို ထုတ်ပြီး ရှောင်အာ့လန်ကို ပေးလိုက်သည်။

 

"အာ့လန် ချိုချဥ်ကို သူငယ်ချင်းတွေနဲ့စား၊ ပြီးရင် ရှောင်အိမ်ဟောင်းနား သွားပြီး ညစာ မစားခင် သူစိမ်း လာလည်လားဆိုတာ လျှောက်ပတ်ကြည့်ဖို့ ပြောလိုက်၊ တစ်ယောက်ယောက်က မောင်လေးကို အသုံးဝင်တဲ့ သတင်းပေးလာရင် သူ့ကို သကြားလုံး နောက်တစ်လုံး ထပ်ပေးလိုက်။"

 

ရှေးခေတ်မှာ ချိုချဥ်တွေက အလွန်စျေးကြီးသည်။

 

ဟင်းချက်ဖို့ သကြားဝယ်ဖို့တောင် တွန့်ဆုတ်နေသည့် ရွာသားတွေက ကလေးတွေကို ချိုချဥ် မကျွေးပေ။

 

ရွာထဲက ကလေးတိုင်းနီးပါက မွေးကတည်းက ချိုချဥ် မစားဖူးခဲ့ပေ။

 

သကြားလုံးက တာ့လျန်မင်းဆက်မှာ မရှိသေးပေ။

 

သူမက ရှောင်ပိုင်လီနှင့် ရှောင်အာ့လန် စားဖို့ သကြားလုံး လုပ်ခဲ့ခြင်း ဖြစ်သည်။

 

သကြားလုံးစားတာက သကြားစားတာထက် ပိုသင့်လျော်သည်။

 

ကလေးတွေကို စောင့်ကြည့်ခိုင်းခြင်းအားဖြင့် ရွာထဲက ဘယ်သူက ဝူမိသားစုနှင့် ပတ်သက်ကြောင်း ရှာတွေ့နိုင်သည်။

 

အနာဂတ်မှာ သူမ ချမ်းသာလာသည့်အခါ သူမရဲ့ ကြွယ်ဝမှုတွေကို ထိုလူတွေနှင့် မျှဝေမည် မဟုတ်ပေ။

 

ရှောင်အာ့လန်က သကြားလုံးလေးတွေကို တွန့်ဆုတ်စွာ ကြည့်ခဲ့သည်။ "အစ်မ ဒါက သကြားတွေလေ သူတို့ကို တကယ်ပေးလို့ ဖြစ်ပါ့မလား။"

 

ရှစ်ချင်းလျို့က ပြုံးပြီး ရှောင်အာ့လန်ရဲ့ ခေါင်းကို ပွတ်ပေးခဲ့သည်။ "သူများကို ခိုင်းချင်ရင် သူ့အတွက် အကျိုးအမြတ် မပေးဘဲ ဘယ်လိုခိုင်းလို့ရမှာလဲ၊ ပေးကမ်းခြင်းကသာ အလဲအထပ်အနေနဲ့ တစ်ခု ပြန်ရနိုင်လိမ့်မယ်၊ ရှေ့ရေးကိုပိုမြင်နိုင်ဖို့ မောင်လေး အများကြီး သင်ယူဖို့လိုတယ်၊ ပိုက်ဆံနဲ့ ဝယ်တာဖြစ်ဖြစ် ကိုယ်တိုင်လုပ်ထားတာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး၊ ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ဆိုင်းနေစရာ မလိုဘူး၊ စားလို့ကုန်သွားရင် အစ်မ ပြန်လုပ်ပေးမှာပေါ့။"

 

ရှောင်အာ့လန်က အလွန်စဥ်းစားတတ်ပြီး နာခံတတ်သူဖြစ်ကာ အခုက သူ လုံလောက်အောင် မတွေးမိခြင်းသာ ဖြစ်သည်။

 

အမြင်ကျယ်ဖို့အတွက် အနာဂတ်မှာ သူ့ကို ပိုသင်ကြားပေးရမည်။

 

သူက သိပ်နားမလည်သော်လည်း ခေါင်းငြိမ့်ပြခဲ့သည်။ "နားလည်ပါပြီဗျ၊ သူတို့ နာခံအောင် အလုပ်လုပ်ပေးအောင် လာဘ်ထိုးခိုင်းတာမလား၊ အခြေအနေ အဆင်ပြေသွားတဲ့ အခါကျရင်လည်း သဘောထားကြီးရမယ်၊ တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရမယ်။"

 

ရှစ်ချင်းလျို့က ပြုံးကာ ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်တာပေါ့၊ ငါတို့ အာ့လန်လေးက တကယ် ဉာဏ်ကောင်းတာပဲ။"

 

ရှောင်အာ့လန်က သူ့မရီးဖြစ်သူရဲ့ ချီးကျူးမှုကို သဘောကျသွားခဲ့သည်။ "ဒါတွေက အစ်မ သင်ပေးလို့ပါ၊ ဒါဆို သား သူငယ်ချင်းတွေကို သွားရှာလိုက်ဦးမယ်။"

 

"ဟုတ်ပြီ။" ရှစ်ချင်းလျို့က လက်ဝေ့ယမ်းပြခဲ့သည်။

 

ရှစ်ချင်းလျို့ သူရဲ့ ညီငယ်၊ ညီမငယ်တွေကိုသင်ပြနေသည့်အချိန် ရှောင်ဟန်ကျန့်က ဝင်မနှောက်ယှက်ပေ။

 

သူလည်း ကလေးတွေကို လွယ်လွယ်လိမ်လို့ရသည့်လူ မဖြစ်စေချင်ပေ။ သူ့ဇနီးလေးက သူတို့ကို ကောင်းကောင်း သင်ပေးခဲ့သည်။

 

သူက ရှစ်ချင်းလျို့ကို ကြည့်ကာ မေးခဲ့သည်။ "ဘယ်လိုအိမ်မျိုး ဆောက်ချင်လဲ၊ အကြံရှိလား၊ ကိုယ်ပုံစံလိုက်မယ်။"

 

ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်။ "အကြံတွေ အများကြီးရှိတယ်၊ အခန်းပြန်ပြီးဆွဲရအောင်၊ အိမ်ရဲ့ဖွဲ့စည်းပုံကို ပြောင်းချင်တယ်၊ အခုလက်ရှိလို ဖွဲ့စည်းပုံ မလိုချင်ဘူး။"

 

သူမက ရှောင်ဟန်ကျန့်ရဲ့ လက်ကို ကိုင်ကာ အခန်းထဲ ဝင်သွားခဲ့သည်။

 

ရှောင်ဟန်ကျန့်ကလည်း သူမလက်ကိုတွဲပြီး အခန်းထဲဝင်ခဲ့သည်။

 

သူက စာရွက်နှင့် စုတ်တံထုတ်ကာ ရှစ်ချင်းလျို့  ပြောသည့် အချက်တွေကို ချရေးခဲ့သည်။

 

အချက်တွေ အကုန်စုပေါင်းပြီးနောက် သူက စုတ်တံဖြင့် ပုံဆွဲခဲ့သည်။

 

တစ်ဖက်မှာလည်း ရွာထဲက အမျိုးသမီးကြီး တစ်ဦးက ရှောင်မိသားစု အိမ်ဟောင်းကို သွားခဲ့သည်။

 

သူမ သားက ဝူမိသားစုရဲ့ တည်းခိုခန်းမှာ စားပွဲထိုးဖြစ်သည်။

 

သူက စောနလေးတင် အိမ်ကို ပြန်လာကာ ရှောင်သခင်မကြီး ပြဿနာရှာအောင် သွေးဆောင်ဖို့ ပြောခဲ့သည်။

 

ဒါကြောင့် သူမ လာခဲ့ခြင်းဖြစ်သည်။

 

သူမက ရှောင်ဟန်ကျန့် မိသားစုက ဝူမိသားစုဆီက ငွေတုံး ၆၀၀ ရခဲ့ကြောင်းကို မနာလိုအားကျသံဖြင့် ပြောခဲ့သည်။

 

သူတို့မှာ ငွေရာချီလောက်သာရှိပါက မြို့တော် သွားပြီး ကြိုက်တာလုပ်လို့ရသလို လိုချင်တာပါ ကြိုက်သလိုဝယ်လို့ရကြောင်း စောင်းပါးရိပ်ခြေပြကာ ပြောခဲ့သည်။

 

ရှောင်သခင်မကြီးနှင့် တခြားလူတွေက တည်ငြိမ်ပုံရနေပေမယ့် ရင်နာနေကြသည်။

 

မြို့တော်ကို ရောက်ပြီးပါက ငွေတုံး ၆၀၀ ထက် အဆများစွာ ပိုသည့် ငွေတွေ စောင့်ကြိုနေကြောင်း ပြန်ဖြေသိမ့်နေရလေသည်။

 

ထို့အပြင် ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့်ကို သူတို့ ပမာမခန့် မလုပ်ရဲပေ။

 

သူတို့ရဲ့ အကြံအဉာဏ်ကို မှီခိုနေရတာကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းချုပ်ခဲ့သည်။

 

အစောပိုင်းက ရှစ်ချင်းလျို့ရဲ့ ဖိနှိပ်မှုက သိပ်ကောင်းတာကြောင့် ဝူမိသားစုရဲ့ အကြံမအောင်ပေ။

 

အမျိုးသမီးကြီးက ပြောစရာရှိတာ ပြောပြီးနောက် ပြန်သွားခဲ့သည်။

 

ရှောင်သခင်မကြီးနှင့် ကျန်သည့်လူတွေရဲ့ စိတ်ကို သူမ သိသည်။

 

ဘာမှပြန်မပြောတာက သူတို့ ပြဿနာ မရှာဘူးဟူသော အဓိပ္ပာယ်မဟုတ်ပေ။

 

ရှောင်ဟန်ကျန့်တို့ဆီမှာ ငွေတုံး ၆၀၀ ရှိနေမှတော့ ရှောင်သခင်မကြီး တို့က အလွတ်ပေးမည်မဟုတ်ပေ။

 

ရှောင်သခင်မကြီးတို့ ပြဿနာသွားရှာတာကို စောင့်ဆိုင်းရင်း သူမ သားကို ဝူမိသားစုဆီ ဆုကြေးသွားယူခိုင်းခဲ့သည်။

 

သို့ပေမယ့် မိုးချုပ်သွားတာတောင် ရှောင်သခင်မကြီးက ပြဿနာ သွားရှာတာ မတွေ့သေးပေ။

 

သူမက အနည်းငယ် စိတ်ပျက်သွားပြီး မနက်ဖြန် မရောက်ခင်အထိ စောင့်နေချင်သည်။

 

သူမ မသိလိုက်သည်က သူမ ရှောင်မိသားစုအိမ်ဟောင်းက ပြန်ထွက်လာတော့ သူတို့ရွာက ကလေးနှစ်ယောက်က ရှောင်အာ့လန်ဆီ ပြေးကာ သူမ အကြောင်း သွားပြောခဲ့သည်ကိုပင် ဖြစ်သည်။

 

ရှောင်အာ့လန်က သတင်းရတော့ ပြန်လာပြောပြသည့် အချိန်မှာ ရှောင်ဟန်ကျန့်က အမှတ်ရသွားခဲ့သည်။

 

"သူ့သားက မြို့ထဲက စားပွဲထိုးထင်တယ်၊ သူအလုပ်လုပ်တာက ဝူမိသားစုပိုင်တဲ့ တည်းခိုခန်းထင်တယ်။"

 

သူ့ဇနီးလေးက အလွန်အံ့သြဖို့ကောင်းသည်။ အရာအားလုံးက သူမရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေသည်။

 

ရှစ်ချင်းလျို့က ပြောခဲ့သည်။ "စားပွဲထိုးက ပြန်လာပြီး သူ့အမေကို ရှောင်သခင်မကြီးကို သွေးထိုးခိုင်းတာဖြစ်မယ်။"

 

အခုတော့ ကိစ္စတွေကို အတည်ပြုပြီးပြီဖြစ်သည်။ "အခုကစပြီး ကျွန်မတို့ ဘာလုပ်လုပ် သူ့မိသားစုကို မဖိတ်ခေါ်ဘူး။"

 

သူမက လိုအပ်ရင် သဘောထားကြီးသလို၊ လိုအပ်ရင်လည်း စိတ်ထားသေးသိမ်တတ်သည်။

 

တစ်စုံတစ်ယောက်က သူမကို လိမ်လည်လှည့်စားပါက သူမက ဂရုဏာသက်နေမည် မဟုတ်ပေ။

 

ဒါကို ရှောင်ဟန်ကျန့်က သဘောအကျဆုံးဖြစ်သည်။

 

ရှောင်ဟန်ကျန့်က လက်မြှောက်သာ သူမ နားကဆံပင်တွေကို သပ်တင်ပေးခဲ့သည်။ "ကောင်းပြီး မဖိတ်တော့ဘူး။"

 

ဒီကိစ္စကို သူတို့ နှစ်ယောက်လုံး ထပ်မပြောကြတော့ပေ။

 

သူတို့က သူတို့ အိမ်အသစ်ရဲ့ ပုံစံတွေကို ဆွေးနွေးပြီး ရေးဆွဲခဲ့ကြသည်။

 

သူမ ခင်ပွန်းက သူမ လိုချင်သည့် အိမ်ပုံစံ ဆွဲပြီးသွားတာတွေ့တော့ သူမ ခင်ပွန်းက ပန်းချီမှာလည်းတော်ကြောင်း သိခဲ့ရသည်။

 

သူက ထိုအပိုင်းမှာ ကျွမ်းကျင်ထူးချွန်သည်။

 

သူမ ဆန္ဒအတိုင်း အိမ်သာ၊ ရေချိုးခန်း၊ အများသုံး သန့်စင်ခန်းတွေပါ ဆွဲပေးခဲ့သည်။

 

အကယ်၍ သူမသာ ရေဆွဲအိမ်သာနှင့် ရေချိုးခန်းသုံးပစ္စည်းတွေလိုချင်ပါက ပိုက်တွေဆင်ဖို့လိုသည်။

 

သံတွေက စျေးကြီးသည်။ အစိုးရကလည်း ဝယ်ယူမှုကို သန့်သတ်ထားသည်။ ထို့ကြောင့် ပိုက်တွေ ဆင်ဖို့ မဖြစ်နိုင်ပေ။

 

ထို့ကြောင့် သူမ ခင်ပွန်းက မြေပိုက်တွေ မှာဖို့ ပြုလုပ်ခဲ့သည်။

 

ထိုအရာက စျေးပေါပြီး ဝယ်ယူမှုလည်း မကန့်သတ်ထားပေ။

 

သူတို့က အပြင်မှာ ကောက်ရိုးတွေဖြင့်ပတ်ကာ တပ်ဆင်မည်ဖြစ်သည်။

 

ထိုအခါ ကွဲသွားပါက အစားထိုးဖို့လည်း လွယ်ကူသည်။

 

စားသောက်ပြီးနောက် ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်ကိုဆွဲပြီး မြစ်ဘေးက ဝါးတောနားမှာ လမ်းသွားလျှောက်ခဲ့သည်။

 

သူတို့က အသေးစိတ် အစီအစဥ်တွေကို ဆက်ဆွေးနွေးခဲ့သည်။

 

မှောင်ခါနီးမှပဲ နှစ်ယောက်သား လက်ချင်းတွဲကာ ပြန်ခဲ့ကြသည်။

 

နောက်တစ်နေ့ကျတော့ ရွာသူကြီးက သူ့သားဖြင့် မြို့ထဲသွားကာ ဝါးတောနှင့်တောင် စျေးကို မေးခိုင်းခဲ့သည်။

 

မနက်ပိုင်း သူပြန်ရောက်သည့်အချိန်မှာ ရွာသူကြီးက လူလွှတ်ကာ ရှောင်ဟန်ကျန့်ကို ခေါ်ခိုင်းခဲ့သည်။

 

၁၅မိနစ်လောက်ကြာပြီးနောက် ရှောင်ဟန်ကျန့် အိမ်ပြန်လာခဲ့သည်။

 

“မိန်းမရေ မင်း တောင်နဲ့ ဝါးတောဝယ်လို့ ရပြီ၊ ငွေတုံး ၃၅တုံးတဲ့။ အခု သွားဝယ်လို့ရပြီ၊ ပြီးရင် အစိုးရက မြေတိုင်းဖို့ လူလွှတ်လိမ့်မယ်၊ ကိုယ်မြို့ထဲသွားပြီး စာချုပ်သွားယူလိုက်မယ်။"

 

မော့ချင်းလင် မြို့ရဲ့ ရာဇဝတ္တရားသူကြီးဖြစ်လာတည်းက ရုံးတော်တွေက လည်ပတ်မှု ပိုမိုကောင်းလာကြောင်း သူသိသည်။

 

အရင်တုန်းကဆိုရင်တော့ ဒါလေးပြီးဖို့ ရက်အနည်းငယ် ကြာနိုင်သည်။

 

ဒါ့အပြင် ရာဇဝတ္တရားသူကြီးကသာ ရည်ရွယ်ချက်ရှိရှိ ငွေပေးချေမှာကို ပိတ်ဆို့ခဲ့ပါက တစ်လ၊နှစ်လ ကြာသည်အထိ သတင်းရမည်မဟုတ်ပေ။

 

အရင်တုန်းက ရာဇဝတ္တရားသူကြီးဆိုပါက ဖြုတ်ချဖို့အတွက် ရှောင်ဟန်ကျန့်က တွေးထားခဲ့သည်။

 

ကံကောင်းချင်တော့ မော့ချင်းလင် ဖြစ်နေသည်။

 

ရှစ်ချင်းလျို့က ငွေထည့်ထားသည့် သစ်သားသေတ္တာလေးကို ညွှန်ပြခဲ့သည်။ "ငွေယူပြီး သူကြီးရဲ့သားနဲ့သွားလိုက်။"

 

သူမက ငွေတွေကို ဝှက်မထားပေ။

 

ထိုအစား သစ်သားသေတ္တာထဲမှာ ထည့်ထားသည်။

 

သူတို့အသုံးလိုတိုင်း သူမနှင့် ခင်ပွန်းဖြစ်သူ ယူသုံးနိုင်သည်။

 

ရှေးခေတ်တုန်းက အမျိုးသားတွေက မြို့ထဲသွားဖို့လိုသည်။ အမျိုးသမီးတွေပါတာ ရှားသည်။

 

မဖြစ်မနေမှမဟုတ်ရင် သူမလည်း ဒီစည်းမျဥ်းကို မဖောက်ဖျက်တာကြောင့် သူနှင့် လိုက်မသွားခဲ့ပေ။

 

ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြခဲ့သည်။ "ကောင်းပြီ။ ကိုယ်သွားလုပ်လိုက်မယ်။"

 

ထင်သည့်အတိုင်း ထိုနေ့မှာပဲ ရှောင်ဟန်ကျန်က တောင်စာချုပ်ရခဲ့သည်။

 

အိမ်ပြန်ပြင်ဖို့နှင့် အိမ်ဆောက်ဖို့ မြို့ထဲက လက်မှုပညာသည်တွေကိုပင် သူငှားရမ်းခဲ့သည်။

 

အိမ်ပြောင်းဖို့ ရွာသားအနည်းငယ်ပါငှားခဲ့သည်။

 

နေ့တိုင်း ၁၀ပြား ရသည့်အပြင် မနက်စာနှင့် နေ့လည်စာပါ ကျွေးမွေးသည်။

 

ယာလုပ်ပြီးပါက ရွာထဲက သန်မာသည့်အမျိုးသားကြီးတွေက ရှောင်မိသားစုကို လာကူညီခဲ့သည်။

 

ရှစ်ချင်းလျို့က အမေရှောင်နှင့် ရင်းနှီးသည့် အမျိုးသမီးတွေကို ခေါ်စေကာ ချက်ပြုတ်ခိုင်းစေခဲ့သည်။

 

နောက်တစ်နေ့ကျတော့ မြို့ထဲက လက်မှုပညာသည်တွေလာပြီး အိမ်အသစ်ကို စဆောက်ခဲ့သည်။

 

ထိုအကြောင်းတွေကို ရှောင်မိသားစုဟောင်းကလူတွေသိတော့ ဆို့နင်နေလေသည်။

 

မြန်မြန် ထွက်သွားရဖို့အတွက် အိမ်နှင့်မြေကို တစ်ခုပြီးတစ်ခု မြန်မြန်ရောင်းထုတ်ခဲ့သည်။

 

ဒီလိုဆိုရင် အဲနှစ်ယောက်ကို မြင်တွေ့နေစရာ မလိုတော့ဘူး။