အခန်း ၆၃
Viewers 7k

Ch-63 Uni

အခန်း(၆၃) - မငိုရင်ပိုကောင်းမယ်

 

လဝက်လောက်ကြာပြီးနောက် ရှောင်မိသားစုဟောင်းက အထုပ်အပိုးတွေ သိမ်းဆည်းကာ မြို့တော်ကိုသွားဖို့ ပြင်ဆင်ခဲ့သည်။

 

အိမ်နှင့် မြေ ရောင်းပြီးရသည့်ငွေနှင့် ရှောင်ဟန်ကျန့် မထွက်သွားခင်တုန်းက ချန်ခဲ့သည့်ငွေကို ပေါင်းပါက သူတို့လက်ထဲတွင် ငွေတုံးရာချီ ရှိလေသည်။

 

ထို့ကြောင့် သူတို့က မြို့တော်ကိုသွားဖို့ မြင်းရထားလုံး အနည်းငယ်ကို ငှားရမ်းခဲ့သည်။

 

မနက်အစောပိုင်းတွင် မြို့က မြင်းရထားလုံးတွေက သူတို့ကို လာကြိုခဲ့သည်။

 

တို့ဟူး လာဝယ်သည့်လူဆီက ရှစ်ချင်းလျို့ ထိုသတင်းကြားတော့ ရှောင်ဟန်ကျန့်ကိုဆွဲကာ သူတို့ကို သွားနှုတ်ဆက်ဖို့ ထွက်လာခဲ့သည်။

 

အထုပ်အပိုးတွေကို ရထားလုံးပေါ်တင်ပြီးနောက် ရှောင်မိသားစုဟောင်းက သူတို့အိမ်ကို တွန့်ဆုတ်စွာ ကြည့်လိုက်သည်။

 

ဘာပဲဖြစ်ဖြစ် ဒါက သူတို့ နှစ်ပေါင်းများစွာ နေလာခဲ့သည့် အိမ် ဖြစ်သည်။

 

အခုတော့ ဒီနေရာကနေ ရုတ်တရက်ကြီး ထွက်ခွာရတော့မည်။

 

သူတို့ပြန်လာသည့်အချိန်ဆိုရင်တောင် ဒီအိမ်က သူတို့အိမ် မဟုတ်တော့ပေ။

 

ရှစ်ချင်းလျို့ ရောက်သည့်အချိန်မှာပဲ သူတို့ရဲ့ အမူအရာကို တွေ့ခဲ့သည်။

 

ထို့ကြောင့် သူမက ရှေ့တိုးကာ ပြောခဲ့သည်။ "ဒီမဖြစ်စလောက်နေရာလေးကို ခွဲခွာဖို့ ဘာတွေ တွန့်ဆုတ်နေတာလဲ၊ ရှင်တို့ ပိုကောင်းတာနဲ့ နေရတော့မှာ၊ ဗိုလ်ချုပ်စံအိမ်မှာ ချမ်းချမ်းသာသာနဲ့ ရွှေငွေအများကြီးနဲ့ ဒီအိမ်ထက် အဆပေါင်းရာချီကြီးတဲ့နေရာမှာ နေရမှာ မဟုတ်လား၊ ဒီကိုပြန်လာနေချင်သေးတယ်လို့တော့ မပြောနဲ့နော်။"

 

ထိုစကားတွေက ရှောင်မိသားစုဟောင်းက ပြဿနာကောင်တွေရဲ့ တွန့်ဆုတ်မှုနှင့် ဝမ်းနည်းမှုကို ချိုးဖြတ်ပစ်ခဲ့သည်။

 

ဒီကောင်မ ပြောတာတွေက အရမ်း အဓိပ္ပာယ်ရှိတယ်။

 

ဒီလို မဖြစ်စလောက် နေရာလေးက ဗိုလ်ချုပ်စံအိမ်ကို ယှဥ်နိုင်ပါ့မလား။ ဘာတွေ တုံ့ဆိုင်းနေစရာ လိုလဲ။

 

လုံးဝ ပြန်မလာချင်ပါဘူးနော်။

 

ရှောင်သခင်မကြီးက ရှစ်ချင်းလျို့ကို ကြည့်လိုက်သည်။ "နင်က ဒီကို ဘာလာလုပ်တာလဲ။"

 

ရှစ်ချင်းလျို့က တခစ်ခစ်ရယ်ကာ ပြောခဲ့သည်။ "ရှင်တို့နဲ့ မခွဲနိုင်လို့ ရှင်တို့ကို ပို့ပေးဖို့ ရောက်လာတာလေ။"

 

ရှောင်မိသားစုဟောင်းက လူတွေက ဆွံ့အသွားသည်။ ဒီကောင်မ ဟန်ဆောင်နေတာ ကြည့်စမ်းပါဦး။

 

ရှစ်ချင်းလျို့က ဆက်ပြောခဲ့သည်။ "ကျွန်မတို့က ခွဲခွာရတော့မယ်ဆိုပေမယ့် ကိုယ်ကျိုးပဲကြည့်ပြီး ရှင်တို့ကို ရွာမှာ ပစ်ထားတဲ့ သားထက်တော့ ပိုယုံကြည်ရတယ်မလား။"

 

ရှောင်မိသားစုဟောင်းက လူတွေက ရင်နာသွားခဲ့သည်။

 

ဒီအယုတ်တမာမလေးက ရည်ရွယ်ချက်ရှိရှိ လုပ်တာပဲ နေမယ်။

 

ရှောင်သခင်မကြီးက မပျော်မရွှင် ပြောခဲ့သည်။ "နင်လိုက်ပို့စရာ မလိုပါဘူး။"

 

ကောင်းမွန်သည့် ဆက်ဆံရေးရှိသလို ရှစ်ချင်းလျို့က သူမ အနား တိုးလာခဲ့သည်။

 

ရှစ်ချင်းလျို့က မကျေမနပ် အမူအရာဖြင့် ပြောလာခဲ့သည်။ "ရှောင်သခင်မကြီးရဲ့ စကားတွေက ကျွန်မကို ရင်နာစေတယ်၊ ကျွန်မကတော့ ရှင်တို့အတွက် အမြဲတွေးပေးခဲ့တာ။"

 

ရှောင်သခင်မကြီးက တစ်ကိုယ်လုံး ကြက်သီးထခဲ့သည်။ "ပြောစရာရှိရင် ပြောလိုက်။"

 

ရှစ်ချင်းလျို့က နူးညံ့စွာ မေးခဲ့သည်။ "လွန်ခဲ့တဲ့လဝက်က အမျိုးသမီးဟူ ရှင့်ဆီလာပြီး ကျွန်မ ယောက်ျားကို ပြဿနာရှာအောင် သွေးထိုးပေးခဲ့တယ်မလား။"

 

ရှောင်သခင်မကြီးက မျက်လုံး ပြူးသွားခဲ့သည်။ "နင် ဘယ်လိုသိတာလဲ။"

 

ထို့နောက် သူမက အလွန် ဉာဏ်များကြောင်း သဘောပေါက်သွားခဲ့သည်။

 

သို့ပေမယ့် ကိစ္စမရှိပေ။ ဒီအယုတ်တမာက ဘယ်လို သိသွားလဲဆိုတာ သူတို့ ရှာမတွေ့ပေ။

 

ရှစ်ချင်းလျို့က လက်မြှောက်ကာ ကောင်းကင်ကို ညွှန်ပြခဲ့သည်။

 

သူမက ထူးဆန်းစွာ ပြောခဲ့သည်။ "ကျွန်မ ဆရာက မသေမျိုးလေ၊ ကျွန်မက မသိဘဲ နေပါ့မလား။"

 

ရှောင်သခင်မကြီး၊ "..."

 

ယုံသင့်လား၊ မယုံသင့်ဘူးလား။

 

အကယ်၍ မယုံဘူးဆိုရင်လည်း ဒီအယုတ်တမာမလေးက သိနိုင်စရာ အကြောင်းမှ မရှိတာ။

 

သူမက ရှစ်ချင်းလျို့ကို ပိုကြောက်လာခဲ့သည်။

 

သူမ မြို့တော်က ဗိုလ်ချုပ်စံအိမ်ကို ရောက်ပြီးပါက သူမကို မြေးဖြင့် စာရေးခိုင်းပြီး အကြံတောင်းရုံမှအပ တခြားကိစ္စတွေကို အရူး မလုပ်ဖို့ သူမ ကိုယ်သူမ သတိပေးလိုက်သည်။

 

သူမက ရှင်းပြခဲ့သည်။ "သူ့သွေးထိုးမှုကို ငါတို့ နားမထောင်ခဲ့ပါဘူး။"

 

သိပါတယ် ဟူသော အကြည့်ဖြင့် ရှစ်ချင်းလျို့က ကြည့်ခဲ့သည်။ "ရှင်က သိပ်ဉာဏ်ကောင်းတာပဲ၊ ရှင် သူ့ရဲ့ လှည့်ကွက်တွေထဲ မကျရောက်ခဲ့ဘူးလေ။"

 

ထို့နောက် သူမက အမှုမဲ့ အမှတ်မဲ့ မေးခဲ့သည်။ "ရှင်တို့နှစ်ယောက်က မြို့တော်ကို လှေနဲ့ မသွားဘဲ ရထားလုံးနဲ့ သွားမှာလား။"

 

ဒါဒီနေ့ သူတို့ကို လိုက်ပို့ရခြင်း၏ အဓိက အကြောင်းအရင်း ဖြစ်သည်။

 

ရှောင်သခင်မကြီးက များများစားစား တွေးမနေဘဲ အမှန်အတိုင်း ပြောခဲ့သည်။ "ဟုတ်တယ်။ ငါတို့က အထုပ်အပိုးတွေ များတော့ ရေကြောင်းနဲ့ သယ်ရင် အဆင်မပြေလို့လေ။"

 

ရှောင်စုံတွဲက ရေကြောင်းနှင့် တစ်ခါမှ အကြာကြီး ခရီးမသွားဖူးသည့်အပြင် ရေကြောင်းနှင့် ခရီးသွားခြင်းက အန္တရာယ်များသည်ဟု ကြားဖူးသည်။

 

လှေမှောက်ခြင်း သို့မဟုတ် ပင်လယ်ဓားပြတွေနှင့် ဆုံတွေ့ပါက အသက်ဆုံးရှုံးသွားနိုင်သည်။

 

ထို့ကြောင့် ရေကြောင်းဖြင့် သွားတာက အချိန်စောရောက်သော်လည်း ရထားလုံးဖြင့် သွားဖို့သာ ရွေးချယ်ခဲ့သည်။

 

ရှစ်ချင်းလျို့က သဘောတူခဲ့သည်။ "အင်း ပင်လယ်ရေလှိုင်းမူးတတ်ရင် အကြာကြီး ခရီးသွားရတာကြောင့် နေမကောင်းဖြစ်ပြီး သေတောင် သေသွားနိုင်တယ်၊ ရှောင်သခင်မကြီးက ကံကောင်းတာပဲ၊ ဗိုလ်ချုပ်စံအိမ်မှာ ပျော်ပျော်ရွှင်ရွှင်နေရဖို့ ကံကောင်းမှုတွေကို ထိန်းသိမ်းထားပါဦး။"

 

ဒါကြောင့် လှေနဲ့ သွားဖို့ စိတ်ကူးတောင် မပြောင်းလိုက်နဲ့။

 

ရှောင်သခင်မကြီး၏ မူလက တည်ငြိမ်နေသည့် မျက်နှာက အပြုံးရိပ် ပေါ်လာခဲ့သည်။ ထိုစကားမျိုး ကြားရတာ သူမ သဘောကျသည်။

 

မသေမျိုးရဲ့ တပည့်က ကံကောင်းတယ်ဟု ပြောပါက သူမ တကယ်ကံကောင်းမည်ဖြစ်သည်။

 

"နင်က နှုတ်ချိုတာပဲ။"

 

ရှစ်ချင်းလျို့က ချော့မြူခဲ့သည်။ "ကျွန်မက အမှန်အတိုင်း ပြောရတာပဲကြိုက်တယ်။"

 

ရှောင်သခင်မကြီးက ပိုပျော်သွားခဲ့သည်။ "စိတ်မပူပါနဲ့။ ငါတို့ မြို့တော်မှာ ခြေကုပ်ကျားကုပ် မြဲသွားရင် နင်တို့နှစ်ယောက်လည်း အကျိုးရှိစေရပါမယ်။"

 

ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့် သူတို့ကို လာပြီးလိုက်ပို့တာက အကျိုးအမြတ် လိုချင်လို့ဟု သူမ ယုံကြည်နေသည်။

 

သူမ အထင်လွဲနေတာကို ရှစ်ချင်းလျို့ သိပေမယ့် မရှင်းပြခဲ့ပေ။

 

ထိုအစား သူမက ဆက်ပြောခဲ့သည်။ "ရှင့်လို ဉာဏ်ကောင်းတဲ့လူတွေကို ကျွန်မ သဘောအကျဆုံးပဲ။"

 

သူမက ရှောင်ဟန်ကျန့်ရဲ့ ဆန်ကုန်မြေလေးအဖေကို ကြည့်ပြီး သူ့ဆီက ရမည့်အကျိုးအမြတ်ကြောင့် ရှောင်သခင်မကြီးနှင့် တခြားလူတွေက ရှစ်ချင်းလျို့ရဲ့ အကြံကို ပိုယုံလာခဲ့သည်။

 

ထို့နောက် သူမက ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးကို မေးခဲ့သည်။ "ကျွန်မတို့ အရင်တစ်ခါက ပြောထားတာကို မှတ်မိတယ်မလား။"

 

သူမက ရင်ဘတ်ကို ပုတ်ပြခဲ့သည်။ "စိတ်မပူပါနဲ့။ ငါ့စာကို စောင့်နေလိုက်။"

 

ရှစ်ချင်းလျို့က လက်မ ထောင်ပြခဲ့သည်။ "သိပ်တော်တယ်။"

 

ထို့နောက် ရှောင်မိသားစုအိမ်ဟောင်းက လူတွေက တစ်ယောက်ပြီးတစ်ယောက် ရထားလုံးထဲ ဝင်သွားခဲ့သည်။

 

ရှစ်ချင်းလျို့က နွေးထွေးစွာ ပြုံးပြီး ပြောခဲ့သည်။ "ဂရုစိုက်ကြပါ။"

 

ခရီးတစ်ဝက်လောက်ကိုတော့ ပျော်ပျော်ရွှင်ရွှင်သွားပြီး ကျန်တဲ့ ခရီးမှာတော့ မငိုနဲ့နော်။ ငိုချင်ရင်တောင် မြို့တော် မရောက်မချင်း သည်းခံထားဦး။

 

ရှောင်မိသားစုကတော့ သူမရဲ့ အတွေးကို မသိဘဲ သူမရဲ့ စိတ်ထားလေးကို အလွန်သဘောကျနေကာ သူမကို သဘာမကျသည့် စိတ်ကလည်း အများကြီး လျော့ကျသွားခဲ့သည်။

 

ရထားလုံးတွေ မြင်ကွင်းထဲက ပျောက်သွားမှ ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်ကို လှည့်ကြည့်လိုက်သည်။ "အဖိုးကြီးရှောင် ကျန်တဲ့ ကိစ္စတွေ ရှင့်ကို လွှဲထားလိုက်ပြီနော်။"

 

သူမက ရှောင်ဟန်ကျန့်ကို အရိပ်အမြွက် ပြောပြီးသားဖြစ်သည်။

 

သူတို့ကို လုယက်ဖို့ သူမ ခင်ပွန်းဖြင့် လူရှာခိုင်းထားသည်။ ဒီကိစ္စတွေက သူမနှင့် မရင်းနှီးပေ။

 

ရှောင်ဟန်ကျန့်က ပြုံးပြီး သူမ လက်ကို ဆုပ်ကိုင်ခဲ့သည်။ "စိတ်မပူပါနဲ့။ ကိုယ့်ကို လွှဲထားလိုက်။"

 

ဒီလူတွေက ဒုက္ခခံရဖို့ ထိုက်တန်သည်။

 

ဒုက္ခအကြီးကြီး ကြုံပြီးမှ မြို့တော်ရောက်ပါက သူတို့ ယုတ်မာဖို့ ပိုလွယ်မည်ဖြစ်သည်။

 

သူက ထပ်ပြောခဲ့သည်။ "သဘက်ခါ ကိုယ်ခရီးထွက်စရာရှိတယ်၊ ၁၀ရက်ကနေ လဝက်လောက်နေမှ ပြန်လာမယ်၊ အဲမှာ ရှိနေတုန်း အဲဒီကိစ္စကို ကိုယ်ကြည့်ထားလိုက်မယ်။"

 

အရင်တစ်ခါက သူပြောခဲ့ဖူးတာကို ရှစ်ချင်းလျို့က ပြန်တွေးလိုက်သည်။ "ပိုက်ဆံရှာဖို့အတွက် ဆေးဘက်ဆိုင်ရာ ဆွေးနွေးညှိနှိုင်းဖို့ သွားလုပ်မလို့လား။"

 

ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြခဲ့သည်။ "အင်း၊ ကိုယ်အဲမှာ ရှိနေတဲ့အချိန် သူများတွေကိုလည်း ကူညီပေးချင်လို့ပါ။"

 

ရှစ်ချင်းလျို့က မေးခဲ့သည်။ "အဝေးကြီး သွားမလို့လား။"

 

မဟုတ်ရင် ပြန်လာဖို့ ဘယ်လိုလုပ် ၁၀ရက်ကနေ လဝက်တောင်ကြာမှာလဲ။ "စီရင်စုကို သွားမှာ၊ မဝေးပေမယ့် အချိန်ယူရလိမ့်မယ်။"

 

ရှစ်ချင်းလျို့က စီရင်စုအကြောင်း မသိပေမယ့် သူမက ဆက်မမေးတော့ပေ။ "ဒါဆိုလည်း ပြီးတာနဲ့ တတ်နိုင်သမျှ မြန်မြန်ပြန်လာခဲ့၊ ကျွန်မတို့ ရှင့်ကို အိမ်မှာစောင့်နေမယ်။"

 

သူမက ထပ်ပြောခဲ့သည်။ "ဆောက်လုပ်ရေးနဲ့ အိမ်ကို ကျွန်မဆီ လွှဲထားလိုက်။"

 

ရှောင်ဟန်ကျန့်က သူမ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခဲ့သည်။ "ကောင်းပြီ။ ကိုယ်သွားရင်တော့ မင်းကိုပဲ ဒုက္ခပေးရမှာပဲ။"

 

သူမပြောသည့် သူ့ကို အိမ်မှာစောင့်နေမည်ဟူသော စကားကို သဘောကျသည်။ အိမ်ရှိနေတာက သိပ်ကောင်းတာပဲ။

 

နှစ်ရက်ကြာပြီးနောက် ရှောင်ဟန်ကျန့်က မကြာခင်က သူ တောင်ပေါ်က ခူးခဲ့သည့် ဆေးမြစ်တွေယူကာ အိမ်မှ ထွက်သွားခဲ့သည်။

 

ထိုညက ရှစ်ချင်းလျို့ အိပ်မပျော်ခဲ့ပေ။

 

တစ်ဖက်က လွတ်နေသည့် အိပ်ရာကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။ အလေ့အကျင့်က တကယ် ကြောက်ဖို့ ကောင်းတဲ့ အရာပဲ။

 

ဟင်း ငါ့ယောက်ျားကို လွမ်းလိုက်တာ။

 

တည်းခိုခန်းမှာ နေနေသည့် ရှောင်ဟန်ကျန့်လည်း အိပ်မပျော်ခဲ့ပေ။

 

အခုမှ ပထမဆုံးထွက်လာတဲ့ရက်တောင် မိန်းမနဲ့ အိမ်ကို လွမ်းနေပြီ။

 

ဒါ့အပြင် သူပြန်မွေးဖွားလာကတည်းက တစ်ခါမှ အိပ်မပျော်တာမျိုး မဖြစ်ဖူးပေ။

 

အခုတော့ သူ့အတိတ်ဘဝကလို အိပ်ပျော်ဖို့ ခက်ခဲနေပြီ။

 

သူ့ဘေးမှာ ဇနီးလေးရှိမနေတော့ နေသားကျမနေပေ။

 

နောက်ရက်တွေကျတော့ ရှစ်ချင်းလျို့က မြို့ထဲသွားပြီး သာမာန်ဂန္ဓမာပန်းတွေ ဝယ်ယူခဲ့ပြီး အိမ်ဆောက်လုပ်ရေးကို ကြီးကြပ်ခဲ့သည်။

 

သူမက ကိုင်းဆက်ကူးခြင်းနည်းဖြင့် အရောင် သုံးရောင်ပါသည့် ဂန္ဓမာပန်းကို စိုက်ပျိုးခဲ့သည်။

 

နောက်တော့ အမေရှောင်နှင့် ကလေးတွေကိုခေါ်ကာ တောင်ပေါ်က မြေအလွတ်မှာ မျှစ်စို့တွေ စိုက်ပျိုးခဲ့သည်။

 

သူတို့တွေ လွယ်လွယ် မသေအောင် နွေဦးစမ်းရေ လောင်းပေးခဲ့သည်။

 

ထိုနေ့မှာ သူမက အိမ်အသစ်ကနေ ပြန်ရောက်လာခဲ့သည်။

 

သူမ ပြန်ရောက်သည့်အချိန်မှာ ပိုင်ရွှီက ခြံထဲမှာထိုင်နေတာကို တွေ့လိုက်လေသည်။

 

သူမကို တွေ့လိုက်တော့ သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေလေသည်။

 

ရှစ်ချင်းလျို့ရဲ့ နှုတ်ခမ်းက ကော့တက်သွားခဲ့သည်။ ငွေထုတ်ကြီး ရောက်နေပြီ။