အခန်း ၆၄
Viewers 7k

Ch-64 Uni

အခန်း(၆၄) - သူမ အသုံးအဖြုန်းကြီးတာ ရှောင်ဟန်ကျန့် သိလား

 

ပိုင်ရွှီက ခဏလောက်ထိုင်ကာ စောင့်နေခဲ့သည်။

 

"နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ။"

 

ယောက်ျားနှင့် မိန်းမကြားက ကွာဟချက်တွေ၊ အတင်းပြောစရာတွကြောင့်သာ မဟုတ်ပါက သူ အရင်ဆုံး ရှစ်ချင်းလျို့ကို သွားရှာလိုက်မိပြီဖြစ်သည်။

 

ရှစ်ချင်းလျို့က လမ်းလျှောက်ဝင်လာကာ သူ့ရှေ့တွင် ထိုင်လိုက်သည်။ "ဘာကိစ္စလဲ။"

 

သူမ ပျင်းရိစွာ ထိုင်ခုံကို မှီထားတာတွေ့တော့ ပိုင်ရွှီက အံ့သြသွားခဲ့သည်။

 

သူမပဲ သကြားရောင်းဖို့ ပြောခဲ့တာမဟုတ်လား။

 

သူပဲ အရမ်းယုံကြည်ချက်ရှိပြီး ရည်မှန်းချက်တွေ ပြင်းထန်နေတာ မဟုတ်ဘူးလား။

 

သို့ပေမယ့်လည်း သူက ပြောခဲ့သည်။ "လွန်ခဲ့တဲ့ လဝက်က သကြားဝါတွေစုပြီး သကြားဖြူပြောင်းပြီး မြို့တော်ကို ပို့ခဲ့တယ်၊ မင်းစိုးရာဇာ မိသားစုတွေကြားမှာ သကြားဖြူက အရမ်းရေပန်းစားနေတယ်လို့ စာကနေတစ်ဆင့် သိခဲ့ရတယ်။"

 

ရှစ်ချင်းလျို့က သူ့ကို အေးတိအေးစက် ကြည့်လာခဲ့သည်။ "အဲလောက်တောင်လား။"

 

ဘာပဲဖြစ်ဖြစ် သူမရဲ့ ဝေစုက နောက်လမှ စရမှာ ဖြစ်သည်။

 

"ရှင်က ပြန်လည်ထုတ်ပိုးပြီး စျေးတင်ခဲ့တာပဲ၊ သူတို့က အရသာထက် ရှားပါးတဲ့အရာကို သုံးစွဲချင်တာ၊ ဒါက သူတို့ရဲ့ အဆင့်အတန်းကို ကိုယ်စားပြုတယ်လေ။"

 

မဟုတ်ပါက မင်းစိုးရာဇာ မိသားစုတွေက တစ်နေ့ သုံးနပ်ကို သကြားဖြူဖြင့် ထည့်စားမည် မဟုတ်ပေ။

 

ထို့ကြောင့် သကြားဖြူရဲ့ အရည်အသွေးက အာမခံချက်ရှိပြီး ထုတ်ပိုးမှုကလည်း သူတို့ အဆင့်အတန်းနှင့် ကိုက်ညီသည်။

 

အစကတည်းက သကြားဖြူကို စျေးကြီးကြီးနှင့် မင်းစိုးရာဇာ မိသားစုတွေကို ရောင်းချပြီး သာမာန်ပြည်သူတွေကို ပစ်မှတ်မထားပေ။

 

ရောင်းရသည့် ပမာဏ အရမ်းများလာမှ စျေးကျသွားပြီး သာမာန် အိမ်သုံး ဟင်းခတ်အမွှေးအကြိုင် ဖြစ်သွားမည် ဖြစ်သည်။

 

သို့ပေမယ့်လည်း အချိန် ခဏအတွင်း စျေးကျသွားဖို့ကတော့ မဖြစ်နိုင်ပေ။

 

ပိုင်ရွှီက ခပ်ဟဟရယ်ခဲ့သည်။ "ထင်တဲ့အတိုင်း မင်း ကြိုတင်ခန့်မှန်းတာ မှန်ပါတယ်။"

 

ရှောင်ဟန်ကျန့်ရဲ့ ဇနီးက လုပ်နိုင်စွမ်းရည်ရှိပြီး ဗဟုသုတ ကြွယ်ဝသည်။

 

သူမက သူ သိသည့် အမျိုးသား အများစုထက် ထက်မြက်သည်။

 

ရှစ်ချင်းလျို့က ရွှံ့မီးဖိုအနီလေးနား သွားလိုက်ပြီး လက်ဖက်ရည် ပါဝင်ပစ္စည်းတွေယူပြီး ကုန်းဖူလက်ဖက်ရည်နှပ်ဖို့ ပြင်လိုက်သည်။

 

ယခု ရှေးခေတ်မှာ ကုန်းဖူလက်ဖက်ရည် မရှိပေမယ့် မော်ဒန်ခေတ်မှာ သူမက ကုန်းဖူ လက်ဖက်ရည် သောက်ရတာ သဘောကျသည်။

 

ထိုနေ့က ရက်အနည်းငယ်ကြာပြီးပါက ကိုယ်တိုင် စိတ်တိုင်းကျ လုပ်ထားသည့် လက်ဖက်ရည် ပါဝင်ပစ္စည်းတွေဖြင့် မြို့ထဲပြန်သွားဦးမည်ဖြစ်ကြောင်း မရည်ရွယ်ပဲ သူမ ရှောင်ဟန်ကျန့်ကို ပြောမိခဲ့သည်။

 

သူမက ပိုင်ရွှီအတွက် တစ်ခွက် ထည့်ပေးခဲ့ပြီး သူမအတွက် တစ်ခွက် ထည့်ခဲ့သည်။

 

သူမက ဇိမ်ခံကာ သောက်လိုက်သည်။ "နောက်လ ရှင် ကျွန်မကို အကျိုးအမြတ် လာပို့ပေးမှာကို စောင့်နေတာလေ။"

 

သူမက ငွေရေးကြေးရေး ရှာနိုင်စွမ်းရှိရင်တောင် မပြောင်းလဲပေ။

 

ပိုင်ရွှီဆီက ငွေထောင်ချီ ရပြီးပါက လက်ဖက်ရည်ကောင်းကောင်း သွားဝယ်မည်ဖြစ်သည်။

 

လက်ဖက်ရည်ကို ထိုသို့နှပ်သည့်လူကို ပိုင်ရွှီအခုမှ ပထမဆုံး တွေ့ဖူးတာ ဖြစ်သည်။

 

သူမ ခွက်ကို မလိုက်သည့်အချိန်မှာ လက်ဖက်ရည်က စိမ်းဖန့်ဖန့်နှင့် အရောင်ကြည်တောက်နေတာ တွေ့ခဲ့သည်။

 

လက်ဖက်ရည်အနံ့ကလည်း ပြင်းထန်သည်။

 

အလွန် လတ်ဆတ်နေသည်။

 

"မင်း လက်ဖက်ရည်ဖျော်စပ်နည်း သိမယ်လို့ မထင်မိခဲ့ဘူး။"

 

သူက မေးခဲ့သည်။ "ဒါ ဘယ်လိုဖျော်စပ်နည်းလဲ။"

 

ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်။ "ဒါကို ကုန်းဖူလက်ဖက်ရည်လို့ခေါ်တယ်။"

 

"ဘာလို့ ကုန်းဖူလို့ ခေါ်တာလဲ။" ဒီလိုနာမည်ကို ပိုင်ရွှီ အခုမှ ကြားဖူးတာ ဖြစ်သည်။

 

ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်။ "ဘာလို့လည်းဆိုတော့ ဒီလက်ဖက်ရည်ဖျော်စပ်နည်းက အရမ်း အသေးစိတ်ကျတယ်၊ လက်ဖက်ရည် ဖျော်စပ်ဖို့ တိကျသေချာတဲ့ ပမာဏ လိုအပ်တယ်။"

 

ပိုင်ရွှီက ခေါင်းငြိမ့်ပြခဲ့သည်။ "မင်းပြောတာမှန်တယ်။"

 

စောနက ရှစ်ချင်းလျို့က အခက်အခဲမရှိ သပ်ရပ်စွာ လက်ဖက်ရည် နှပ်ခဲ့တာကို သူ တွေ့ခဲ့သည်။

 

အကယ်၍ သူမသာ ဟောင်းနွမ်းသည့် အဝတ်အစားကို ဝတ်ဆင်ထားပြီး ဖြူဖတ်ဖတ်နှင့် ပိန်ကပ်မနေပါက သူမက မျိုးရိုးမြင့် အမျိုးသမီးဟု သူ ထင်မိနိုင်သည်။

 

"ကုန်းဖူလက်ဖက်ရည်ရဲ့ အကျိုးကျေးဇူးက ဘာတွေရှိလဲ ပြောပါဦး။"

 

ထို့ကြောင့် ရှစ်ချင်းလျို့က ပိုင်ရွှီနှင့် လက်ဖက်ရည်အကြောင်း စတင်ပြောဆိုခဲ့သည်။

 

သူမက လက်ဖက်ရည်ကို ကျွမ်းကျင်အောင် ဖျော်စပ်တတ်ရုံတင်မက အလွန်လည်း သိနေတာကြောင့် ပိုင်ရွှီ အံ့သြသွားခဲ့သည်။

 

ဒီအမျိုးသမီးတောင် အဲလောက် အံ့ဖွယ်ကောင်းနေမှတော့ မသေမျိုး တာအိုဘုန်းတော်ကြီးဆိုရင် ဘယ်လောက်တောင် အံ့ဖွယ်ကောင်းနေလိုက်မလဲ။

 

ပိုင်ရွှီက ပြုံးကာ ပြောခဲ့သည်။ "ကုန်းဖူလက်ဖက်ရည် ဖျော်စပ်နည်းကို သင်ယူလို့ရမလား။"

 

သူမက လက်ဖက်ရည်ကို သပ်ရပ်စွာ လုပ်ခဲ့သည်။

 

သူငယ်ချင်းတွေနှင့် စကားပြောသည့်အချိန် သို့မဟုတ် စီးပွားရေး တွဲဖက်တွေနှင့် စကားပြောသည့်အချိန် လက်ဖက်ရည် ဖျော်စပ်ပြီး တိုက်ပါက တော်တော်လေး အဆင်ပြေနိုင်သည်။

 

ရှစ်ချင်းလျို့က ခပ်တည်တည် ပြုံးခဲ့သည်။ "ဒါပေါ့ လက်ဖက်ရည်အတွက် လိုအပ်တာတွေ သွားယူခဲ့၊ အခု သင်ပေးမယ်။"

 

ပိုင်ရွှီက စိတ်ဝင်စားသွားခဲ့သည်။ "ကျေးဇူးတင်ပါတယ်။"

 

သူတို့ နှစ်ယောက်က လက်ဖက်ရည်သောက်ကာ စကားပြောခဲ့ကြသည်။

 

ပိုင်ရွှီက ကုန်းဖူလက်ဖက်ရည် ဖျော်စပ်နည်းကို အကြမ်းဖျင်း သင်ယူခဲ့သည်။

 

သူက ဒီနေ့ပဲ မြို့ထဲသွားပြီး လက်ဖက်ရည် ပါဝင်ပစ္စည်းတွေ မှာယူဖို့ စီစဥ်ထားသည်။

 

သူ့ရဲ့ လုပ်ဆောင်မှုကို ကြွားဝါဖို့ ရက်အနည်းငယ်ကြာပြီးရင် သူငယ်ချင်းတွေကို ဖိတ်ကြားမည်။

 

ကုန်းဖူ လက်ဖက်ရည် ဖျော်စပ်နည်း သင်ပြီးနောက် ပိုင်ရွှီက သုံးရောင်စပ် ဂန္ဓမာပန်းအိုးကို ညွှန်ပြကာ ပြောခဲ့သည်။ "မင်းစိုက်ပျိုးထားတာလား။"

 

လွန်ခဲ့သည့် ရက်အနည်းငယ်က သူမ ပြောခဲ့သည် သူမက ဂန္ဓမာပန်းတွေနှင့် ကမဲလီးယားပန်းတွေကို အရောင်စုံ စိုက်ပျိုးနိုင်ကြောင်း ပြောခဲ့တုန်းက သူ မယုံကြည်ခဲ့ပေ။

 

ရိုးတံတစ်ခုထဲမှာ ပန်းက ဘယ်လိုလုပ် အရောင်စုံရှိနေမှာလဲ။ ဒါက စိတ်ကူးသက်သက်ပဲ။

 

သို့ပေမယ့် အခု အမှန်တရားက သူ့ကို ပါးဖြတ်ရိုက်လိုက်ပြီဖြစ်သည်။

 

စောနလေးတင်မှ ရှစ်ချင်းလျို့နှင့် လက်ဖက်ရည်အကြောင်း ပြောဆိုဆွေးနွေးပြီးတာကြောင့် သူမကို ထပ်မံ အထင်မသေးရဲတော့ပေ။

 

ရှစ်ချင်းလျို့က တခစ်ခစ် ရယ်မောခဲ့သည်။ "ဒါပေါ့ ကျွန်မ စိုက်ပျိုးထားတာလေ၊ ဘာလဲ ပါးဖြတ်ရိုက်ခံလိုက်ရတာ နာရဲ့လား။"

 

ပိုင်ရွှီက ဆွံ့အ သွားခဲ့သည်။ မင်း လူသားဆန်လို့ ရမလား။

 

သူက အရမ်းသိချင်နေသည်။ "မင်း ဘယ်လိုလုပ်ပြီး ဒီဂန္ဓမာပန်းကို စိုက်ပျိုးနိုင်တာလဲ။"

 

ရှစ်ချင်းလျို့က မျက်ခုံးပင့်ခဲ့သည်။ "ဒါလျှို့ဝှက်နည်းပညာလေ၊ နားလည်လား။"

 

ဒါက သူမ စားဝတ်နေရေးအတွက် ပိုက်ဆံရှာဖို့ သုံးနေရသည့် ပညာရပ်မလို့ တခြားလူတွေကို မျှဝေလို့မရပေ။

 

အနည်းဆုံးတော့ အခု အတွက်ပေါ့။

 

ပိုင်ရွှီက ရယ်လိုက်သည်။ "ကောင်းပါပြီ။ ဘယ်လို စိုက်ပျိုးလဲဆိုတာ မမေးတော့ပါဘူး၊ ဘယ်လိုရောင်းမလဲဘဲ မေးတော့မယ်။"

 

ရှစ်ချင်းလျို့က သူ့အတွက် လက်ဖက်ရည် နောက်တစ်ခွက် ငှဲ့ပေးလိုက်သည်။ "ဘယ်လောက်တန်တယ်လို့ ရှင်ထင်လဲ။"

 

ပိုင်ရွှီက ပြန်လည် ချေပခဲ့သည်။ "ဒါက မင်းတစ်ယောက်တည်းပဲ စိုက်ပျိုးနိုင်တဲ့ဟာမလား။"

 

ရှစ်ချင်းလျို့က ပြုံးခဲ့သည်။ "စျေးပေါ်ပဲ မူတည်တယ်၊ ဝယ်တဲ့လူက စျေးကောင်းပေးဝယ်ရင်တော့ တစ်ခုတည်းသောနဲ့ တမူထူးခြားတဲ့ဟာ ဖြစ်မှာပေါ့၊ စျေးက သာမာန်ပဲဆိုရင်တော့ အပင် ဆယ်ပင် သို့မဟုတ် ရာချီ ရှိမှာပေါ့။"

 

သူမက သူ ဝယ်တာကို စောင့်ဆိုင်းနေတာများလားဟု တွေးလိုက်မိသည်။

 

"ပိုက်ဆံ အရမ်းလိုချင်နေတာလား။"

 

သူက ထပ်ပြောခဲ့သည်။ "မင်းက အခြေခံစာသင်သားရဲ့ ဇနီးမလို့ အနာဂတ်မှာ အဆင့်မြင့်စာသင်သားရဲ့ ဇနီး သို့မဟုတ် ဒီထက်ပိုမြင့်တဲ့ရာထူး ရနိုင်ချေ ရှိတာပဲလေ။"

 

ရှစ်ချင်းလျို့က သူ့ကို မျက်လုံးလည်ပြခဲ့သည်။ "ဘယ်သူ့မိန်းမဖြစ်ဖြစ် စားသောက်ဖို့ လိုအပ်တာပဲ၊ ကျွန်မက ပိုက်ဆံလိုတယ်၊ စျေးနှုန်းသာ ပြောစမ်းပါ၊ ရှင့်ဘာသာ သိမ်းထားထား မြို့တော်မှာပဲ သွားရောင်းရောင်း ကြိုက်တာလုပ် ကျွန်မနဲ့ မဆိုင်ပါဘူး။"

 

ပိုင်ရွှီက ဆွံ့အ သွားခဲ့သည်။ "အရင်တစ်ခါကပဲ ငွေတုံး ၁၀၀၀ ပေးခဲ့တယ်မလား၊ ဝူမိသားစုဆီကလည်း ငွေတုံး ၆၀၀ ရခဲ့သေးတယ်လို့ ငါကြားတယ်၊ အဲတာ မင်း စားဖို့ သောက်ဖို့ မလုံလောက်ဘူးလား။"

 

ရှစ်ချင်းလျို့က အချက်ကျကျ ပြန်ပြောခဲ့သည်။ "ပိုက်ဆံအများကြီးရှိလို့ ဘယ်သူက ညည်းညူလို့လဲ၊ ကျွန်မ အိမ်အသစ်ဆောက်ဖို့ ငွေရာချီကနေ ထောင်ဂဏန်းထိ ကုန်ဦးမှာ၊ ပြီးတော့ ကျွန်မ အလုပ်ရုံ ထပ်ဖွင့်ဖို့လည်း လိုသေးတယ်၊ အကုန်လုံး ကုန်ကျစရိတ်တွေပဲ။"

 

သူမက အိမ်အသစ်ကို တစ်ခါတည်း ဆောက်ချင်ပြီး အိပ်ခန်းကို သစ်သားတွေခင်းပြီး ဧည့်ခန်းကို စကျင်ကျောက်အပြည့် ခင်းချင်သည်။

 

အခုခေတ်မှာ စကျင်ကျောက်တွေကလွဲရင် ကြွေပြားတွေကို မဖန်တီးရသေးပေ။

 

သို့ပေမယ့် စကျင်ကျောက်က အလွန်စျေးကြီးသည်။

 

သူမသာ တစ်အိမ်လုံးကို စကျင်ကျောက်တွေ ခင်းမည်ဆိုပါက စကျင်ကျောက် ကုန်ကျစရိတ်က ငွေတုံး ရာချီ ကုန်ကျမည်ဟု သူမ ခင်ပွန်းက ခန့်မှန်းပေးခဲ့သည်။

 

သစ်သားခင်းဖို့က လွယ်ကူသည်။ တောင်ပေါ်က ခုတ်ယူရန်သာ လိုသည်။

 

ထို့ကြောင့် သူမက ကြွေပြားစက်ရုံ ထူထောင်ခြင်း သို့မဟုတ် နည်းပညာ ရောင်းစားခြင်း လုပ်ချင်သည်။

 

ဒီလိုဆိုရင် စကျင်ကျောက်ခင်းခြင်းထက် ကုန်ကျစရိတ် ပိုသက်သာနိုင်သည်။

 

ပိုင်ရွှီက ဆွံ့အ သွားခဲ့သည်။ "ရွာထဲမှာ ဘာလို့ အဲလောက် စျေးကြီးတဲ့အိမ်ကို ဆောက်တာလဲ။"

 

မြို့ထဲမှာ စျေးအကြီးဆုံး အိမ်တောင်မှ ရာဂဏန်းအနည်းငယ်လောက်သာ ကုန်ကျသည်။

 

ပိုင်မိသားစုရဲ့ စံအိမ်တောင် ငွေတုံး ၁၀၀၀ကျော်လောက်သာ ကုန်ကျသည်။ ဒီအမျိုးသမီးက တကယ်ရည်မှန်းချက်ကြီးတာပဲ။

 

ရှစ်ချင်းလျို့က လက်ဖက်ရည် တစ်ငုံ သောက်လိုက်သည်။ "ပျော်ရွှင်ဖို့အတွက်လေ၊ မဟုတ်ရင် ဘာလို့ ပိုက်ဆံကို အဲလောက် ရှာနေမှာလဲ။"

 

သူမက အချက်ကျကျ ထပ်ပြောခဲ့သည်။ "ပိုက်ဆံရှာတယ်ဆိုတာ သုံးဖြုန်းဖို့ပဲလေ။"

 

ပိုင်ရွှီက ပင့်သက်ရှိုက်လိုက်သည်။ သူ့မိန်းမ အသုံးအဖြုန်းကြီးတာ ရှောင်ဟန်ကျန့် သိလား။

 

"မင်းကတော့ အံ့သြစရာပဲ။" ဘာပြောရမလဲဆိုတာ သူ မသိတော့ပေ။

 

"ငါသိချင်တာက ရွာထဲမှာ အိမ်ဆောက်ဖို့ကို ဘာလို့ ပိုက်ဆံ အဲလောက် လိုနေတာလဲ။" ဒါကို သူ တကယ် တွေးကြည့်လို့ မရပေ။

 

ရှစ်ချင်းလျို့က သူ့ကို မပြောပြချင်ပေ။ "ကျွန်မ လုပ်ပြီးရင် ရှင်သိလိမ့်မယ်။"

 

သူမက သူမ ခင်ပွန်းနှင့်သာ ဆွေးနွေးခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဒါက သူတို့ရဲ့ အိမ်အသစ်လေး ဖြစ်သည်။

 

ပိုင်ရွှီကို ပြောပြနေစရာ အကြောင်း မရှိပေ။

 

ပိုင်ရွှီက သူမကို ကြည့်လိုက်သည်။ သူမက သူ့ကို အထင်သေးနေတာ ခံစားမိသည်။

 

သူက ပြောခဲ့သည်။ "ကောင်းပြီ မင်း ဘယ်လိုအိမ် ဆောက်မလဲဆိုတာ ကြည့်တာပေါ့။"

 

ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်။ "ရှင် လုံးဝ အားကျသွားလိမ့်မယ်၊ ပြီးတော့ ရှင် အမြင်လည်း ပွင့်သွားလိမ့်မယ်။"