အခန်း ၆၅
Viewers 7k

Ch-65 Uni

အခန်း(၆၅) - ကျွန်မကိုပဲ ယုံလိုက်။

 

ပိုင်ရှီ မယုံကြည်ပေ။

 

သူက မြို့တော်က ဇိမ်ခံ စံအိမ် အကောင်းစားတွေ မြင်ဖူးထားပြီး ရွာထဲက စံအိမ်လောက်က သူ့ကို အားကျမှုဖြစ်စေကာ အမြင်ကျယ်စေမည်ဖြစ်ကြောင်း သူ မယုံကြည်ပေ။

 

သူ မယုံကြည်တာ သိသော်လည်း ရှစ်ချင်းလျို့က ရှင်းပြရမှာ ပျင်းနေသည်။

 

ဒါ့အပြင် ရှေးခေတ်ကလူတွေကို မော်ဒန်ခေတ်က ပစ္စည်းတွေအကြောင်း ရှင်းပြလည်း အပိုပဲ ဖြစ်သည်။

 

ထင်သည့်အတိုင်း သူမ ခင်ပွန်းကသာ အကောင်းဆုံး ဖြစ်သည်။

 

သူက သူမကို အရာအားလုံး ယုံကြည်ပေးကာ သူတို့တွင် တူညီသည့်အရာ ရှိနေသည်။ သူတို့တွေက ဖူးစာဖက်တွေ ဖြစ်သည်။

 

ဟင်း ရုတ်တရက်ကြီး တွေးလိုက်မှပဲ သတိတောင် ရသွားပြီ။

 

ရှစ်ချင်းလျို့က လက်ခါပြလိုက်သည်။ "ပေါက်ကရတွေ တော်တော့၊ သုံးရောင်စပ် ဂန္ဓမာပန်း ဝယ်မယ်ဆိုရင် စျေးပြောလိုက်၊ ရှင်မယူရင် မြို့တော်ကလူတစ်ယောက်ကို ရှာပြီး ရောင်းလိုက်မယ်။"

 

ပိုင်ရွှီက အလောတကြီး ပြောခဲ့သည်။ "ငါ ယူမှာပါ၊ ဒီလိုဆိုရင် ဘယ်လိုလဲ၊ ရှားပါးမှုအပေါ် မူတည်ပြီး စျေးသတ်မှတ်မယ်လေ၊ ဒီဂန္ဓမာပန်းကို ငွေတုံး ၃၀၀ ပေးမယ် အဆင်ပြေလား။"

 

အနီ၊ အဝါ၊ အပန်း သုံးရောင်စပ် ဂန္ဓမာပန်းက ခရမ်းရောင် ဂန္ဓမာပန်းထက် ပိုရှားသည်။

 

အကယ်၍ သူမြို့တော်မှာ သွားရောင်းရင်တောင် စျေးက နည်းမည် မဟုတ်ပေ။

 

အဓိက အချက်က သူသာ ရှားပါးသည့် ပစ္စည်းရောင်းပါက သူ့ဂုဏ်သိက္ခာ တိုးပွားမည်ဖြစ်သည်။

 

ဒါက ရှစ်ချင်းလျို့ တွေးထားသည့် အကြမ်းဖျင်း ခန့်မှန်းထားသည့် စျေးနှုန်း ဖြစ်သည်။

 

ပန်းစိုက်ပျိုးတာက တကယ့်ကိုပဲ အမြတ်ကျန်သည့် အလုပ် ဖြစ်သည်။

 

သူမက ခေါင်းငြိမ့်ပြခဲ့သည်။ "ငွေတုံး ၃၀၀က အဆင်ပြေတယ်။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။"

 

ပိုင်ရွှီက မေးခဲ့သည်။ "ဘာလဲ။"

 

ရှစ်ချင်းလျို့က ပွင့်ပွင့်လင်းလင်း ပြောခဲ့သည်။ "သိုးအဆီနဲ့ သိုးမွှေးတွေ စုံစမ်းပေးပါဦး၊ ရှင် စုံစမ်းပေးလို့ရတဲ့ အရေအတွက် အကုန် ဝယ်မယ်။"

 

ပိုင်ရွှီရဲ့ ဦးလေးက ထိုကိစ္စကို စီစဥ်ပေးနိုင်သည်။

 

သူက မေးခဲ့သည်။ "သိုးအဆီနဲ့ သိုးမွှေးက ဘာလုပ်မလို့လဲ၊ သိုးအဆီက အရမ်းအဆီများပြီး သိုးမွှေးက အသုံးမဝင်ဘူး။"

 

ရှစ်ချင်းလျို့ လိုချင်တာက မလွယ်ဘူးဟု သူ ခံစားလိုက်ရသည်။

 

ရှစ်ချင်းလျို့က ထူးထူးဆန်းဆန်းပြုံးခဲ့သည်။ "အချိန်ကျရင် ရှင်သိပါလိမ့်မယ်။"

 

သိုးအဆီက ဖယောင်းတိုင်နှင့် ဆပ်ပြာ လုပ်လို့ ရသည်။ သိုးမွှေးကိုတော့ ချည်တွေ လုပ်လို့ ရသည်။

 

မီးဖိုမရှိ၊ လေအေးပေးစက် မရှိ၊ ဆောင်းတွင်းမှာ အပူပေးစက် မရှိတာကြောင့် သူမက အအေးကြောက်သည်။

 

သားရေတွေထက်စာရင် သိုးမွှေးက ဆောင်းတွင်းမှာ အအေးဒဏ် ပိုကာကွယ်ပေးနိုင်သည်။

 

အခု သိုးမွှေးတွေ မရှိတာကြောင့် သိုးမွှေးထုတ်လုပ်ခြင်းနှင့် ချည်ထုတ်လုပ်ခြင်း လုပ်ငန်း တည်ထောင်နိုင်သည်။

 

ဒီလိုဆိုရင် တစ်နယ်တည်းက အမျိုးသမီးတွေကိုလည်း အလုပ်ပေးနိုင်မည်ဖြစ်သည်။

 

အခု ချည်တွေလုပ်ဖို့ သိုးမွှေးတွေ စတင် စုဆောင်းမည်ဖြစ်သည်။

 

ဆောင်းတွင်းရောက်ပါက ထိုအရာတွေကို ရောင်းချနိုင်သည်။

 

ပိုင်ရွှီက အကူအညီမဲ့စွာ ကြည့်လိုက်သည်။ "ကောင်းပြီ။ ဦးလေးနဲ့ ကူရှာခိုင်းလိုက်မယ်။"

 

ထိုအရာတွေကို စုဆောင်းဖို့ မခက်ဘဲ ပြဿနာသာ ရှိသည်။

 

"ဒီသုံးရောင်စပ် ဂန္ဓမာပန်းအပြင် ပျိုနီပန်းတွေ၊ ကမဲလီးယားပန်းတွေ၊ ဂန္ဓမာပန်းတွေကို ရှားပါးအရောင်တွေ စိုက်ပျိုးနိုင်လား။"

 

ဒါက သူ ရှစ်ချင်းလျို့ရဲ့ တောင်းဆိုချက်ကို သဘောတူလိုက်သည့် အဓိက အကြောင်းအရင်း ဖြစ်သည်။

 

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "ပြဿနာ မရှိဘူး၊ အမည်းရောင် ဂန္ဓမာပန်း စိုက်ပျိုးနိုင်သလို ကမဲလီးယားပန်းနဲ့ ပျိုနီပန်းတွေလည်း အရောင်စုံ စိုက်ပျိုးနိုင်တယ်၊ ရှင် မတွေးနိုင်တဲ့ ပန်းတွေကိုတောင် ကျွန်မ စိုက်ပျိုးနိုင်တယ်။"

 

ဒီတစ်ခါတော့ ပိုင်ရွှီက သံသယဝင်နေသည်။

 

သူက သာမာန်ကာလျှံကာဖြင့် မေးခဲ့သည်။ "ဂန္ဓမာပန်းအပြာနဲ့ ပျိုနီပန်းအပြာ စိုက်ပေးလို့ ရလား။"

 

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "ဒါပေါ့၊ ဂန္ဓမာပန်း အပြာ မပြောနဲ့။ အစိမ်းလည်း ရတယ်။"

 

ပိုင်ရွှီက အံ့သြသွားခဲ့သည်။ တကယ်လားဟ။

 

"ဒါဆို ငါတို့ပြောခဲ့တဲ့ ပန်းတွေ စိုက်ထားပေး၊ ပန်းပင် တစ်ပင်ကို ငွေတုံး ၃၀၀ ပေးမယ်။"

 

ရှစ်ချင်းလျို့က ပြောခဲ့သည်။ "ဒါက ရောင်စုံပန်း စိုက်ပျိုးရတာထက် ပိုခက်လို့ စျေးပိုများမယ်၊ အရောင်တစ်မျိုးတည်း ဂန္ဓမာပန်းတွေက တခြား စာသင်သားတွေကို ပိုသဘောကျစေတယ်လေ၊ မြို့တော်မှာလည်း ရောင်းလို့ရပြီး အရမ်းရှားတယ်လေ၊ မြို့တော်က မင်းစိုးရာဇာ မိသားစုတွေက ပန်းတွေကို သဘောကျတယ်ကြားတယ်၊ ဒါက ခေတ်စားခဲ့တာ ကြာပြီလေ၊ ဒီအခွင့်အရေးကို သုံးပြီး လူမှုဆက်ဆံရေး အသိုင်းအဝိုင်း တိုးချဲ့လို့ ရတယ်။"

 

ဒါက သူမ ခင်ပွန်း ပြောပြခြင်း ဖြစ်သည်။

 

"ဒါကြောင့် တစ်ပင်ကို ငွေတုံး ၄၀၀ ပေး၊ သဘောတူရင် နောက်ထပ် ရက်အနည်းငယ်ကျရင် စိုက်ပျိုးပေးမယ်။"

 

ပိုင်ရွှီက ခဏလောက်တွေးပြီး အံကြိတ်လိုက်သည်။ "ကောင်းပြီ။ မင်းစိုက်မယ်ဆိုရင် ငွေတုံး ၄၀၀ ပေးမယ်။"

 

အကယ်၍ ထိုပန်းတွေကို သူ မြို့တော်မှာ သွားရောင်းပါက စျေးတင်လို့ရသည့်အပြင် သူ့ဂုဏ်သတင်းလည်း တက်မည် ဖြစ်သည်။

 

ဒါ့အပြင် ရောင်းပြီး ပိုက်ဆံရှာတာဖြစ်ဖြစ် မရှာတာဖြစ်ဖြစ် ဒါက အသေးအမွှားသာ ဖြစ်သည်။

 

အဓိက အချက်က သူက ထိုပန်းတွေကိုသုံးပြီး မြို့တော်က အထက်တန်းလွှာထဲ ထိုးဖောက်ဝင်ရောက်ချင်တာ ဖြစ်သည်။

 

ရှစ်ချင်းလျို့က ပြုံးခဲ့သည်။ "ဟုတ်တယ်၊ စီးပွားရေးလုပ်ရင် ပွင့်လင်းရတယ်၊ ရှင်က ပွင့်လင်းမှတော့ နောက်ထပ် လျှို့ဝှက်နည်းပညာ တစ်ခု ရောင်းပေးမယ်။"

 

ပိုင်ရွှီက ဆွံ့အ သွားခဲ့သည်။ "မင်းမှာ လျှို့ဝှက်နည်းပညာတွေ အများကြီး ရှိနေတာလား။"

 

သို့ပေမယ့် ဒါက ရှစ်ချင်းလျို့ရဲ့ လျှို့ဝှက်ချက် ဖြစ်တာကြောင့် သူ အများကြီးတော့ မမေးရဲပေ။

 

အရင်က သူဘာကြောင့် တာအိုဘုန်းကြီးကျောင်းကို မသွားခဲ့တာလည်း ဆိုပြီးတော့သာ အနည်းငယ် နောင်တရနေသည်။

 

သူက မေးခဲ့သည်။ "ဘာလျှို့ဝှက်နည်းပညာလဲ။"

 

ရှစ်ချင်းလျို့က အမှန်အတိုင်း ပြောပြခဲ့သည်။ "ကြွေပြားလုပ်နည်း။"

 

ပိုင်ရွှီက ရှုပ်ထွေးသွားခဲ့သည်။ "ကြွေပြားက ဘာတုန်း။"

 

ရှစ်ချင်းလျို့က ရှင်းပြခဲ့သည်။ "မြေကြီးပေါ်ခင်းရတဲ့ အပြားတစ်မျိုးပဲ၊ သူက စကျင်ကျောက်နဲ့ တူပေမယ့် သူက လူတွေလုပ်ထားတဲ့ ပစ္စည်း၊ ပိုပေါ့ပြီး သယ်ယူရလွယ်တယ်၊ အရောင်မျိုးစုံ ထုတ်လို့ရပြီး ကြမ်းပြင်မှာခင်းရင် အရမ်းလှတာနော်၊ မီးလောင်ခံ၊ ရေစိုခံပြီး သံချေးလည်း မတက်ဘူး၊ သူ့အဆင့်က စကျင်ကျောက်အဖြူနဲ့ တခြားစကျင်ကျောက်တွေထက် မနိမ့်ကျဘူး၊ အဓိက အချက်က တခြားစကျင်ကျောက်တွေထက် ပိုပြီး စျေးသက်သာတယ်။"

 

ထိုပစ္စည်းအကြောင်းကို ပိုင်ရွှီ အခုမှ ကြားဖူးတာဖြစ်သည်။ "တကယ်လား၊ မင်းလုပ်ထားတာကို ငါအရင်ကြည့်လို့ မရဘူးလား။"

 

ရှစ်ချင်းလျို့က ပွင့်ပွင့်လင်းလင်း ပြောခဲ့သည်။ "အဲလောက် ဒုက္ခခံနိုင်မှတော့ ကိုယ်တိုင်ပဲ လုပ်တော့မှာပေါ့၊ ရှင် အကျိုးအမြတ်ရအောင် ပြောပြနေပါ့မလား၊ ယုံချင်ယုံ မယုံချင်နေ၊ အနာဂတ်မှာ ကျွန်မ ဘာသာ ထုတ်လုပ်ပြီးရင်တော့ လျှို့ဝှက်နည်းပညာကို မမျှဝေပေးတော့ဘူး၊ အဲကျမှ နောင်တမရနဲ့။"

 

ပိုင်ရွှီက ဆွံ့အသွားခဲ့သည်။ အလုပ်ရှုပ်မခံနိုင်လို့ ငါ့ဆီ လွှဲပေးတာပေါ့လေ။

 

သို့ပေမယ့် စဥ်းစားပြီးနောက် သူက သူမကို ယုံကြည်ဖို့ ဆုံးဖြတ်လိုက်သည်။

 

သူ့တွင် ရွေးချယ်စရာ မရှိပေ။

 

ဘာပဲဖြစ်ဖြစ် သူ့ကိုယ်သူ အရှက်ခွဲပေါင်းများနေပြီဖြစ်သည်။

 

"ဒါဆို လျှို့ဝှက်နည်းပညာကို ဘယ်လိုရောင်းမလဲ၊ စပ်တူလုပ်ရင် ဘယ်လိုလဲ၊ မင်းက နည်းပညာပေးလေ၊ ငါက နေရာနဲ့ အဲတာ ထုတ်လုပ်ဖို့ လူရှာပေးမယ်၊ ပြီးရင် ငါတို့ ရောင်းကြတာပေါ့၊ အကျိုးအမြတ်ကို ၂၀ - ၈၀ ခွဲကြမယ် ၊ မင်းက လုပ်ဖို့ နည်းပညာထုတ်ပေးရုံပဲ၊ ကျန်တာ စိတ်ပူစရာ မလိုဘူး။"

 

မဟုတ်ပါက သူမ ပြောသည့် နည်းပညာကို ပိုက်ဆံအများကြီး အကုန်ကျခံပြီးမှ ရောင်းမကောင်းပါက သူအရှုံးပေါ်မည် မဟုတ်လား။

 

ပိုင်ရွှီက ပိုဉာဏ်ကောင်းလာတာကို ရှစ်ချင်းလျို့ သဘောပေါက်လိုက်သည်။

 

မဟုတ်ဘူး သူက အစကတည်းက ဉာဏ်ကောင်းပါတယ်။

 

"ကောင်းပြီလေ။"

 

သူမက အစပိုင်းမှာသာ နည်းပညာကို လမ်းပြပေးဖို့ လိုအပ်သည်။

 

ပြီးရင် ဘာမှစိတ်ပူစရာမလိုတော့ပေ။ အကျိုးအမြတ် နှစ်ဆယ်ရာခိုင်နှုန်းပဲရရင်တောင် အဆင်ပြေနေပြီ ဖြစ်သည်။

 

သူမက ဆက်ပြောခဲ့သည်။ "ဒါပေမဲ့ အသစ်ထုတ်တဲ့ ကြွေပြားတွေကို ကျွန်မ အိမ်အသစ်အတွက် အလကား သုံးမယ်။"

 

သူ့ကို ပိုပိုပြီး အမြတ်ထုတ်လာခဲ့သည်။

 

ဤနည်းဖြင့် သူမနှင့် ရှောင်ဟန်ကျန့် ငွေတွေ အများကြီး ချွေတာရာရောက်သလို နည်းပညာရောင်းကာ ပိုက်ဆံရှာနိုင်သည်။

 

ပိုင်ရွှီက ဆွံ့အသွားခဲ့သည်။

 

သူ့ကို မြန်မြန် ထုတ်လုပ်ခိုင်းနေတာလည်း မဆန်းပေ။ ဒါက အဓိက အကြောင်းပြချက် ဖြစ်နေတာကိုး။

 

သူက ဘာမှမပြောဘဲ ခေါင်းငြိမ့်ပြခဲ့သည်။ "မင်းပြောတဲ့အတိုင်း ဖြစ်မယ်ဆိုရင် ငါသဘောတူနိုင်ပါတယ်။"

 

ဒီအမျိုးသမီးက ဘယ်တော့မှ စည်းမျဥ်းအတိုင်း မလုပ်ပေ။

 

ရှစ်ချင်းလျို့က စိတ်ချပါဟူသောအကြည့်ဖြင့် ကြည့်ခဲ့သည်။ "အသုံးဝင်မှာပါ၊ စိတ်ချပါ။"

 

ပိုင်ရွှီက ရယ်လိုက်သည်။ "ငါမင်းကို နောက်တစ်ကြိမ် ထပ်ယုံလိုက်မယ်။"

 

ဒီအမျိုးသမီးက သူလုပ်သမျှတိုင်းကို ယုံကြည်မှု ရှိသည်။

 

ရှစ်ချင်းလျို့က ပြုံးကာ လက်ဖက်ရည် ငှဲ့ပေးခဲ့သည်။ "ကျွန်မကို ယုံကြည်လိုက်စမ်းပါ၊ ဒါက ဉာဏ်ပညာရှိတဲ့ လှုပ်ရှားမှုပဲ၊ ကျွန်မကို သိရတာ ရှင့်တစ်ဘဝလုံးအတွက် ကံအကောင်းဆုံးပဲ။"

 

သူမနောက်ကို လိုက်ပါက သူ့ကို ပိုပြီးကြွယ်ဝချမ်းသာစေမည်။

 

ပိုင်ရွှီက ဆွံ့အသွားခဲ့သည်။

 

သူ့ကို ဒီလို ချီးကျူးတာမျိုး တစ်ခါမှ မကြားဖူးပေ။

 

"အဲလိုပဲ မျှော်လင့်ပါတယ်။" သူ့မှာ ရယ်ရမလား ငိုရမလား မသိတော့ပေ။

 

ရှစ်ချင်းလျို့က ပြောခဲ့သည်။ "နင့်ရဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်လိုက်ပါ။"

 

သူမက ယုံကြည်ချက်ရှိရှိ ထပ်ပြောခဲ့သည်။ "ရှင့်ကိုယ်ရှင် မယုံကြည်ရင်တောင် ကိစ္စမရှိပါဘူး၊ ကျွန်မကိုပဲ ယုံကြည်လိုက်ပါ။"

 

ပိုင်ရွှီက ဆွံ့အသွားသည်။ မင်းကို သရဲပဲယုံလိမ့်မယ်။

 

ရှောင်ဟန်ကျန့်ရေ မြန်မြန်ပြန်လာပြီး မင်းရဲ့ ယုံကြည်ချက်လွန်ကဲပြီး လျှာစောင်းထက်တဲ့ မင်းမိန်းမကို လာထိန်းပါဦး။