အခန်း ၆၆
Viewers 7k

Ch-66 Uni

အခန်း(၆၆) - ငါတကယ် မင်းကို အကြွေးတင်သွားပြီ

 

သူတို့နှစ်ယောက်သား ကြွေပြားတွေအကြောင်း ဆက်လက်ဆွေးနွေးခဲ့သည်။

 

ရှစ်ချင်းလျို့က အကြံဉာဏ်ကောင်းတွေ အများကြီး ပေးခဲ့သည်။

 

ပိုင်ရွှီက အလွန်ကောင်းသည်ဟု ခံစားရပြီး ချရေးကာ မှတ်သားခဲ့သည်။

 

ထို့နောက် ရှစ်ချင်းလျို့က ခရမ်းရောင် ဂန္ဓမာပန်းအိုးကို ထုတ်ပေးခဲ့သည်။

 

"ရော့ ဒီနေ့ ရှင့်ပန်းအိုးကို ပြန်ယူသွားလို့ရပြီ။"

 

မကြာသေးခင်က သူမက အခန်းထဲယူသွားကာ ရေလောင်းတာကြောင့် ခြံထဲမှာ မထားထားပေ။

 

ခြောက်သွေ့နေသည့် ခရမ်းရောင်ဂန္ဓမာပန်းက မူလက ယူလာတုန်းကလို စိမ်းလန်းနေပြီး အပွင့်ကလည်း ပိုကြီးကာ ပိုလှနေတာကို ပိုင်ရွှီ တွေ့လိုက်သည်။

 

သူက အံ့သြသွားခဲ့သည်။ "မင်းရဲ့ ကုသမှုက အရမ်းကောင်းနေတယ်မလား။"

 

ရှစ်ချင်းလျို့က တခစ်ခစ်ရယ်ခဲ့သည်။ "ဒါပေါ့။ ကျွန်မက ဘယ်သူမို့လဲ။"

 

သူမက မြှောက်ပေးရင် မိုးထိတက်မည့် လူစားမျိုးမှန်း ပိုင်ရွှီ သဘောပေါက်ခဲ့သည်။

 

"အင်း၊ မင်းက တကယ့် အံ့ဖွယ်ပဲ။"

 

စောနက သူတို့ပြောခဲ့သည့် ပန်းတွေကိုလည်း ရှစ်ချင်းလျို့ စိုက်ပျိုးနိုင်မည်ဟု သူ ယုံကြည်သွားခဲ့သည်။

 

ရှစ်ချင်းလျို့က မေးပင့်လိုက်သည်။ "အခု ရှင်သိသွားပြီဆိုတော့ ရှေ့လျှောက် ကျွန်မကို အခိုင်အမာ ယုံကြည်လိုက်တော့။"

 

သူမက စကားပြောင်းလိုက်သည်။ "ဒါကြောင့် ကျွန်မကို နို့စားနွား နည်းနည်းလောက် ယူလာပေးပါဦး။"

 

သူမသည် အာဟာရ မပြည့်ဝတာကြောင့် မျက်နှာက ဝါဖတ်ဖတ် ဖြစ်နေသည်။

 

အရင်ဘဝလောက်လည်း အရပ်မရှည်ပေ။

 

တစ်နေ့ သုံးနပ်စားသည့်အပြင် နေ့တိုင်း နွားနို့သောက်ဖို့ပါ ပြင်ဆင်ထားသည်။

 

ရှောင်ပိုင်လီနှင့် ရှောင်အာ့လန်တို့သည်လည်း ဖြည့်စွက်စာ တချို့ လိုအပ်သည်။

 

နွားနို့ကနေ နို့သကြားလုံး ထုတ်နိုင်တာကြောင့် နေ့တိုင်း နည်းနည်းချင်း စားလို့ ရသည်။

 

ပိုင်ရွှီက ဆွံ့အသွားခဲ့သည်။

 

ပိုင်ရွှီက ပြောလိုက်သည်။ "ငါတကယ် မင်းကို အကြွေးတင်နေတာပဲ။"

 

သူ့ဦးလေးငယ်ကို စာပို့မည့်အချိန် အရေထူပြီး နို့စားနွားပါ ရှာခိုင်းရမည်။

 

ရှစ်ချင်းလျို့က တခစ်ခစ်ရယ်ခဲ့သည်။ "တတ်နိုင်မယ်ဆိုရင်တော့ နည်းနည်းလေးဆိုတာထက် ရှိသလောက် လိုချင်တယ်။"

 

ပိုင်ရွှီက ဆွံ့အသွားခဲ့သည်။ "နို့စားနွားက ဘာလုပ်မလို့လဲ။"

 

ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်။ "သူတို့ကို အများကြီး သုံးလို့ရတယ်၊ ကျွန်မကတော့ နို့သကြားလုံးလုပ်ချင်လို့၊ လုပ်ပြီးရင် ရှင့်ကို နည်းနည်းကျွေးပါ့မယ်။"

 

ပိုင်ရွှီက ထိုအကြောင်းကို တစ်ခါမှ မကြားဖူးပေ။ "နွားနို့ကို သကြားလုံးအဖြစ် ပြောင်းလို့ ရလား။"

 

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "သိပ် အံ့သြမနေပါနဲ့၊ နွားနို့ကို သကြားလုံးလုပ်လို့ရရုံသာမက တခြားစားစရာတွေ အများကြီး လုပ်လို့ ရသေးတယ်။"

 

နွားနို့ကို မုန့်အချိုတွေနှင့် နို့ဆီလုပ်ကာ ရောင်းချလို့ ရသည်။

 

ပိုင်ရွှီက ခဏလောက် တွေးလိုက်သည်။ "ကောင်းပြီ။ မင်း နွားများများရဖို့ ငါကြိုးစားပေးပါ့မယ်။"

 

သူက ထပ်ပြောခဲ့သည်။ "ဒါပေမဲ့ စားကောင်းတာ တစ်ခုခုရှိရင် ငါ့ကို ဦးစားပေး ရောင်းရမယ်နော်။"

 

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်ပါပြီ။"

 

ပိုင်ရွှီက ခဏလောက်ထိုင်ပြီး ပန်းပင် ကုသရေးအတွက် ကျန်ရှိသည့် ငွေတွေကို ပေးချေခဲ့သည်။

 

ထို့နောက် ပန်းပင်တွေပိုက်ကာ ပြန်သွားခဲ့သည်။

 

ရှစ်ချင်းလျို့က အခန်းထဲပြေးပြီး 'အချိန်ခရီးသွား စွယ်စုံကျမ်း' စာအုပ်ကို ထုတ်ယူလိုက်သည်။

 

သူမက စုတ်တံနှင့် စာရွက်ပေါ်တွင် အစားအသောက်လုပ်နည်းနှင့် ဆေးဝါးပြုလုပ်နည်းတွေကို ကူးရေးခဲ့သည်။

 

အခု သူတို့ရဲ့ စားဝတ်နေရေး အခြေအနေက တိုးတက်လာပြီဖြစ်ကာ အစားအသောက်ပိုင်းမှာ ရှောင်ပိုင်လီ၏ ဟင်းချက်စွမ်းရည်က သာမာန်သာ ရှိသည်။

 

အကြိမ် အနည်းငယ်လောက် စားပြီးရင် သူမ ထပ်မစားချင်တော့ပေ။

 

သူမက ရှောင်ပိုင်လီကို ထိုချက်ပြုတ်နည်းတွေ ပေးလိုက်ပြီး မတူညီသည့် ဟင်းတွေကို နေ့တိုင်း ချက်ပြုတ်ခိုင်းဖို့ ရည်ရွယ်ခဲ့သည်။

 

လူတိုင်း အာဟာရ ပြန်ဖြည့်တင်းရင်း ပျော်ရွှင်စွာ စားသောက်နိုင်သည်။

 

တစ်ဖက်မှာလည်း ရှောင်ပိုင်လီက သူမရဲ့ ဟင်းချက်စွမ်းရည်ကို တိုးမြှင့်နိုင်သည်။

 

ဘာပဲဖြစ်ဖြစ် ယောက်ျားတွေက အလှကြိုက်သည့် သတ္တဝါတွေ ဖြစ်သည်။

 

ထို့ကြောင့် သူမရဲ့ ခင်ပွန်းရှေ့မှာ နေ့တိုင်း လှပချင်သည်။

 

ညစာစားသည့်အချိန်မှာ ရှစ်ချင်းလျို့က ရှောင်ပိုင်လီကို သူမ ကူးရေးထားသည့် ဟင်းချက်ပြုတ်နည်းကို ပေးလိုက်သည်။

 

"ပိုင်လီ ရှေ့လျှောက် မတူညီတဲ့ဟင်းတွေ ချက်လို့ရပြီ။"

 

ရှောင်ပိုင်လီက အမျိုးသမီးတွေလုပ်ရသည့် အလုပ်တွေဖြစ်သည့် အပ်ချုပ်ခြင်းနှင့် ဟင်းချက်ရတာကို သဘောကျသည်။

 

ဟင်းချက်နည်းတွေကိုတွေ့တော့ သူမက သာယာကြည်နူးသွားခဲ့သည်။ "ကျေးဇူးတင်ပါတယ် အစ်မ၊ ကျွန်မ ကောင်းကောင်း သင်ယူပါ့မယ်။"

 

သူတို့အိမ်ရဲ့ ဘဝလေးက ပိုပိုပြီး ကောင်းမွန်လာခဲ့သည်။

 

သူမ ယောက်မက တစ်ရက်ခြားတစ်ခါ မြို့ကိုသွားပြီး အသားနှင့် တခြားအစားအသောက်တွေ ဝယ်ယူတတ်သည်။

 

အစတုန်းက သူမ အနည်းငယ် တွန့်ဆုတ်သော်လည်း အခုတော့ အသားကျနေပြီဖြစ်သည်။

 

သူမ ယောက်မက အစားအသောက် ကြေးများသည့် လူမှန်းလည်း သူမ သိခဲ့သည်။

 

ဟင်းချက်နည်း အကုန်လေ့လာပြီး သူမရဲ့ ယောက်မကို ချက်ပြုတ်ကျွေးရမည်။

 

ရှစ်ချင်းလျို့က ပြုံးကာ ပြောခဲ့သည်။ "ဟင်းချက်တာ ကျရှုံးသွားလည်း ကိစ္စမရှိဘူး၊ နောက်တော့ အောင်မြင်သွားလိမ့်မယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝန်ထုတ်ဝန်ပိုးဖြစ်မနေနဲ့။"

 

"ဟုတ်ကဲ့။" ရှောင်ပိုင်လီရဲ့ နှလုံးသားလေး နွေးထွေးသွားခဲ့သည်။

 

သူမ ယောက်မသာ သူမရဲ့ တစ်ဝမ်းကွဲမောင်နှမတွေ ဆိုပါက ဟင်းလျာ ပျက်စီးသွားသည်နှင့် ဝုန်းဒိုင်းကြဲခံရနိုင်သလို ဆဲဆို ခံရနိုင်သည်။

 

ရွာထဲမှာ သူမ အသက်အရွယ်မိန်းကလေးတွေက သမီးယောက်မတွေနှင့် ကောင်းမွန်သည့် ဆက်ဆံရေး မရှိတာ သူမ သိသည်။

 

ထို့ကြောင့် သူမမှာ ယောက်မကောင်း တစ်ယောက်ရှိခြင်းအပေါ် အလွန် ပျော်ရွှင်နေမိသည်။

 

ရွာထဲက မိန်းမငယ်လေး အများစုသည်လည်း သူမကို အားကျနေခဲ့သည်။

 

သမီးဖြစ်သူနှင့် ချွေးမက ကောင်းမွန်သည့် ဆက်ဆံရေးရှိတာကို အမေရှောင် တွေ့တော့ သူမ မျက်လုံးထဲက အပြုံးတွေက ပိုနက်နဲသွားခဲ့သည်။

 

ထင်သည့်အတိုင်း အရင်တုန်းက ရှစ်ချင်းလျို့ရဲ့ လက်ထပ်ဖို့ ကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်းက အကြီးမားဆုံး ကံကောင်းမှု ဖြစ်သည်။

 

ထိုညက ရှစ်ချင်းလျို့က အိမ်ဆောက်ခြင်းနှင့် ကြွယ်ဝချမ်းသာမှုအကြောင်း တွေးလိုက်တော့ မူလက သူမ ခံစားနေရသည့် အိပ်မရသည့် ခံစားချက်က တဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့သည်။

 

ဘေးက အိပ်ရာအလွတ်ကြောင့် ယောက်ျားဖြစ်သူကိုတော့ လွမ်းဆွတ်နေဆဲ ဖြစ်သည်။

 

အိပ်မရတော့ သူမက သူမရဲ့ လျှို့ဝှက်ဆန်းကြယ်သည့် နေရာလွတ်လေးက မျိုးစေ့တွေနှင့် အပင်တွေကို ရေတွက်ခဲ့သည်။

 

ဒီမှာ ငရုတ်သီး၊ ကန်စွန်းဥ၊ ပြောင်းဖူးတွေ မရှိတာကြောင့် တစ်ခုချင်းဆီ ထုတ်ယူဖို့ တွေးလိုက်သည်။

 

တကယ်လို့ သူမသာ ချက်ချင်း ယူထုတ်ခဲ့ပါက သံသယဝင်ခံရနိုင်ပြီး အထက်တန်းလွှာတွေရဲ့ အာရုံကို ဆွဲဆောင်မိသလို ဖြစ်နိုင်သည်။

 

ဉာဏ်ပညာရှိရှိ အစီအစဥ်ချမှတ်ဖို့ လိုအပ်သည်။

 

အချိန်အကြာကြီး တွေးတောပြီးနောက် ကောင်းမွန်သည့် အဖြေကို ရှာတွေ့ခဲ့သည်။

 

သူမက တဖြည်းဖြည်း အိပ်ပျော်သွားခဲ့သည်။

 

တစ်ဖက်က စီရင်စုမှာရောက်နေသည့် ရှောင်ဟန်ကျန့်လည်း အိပ်မပျော်ပေ။

 

ဘေးမှာ ဇနီးဖြစ်သူ မရှိတော့ သူ့ဘဝက အရင်ဘဝကလို ပြန်ဖြစ်သွားခဲ့သည်။

 

ညတိုင်းအိပ်မရဘဲ အိပ်မပျော်ခဲ့ပေ။

 

တရားမှတ်ပြီးမှ နာရီအနည်းငယ်လောက်သာ အိပ်ပျော်နိုင်သည်။

 

သူ့မိသားစုနှင့် သူ့ဇနီးကို လွမ်းသည်။

 

ကံကောင်းချင်တော့ နောက်နှစ်ရက်နေရင် အိမ်ပြန်လို့ရပြီဖြစ်သည်။

 

နောက်တစ်နေ့ နံနက်စောစောတွင်ဖြစ်သည်။

 

အမေရှောင်၊ ရှစ်ချင်းလျို့နှင့် ကလေး နှစ်ယောက်က တို့ဟူး ရောင်းကုန်သွားပြီဖြစ်သည်။

 

သူမက အမေရှောင်ကို ပြောခဲ့သည်။ "အမေ ကျွန်မ တာအို ဘုန်းကြီးကျောင်းကိုသွားပြီး ဆရာ့အတွက် ဂူသင်္ချိုင်း လုပ်ပေးချင်တယ်။"

 

အမေရှောင်က သဘောတူခဲ့သည်။ "လုပ်သင့်တာပေါ့၊ အကူအညီ လိုသေးလား။"

 

ရှစ်ချင်းလျို့က ခေါင်းခါပြခဲ့သည်။ "ရတယ်။ ကျွန်မ တောင်ပေါ်ကို အရင်သွားကြည့်လိုက်မယ်၊ ပြီးမှ ဖုန်းရွှေဆရာနဲ့ နေရာကောင်း ရွေးပြီး ဂူသင်္ချိုင်း ဆောက်လုပ်ပေးလိုက်မယ်။"

 

အခု သူမလက်ထဲမှာ ငွေရှိနေမှတော့ အမြဲလွှဲချခံနေရသည့် ဘုန်းတော်ကြီးကို ဒီတိုင်း ချို့ချို့တဲ့တဲ့ မထားသင့်ဘူးဟု သူမ ထင်သည်။

 

သူ့အတွက် ဂူသင်္ချိုင်းကောင်းကောင်း ဆောက်လုပ်ပေးဖို့ ပြင်ဆင်ထားခဲ့သည်။

 

အမေရှောင်က ပြုံးခဲ့သည်။ "ကောင်းပြီ။ အကူအညီလိုရင် အမေတို့ကို လာခေါ်လိုက်ချေ။"

 

"ဟုတ်ကဲ့ပါ။" ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။

 

သူမက ခြင်းတောင်းလွယ်က အိမ်က ထွက်သွားခဲ့သည်။

 

ဟိုးတုန်းက သူမနှင့် ရှောင်ဟန်ကျန့်က တခြားလမ်းကနေ ဒီတောင်ကြီးပေါ်ကို လာခဲ့ဖူးသည်။

 

တစ်နာရီလမ်းလျှောက်ပြီးနောက် ရှစ်ချင်းလျို့က တာအိုဘုန်းကြီးကျောင်း တည်ရှိသည့် တောင်ပေါ်ကို ရောက်ခဲ့သည်။

 

သူမက သော့ထုတ်ကာ ရှန်းယွမ် အရင်က သော့ခတ်ခဲ့သည့် တံခါးကို ဖွင့်ဝင်လိုက်သည်။

 

တာအိုဘုန်းကြီးကျောင်းက အရမ်း မကြီးပေ။

 

ခန်းမကြီးတစ်ခုနှင့် အခန်း နှစ်ခန်း ပါဝင်သည်။

 

တာအိုဘုန်းတော်ကြီးက ဆေးဖော်စပ်ပြီး ခန်းမထဲနေကာ ယောက်ျားလေးတွေက ဘေးခန်းမှာ နေထိုင်သည်။

 

အနောက်ဘက်မှ ခြံ တစ်ဧကအလွတ်ကို သန့်ရှင်းရေးလုပ်ပြီး ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးသည်။

 

ရှန်ယွမ်က ထွက်သွားပြီးကတည်းက တစ်ခါမှ ပြန်မလာဘဲ စိုက်ခင်းက ဗလာကျင်း ဖြစ်နေသည်။

 

ရှစ်ချင်းလျို့က ခန်းမထဲ အရင်သွားလိုက်တော့ ပြာတွေနှင့် မီးမလောင်သည့် အရိုးတွေကို တွေ့ခဲ့သည်။

 

အလယ်ကဟာ တချို့က တာအိုဘုန်းတော်ကြီးရဲ့ အရိုး ဖြစ်နိုင်သည်။

 

ဘေးက ဟာလေးတွေက တာအိုကလေးသုံးယောက်ရဲ့ အရိုး ဖြစ်နိုင်သည်။

 

သူမက မြို့မှ အထူးဝယ်ယူလာခဲ့သည့် အရိုးပြာရိုးနှင့် သူမရဲ့ လျှို့ဝှက်ဆန်းကြယ်သည့် နေရာလွတ်လေးမှ လက်အိတ်ကို ယူထုတ်လိုက်သည်။

 

သူမက ခန်းမနား လျှောက်သွားကာ အရိုးတွေ ပြန့်ကြဲနေသည့်နေရာကို ဦးညွှတ်အရိုအသေပေးလိုက်သည်။

 

"ဘုန်းတော်ကြီး အေးအေးချမ်းချမ်း အနားယူပါတော့၊ တပည့်တော်မက ဘုန်းတော်ကြီးအတွက် ဂူသင်္ချိုင်း ဆောက်လုပ်ပေးပြီး အနာဂတ်မှာလည်း အမွှေးနံ့သာနဲ့ ပိုက်ဆံတွေ မီးရှို့ပူဇော်ပေးပါ့မယ်။"

 

သူမက ပြောပြီးသည်နှင့် ပြာနှင့် အရိုးတွေကို အရိုးပြာအိုးထဲ ကောက်ထည့်ခဲ့သည်။

 

တာအိုဘုန်းတော်ကြီး၏ အရိုးတွေကို အရိုးပြာအိုးထဲ ယူထည့်ပြီးနောက် အဖုံးပိတ်လိုက်ပြီး ဘေးက အရိုးနှင့် ပြာတွေကို ထပ်သွားကောက်ယူခဲ့သည်။

 

သူတို့ကို ဘုန်းတော်ကြီးရဲ့ ဘေးနားမှာ မြှုပ်နှံပေးဖို့ တွေးတောထားသည်။ ဒါမှ သူတို့လည်း ကောင်းကင်ဘုံမှာ လုံခြုံဘေးကင်းစွာ နေထိုင်နိုင်မှာ ဖြစ်သည်။

 

ရှစ်ချင်းလျို့သည် အကုန်လုံး လုပ်ပြီးနောက် ခြံနောက်ဘက်ကို သွားခဲ့သည်။