အခန်း ၆၇
Viewers 7k

Ch-67 Uni

အခန်း(၆၇) - သွေးဆောင်ဖြားယောင်းမှု အောင်မြင်ခြင်း

 

ထို့နောက် ရှစ်ချင်းလျို့က စိုက်ပျိုးရေးသုံး ပစ္စည်းတွေကို သူမရဲ့ လျှို့ဝှက်ဆန်းကြယ်သည့် နေရာလွတ်က ယူထုတ်ခဲ့သည်။

 

ရှစ်ချင်းလျို့သည် မြေတွေကို ပြန်ပြုပြင်ပြီးနောက် ငရုတ်ကောင်းစေ့တွေကို စတင် စိုက်ပျိုးခဲ့သည်။

 

ထို့နောက် အနည်းငယ် လှမ်းသည့် နေရာတွင် ပြောင်းစေ့တွေ စိုက်ပျိုးဖို့ ပြင်ဆင်ခဲ့သည်။

 

ဒါက ပြောင်းနှင့် ငရုတ်ကောင်း ရောယှက်စိုက်ပျိုးနည်းဖြစ်ကာ မျိုးမတူသည့် သက်ရှိနှစ်ခု အကျိုးပြုနေထိုင်ခြင်း ဖြစ်သည်။

 

ဂျူလိုင်လအကုန်မှာ ပြောင်းတွေ အပင် ဖြစ်လာလိမ့်မည်။

 

အောက်တိုဘာလ အကုန်မှာ ရိတ်သိမ်းလို့ရပြီဖြစ်သည်။

 

ဒီမျိုးစိတ်သစ်က သူမ လေ့လာခဲ့သည့် သိပ္ပံစိုက်ပျိုးရေး နည်းပညာ ဖြစ်သည်။

 

အအေးဒဏ်ခံနိုင်၊ မိုးခေါင်တာလည်း ခံနိုင်ရည်ရှိပြီး အထွက်နှုန်းကောင်းကာ အရသာလည်း အလွန်ကောင်းမွန်သည်။

 

ငရုတ်သီးပင်တွေက မတ်လနှင့် ဂျူလိုင်လကြားမှာ စိုက်ပျိုးနိုင်သည့် အပင် ဖြစ်သည်။ အခု သူတို့ကို စိုက်ပျိုးဖို့ အချိန်ကောင်း ဖြစ်သည်။

 

ငရုတ်သီးတွေကလည်း မျိုးစိတ်အသစ် ဖြစ်သည်။

 

အစောပိုင်း အခြေအနေမှာ သူတို့က အပူချိန် မြင့်မားတာကို ခံနိုင်ရည်ရှိပြီး နောက်ပိုင်းကျရင် အပူချိန် လျော့နည်းတာကို ခံနိုင်ရည် ရှိပေမည်။

 

သူတို့က ရောဂါ အန္တရာယ် ခုခံနိုင်ပြီး အထွက်နှုန်း အားကောင်းသည်။

 

ရှစ်ချင်းလျို့သည် အပင်တွေကို နွေဦးစမ်းရေ ထပ်လောင်းကာ အိမ်ပြန်လာခဲ့သည်။

 

ပြာချထားသည့် အရိုးပြာအိုးကို သူမက ခန်းမထဲမှာ ထားရစ်ခဲ့သည်။

 

သူမ ခင်ပွန်း ပြန်လာတာကို စောင့်ပြီးမှ မြို့ထဲသွားကာ ဖုန်းရွှေဆရာကို ပင့်ဖို့ ရည်ရွယ်ထားခဲ့သည်။

 

တာအို ဘုန်းကြီးကျောင်းက ပြန်လာပြီးနောက် ရှစ်ချင်းလျို့က တစ်ခုခုများ ရှာတွေ့မလားဆိုပြီး အနီးအနားက တောင်တွေဆီ သွားခဲ့သည်။

 

သို့ပေမယ့် အနီးအနားမှာ တောတောင် အနက်ကြီး မရှိပေ။

 

သူမ မကြိုက်သည့် အသီးအရွက်တွေမှ တစ်ပါး ဘာမှ မတွေ့ခဲ့ပေ။

 

သူမ တောင်ပေါ်က ပြန်ဆင်းခါနီးမှာပဲ ရုတ်တရက်ကြီး ဘဲငန်းအော်သံကို ကြားလိုက်ရသည်။

 

သိပ်မကြီးသည့် စပါးအုံးမြွေကြီးရဲ့ ရစ်ပတ်ခြင်းကို ခံနေရသည့် ဘဲငန်းကို တွေ့လိုက်ရသည်။

 

ဘဲငန်းက စပါးအုံးကြီးကို အတင်းထိုးဆိတ်နေပေမယ့် ရစ်ပတ်မှုက ပိုကြပ်လာတာကြောင့် ရုန်းကန်လှုပ်ရှားမှုတွေက လျော့ကျသွားခဲ့သည်။

 

ရှစ်ချင်းလျို့ရဲ့ အာရုံတွေက စပါးအုံးနှင့် ဘဲငန်းအပေါ် ကျရောက်သွားသည်။

 

စပါးအုံးက သူမကို လျှာဆတ်ခနဲ ဆတ်ခနဲထုတ်ပြနေပြီး ဘဲငန်းကတော့ သူမကို အကူအညီတောင်းဟန်ဖြင့် ကြည့်နေခဲ့သည်။

 

ဘဲငန်းက ရုန်းကန်ရင်း အသက်ရှင်လိုစိတ် ပြင်းပြနေတာကို ရှစ်ချင်းလျို့ တွေ့ခဲ့ရသည်။

 

ဘဲငန်းက စပါးအုံးမြွေကို အဆက်မပြတ် ထိုးဆိတ်နေခဲ့သည်။

 

သူ့ရဲ့ လှုပ်ရှားမှု အမူအရာတွေက ရှစ်ချင်းလျို့ကို ရင်ထဲ ထိသွားစေခဲ့သည်။

 

ထိုသို့သော ရဲရင့်မှုကို သူမ သဘောကျသည်။

 

ထို့ကြောင့် သူမက မြန်မြန် လျှောက်သွားပြီး စပါးအုံးမြွေရဲ့ သေစေလောက်သည့် နေရာကို လက်ညှိုးနှင့် လက်မ သုံးကာ မြန်မြန် ညှပ်လိုက်ပြီး ဘဲငန်းကို ကယ်ထုတ်ခဲ့သည်။

 

ဘဲငန်းကို ကယ်တင်ပြီးနောက် ရှစ်ချင်းလျို့က မြွေကို မသတ်ခဲ့ပေ။

 

ထိုအစား သူမက အဝေးကို ပစ်ထုတ်လိုက်သည်။

 

သူတို့အိမ်က အသားရှားပါးနေတာ မဟုတ်တာကြောင့် သူမက မြွေသားကို စိတ်မဝင်စားဘဲ လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

 

စပါးအုံးမြွေသည် သူမဆီမှ အန္တရာယ်အငွေ့အသက်ကို ရရှိသောကြောင့် ပစ်ထုတ်ခံရသည့် နေရာမှာ ခွေဝိုက်နေပြီးမှ တဖြည်းဖြည်း အဝေးကို ထွက်သွားခဲ့သည်။

 

ထိုအချင်းအရာကိုမြင်မှ ရှစ်ချင်းလျို့က ထိုင်ပြီး သူမရဲ့ လျှို့ဝှက်ဆန်းကြယ်သည့် နေရာလွတ်ကနေ ပန်းကန်လုံးအလွတ်ကို ထုတ်ယူလိုက်သည်။

 

သူမက ထိုပန်းကန်လုံးထဲ နွေဦးစမ်းရေ ထည့်ပြီး ပြိုလဲမတတ်ဖြစ်နေသည့် ဘဲငန်းကို တိုက်လိုက်သည်။

 

ရှစ်ချင်းလျို့က သူ့ကို ကယ်တင်ခဲ့တာကြောင့် ဘဲငန်းက သူမ လက်ထဲက မရုန်းပေ။

 

နွေဦးစမ်းရေကိုတွေ့တော့ ဘဲငန်းက လည်ဆန့်ကာ သောက်ခဲ့သည်။

 

ဒီဘဲငန်းက တခြားဘဲငန်းတွေထက် ဉာဏ်ပိုကောင်းကြောင်း ရှစ်ချင်းလျို့ သိလိုက်သည်။

 

ဘဲငန်း ရေသောက်ပြီးနောက် သူမက ပြောလေသည်။ "ငါ့အိမ်ကို စောင့်ကြပ်ဖို့ ငါ့အိမ်ကို လိုက်မလား။"

 

ဘဲငန်းဖြူကြီးတွေက ခွေးတွေထက် အိမ်ကို ပိုစောင့်ရှောက်သည့် ဗီဒီယိုတွေ သူမ အများကြီး ကြည့်ခဲ့ဖူးသည်။

 

တကယ်တော့ သူမသာ သုသေတနအဖွဲ့အစည်းမှာ မနေရပါက ဘဲငန်းကြီးကို မွေးမြူချင်ခဲ့မိသည်။

 

ဒီဘဲငန်းမည်းကြီးက သူမရဲ့ ဝါသနာကို တစ်ဖန် ပြန်ထအောင် လုပ်ဆောင်နိုင်ခဲ့သည်။

 

သူ့ကို ကြည့်ရတာ အရွယ်ရောက်ပုံ မပေါ်သေးပေမယ့် အရွယ်အစားက သိပ်မသေးပေ။

 

ထို့ကြောင့် သူမက ဘဲငန်းကို သွေးဆောင်ပြီး ကြီးအောင် မွေးမြူပြီး အိမ်စောင့်ခိုင်းဖို့ ကြံစည်လိုက်သည်။

 

ထိုအချက်ကြောင့်ပဲ သူမက နွေဦးစမ်းရေ တိုက်ခဲ့တာ ဖြစ်သည်။

 

နွေဦးစမ်းရေက လူတွေရဲ့ ကိုယ်ခံအားကို တိုးစေသလို တိရိစ္ဆာန်တွေအပေါ်ကိုလည်း ကြီးမားသည့် သက်ရောက်မှု ရှိစေသည်။

 

သူတို့သည်လည်း ပိုကြီးထွားလာမည်ဖြစ်သည်။

 

ဘဲငန်းက ခေါင်းလှည့်ကာ ရှစ်ချင်းလျို့ကို ကြည့်ခဲ့သည်။

 

သူက သူမရဲ့ စကားကို နားမလည်တာကြောင့် ရှုပ်ထွေးနေသည်။

 

သူ့ရဲ့ ကြောင်တောင်တောင်နှင့် ချစ်ဖို့ကောင်းသည့်ပုံစံ၊ စောနက ဒေါသတကြီး ထိုးဆိတ်ခဲ့သည့် ပုံစံက ရှစ်ချင်းလျို့ကို ရယ်မောစေခဲ့သည်။

 

သူမက ပန်းကန်အလွတ်ကို ညွှန်ပြပြီး ခြင်းကို ပြကာ ပြောလေသည်။ "ငါ့နောက်လိုက်ခဲ့ နေ့တိုင်း ရေတိုက်မယ်။"

 

ဘဲငန်းက သူမ၏ ဆိုလိုရင်းကို အကြမ်းဖျင်း ခန့်မှန်းမိသွားခဲ့သည်။

 

ဘဲငန်းအမည်းက ခေါင်းလေးစောင်းပြီး နက်နက်နဲနဲ တွေးတောနေပုံရသည်။

 

ဘဲငန်းသည် ခဏနေတော့ သူ အားပြန်ပြည့်သွားသည့်အခါ ရှစ်ချင်းလျို့ရဲ့ ခြင်းထဲ ခုန်ဝင်ခဲ့သည်။

 

သူ့မှာ အတွေးတစ်ခုတည်းသာ ရှိသည်။ ဒီလိုရေကို နေ့တိုင်း သောက်ရမယ်ဆိုမှတော့ ဒီခြေနှစ်ချောင်း မကောင်းဆိုးဝါးနောက် လိုက်သွားရတာပေါ့လေ။

 

ထို့ကြောင့် ရှစ်ချင်းလျို့က ဘဲငန်းမည်းကြီးကို သွေးဆောင် ဖြားယောင်းမှု အောင်မြင်ခဲ့လေသည်။

 

အိမ်ပြန်ရောက်တော့ ရှစ်ချင်းလျို့က သူ့ကို ခြင်းထဲက ထုတ်ယူလိုက်သည်။

 

ဘဲငန်းကိုမြင်တော့ ရှောင်အာ့လန်ရဲ့ မျက်လုံးလေးတွေက လက်ထသွားခဲ့သည်။ "အစ်မ သားတို့ ဒီနေ့ ဘဲငန်းသား စားရမှာလား။"

 

သူ့ရဲ့ သူများကို စားချင်နေသည့် စိတ်က အရမ်းသိသာနေတာကြောင့် ဘဲငန်းကြီးက အတင်းပြေးသွားပြီး သူ့ကို ထိုးဆိတ်ဖို့ လုပ်ခဲ့သည်။

 

ရှောင်အာ့လန်က လန့်သွားပြီး ရှစ်ချင်းလျို့ရဲ့ နောက်ကျောကို ဝင်ပြီး ပြေးပုန်းခဲ့သည်။

 

ဘဲငန်းကြီးက အရှုံးမပေးဘဲ သူ့နောက် ထပ်လိုက်ခဲ့ပေမယ့် ရှစ်ချင်းလျို့က တားမြစ်လိုက်သည်။

 

"နောက်တစ်ခါ အိမ်က လူတွေကို အနိုင်မကျင့်နဲ့၊ မဟုတ်ရင် သင်ခန်းစာ ပေးပစ်မှာနော်။"

 

ရှစ်ချင်းလျို့က ဘဲငန်းရဲ့ ခေါင်းကို ထိပြီး ရှောင်အာ့လန်ကို ညွှန်ပြကာ သူ့ခေါင်းကို ထပ်ထိခဲ့သည်။

 

ဘဲငန်းက မှားယွင်းစွပ်စွဲခံရသလို ကြည့်လိုက်ပြီး ထပ်မလိုက်တော့ပေ။

 

ထိုအချင်းအရာက ရှောင်အာ့လန်နှင့် ကျန်နှစ်ယောက်ကို သိချင်စိတ် ဖြစ်သွားစေခဲ့သည်။

 

ရှောင်အာ့လန်က ကိုယ်တစ်ဝက် ထွက်လာပြီး ဘဲငန်းကို ကြည့်ပြီးနောက် မေးလေသည်။ "အစ်မ ဒီဘဲငန်းက အရမ်းဉာဏ်ကောင်းတာပဲ၊ ဘယ်က ရလာတာလဲ။"

 

ရှစ်ချင်းလျို့က ပြုံးခဲ့သည်။ "တောင်ပေါ်မှာ တွေ့ခဲ့တာလေ၊ မြွေစားတာခံရတော့မလိုဖြစ်နေတာနဲ့ အဲတာကြောင့် ကယ်ပြီး အိမ်ခေါ်လာတာ။"

 

သူမက ထပ်ပြောခဲ့သည်။ "အခု သူက အစ်မတို့ မိသားစုဝင် တစ်စိတ်တစ်ပိုင်းပဲ၊ သူက အိမ်မွေးတိရိစ္ဆာန်မလို့ စားဖို့ မတွေးနဲ့။"

 

ရှောင်အာ့လန်က အရမ်းစဥ်းစားဉာဏ်ရှိပြီး နာခံတတ်သည့် ကလေး ဖြစ်တာကြောင့် ထိုစကားကို ကြားတော့ သူက ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်ကဲ့၊ သား စကားနားထောင်ပါ့မယ် အစ်မ။"

 

ရှောင်အာ့လန်က မေးခဲ့သည်။ "ဒါဆို သူ့ကို နာမည်ပေးရမယ်မလား။"

 

ရှစ်ချင်းလျို့က ခဏလောက်တွေးကာ ပြောခဲ့သည်။ "ဒါပေါ့ သူ့ကို ဒမ်ဘီလို့ခေါ်ကြမလား။"

 

ဘဲငန်းက မြီးကောင်ပေါက်အရွယ်ဖြစ်ကာ ချစ်ဖို့ကောင်းသည်။

 

ရှောင်အာ့လန်က ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်တယ်၊ ဒမ်ဘီဆိုတဲ့ နာမည်လေး ကောင်းတယ်။"

 

ဘဲငန်းက အိမ်မှာ နေခဲ့သည်။

 

ရှစ်ချင်းလျို့ရဲ့ သတိပေးမှုဖြင့် သူက ရှောင်အာ့လန်နှင့် ကျန်နှစ်ယောက်ကို ရန်မလုပ်ခဲ့ပေ။

 

မနက်တိုင်း သူ့နယ်မြေကို ကင်းလှည့်သလို တစ်ခြံလုံးကို ပတ်ကြည့်တတ်သည်။

 

ရှစ်ချင်းလျို့ရဲ့ တခြားသုံးယောက်ကလွဲရင် သူစိမ်းတွေ ခြံထဲဝင်လာပါက ရန်မူပြီး လိုက်ဆိတ်တတ်သည်။

 

ရှစ်ချင်းလျို့သည် ထိုအချိန်တိုင်း သူ့ကို နွေဦးစမ်းရေနှင့် နှံစားပြောင်း ဆုချခဲ့သည်။

 

ငါးရက်ကြာပြီးနောက် ရှောင်ဟန်ကျန့် ခြံတံခါး ဖွင့်ဝင်လိုက်သည့်အချိန်မှာ အမည်းရောင် အရိပ်တစ်ခုက သူ့ကို ရုတ်တရက် ခုန်အုပ်လိုက်လေသည်။

 

ရှောင်ဟန်ကျန့်က ချက်ချင်း တုံ့ပြန်ကာ ဆွဲယူလိုက်သည်။

 

ဒမ်ဘီက နဂိုကတည်းက ဉာဏ်ကောင်းသည်။

 

နွေဦးစမ်းရေ သောက်သုံးပြီးနောက် ပိုဉာဏ်ကောင်းလာခဲ့သည်။

 

ရှောင်ဟန်ကျန့်ရဲ့ သတ်ဖြတ်လိုသည့် အငွေ့အသက်ကို ခံစားမိတော့ သူက ချက်ချင်း ရပ်တန့်သွားသည်။

 

သို့ပေမယ့် သူက ရှောင်ဟန်ကျန့်ကို ခက်ထန်စွာ ကြည့်နေပြီး သူရှေ့တိုးလာပါက ဆိတ်ဖို့ အသင့်ပြင်ထားသည်။

 

ရှောင်ဟန်ကျန့်က ရှစ်ချင်းလျို့နှင့် တခြားလူတွေ ထွက်လာအောင် အော်ခေါ်လိုက်သည်။

 

ဘဲငန်းအော်သံကြားတော့ ရှစ်ချင်းလျို့က အခန်းထဲမှ ချက်ချင်း ထွက်လာခဲ့သည်။

 

ထို့နောက် သူမရဲ့ ချောမောသည့် ခင်ပွန်းနှင့် ဘဲငန်းက သူ့ခင်ပွန်းရဲ့ ဝတ်ရုံစိမ်းထဲမှာနေကာ အချင်းချင်း ရန်မူနေတာကို တွေ့လိုက်သည်။

 

သူမက ပြုံးကာ အော်လိုက်သည်။ "ဒမ်ဘီ ဒီကိုလာ။"

 

ဒမ်ဘီက ရှစ်ချင်းလျို့ကို တွေဝေစွာ ကြည့်လိုက်သည်။

 

သူမက လက်ကို ထပ်မံ ဝေ့ယမ်းပြလိုက်တော့ စိတ်မပါစွာ လျှောက်လာလေသည်။

 

ရှောင်ဟန်ကျန့်က ရှုပ်ထွေးသွားခဲ့သည်။ အိမ်မှာ ဘယ်လိုလုပ် ခက်ထန်ကြမ်းတမ်းတဲ့ ဘဲငန်းမည်း ရောက်နေတာလဲ။

 

အဓိက အချက်က သူက အရမ်းဉာဏ်ကောင်းသည်။ သူ့ဇနီးလေးရဲ့ စကားကို နားလည်နေတာလား။

 

သူ တွေးနေတုန်း သူ့နောက်က အံ့သြနေသည့် အသံကို ကြားလိုက်ရသည်။ "သူက အရမ်းဉာဏ်ကောင်းတာပဲ။"

 

ရှစ်ချင်းလျို့က သူများရဲ့ စကားသံကိုကြားတော့ ကြည့်လိုက်သည်။

 

အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ငယ်ရွယ်ပြီး ရည်မွန်သည့် အမျိုးသားတစ်ဦးက လမ်းလျှောက်ဝင်လာတာကို တွေ့လိုက်သည်။

 

ဒါက သူမ ခင်ပွန်းခေါ်လာသည့် လူဖြစ်တာ သိသာပါသည်။

 

ရှောင်ဟန်ကျန့်က ရှစ်ချင်းလျို့ကို ပြုံးကာ ကြည့်ခဲ့သည်။ "ဒါမင်းရဲ့ ဘဲငန်းလား။"

 

ဒီဘဲငန်းရဲ့ စိတ်နေစိတ်ထားအရ သူ့ဇနီးလေး ပျိုးထောင်ပေးထားတာပဲဖြစ်ရမည်။