အခန်း ၆၈
Viewers 7k

Ch-68 Uni

အခန်း(၆၈) - မတော်တဆပါ

 

ရှစ်ချင်းလျို့တစ်ယောက် ရှောင်ဟန်ကျန့် အနားသို့ လျှောက်သွားတော့ ဒမ်ဘီက အနောက်ကနေ လိုက်ပါကာ သူတို့ကို သတိအနေအထားဖြင့် ကြည့်နေသည်။

 

"ဟုတ်တယ်။ သူ့ကို အိမ်စောင့်ရှောက်ဖို့ မွေးထားတာလေ။"

 

ရှောင်ဟန်ကျန့် ပြန်မဖြေရသေးခင်မှာပဲ သူ့အနောက်က လူငယ်က အံ့သြစွာ မေးလေသည်။ "ဘဲငန်းက အိမ်စောင့်တတ်လား။"

 

ဘဲငန်းတွေက စားသောက်ဖို့အတွက်ပဲ မဟုတ်ဘူးလား။

 

"ဒါပေါ့။ အိမ်စောင့်တတ်တယ်။ ကောင်းကောင်းကြီးကို စောင့်ရှောက်တတ်တယ်။"

 

ဟိုးတုန်းကဆိုရင် ဗီဒီယို အတိုလေးထဲမှာ ဘဲငန်းအဖြူတွေက ခွေးတွေထက် အိမ်ကို ကောင်းကောင်း စောင့်ရှောက်တတ်ကြောင်း တွေ့ခဲ့ရသည်။

 

ဒါ့အပြင် ဘဲငန်းတွေက ဉာဏ်ကောင်းသည့် ငှက်အမျိုးအစား ဖြစ်သည်။

 

သူတို့ကို အချိန်အကြာကြီး ကျွေးမွေးပြီးပါက နာခံတတ်လာပြီး လူတွေနှင့် အပြန်အလှန် ကောင်းကောင်းမွန်မွန် ဆက်ဆံနိုင်သည်။

 

ရှစ်ချင်းလျို့က ထိုလူငယ်ကိုကြည့်ပြီး ရှောင်ဟန်ကျန့်ကို ကြည့်ကာ မေးခဲ့သည်။ "သူက…"

 

ရှောင်ဟန်ကျန့်က မိတ်ဆက်ပေးခဲ့သည်။ "ဒါက ဖေးယွီကျူလေ၊ ဖေးသခင်လေး။"

 

ထို့နောက် သူက ဖေးယွီကျူကို မိတ်ဆက်ပေးခဲ့သည်။ "ဒါ ကျွန်တော့် ဇနီး ရှစ်ချင်းလျို့ပါ။"

 

ရှစ်ချင်းလျို့က ဖေးယွီကျီကို ပြုံးကာ မိတ်ဆက်ခဲ့သည်။ "တွေ့ရတာဝမ်းသာပါတယ် ဖေးယွီကျူ။"

 

ဖေးယွီကျူက ခေါင်းငြိမ့်ပြခဲ့သည်။ "တွေ့ရတာ ဝမ်းသာပါတယ် အစ်ကို့ဇနီး။"

 

နူးညံ့ပြီး ရည်မွန်သည့် ရှောင်ဟန်ကျန့်တွင် ဖြူဖတ်ဖတ် ပိန်ခြောက်ခြောက်နှင့် ဇနီးသည်ရှိမည်ဟု သူ မထင်မိခဲ့ပေ။

 

သူမက ရွာသူဆိုပေမယ့် သူမရဲ့ ကြော့ရှင်းသည့် အသွင်က သူ့အမြင်တချို့ကို ပြောင်းလဲနိုင်ခဲ့သည်။

 

ရှောင်ဟန်ကျန့်က ဖေးယွီကျူ ဘက်ကိုလှည့်ကာ ပြောခဲ့သည်။ "ညီလေးဖေး ဒါကတော့ အစ်ကို့ရဲ့ နုံချာတဲ့အိမ်လေးပဲ၊ မင်းစိတ်ထဲမထားဘူးဆိုရင် မပြန်ခင် လက်ဖက်ရည် တစ်ခွက်လောက် သောက်သွားပါဦးလား။"

 

ပုံမှန်အားဖြင့် ဖေးယွီကျူက ဒီလို တဲအိမ်လေးမှာ လက်ဖက်ရည် သောက်လေ့မရှိပေ။

 

ပထမ အနေနှင့် မသန့်ရှင်းဘူးလို့ခံစားရပြီး ဒုတိယ အနေနှင့် လက်ဖက်ရည် ကောင်းရှိမှာ မဟုတ်ဘူးဟု ခံစားရတာကြောင့်ဖြစ်သည်။

 

သို့ပေမယ့် သူက ရှောင်ဟန်ကျန့်ကို အကောင်းမြင်ပြီး သူ့ဆီက အကူအညီတောင်းခဲ့တာဖြစ်သည်။

 

ထို့ကြောင့် သူက ပြုံးပြကာ ခေါင်းငြိမ့်ပြခဲ့သည်။ "ဒါပေါ့ ကျွန်တော် စိတ်ထဲမထားပါဘူး။"

 

ရှောင်ဟန်ကျန့်က သူ့ကို ဝင်ထိုင်ဖို့ အလည်ဖိတ်ခေါ်ခဲ့သည်။

 

တိုက်ဆိုင်စွာဖြင့် ခြံထဲက စားပွဲပေါ်မှာ ရှစ်ချင်းလျို့နှင့် ပိုင်ရွှီ သုံးခဲ့သည့် လက်ဖက်ရည် သုံးပစ္စည်းတွေ ရှိနေသည်။

 

"ကိုယ်တို့အတွက် လက်ဖက်ရည် ပြင်ပေးဖို့ ကိုယ့်ဇနီးလေး မင်းကိုပဲ ဒုက္ခပေးရမှာပဲ။"

 

ဖေးယွီကျူကို သူ့ဇနီးဖြင့် မိတ်ဆက်ပေးခဲ့တုန်းက ဖေးယွီကျူ မယုံနိုင်ဖြစ်ပြီး အံ့သြနေတာကို သူသိသည်။

 

ဖေးယွီကျူက သူ့ဇနီးကို အထင်သေးတာမဟုတ်ဘဲ သူက ရွာသူ တစ်ယောက်ကို လက်ထပ်ထားမည်ဟု မထင်မိတာကြောင့် အံ့သြနေတာဖြစ်ကြောင်း ရှောင်ဟန်ကျန့်သိသည်။

 

သူ့ကို လက်ဖက်ရည် သောက်ဖို့ ဖိတ်ခေါ်လိုက်တာဟာလည်း သူ့ရှေ့မှာ သူ့ဇနီးလေးရဲ့ စွမ်းရည်ကို ထုတ်ကြွားချင်လို့ဖြစ်သည်။

 

တခြားလူတွေ သူ့ဇနီးအပေါ် အထင်သေးတာကို သူ သဘောမကျပေ။

 

သူမကို ယုံကြည်ချက်ရှိရှိနှင့် တမူထူးခြားသည့် အမျိုးသမီး အနေဖြင့် မြင်ရတာကိုပဲ သူသဘောကျသည်။

 

ရှစ်ချင်းလျို့က ပြုံးခဲ့သည်။ "ရပါတယ်။"

 

ထို့ကြောင့် သူမက လက်ဆေးပြီး လက်ဖက်ရည်လုပ်သည့် ပစ္စည်းတွေကို ရေနွေးဖြင့် ဆေးကြောပြီးနောက် ကုန်းဖူ လက်ဖက်ရည် ထပ်လုပ်ခဲ့သည်။

 

ဖေးယွီကျူက သူမကို ကြည့်နေခဲ့သည်။

 

သူမက လက်ဖက်ရည်ကို ကြော့ရှင်းစွာ လုပ်သွားခဲ့သည်။

 

သူ ထပ်ပြီး အံ့သြသွားခဲ့သည်။

 

သူမ လုပ်ထားသည့် လက်ဖက်ရည်ကို သောက်ပြီးနောက် လုံးဝ ကြိုက်သွားခဲ့သည်။ "ဒီလက်ဖက်ရည်က မွှေးပျံ့နူးညံ့တယ်၊ သောက်ပြီးရင် အရသာက နည်းနည်းချိုပေမယ့် မဆိုးဘူး။"

 

သူက ထပ်မေးခဲ့သည်။ "ဒါက ဘယ်လိုဖျော်စပ်နည်းလဲ။"

 

လက်ဖက်ရည်ကို ဒီလို ပုံစံ နှပ်တာ သူ အခုမှ ပထမဆုံး တွေ့ဖူးတာဖြစ်သည်။

 

သူမ လုပ်ပုံကိုင်ပုံက ကြော့ရှင်းရုံသာမက အရသာကလည်း နူးညံ့ပြီး လန်းဆန်းသည်။

 

ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်။ "ဒါက ကုန်းဖူ လက်ဖက်ရည်ပါ။"

 

ထို့နောက် သူမ ပိုင်ရွှီကို ပြောပြခဲ့သလို ထပ်ပြောပြခဲ့သည်။

 

ဖေးယွီကျူက ပြုံးခဲ့သည်။ "သိပြီ၊ ဒီလို နှပ်သောက်တာ အရမ်းကောင်းတာပဲ။"

 

နောက်တစ်ခါကျရင်တော့ သူ ရှောင်ဟန်ကျန့်ဆီက သင်ယူချင်သည်။

 

အနာဂတ်မှာ လူကြီးတွေနှင့် သူငယ်ချင်းတွေကို လက်ဖက်ရည် နှပ်တိုက်မည်။

 

ဒီပုံစံကိုကြည့်ခြင်းအားဖြင့် ရှောင်ဟန်ကျန့်ရဲ့ဇနီးက သာမာန်ရွာသူ မဟုတ်နိုင်ပေ။

 

သူ့ကို လက်ဖက်ရည် အကြောင်း ပြောပြနေသည့် သူမ ပုံစံက အလွန် ဗဟုသုတ ကြွယ်ဝပုံရသည်။

 

သူတို့သုံးယောက်က လက်ဖက်ရည် သောက်ပြီး စကားတွေ ပြောခဲ့သည်။

 

ရှစ်ချင်းလျို့သည် စကားကို သိပ်ဝင်မပြောဘဲ သူတို့ ပြောနေတာကိုသာ အများဆုံး နားထောင်နေခဲ့သည်။

 

သူတို့ ပြောနေသည့် သတင်းတချို့ကိုလည်း ကြားသိခဲ့ရသည်။

 

ဖေးယွီကျူရဲ့ မိသားစု နောက်ခံက သိပ်မရိုးရှင်းပေ။

 

အခု သူမ ခင်ပွန်းကို သူ့တူလေးရဲ့ အဖျားကို ကုပေးဖို့ လာတောင်းဆိုနေတာ ဖြစ်သည်။

 

တစ်နာရီလောက်ကြာပြီးနောက် မှောင်လာတာကိုတွေ့တော့ ဖေးယွီကျူက နှုတ်ဆက်ကာ ပြန်သွားခဲ့သည်။

 

"အစ်ကိုရှောင် အခု တူလေးကို မြို့တော်မှာ သွားကြိုရဦးမှာ၊ ဒါဆို အစ်ကို့ ကိုပဲ ဒုက္ခပေးပါရစေ။"

 

ရှောင်ဟန်ကျန့်ရဲ့ ဆေးကုသသည့် စွမ်းရည်ကို အရင်က သူ့မျက်လုံးဖြင့် သေချာတွေ့ခဲ့ဖူးသည်။

 

ဒါ့အပြင် သူက အစွမ်းထက်ဆေးဆရာရဲ့ တပည့်ဖြစ်တာကြောင့် သူ့ကို အများကြီး မျှော်လင့်လို့ရသည်။

 

ရှောင်ဟန်ကျန့်က ပြောခဲ့သည်။ "ကောင်းပြီ၊ ညီလေးဖေး၊ ဂရုစိုက်ပြန်ပါ။"

 

ခြံအပြင် လိုက်ပို့ပေးပြီးနောက် ဖေးယွီကျူက ရထားလုံးပေါ် တက်ပြီး ပြန်သွားခဲ့သည်။

 

ရှောင်ဟန်ကျန့်က ခြံတံခါးပိတ်ပြီးနောက် ရှစ်ချင်းလျို့ရဲ့ လက်ကို အရင် ဆုပ်ကိုင်လိုက်သည်။ "ကိုယ်မရှိတုန်း အခက်အခဲတွေ ရှိသေးလား။"

 

ရှစ်ချင်းလျို့က သူ့လက်မောင်းကိုမှီကာ ခေါင်းလေးဖြင့် ပွတ်သပ်လာခဲ့သည်။ သူမက ရက်ရက်ရောရော ပြောခဲ့သည်။ "မရှိပါဘူး၊ အကုန်အဆင်ပြေတယ်၊ ရှင့်ကို နည်းနည်းလေးတော့ လွမ်းတာပေါ့။"

 

ရှောင်ဟန်ကျန့်သည် ရှစ်ချင်းလျို့၏ အနားကပ်ကာ သူ့ရဲ့ အားနေသည့် လက်တစ်ဖက်ဖြင့် ဖက်လိုက်သည်။ "ကိုယ်အပြင်ရောက်နေတဲ့အချိန် ကိုယ့်မိန်းမကို အရမ်းလွမ်းတာပဲ၊ ဒီရက်တွေထဲ ကိုယ်ခရီးဝေး မသွားဘူး၊ မြို့ထဲ စာသွားသင်ပြီး အတတ်နိုင်ဆုံး နေ့တိုင်းပြန်လာနိုင်အောင် ကြိုးစားမယ်။"

 

အိမ်ပြန်ရောက်မှ သူ စိတ်အေးခဲ့တာ ဖြစ်သည်။

 

သူ့ဇနီးလေးကိုမြင်မှ သူ့စိတ်အခြေအနေ ကောင်းမွန်သွားခဲ့တာ ဖြစ်သည်။

 

ဒါတွေဟာ သူ အရင်ဘဝက တစ်ခါမှ မကြုံဖူးသည့် ခံစားချက်တွေ ဖြစ်သည်။

 

အိမ်တစ်လုံးက လူ့ရဲ့စိတ်ခံစားချက်ကို အားဖြည့်ပေးသည်ဟူသော စကားကို လူတွေ ပြောတာလည်း မဆန်းတော့ပေ။

 

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "အင်း ကောင်းတာပေါ့၊ အိမ်က အစားအစာက မြို့ကျောင်းက အစားအစာထက် ပိုကောင်းတယ်၊ ရှင်က တော်တော်လေး ပိန်ပြီး အားရှိတဲ့ အစားအစာတွေ စားဖို့ လိုတယ်။"

 

သူမ ခင်ပွန်း နေမကောင်းဖြစ်ပြီးကတည်းက အနည်းငယ် ပိုပိန်သွားခဲ့သည်။

 

ရှောင်ဟန်ကျန့်ရဲ့ နှလုံးသားလေး နွေးထွေးသွားခဲ့သည်။ "ကောင်းပါပြီဗျာ။"

 

ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်ကို ဆွဲပြီး ထိုင်ခိုင်းလိုက်သည်။ "ရှင် စီရင်စုကိုသွားပြီး ဆေးဘက်ဆိုင်ရာ ဆွေးနွေးမှုသွား လုပ်တော့ ဖေးသခင်လေးက လူနာလား။"

 

သူတို့စကားကို နားထောင်ရသလောက်တော့ ထိုသို့ ဖြစ်ဟန် မတူပေ။

 

ရှောင်ဟန်ကျန့်က သူ့ဇနီးလေးရဲ့ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခဲ့သည်။ "မဟုတ်ဘူး ဖေးယွီကျီနဲ့က မတော်တဆ ဆုံခဲ့တာပါ။"

 

သူ မဖုံးကွယ်ထားခဲ့ပေ။ "အစွမ်းထက်ဆေးဆရာဆီက ပညာအမွေဆက်ခံထားတာကြောင့် ဘယ်လို ဆွေးနွေးကုသပေးရမလဲဆိုတာ ကိုယ်သိတယ်၊ ကိုယ်ဆေးစာအုပ်ဖတ်ရင်း အဲဒီမှာ လျှို့ဝှက်ထားတဲ့ စကားလုံးရှိတယ်ဆိုတာ သိခဲ့ရတယ်၊ အဲတာက လိပ်စာတစ်ခုဆိုတာ ရှာတွေ့ခဲ့တယ်၊ လိုက်ရှာလိုက်တော့ အစွမ်းထက်ဆေးဆရာ နေတဲ့ ပျဥ်ထောင်အိမ်လေးဖြစ်ပြီး သူရေးခဲ့တဲ့ ဆေးစာအုပ်နဲ့ ထိုးထွင်းသိမြင်နိုင်တဲ့အစွမ်းရှိနေခဲ့တယ်၊ ကံဆိုးချင်တော့ သူက ဆုံးသွားပြီ၊ ဒါကြောင့် ကိုယ်က သူ့ရဲ့ တစ်ဦးတည်းသောတပည့် ဖြစ်လာခဲ့တယ်၊ ဆေးစာအုပ်ထဲမှာ လျှို့ဝှက်စာရေးခဲ့ပြီး ကံပါတဲ့လူကို သူ့ဆေးပညာအစွမ်းတွေ ပေးနိုင်ခဲ့တာ၊ သူနဲ့ ဆုံခဲ့ရတာ ကိုယ်ကံကောင်းတာပဲ။"

 

ဒါတွေက သူ့အတိတ်ဘဝမှာ ဖြစ်ခဲ့တာ ဖြစ်သည်။

 

ဆေးစာအုပ်တွေကိုတော့ နောက်လအနည်းငယ်ကြာမှ ရှာတွေ့ခဲ့တာ ဖြစ်သည်။

 

သူ့ဆရာ ချန်ခဲ့သည့် ထိုးထွင်းသိမြင်နိုင်သည့်အစွမ်းဖြင့် ဆေးစာအုပ်တွေကို လေ့လာခဲ့သည်။

 

သူ့ရဲ့ ကျန်ရှိသည့် ဘဝတစ်လျှောက်လုံးကိုလည်း ဆေးဆရာများစွာဆီ သွားလည်ပြီး နွေးဆွေးဖလှယ်ခဲ့တာကြောင့် သူ့ရဲ့ ဆေးပညာက ပိုတော်လာခဲ့သည်။

 

သို့ပေမယ့်လည်း အစွမ်းထက်ဆေးဆရာက သေဆုံးသွားတာကြောင့် သူက အစွမ်းထက်ဆေးဆရာရဲ့ လူကိုယ်တိုင် သင်ကြားပေးမှု မခံခဲ့ရတာကို ဘယ်သူမှ မသိပေ။

 

သူ့ဇနီးလေးရဲ့ နည်းလမ်းအတိုင်း သူလည်း ကျင့်သုံးပြီး သူက အစွမ်းထက်ဆေးဆရာရဲ့ တပည့်ဖြစ်ကြောင်း ဖေးယွီကျူကို ဝန်ခံခဲ့လေသည်။

 

ဒါက သူ့ရဲ့ ကျွမ်းကျင်သည့် ဆေးပညာကို အဖြေရစေခဲ့သည်။

 

အစွမ်းထက်ဆေးဆရာက သူ့ကို ဘာလို့ လက်ခံခဲ့ပြီး ဘယ်လိုသင်ပေးခဲ့လည်းဆိုတာတော့ သူ့ကိုပဲ ခန့်မှန်းခိုင်းခဲ့သည်။

 

သိပ်မကြာခင်မှာပဲ သူ့ဇနီးနှင့် ဆေးဆရာရှစ်ကြားကကိစ္စကို သူရှာတွေ့ခဲ့သည်။

 

ဒါက သူ့ရဲ့ဆေးပညာကျွမ်းကျင်မှုကို ခိုင်မာသည့် အတည်ပြုချက်ရစေခဲ့သည်။

 

ဆေးအကြွင်းအကျန်ရဲ့ ပြဿနာကို သူတစ်ယောက်တည်းကသာ ရှာတွေ့ခဲ့တာ ဖြစ်သည်။

 

ဖေးယွီကျူလို သက်သေမြင်သည့်လူရှိနေမှတော့ အနာဂတ်မှာ သူက အစွမ်းထက်ဆေးဆရာရဲ့ တပည့်အဖြစ် ပေါ်ပေါ်ထင်ထင် နေလို့ရပြီဖြစ်သည်။

 

သူက ခဏနားပြီး ဆက်ပြောခဲ့သည်။ "အဲတုန်းက ဆရာ့ရဲ့ သစ်သားအိမ်ကို စောစောသွားပြီး ဆေးစာအုပ်တွေနဲ့ ထိုးထွင်းမြင်နိုင်တဲ့အစွမ်းကို စုဆောင်းဖို့သွားခဲ့တာ၊ အဲဒီမှာ ဆေးကုသပေးဖို့ လာရှာတဲ့ ဖေးယွီကျူနဲ့ မတော်တဆဆုံခဲ့တာ၊ အစွမ်းထက်ဆေးဆရာက သေသွားတာကို သူသိတယ်၊ ကိုယ်က အစွမ်းထက်ဆေးဆရာရဲ့ တပည့်မှန်းလည်း သိတော့ ဆွေးနွေးကုသပေးဖို့ ဖိတ်ခေါ်ခဲ့တယ်၊ အခု သူ့တူလေးက မြို့တော်မှာလည်း ကိုယ်က အခုအချိန်မှာ မြို့တော်ကို မသွားချင်တာရယ် အပြန်နောက်ကျမှာစိုးတာကြောင့် ယဥ်ယဥ်ကျေးကျေး ငြင်းလိုက်တာ၊ ကုသပေးစေချင်ရင် ရွာကိုခေါ်ခဲ့လို့ ပြောလိုက်တာ၊ သူက ကိုယ့်ဆေးပညာကို သိပ်မယုံသေးတော့ သူ့တူလေးကို ခေါ်လာပြီးမှ ရောဂါမပျောက်မှာကြောက်နေတာ၊ ဒါကြောင့် ကိုယ်နဲ့ စီရင်စုကို လိုက်ခဲ့ပြီး ကိုယ် သေခါနီးလူနာကို ကုပေးတာ သူမြင်ခဲ့တယ်၊ သူက စီရင်စုက အပြင်းအထန်ဖျားနေတဲ့ လူနာနှစ်ယောက်ကိုလည်း ကုပေးခိုင်းခဲ့တယ်၊ ပြီးမှ ယုံသွားတာ၊ ပြီးတော့ အိမ်ကိုလိုက်လာတာပဲ၊ ပထမ တစ်ချက်က ကိုယ့်ကို လိုက်ပို့ချင်တာဖြစ်ပြီး၊ ဒုတိယ တစ်ချက်က သူ့တူလေးကို ခေါ်လာဖို့ အိမ်ကိုသိချင်တာကြောင့်လည်းပါတာပေါ့။"