အခန်း ၆၉
Viewers 7k

Ch-69 Uni

အခန်း(၆၉) - ဒီလိုစော်ကားမှုမျိုးကို သူတို့သည်းမခံနိုင်ပေ

 

သူမ ခင်ပွန်းရဲ့ ပြောစကားတွေနားထောင်ပြီးနောက် အမှန်တရားတချို့ကိုပါ သိခဲ့ရသည်။

 

သူမက အဓိပ္ပာယ်ပါပါပြုံးကာ ပြောခဲ့သည်။ "ကျွန်မတို့ရဲ့ ကံတရားက တော်တော်တူသားပဲ၊ ကျွန်မမှာ မသေမျိုးဆရာသခင်ရှိပြီး ရှင့်မှာ အစွမ်းထက်ဆေးဆရာဖြစ်တဲ့ ဆရာရှိတယ်လေ။"

 

သေသွားသည့် ဆရာ့နှစ်ယောက်က ကိစ္စရပ်တိုင်း လွှဲချဖို့အတွက် အသုံးဝင်နေသည်။

 

ရှောင်ဟန်ကျန့်က ခပ်ဖွဖွပြုံးကာ သူမရဲ့ လက်ကို ညှစ်လိုက်သည်။ "ဒါဆိုရင်တော့ ကိုယ်တို့က လင်မယားဖြစ်ဖို့ ကံတရားကစီမံထားတာပဲ။"

 

ရှစ်ချင်းလျို့က မေးခဲ့သည်။ "ဖေးသခင်လေးက မြို့တော်က မင်းစိုးရာဇာ မိသားစုက သခင်လေးလား။"

 

သူ့ရဲ့ ရုပ်ရည်နှင့် စကားတွေအရတော့ သာမာန်လူ မဖြစ်နိုင်ပေ။

 

ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်တယ် သူက မြို့တော်က အဆင့်မြင့် မင်းစိုးရာဇာမိသားစုက သခင်လေးလေ။"

 

ဖေးယွီကျူနှင့် မတော်တဆတွေ့ဆုံခြင်းက ကံကောင်းမှုကြီး ဖြစ်သည်။

 

ရှစ်ချင်းလျို့က သိချင်စွာ ထပ်မေးခဲ့သည်။ "သူနဲ့ မော့ချင်းလင်ရဲ့ ဂုဏ်ဒြပ်ကိုယှဥ်ရင် ဘယ်သူက ပိုအင်အားကြီးလဲ။"

 

ရှောင်ဟန်ကျန့်က ပြန်ဖြေခဲ့သည်။ "တစ်ယောက်ချင်းဆီက သူ့စွမ်းပကား သူရှိတာပဲ၊ မော့ချင်းလင်ရဲ့ အဖေက အားမကိုးရပေမယ့် သူ့အမေဘက်က အမျိုးကို သူအားကိုးမှီခိုလို့ရတယ်၊ ပြီးတော့ သူ့အရည်အချင်းက အားမနည်းဘူး၊ သူ့အနာဂတ်က အကန့်အသတ်မဲ့တယ်၊ ဖေးယွီကျူရဲ့ မိသားစုနောက်ခံက ပိုတောင်ထင်ရှားတယ်၊ သူ့ဦးလေးတွေက ဖေးမျိုးနွယ်စုမှာ အကုန် နေရာတစ်ခုရပြီးသားဖြစ်ပြီး တချို့ဆိုရင် တော်ဝင်ခုံရုံးမှာပါ အောင်မြင်မှုတွေရထားတယ်၊ သူက စာသင်သားမိသားစုရဲ့ သားလေ၊ သူက သူ့အဖေရဲ့ပထမဇနီးရဲ့သား မဟုတ်ဘူး၊ ဒါကြောင့် သူက တော်ဝင်စာမေးပွဲဖြေပြီး အရာရှိလုပ်လို့မရဘူး၊ သူ့အတွက် လမ်းကြောင်းကို သူ့မိသားစုက ဖောက်ပေးလိမ့်မယ်၊ သူ့မှာ တော်ဝင်ခုံရုံးမှာ အရာရှိဖြစ်ဖို့ အနာဂတ်လမ်းကြောင်း မရှိပေမယ့် သူ့အတွက် လွယ်ကူပြီး လူများစွာနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်၊ ဒါ့အပြင် သူ့မှာ အာဏာအပြည့်ရှိတဲ့ မိသားစုနောက်ခံနဲ့ သန်မာတဲ့ ဆက်သွယ်ရေးကွန်ရက်ရှိတယ်။"

 

သူ့အတိတ်ဘဝတုန်းက ဖေးယွီကျူနှင့် အဆက်အသွယ် သိပ်မရှိခဲ့ပေ။

 

သူ့အကြောင်းသာ ကြားဖူးခဲ့သည်။

 

ဖေးယွီကျူက ဘယ်လိုသောက်ရမယ်၊ စားရမယ်၊ ပျော်ရမယ်ဆိုတာသိသည့် မျိုးရိုးမြင့် သခင်လေးအဖြစ် နာမည်ကြီးသည်။

 

သူနှင့် ဆုံတွေ့ပြီးနောက် သူ့အကျင့်စရိုက်က မဆိုးတာကြောင့် မိတ်ဆွေဖွဲ့ခဲ့ခြင်း ဖြစ်သည်။

 

ရှစ်ချင်းလျို့က ချမ်းသာသည့် မိသားစုမှာ မွေးလာတာကြောင့် ဖေးယွီကျူရဲ့ ပုံစံနှင့် အဆင့်အတန်းကို အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။

 

သူမက ထပ်မေးခဲ့သည်။ "သူ့တူလေးက တော်တော် နေမကောင်းဖြစ်နေတာလား။"

 

မဟုတ်ပါက ဆေးဆရာတွေများသည့် မြို့တော်မှာနေသည့် မင်းစိုးရာဇာမိသားစုက သားက ကျေးရွာကို ကုသဖို့ ပို့ပေးစရာ မလိုပေ။

 

ရှောင်ဟန်ကျန့်က ပြောခဲ့သည်။ "အင်း သူ့အဖျားက နည်းနည်းထူးဆန်းတယ်၊ အဲအဖျားကို ဘယ်လိုကုရမလဲဆိုတာ ကိုယ်သိတယ်။"

 

ထိုကဲ့သို့သော ကိစ္စကို အရင်တစ်ခါကလည်း သူကြုံခဲ့ဖူးပြီး သူ့ဆရာရဲ့ ဆေးစာအုပ်အတိုင်း သူ့နည်းလမ်းဖြင့် ကုသပေးခဲ့ဖူးသည်။

 

ထို့ကြောင့် သူ့တွင် အတွေ့အကြုံတချို့ရှိနေသည်။

 

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "ဒါဆို ကောင်းတာပေါ့၊ သူတို့ မြို့တော်က ပြန်လာတဲ့အချိန်ဆိုရင် ကျွန်မတို့ အိမ်အသစ်လည်း ပြီးလုနီးပါးဖြစ်နေပြီ။"

 

သူတို့လည်း ကုသမှုခံယူဖို့ လာတာကြောင့် သူတို့လည်း နေသင့်သည်။

 

သူမ ယောက်ျားငှားခဲ့သည့် လက်မှုပညာသည်တွေက အိမ်ဆောက်ရာမှာ အတွေ့အကြုံရှိသည်။

 

ရှေးခေတ်တုန်းက အဆောက်အဦးအမြင့် ဆောက်လုပ်တာ ခေတ်မစားပေ။

 

မြန်မြန်ဆောက်ပြီးမည့် တစ်ထပ်အိမ်သာ ဆောက်ကြသည်။

 

အခုဆိုရင် ဆောက်လုပ်ရေးက တစ်ဝက်ပြီးနေပြီဖြစ်သည်။

 

ခြံဝန်းကိုတော့ အိမ်ဆောက်ပြီးမှ ဖြည်းဖြည်းချင်း အလှဆင်သွားမည်ဖြစ်သည်။

 

ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြခဲ့သည်။ "ကိုယ်လည်း အဲလိုထင်တာပဲ။"

 

သူနှင့်သူ့ဇနီး ရေးဆွဲခဲ့သည့် အိမ်က မသေးပေ။

 

နေရာ နှစ်ခုလည်း ခွဲထားခဲ့သည်။

 

အိမ်မကြီးကို သူတို့မိသားစုနေပြီး နောက်တစ်နေရာက ဧည့်သည်တွေ ဧည့်ခံဖို့ဖြစ်သည်။

 

ဖေးယွီကျူက သူ့တူလေးကို လာပို့မှာဖြစ်တာကြောင့် သူတို့ ထိုနေရာမှာ နေဖို့ သင့်လျော်သည်။

 

ရှစ်ချင်းလျို့က ယုတ်မာစွာ ပြုံးလိုက်သည်။ "အချိန်ကျရင် ဆန်ကုန်မြေလေးအဖေနဲ့ သူ့မိန်းမ လုပ်ခဲ့တာတွေကို ပြောပြပစ်မယ်။"

 

ဆန်ကုန်မြေလေးအဖေနှင့် သူ့မိန်းမရဲ့ ဂုဏ်သိက္ခာ ကျဆင်းအောင် ဒုက္ခခံပြီး နည်းလမ်းရှာနေဖို့ မလိုပေ။

 

ရှောင်ဟန်ကျန့်က ခပ်ဖွဖွပြုံးခဲ့သည်။ "ကောင်းပါပြီ။"

 

ထိုကိစ္စကို သူ မတွေးမိခဲ့ပေ။

 

သို့ပေမယ့်လည်း သူ့ဇနီး မပြောရင်တောင် ဖြစ်နိုင်ခြေ ရှိသည်။

 

ဖေးမိသားစုက ပြည်သူ့အရာရှိဖြစ်လာသည့် စာသင်သားကို မွေးထုတ်ပေးခဲ့သည်။

 

ဖေးယွီကျူရဲ့ အဖိုးက လက်ရှိမှာ ဘာသာရေးဝန်ကြီးဌာနရဲ့ ဝန်ကြီးဖြစ်ပြီး သူ့ဦးလေးက ဘုရင်ကြီး ခန့်အပ်ထားသည့် အရာရှိတွေကို ကြီးကြပ်သည့် ကြီးကြပ်ရေးမှူး အရာရှိတာဝန်ခံ ဖြစ်သည်။

 

တကယ်လို့ ဖေးယွီကျူသာ ဆန်ကုန်မြေလေးအဖေရဲ့ ဇာတ်ကြောင်းကို ဖြန့်ချိခဲ့ပါက အနည်းဆုံးတော့ အရာရှိတွေကြားမှာ ဆန်ကုန်မြေလေးအဖေရဲ့ ဂုဏ်သိက္ခာ ကျဆင်းသွားနိုင်သည်။

 

ရှောင်သခင်မကြီးနှင့်တခြားလူတွေ မြို့တော်ကိုသွားပြီး နည်းနည်းလောက် ကြိုးစားခဲ့ပါက သူ့အသက်မွေးဝမ်းကြောင်း ထိခိုက်သွားစေနိုင်သည်။

 

ရှစ်ချင်းလျို့က တခစ်ခစ် ရယ်မောခဲ့သည်။ "ရှောင်သခင်မကြီးနဲ့ တခြားလူတွေ မြို့တော်ရောက်ပြီလား မသိဘူး၊ ပွဲကြီးပွဲကောင်းကို မျက်လုံးနဲ့တပ်အပ်မြင်ချင်လိုက်တာ။"

 

ပွဲကြီးပွဲကောင်း ကြည့်ဖို့အတွက် ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးဆီက စာစောင့်ရုံသာ တတ်နိုင်သည်။

 

ရှောင်ဟန်ကျန့်က ပြန်ဖြေခဲ့သည်။ "သူတို့ထွက်သွားတဲ့ရက်အရဆိုရင် နောက်ထပ် ရက်အနည်းငယ်နေရင် ရောက်လောက်ပြီ။"

 

အစတုန်းက သူနှင့် သူ့ဇနီးက လမ်းတစ်ဝက်လောက်မှာ သူတို့ရထားလုံး လုယက်ခံရအောင်လုပ်ဖို့ ကြံခဲ့ပေမယ့် ပြဿနာကောင်တွေ အလုပ်ကောင်းကောင်း မလုပ်မှာကို သူတို့ စိုးရိမ်ခဲ့သည်။

 

သူတို့ငတ်သေသွားတာ သို့မဟုတ် လမ်းမှာ အန္တရာယ်နှင့် ကြုံပါက ပြဿနာရှိသည်။

 

ဒါကြောင့် မြို့တော်ရောက်ခါနီးမှ သူတို့ရထားလုံးကို လုယက်ခံရအောင်လုပ်ဖို့ စီစဥ်ခဲ့သည်။

 

ဒီနည်းလမ်းအတိုင်းဆိုရင် သူတို့အစားအစာတောင်းစားရရင်တောင် မြို့တော်ကိုသွားလို့ရသည်။

 

ဆေးစာအုပ်တွေရှာတာနှင့် ဖေးယွီကျူနှင့် ဆုံတာပါဆိုရင် ရက်၂၀လောက်ကြာခဲ့သည်။

 

တကယ်လို့ ထိုပြဿနာကောင်တွေသာ လမ်းမြန်မြန်လျှောက်ပါက မကြာခင်ရောက်နိုင်သည်။

 

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "ကောင်းတာပေါ့။ သူတို့ မသေရင် ပြီးတာပဲ။"

 

ရှောင်ဟန်ကျန့် အနည်းငယ် ပင်ပန်းနေတာကို သူမ တွေ့နေရသည်။ "သွားနားလိုက်ဦး၊ ညစာ စားခါနီးမှ ခေါ်လိုက်မယ်။"

 

အမေရှောင်က ကလေးနှစ်ယောက်နှင့် စိုက်ခင်းထဲ ဆင်းသွားကာ ပြန်မလာသေးပေ။

 

သိပ်မကြာခင်က ကောင်းကောင်း မအိပ်ခဲ့ရတာကြောင့် ရှောင်ဟန်ကျန့် အနည်းငယ် ပင်ပန်းနေပြီဖြစ်သည်။ "ဟုတ်ပါပြီဗျာ။"

 

မြို့တော်တွင် ဖြစ်၏။

 

ရှောင်သခင်မကြီးနှင့် တခြားလူတွေက အဝတ်စုတ်တွေ ဝတ်ဆင်ထားသည်။

 

မြို့တော်ကိုဝင်သည့် ဂိတ်ဝတွင် ဆံပင်တွေ ရှုပ်ပွစွာဖြင့် ရောက်ရှိနေပြီဖြစ်သည်။

 

မြို့တော်ကိုဝင်သည့် ဂိတ်ကိုတွေ့တော့ သူတို့မျက်လုံးထဲ မျက်ရည်တွေ ပြည့်လျှံသွားခဲ့သည်။

 

နောက်ဆုံးတော့ ရောက်ခဲ့ပြီ။ မဟုတ်ရင် သူတို့ ရူးသွားလိမ့်မယ်။

 

ရေကြောင်းနှင့် မသွားရင် လုံခြုံပြီဟု ထင်ခဲ့ပေမယ့် ကုန်းလမ်းနှင့်သွားမှ ဓားပြနှင့် ကြုံခဲ့ရလေသည်။

 

သူတို့က ပိုက်ဆံတွေ ယူသွားရုံသာမက အဝတ်အစားအိတ်တွေပါ အကုန်ယူသွားပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့်သာ ထားရစ်ခဲ့လေသည်။

 

ထို့ကြောင့် မြို့တော်ကိုရောက်ဖို့ တောင်းရမ်းကာ လာခဲ့ရသည်။

 

၁၀ရက်လောက် ဘယ်လောက်ထိ သည်းခံခဲ့ရလဲဆိုတာကို ဘယ်သူမှသိမည်မဟုတ်ပေ။

 

နေ့တိုင်း မစားနိုင်သလို လမ်းဘေးမှာသာ အိပ်ခဲ့ရသည်။

 

အစကတော့ မြို့တော်ကိုလာဖို့ တွန်းအားပေးခဲ့သည့် ရှစ်ချင်းလျို့ကို ကျိန်ဆဲမိခဲ့သည်။

 

နောက်တော့ သူတို့မြို့တော်ကိုလာရအောင် ကလိမ်ကကျစ်ကျသည့် ရှောင်မိသားစုရဲ့ ဒုတိယသားကို ကျိန်ဆဲခဲ့သည်။

 

သူတို့တွေ ဒုက္ခခံရလေလေ ရှောင်မိသားစုရဲ့ ဒုတိယသားကို ပိုမုန်းတီးလာလေလေ ဖြစ်သည်။

 

လွန်ခဲ့သည့် ရက်အနည်းငယ်က ပိုဒုက္ခခံခဲ့ရသည်။

 

သူတို့တွေ ဗိုက်ဆာပြီး မူးဝေနေပေမယ့် လမ်းဆက်လျှောက်ခဲ့ရသည်။ ဒီလိုဒုက္ခမျိုး အရင်က တစ်ခါမှ မကြုံဖူးခဲ့ပေ။

 

အထူးသဖြင့် ရှောင်သခင်ကြီးနှင့် သခင်မကြီးက ကျေးဇူးမသိတတ်သည့် ဒုတိယသားကို ရင်ထဲက ကျိန်ဆဲခဲ့သည်။

 

သူတို့သားသာ အရှေ့မှာရှိပါက ရှောင်သခင်မကြီး သူ့ကို ရိုက်ပစ်ဖို့ ဒေါသထိန်းနိုင်မည် မဟုတ်ပေ။

 

သူမ မျက်လုံးတွေကနီနေပြီး မြို့တော်ဂိတ်ဆီကို ချွေးမနှစ်ယောက်ရဲ့ တွဲမပေးမှုဖြင့် သွားနေသည်။

 

မြို့တော်ဂိတ်ကိုရောက်တော့ အစောင့်တွေရဲ့ တားမြစ်ခြင်းကို ခံလိုက်ရသည်။

 

အစောင့်တစ်ယောက်က အော်မေးခဲ့သည်။ "ဘာလာလုပ်တာလဲ၊ တံဆိပ်ပြား ဘယ်မှာလဲ။"

 

ရှောင်သခင်ကြီးရဲ့ ညွှန်ပြပေးမှုအောက်မှာ အကြီးဆုံးသားဖြစ်သူက သူ့ရင်ဘတ်အင်္ကျီထဲက တံဆိပ်ပြားကို ထုတ်ကာ ကမ်းပေးလိုက်သည်။ "ဒီမှာပါ။"

 

တံဆိပ်ပြားကို ကိုယ်နှင့်အနီးဆုံးမှာ သိမ်းထားမိတာ ကံကောင်းသည်။

 

မဟုတ်ပါက မြို့တော်ကို ဝင်လို့ရမည် မဟုတ်ပေ။

 

အစောင့်က တံဆိပ်ပြားကို ယူကြည့်လိုက်သည်။

 

ထို့နောက် သူက မေးခဲ့သည်။ "မြို့တော်ကို ဘာလာလုပ်တာလဲ။"

 

သူက အထင်သေးစွာ ဆက်ပြောခဲ့သည်။ "မြို့တော်က အရေးကြီးတဲ့နေရာ၊ ဒါမင်းတို့ သူတောင်းစားတွေ လာတောင်းရမယ့်နေရာ မဟုတ်ဘူး၊ လာရာလမ်းကိုသာ ပြန်လိုက်တော့။"

 

"ဟုတ်တယ်။ ဒါ မင်းတို့နေရမယ့်နေရာ မဟုတ်ဘူး၊ မြန်မြန်ထွက်သွား။" လူနောက်တစ်ယောက်ကလည်း စိတ်မရှည်စွာ လက်ယမ်းပြခဲ့သည်။

 

ရှောင်မိသားစုဟောင်းကလူတွေက ကြက်သေ သေသွားခဲ့သည်။

 

သူတို့က တောင်းစားဖို့လာသည့် သူတောင်းစားတွေ မဟုတ်ပေ။

 

ဒီလိုစော်ကားမှုမျိုးကို သူတို့ သည်းမခံနိုင်ပေ။

 

မြို့တော်ကိုဝင်သည့်အချိန် သို့မဟုတ် ဗိုလ်ချုပ်စံအိမ်ကိုသွားသည့်အချိန် တစ်ယောက်ယောက်က တားပါက ရှောင်မိသားစု ဒုတိယသား၏ နာမည်ကို ထုတ်သုံးဖို့ ရှစ်ချင်းလျို့ ပြောခဲ့တာကို အမှတ်ရသွားသည်။

 

ဗိုလ်ချုပ်ကြီးရဲ့ မိသားစုဝင်အဖြစ် ကြွားလုံးထုတ်ရမည်။

 

ထို့ကြောင့် ရှောင်မိသားစုရဲ့ အကြီးဆုံးသားက ခြေထောက်တုန်ယင်နေသည့်ကြားမှ အသက်ပြင်းပြင်းရှူကာ ဘဝင်မြင့်ယောင်ဆောင်လိုက်သည်။ "ကန်းနေလား၊ ငါတို့ ဘယ်သူလဲဆိုတာ သိရဲ့လား။"

 

ဒီစကားကိုလည်း ရှစ်ချင်းလျို့ သူ့ကို သင်ပေးခဲ့တာဖြစ်သည်။

 

ဒီလို ဘဝင်မြင့်သည့် သူတောင်းစားကို ပထမဆုံးတွေ့ဖူးတာကြောင့် ဂိတ်စောင့်တွေက သူတို့အချင်းချင်း တီးတိုးပြောနေခဲ့သည်။

 

သူတို့ကလည်း မကြည်မလင်မေးခဲ့သည်။ "မင်းတို့က ဘယ်သူတွေလဲ၊ မင်းတို့ ဘယ်သူတွေလဲဆိုတာ မပြောနိုင်ရင် ထောင်ထဲ ဆွဲထည့်ပစ်မယ်။"

 

သူတို့ကိုများ ကန်းနေလားလို့ မေးရဲသေးတယ်။ ဒီသူတောင်းစားတွေတော့ တော်တော် သတ္တိကောင်းနေပါလား။