အရှင့်အားခစားခွင့်ရရန်ကြိုးပမ်းခြင်း
သို့သော်သူစောင့်နေခဲ့သော နာကျင်မှုမှာရောက်မလာခဲ့ချေ။ လန်ဝေ့ရုတ်တရက်မျက်လုံးကိုဖွင့်ကြည့်လိုက်သည်။
သူဖွင့်ကြည့်လိုက်လျှင် အရင်ဆုံးမြင်လိုက်ရသည်မှာ လင်းရှောင်၏ကွေးနေအောင်ပြုံးနေသောမျက်၀န်းများဖြစ်သည်။ လန်ဝေ့ အတွေးဗလာဖြင့်ကြည့်နေမိသည်။
လင်းရှောင်လည်းဓါးကိုပစ်ထုတ်လိုက်ပြီး ထရပ်လိုက်တော့သည်။
"မသင်းခင်မှာ ဥပုဒ်စောင့်ရမယ်ဆိုတာ ငါခုမှသတိရတယ်။ မဟုတ်ရင်နာကျင်လွန်းလို့ မင်းဘ၀တစ်လျှောက်လုံးအမှတ်ရနေလိမ့်မယ်။ အဲဒီတုန်းက မင်းကငါ့ကိုမေ့အောင်လုပ်ပြီး အညစ်အကြေးစွန့်ပယ်တဲ့အခန်းထဲတိုက်ရိုက်ပို့ခဲ့တာ... မင်းဒီအကြောင်းတွေးတောင်မတွေးကြည့်ခဲ့ဘူးမလား...မင်းကဒီလို တာ၀န်ယူမှုမရှိတဲ့လူယုတ်မာဖြစ်နေရင်တောင် ငါကတော့မမျှမတမလုပ်နိုင်ဘူး... ဒီတော့ ငါမင်းကိုနှစ်ရက်လောက်ဥပုဒ်စောင့်ခိုင်းပြီးမှ ထပ်လာကြည့်ရင်ရော ဘယ်လိုလဲ..."
လင်းရှောင်ကပြောပြီး လန်ဝေ့၏အောက်ပိုင်းအား အဓိပ္ပါယ်ပါပါနှင့်ကြည့်လိုက်သည်။
လန်ဝေ့မှာတုန်လှုပ်လျက် အံကိုတင်းတင်းကြိတ်ကာ မျက်နှာလွှဲမိသည်။ သူ၏ခြေထောက်နှစ်ချောင်းမှာ ပူးကပ်ထားပြီး လင်းရှောင်၏မကောင်းသောရည်ရွယ်ချက်ကိုပုန်းရှောင်ရန်ကြိုးစားနေ၏။
လင်းရှောင်လည်းကျေနပ်စွာရယ်မောလိုက်ပြီး လန်ဝေ့၏ဓါးကိုကိုင်လျက်ပင် ထရပ်လိုက်သည်။ ထို့နောက် လက်မတစ်လုံးစာထူသောကြိုးဖြင့်လန်ဝေ့အားတုတ်နှောင်လိုက်လေသည်။
ထို့နောက်အလွန်ပင်ပန်းနေသောလင်းရှောင်ကထရပ်လိုက်ပြီး လန်ဝေ့အား သူ၏ကုတင်အောက်သို့ ကန်သွင်းလိုက်တော့သည်။
အဆုံးတွင် သူငုတ်တုတ်ထိုင်ချလျက် စကားတချို့ပြောလိုက်သေးသည်။
"သခင်လေးလန်ဝေ့ အဲဒီမှာလိမ်လိမ်မာမာလေးနေရင်ကောင်းမယ်...အကယ်၍အသံတစ်ခုခုထွက်လို့ ကုန်းကုန်းတွေနဲ့အစေခံတွေသာ မင်းကိုတွေ့သွားခဲ့ရင် ငါလည်းမင်းကို မင်းကြီးလက်ထဲအပ်ရုံအပြင်မရှိဘူး..."
"...." ပါးစပ်အဆို့ခံထားရသောလန်ဝေ့မှာ လင်းရှောင်အားမုန်းတီးစွာစိုက်ကြည့်နေရုံသာတတ်နိုင်လေသည်။
ထိုညတွင် လင်းရှောင်ကောင်းစွာအိပ်ပျော်ခဲ့သည်။ နောက်တစ်နေ့တွင် လင်းရှောင်စာရင်းကိုထုတ်ယူလိုက်၏။
အကြီးအကဲနှစ်ယောက်၊ အစေခံသုံးယောက်နဲ့ ကုန်းကုန်းခုနှစ်ယောက် နှစ်ယောက်က ကုန်လှောင်ရုံက။
မိန်းမစိုးလင်းမှလွဲလျှင် ကျန်သည့် ဆယ့်နှစ်ယောက်အား ယခုဘဝရောအရင်ဘ၀ကပါ တစ်ခါမှမမြင်ဖူးခဲ့ချေ။
ကြည့်ရတာ အရင်ဘ၀ကသူတွေ့ဖူးတဲ့ သူလျှိုများမှာ လန်ဝေ့၏လူများဖြစ်လိမ့်မည်။ အမတ်ကြီးအိမ်တော်မှာ အတော်သိုသိုသိပ်သိပ်နိုင်လှသည်။
ဒီဘ၀မှာတော့ လန်ဝေ့ကအခုမှသူလျှိုတွေကိုနေရာချတုန်းဖြစ်တာကြောင့် လူအများကြီးမရှိသေးချေ။
ရလဒ်အနေနဲ့ ဒါကအမတ်ကြီးအိမ်တော်က သူလျှိုအကုန်လုံးတဲ့လား... ဒီဆယ့်နှစ်ယောက်တည်းလေ...
အမှန်တော့တွေးရန်သိပ်မခက်လှပါ။ အဆုံးမှာတော့ လက်ရှိဧကရာဇ်မှာ ကိုယ်လုပ်တော်အများကြီးမရှိပေ။ရှိသည့်သူများကလည်း အမတ်ကြီးအိမ်တော်နှင့် ဘာပါတ်သတ်မှုမှမရှိသည်မို့ သူလျှိုအများကြီးမထည့်ထားသည်မှာသဘာ၀ကျသည်။
သို့သော်နေရါချထားရေးအမတ်ကြီးကျတော့မတူတော့ပေ။ ၄င်းအမတ်၏သူလျှိုများကိုတော့ လင်းရှောင် ခုနှစ်ယောက်သာ တွေ့သေးသည်။ ထိုခုနှစ်ယောက်လုံးကလည်း အမတ်ကြီး၏သမီးဖြစ်သူ ကိုယ်လုပ်တော်ရန်၏ဘေးတွင်ချည်းဖြစ်သည်။
လင်းရှောင်၏မှတ်ဥာဏ်အရ၊ မောင်းမဆောင်၏ တော်၀င်ကိုယ်လုပ်တော်သုံးယောက်ထဲတွင် ကိုယ်လုပ်တော်လီတစ်ယောက်သာ မှီခိုအားကိုးစရာမရှိခြင်းပင်ဖြစ်သည်။ အကြောင်းမှာလည်း သူမှမှာ ကုန်ရန်ပြည်ရဲ့ မင်းသမီးဖြစ်တာကြောင့်ပင်။
ကိုယ်လုပ်တော်သုံးယောက်၏ထိပ်ခေါင်ဖြစ်သော ကိုယ်လုပ်တော်ရှန်းမှာမူ မည်သည်မိသားစုနောက်ခံမှမရှိတာကြောင့် သူမတွင်လည်း သူလျှိုများများစားစားမရှိချေ။
ကိုယ်လုပ်တော်ရန်၏လူများမှာအများဆုံးဖြစ်သည်။
သို့သော် ကိုယ်လုပ်တော်ရန်၏သဘောထားမှာ ရိုးရှင်း၍ ကောင်းမွန်သည်။ သူမမကြိုက်ဆုံးအရာက သူမကိုတစ်စုံတစ်ယောက်စောင့်ကြည့်နေခြင်းဖြစ်သည်။ အတိတ်ဘ၀တွင်လည်း နေရာချထားရေးအမတ်ကြီးမှ သမီးဖြစ်သူကိုဂရုစိုက်ရန် လူအများကြီးတိတ်တဆိတ်စီစဉ်ပေးလေ့ရှိကာ သူမကလည်းထိုလူများကို အခွင့်အရေးရတိုင်းကန်ထုတ်ပစ်တတ်သည်။ ထို့ကြောင့်လည်း သူမနံဘေးတွင် သူလျှိုအများကြီးမရှိခဲ့တာဖြစ်သည်။
လင်းရှောင်တွေးလိုက်ကာ အတိတ်ဘ၀၏မှတ်ဥာဏ်ကိုအသုံးချ၍ လူတစ်ချို့ကိုထပ်ထည့်လိုက်သည်။
ထိုလူများမှာ တခြားကိုယ်လုပ်တော်များ ၏အဆောင်များ၌ဖြန့်ကျက်ထားခြင်းပင် ။ ရည်ရွယ်ချက်မှာ အရှင့်၏ ကိုယ်လုပ်တော်များအပေါ် နှစ်သက်မှု ပစားပေးမှုကို စုံစမ်းရန်ပင်ဖြစ်သည်။
စာရင်းပြုစုပြီးနောက် စုစုပေါင်း နှစ်ဆယ့်တစ်ယောက်ခန့်ထွက်လာခဲ့သည်။ ဤစာရင်းကိုကိုင်လျက် လင်းရှောင်မိမိကိုယ်ကိုသေသပ်အောင်ပြင်ဆင်ကာ အရှင်မင်းကြီးအားသွားတွေရန်ပြင်လိုက်သည်။
ရက်လည်းအတော်ကြာပြီမို့ အရှင့်ထံမျက်နှာပြရန်အချိန်ကောင်းလည်းဖြစ်သည်။သို့မဟုတ်လျှင် ဧကရာဇ်မှာ သူ့ကိုအမှန်တကယ်မေ့လျော့သွားလိမ့်မည်။ ထိုသို့သာဖြစ်ခဲ့လျှင် သူအမှန်တကယ် ဆုံးရှုံးရမည်သာ။
အချိန်မှာ ညနေလေးနာရီခန့်ဖြစ်ပြီး အရှင်သည် တော်၀င်စာကြည့်ဆောင်တွင် နိုင်ငံ့အရေးစာလိပ်များကို ကြည့်ရှုကိုင်တွယ်ဆဲဖြစ်သည်။
လင်းရှောင်ရောက်သွားချိန်တွင် ရှောင်လိဇီမှာ အရှင့်အားအပြင်မှစောင့်နေချိန်ဖြစ်သည်။ လင်းရှောင်လည်း ထိုအချင်းအရာမှာအနည်းငယ်ထူးဆန်းသည်ဟုခံစားလိုက်ရသည်။ အရှင်ကစာလိပ်များကိုကိုင်တွယ်နေစဉ်တွင် တစ်စုံတစ်ယောက်အား ဘေးမှနေ၍ မှင်သွေးခိုင်းလေ့ရှိသည်မဟုတ်ပါလော...
ရှောင်လိဇီက လင်းရှောင်အားမြင်လျှင် ခြေလှမ်းသွက်သွက်ဖြင့်လျှောက်လာပြီးအရိုအသေပေးလေသည်။
လင်းရှောင်ကခေါင်းငြိမ့်၍သူ့အားထစေကာ တိုက်ရိုက်ပင်မေးလိုက်သည်။
"အရှင့်ကိုဘယ်သူခစားနေတာလဲ..."
ရှောင်လိဇီကခေါင်းကိုငုံ့လျက်ဖြေလာသည်။
"ဘယ်သူမှမရှိပါဘူးအထိန်းတော်ကြီး"
လင်းရှောင်မျက်ခုံးပင့်လိုက်မိသည်။
"အရှင့်ဘာသာတစ်ယောက်တည်းရှိနေတာလား..."
"ဟုတ်ပါတယ် အထိန်းတော်ကြီး၊ အထိန်းတော်ကြီးထွက်သွားကတည်းက အရှင်ကသူ့တစ်ယောက်တည်းသာနေပါတယ်... တစ်ခုခုလိုတာရှိမှသာ ငယ်သားတို့ကိုအခေါ်ရှိတာပါ"
လင်းရှောင်အံ့အားသင့်မိသည်။
ကြည့်ရသည်မှာ အရှင်သည်မိမိ၏အလိုက်သိမှုဖြင့်သာအသားကျနေပုံပေါ်ကာ တခြားသူများ၏ခစားမှုကိုအသားမကျပုံပေါ်သည်။
ဒါကောင်းတဲ့အခြေအနေပဲ။ လင်းရှောင်ပြုံးလိုက်မိသည်။
ရှောင်လိဇီကမူ ဘေးမှရပ်၍သူ့အားစောင့်နေခဲ့သည်။
လင်းရှောင်လည်းလည်ချောင်းကိုအသာရှင်းလိုက်ကာဆိုလာသည်။
"ရှောင်လိဇီလေး ငါအရှင်မင်းကြီးကိုတွေ့ဖို့လိုအပ်တယ်၊ သွားလျှောက်တင်ချေ။"
ရှောင်လိဇီကနာခံစွာဖြင့် အ၀င်၀ထံလျင်မြန်သောခြေလှမ်းငယ်တို့ဖြင့်ပြန်သွားခဲ့သည်။ ထို့နောက်တံခါးအားခေါက်လိုက်လေသည်။
အတွင်းမှတုံ့ပြန်မှုရလျှင် အလွန်ရိုကျိုးစွာဖြင့်စာကြည့်ဆောင်တွင်းသို့၀င်သွားခဲ့၏။
သိပ်မကြာခင်ပဲ သူပြန်ထွက်လာခဲ့သည်။ ဒါကိုတွေ့တော့ လင်းရှောင်လည်း လျှောက်သွားလိုက်ပြီး သူ၏၀တ်ရုံကိုလည်းနေရာချလိုက်သည်။ သူ၏နှုတ်ခမ်းတို့ကမဆိုစလောက်တွန့်ကွေးနေပြီး ရှောင်လိဇီနှင့်အတူ အတွင်းသို့လိုက်၀င်ရန်ပြင်လိုက်သည်။
သို့သော် ရှောင်လိဇီကသူ၏လမ်းကိုပိတ်ထားမည်ဟုမထင်ထားခဲ့။ သူကခေါင်းကိုငုံ့လျက်အသာအယာယမ်းပြသည်။
လင်းရှောင်လည်းခေါင်းထဲဗလာဖြစ်သွားပြီး ဇဝေဇ၀ါမေးလိုက်သည်။
"အရှင်ကငါ့ကိုမတွေ့ချင်ဘူးတဲ့လား..."
ရှောင်လိဇီကခေါင်းကိုငုံ့လျက်အရိုအသေပေးမြဲပင်။
လင်းရှောင်ကားမယုံကြည်နိုင်စွာမေးလိုက်သည်။
"မင်းအရှင့်ကိုသေချာလျှောက်တင်လိုက်ရဲ့လား။ အရှင်စုံစမ်းခိုင်းထားတဲ့ကိစ္စကို ငါလျှောက်တင်ဖို့လာတယ်လို့လေ..."
"ဒီငယ်သားလျှောက်တင်ခဲ့ပါတယ်။ ဒါပေမယ့် အရှင်က ခုံရုံးအရေးကိစ္စတွေဖြေရှင်းရင်းမအားလပ်လို့ နောက်နေ့မှထပ်လာခဲ့ဖို့မှာလိုက်ပါတယ်"
လင်းရှောင်တိတ်ဆိတ်သွားခဲ့သည်။
ဧကရာဇ်က ဘာကိုဆိုလိုသနည်း...
ဒီအမှုကိုဖြေရှင်းပြီးတာနဲ့ သူ့ဆီအခစား၀င်ဖို့ မပြောခဲ့ဘူးလား... အခုကျတော့ဘာလို့တွေ့ဖို့ငြင်းရပြန်တာလဲ...
ဒါမှမဟုတ်အရှင်ကခုထိစိတ်ဆိုးမပြေသေးတာများလား...
လင်းရှောင်နှုတ်ခမ်းကိုကိုက်ရင်း အတန်ငယ်တွေးတောပြီးနောက် ရှောင်လိဇီအားကြည့်လိုက်သည်။
"ကောင်းပြီ။ ဒါဆိုလည်းနောက်နေ့မှထပ်လာခဲ့တော့မယ်။ အရှင့်ကိုသေချာ အလုပ်အကျွေးပြုဖို့မမေ့နဲ့"
"ဂရုစိုက်ပါ အထိန်းတော်ကြီး"
ရှောင်လိဇီက အရိုအသေပြုလျက် သူ့အားပြန်လည်ပို့ဆောင်ပေးခဲ့သည်။
သို့သော် လင်းရှောင်နောက်တစ်နေ့ထပ်သွားတော့လည်း ဧကရာဇ်မှာတူညီသောအကြောင်းပြချက်ကိုသုံးကာ ငြင်းဆဲပင်ဖြစ်သည်။
လင်းရှောင်မျက်မှောင်ကျုံ့လျက် အလွန်ဒုက္ခတွေ့သလိုခံစားရမိသည်။
ဧကရာဇ်မှာ သူ့အားမျက်နှာသာပေးခံရ၍ရောင့်မတက်ရန် ပညာပေးနေခြင်းပေလော...
လင်းရှောင်သက်ပြင်းချမိသည်။ မူလတွေးထားသည်မှာ အရှင့်အားစိတ်ဆိုးအောင်လုပ်မိပြီးနောက် တစ်ရက်နှစ်ရက်လောက်ရှောင်နေပြီးလျှင် ပြန်အခစား၀င်ကာ ပြန်၍စိတ်ရင်းကိုပြမည် အရင်အတိုင်းအဆင်တပြေပြန်ဖြစ်လောက်မည်ဟုပင်။
ကြည့်ရတာထိုမျှမလွယ်ကူတော့ပုံပင်။
ဧကရာဇ်မှာသူ့အားတွေ့ဖို့လုံးဝြငင်းဆန်နေလေသည်။
သူ့ရဲ့သစ္စာစောင့်သိမှုကိုလိုချင်တာလား...
သူ့အမှားကိုနားလည်လက်ခံစေချင်တာများလား...
သို့သော် သူမည်သို့ဖော်ပြရပါမည်နည်း။
လင်းရှောင် ရုတ်တရက်သဘောပေါက်ကာ သူ့အခန်းဆီပြန်ပြေး၍ လန်ဝေ့၏သူလျှိုငါးယောက်အားခေါ်လိုက်ကာ သူနှင့်အတူ အရှင့်ထံခစားရန်ခေါ်သွားလိုက်တော့သည်။
အရင်တစ်ခေါက်က သူသည်ဤငါးယောက်ကိုချန်ထား၍ ဧကရာဇ်ထံမှအကာအကွယ်ပေးမိခဲ့သည်။
ဤသည်ကြောင့်လည်း အရှင်သည်လင်းရှောင်ကိုစိတ်ဆိုးကာ လျစ်လျူရှုထားခြင်းဖြစ်သည်။
သို့သော်လည်း ဤသည်ကပင် လင်းရှောင်အားအခွင့်အရေးတစ်ခုကိုချန်ထားပေးရစ်ခဲ့သည်။
လင်းရှောင်ထင်ခဲ့သည်က ထိုအခွင့်အရေးမှာ နန်းတွင်းမှ သစ္စာဖောက်များကိုဖော်ထုတ်ကာ အရှင့်ကိုလျှောက်တင်ပေးရမည်ဟု။ ထိုတင်မကပဲ တခြားတစ်ခုရှိနေဦးမည်မထင်ထားခဲ့ချေ။
အရှင်က လင်းရှောင်ဖုံးကွယ်ထားသော ထိုငါးယောက်ကို သူ့ရှေ့မှောက်ကိုခေါ်လာစေချင်လိမ့်မည်။
အရှင်သည်သူ့အားအမှုကိစ္စကိုသူ့ဘာသာဖြေရှင်းခွင့်ပေးထားသော်လည်း ထိုငါးယောက်ကိုမတွေ့တော့ဘူးဟု မပြောခဲ့ပေ။
ထိုငါးယောက်မှာ လင်းရှောင်မိမိသဘောဖြင့် လွှတ်ပေးလိုက်သူများသာဖြစ်ပြီး အရှင်ကလင်းရှောင်အား မိမိလုပ်ရပ်ကိုဆင်ခြင်မိပြီး အရှင့်ထံပြန်လည်လျှောက်တင်ရန်အခွင့်အရေးပေးထားခဲ့ပြီးဖြစ်သည်။
ထင်သည့်အတိုင်းပင် လင်းရှောင်ထိုငါးယောက်ကို ပါအပါခေါ်လျက် စာကြည့်ဆောင်ရှေ့တွင် ဒူးထောက်စေပြီးနောက် ဧကရာဇ်မှာနောက်ဆုံးတော့ သူ့ကိုခစားဖို့ခွင့်ပြုလိုက်လေသည်။