အပိုင်း ၂၁
Viewers 12k

မထင်မှတ်ထားစွာ သဘောကျမိခြင်း
လင်းရှောင်လည်း ခေါင်းငုံ့အရိုအသေပေးလိုက်သော်ငြား အရှင်ကသူ့ကိုလျစ်လျူရှုထားဆဲပင်။
သူကိုတိုက်ရိုက်ပင်ကျော်သွားလိုက်ပြီး သူ့နောက်မှ ဒူးထောက်နေသောလူငါးယောက်ရှေ့တွင်သာသွားရပ်လိုက်သည်။
လင်းရှောင်လည်း မကျေမနပ်ဖြစ်မှုလေးကို ထိန်းချုပ်လိုက်ပြီး အရိုအသေပေးလျက်ပင်ထရပ်လိုက်သည်။
ဤတစ်ကြိမ့် အရှင့်ကိုတွေ့ပြန်တော့ နောက်ကျောကိုသာမြင်ရပြီး သူ့ကိုမျက်နှာချင်းတောင်မဆိုင်ခဲ့ပေ။
လင်းရှောင်မျက်မှောင်ကျုံ့မိသည်။
သူအခန်းထဲပြန်ရောက်သည်အထိ အတွေးထဲနစ်မြုပ်နေကာ မည်သို့လုပ်ပါမှ အရှင်သူ့ကိုမျက်နှာချင်းဆိုင်မည်လဲဟုတွေးတောနေခဲ့သည်။
သို့သော် သူအတွေးမဆုံးခင်တွင် သူနေထိုင်ရာနန်းဆောင်မှာ မီးခိုးတလူလူထွက်နေတာကိုတွေ့လိုက်ရတော့သည်။
လင်းရှောင်လည်းကြောင်တောင်တောင်ဖြစ်နေရာမှသတိရင်လာပြီး ၀တ်ရုံကိုမကာပြေးတော့သည်။
သူ့၏နန်းဆောင်အ၀င်၀တွင် ကုန်းကုန်းများက မီးကိုငြိမ်းသတ်ရင်း ဆူညံနေကြသည်။
လင်းရှောင်လည်းအနားမှဖြတ်သွားသော ကုန်းကုန်းအားဆွဲလျက်မေးလိုက်သည်။
"စောစောကအကောင်းကြီးကနေ ခုဘယ်လိုမီးထလောင်သွားတာလဲ"
"ဒီအစေခံလည်းမသိပါဘူး... ရုတ်တရက်မီးထလောင်တာပါ။ လောင်တာကလည်းအတွင်းကနေစတာပါ"
လင်းရှောင်လည်းသူ့အားစိတ်မရှည်စွာတွန်းထုတ်လိုက်ပြီး ရေပုံးအားယူကာ မိမိကိုယ်ကိုလောင်းချလိုက်သည်။ထို့နောက်မိမိနှာခေါင်းနှင့်ပါးစပ်တို့ကို အ၀တ်ဖြင့်စည်းကာ အတွင်းသို့ပြေး၀င်သွားတော့သည်။
သခင်ငယ်လေးလန်ဝေ့မှာအိပ်ယာအောက်တွင်ရှိနေဆဲပင်။ လွန်ခဲ့သောနှစ်ရက်ခန့်က သူ့ကိုသင်ခန်းစာပေးနိုင်ခဲ့ပြီဟုထင်ပြီး လင်းရှောင်ပေါ့လျော့ခဲ့မိသည်။ မီးထလောင်ခြင်းမှာ လန်ဝေ့လက်ချက်မှတပါးတခြားမဖြစ်နိုင်။
သို့သော် လင်းရှောင် လန်ဝေ့အားအသေခံ၍မဖြစ်။
အဲဒီကောင်လေးက အမတ်ချုပ်ကြီးရဲ့ တစ်ဦးတည်းသော သားဖြစ်နေတာကိုပဲအပြစ်တင်လိုက်တော့။
လင်းရှောင်မှာလန်ဝေ့အားစိတ်ထဲမှအဆက်မပြတ်ဆဲဆိုနေသော်လည်း သတိကပ်ထားဆဲဖြစ်သည်။.
မီးတောက်မီးညွတ်များကို သတိဖြင့်ရှောင်ရှားပြီးနောက် သူ၏အခန်းရှေ့သို့ရောက်သွားခဲ့သည်။
ထို့နောက် အားလျော့စွာရုန်းကန်နေသော လန်ဝေ့အားတွေ့လိုက်ရတော့သည်။
မီးတောက်များမှာ သူနှင့်အတော်နီးနီအထိပြန့်နေခဲ့ပြီဖြစ်သည်။ သူကရုန်းကန်ရင်းစားပွဲကိုတိုက်မိပုံရကာ ထိုမှတဆင့်ဖယောင်းတိုင်ပြုတ်ကျပြီး မီးလောင်စေခဲ့ခြင်းဖြစ်လိမ့်မည်။
လန်ဝေ့မှာ ဖယောင်းတိုင်မီးဖြင့် သူ့လက်ကကြိုးကိုမီးရှို့ချင်ခဲ့တာဖြစ်နိုင်သည်။သို့သော် နန်းဆောင်တစ်ခုလုံးကိုမီးရှို့လိုက်ခြင်းဖြင့်အဆုံးသတ်သွားခဲ့သည်။
ဒီငတုံးကောင်ကတော့။
လင်းရှောင်ကျိန်ဆဲရင်းအမြန်ပြေးသွားလိုက်သည်။လန်ဝေ့၏ပါးစပ်မှာအ၀တ်ဖြင့်ဆို့ထားတာကြောင့် နှာခေါင်းဖြင့်သာအသက်ရှူနိုင်သည်။သို့သော်သူ့နှာခေါင်းမှာလည်း မီးခိုးများကိုအလုံးလိုက်အရင်းလိုက် ရှူရှိုက်ထားရတာကြောင့် လန်ဝေ့မှာနာကျင်မှုဖြင့်ရှုံ့တွနေလေသည်။
လင်းရှောင်လည်း သူ့ပါးစပ်တွင်ဆို့ထားသောအ၀တ်စကိုဖယ်လိုက်တော့ လန်ရေ့လည်း ချောင်းတဟွတ်ဟွတ်ဆိုးရင်း အသက်အငမ်းမရရှူလိုက်သည်။
လင်းရှောင်သည် သူ၏ရေစိုအ၀တ်ဖြင့် လန်ဝေ့၏မျက်နှာအားအုပ်လိုက်ကာ အလျင်အမြန်ကြိုးဖြည်ပေးလိုက်သည်
သို့သော် မီးများကလန့်ဝေ့၏အ၀တ်ကိုစလောင်လာခဲ့သည်။
လင်းရှောင်မျက်မှောင့်ကျုံ့လျက် လန်ဝေ့၏အပေါ်၀တ်ရုံအားချွတ်လိုက်ကာ သူ့ဟာကို ခြုံပေးလိုက်သည်။ ဤအခိုက်အတန့်တွင် အရှင့်အားတင်ပြရန်ပြင်ဆင်ထားသော စာရင်းမှာ ထွက်ကျသွားပြီး မီးထဲရောက်သွားတော့သည်။
လင်းရှောင်လည်း အလွန်ဒေါသထွက်မိတော့သည်။
သူ့တွင်ရွေးချယ်စရာမရှိ ။ သူ၏အိပ်ယာအောက်မှ ပွားထားသော စာရင်းနောက်တစ်ရွက်အားရှာလိုက်ရသည်
ကံကောင်းစွာဖြင့် လင်းရှောင်က၄င်းကိုသံသေတ္တာနှင့်ထည့်ထားသည်ဖြစ်ရာ မီးမလောင်သေးချေ။
သို့သော် သံသေတ္တာမှာမူ အပူဒဏ်ဖြင့်နီရဲနေခဲ့ပြီ။
လင်းရှောင်ဆုပ်ကိုင်လိုက်သည်နှင့် သူ့ဘက်ဖဝါးကိုပင်တမဟုတ်ချင်းလောင်ကျွမ်းသွားစေသည်။
အချိန်မရှိတာကြောင့်လင်းရှောင်လည်း အံကိုသာကြိတ်ကာ သေတ္တာအားအ၀တ်ဖြင့်ပါတ်လျက် ဆုပ်ကိုင်ထားလိုက်သည်။ ထို့နောက် သတိရတရက်မရတ၀က်ဖြစ်နေသော လန်ဝေ့အားတွဲလျက် ပြေးထွက်လာတော့သည်။
ရုတ်တရက် လန်ဝေ့အားအမိခံလို့မဖြစ်တာကို သတိရသွားတာမို့ လမ်းတ၀က်တွင်ရပ်ကာ ပြတင်းပေါက်ထံသို့သွားလိုက်သည်။ သူ၏အနောက်ဖက်ပြတင်းပေါက်မှာ တော်၀င်ဥယျာဉ်နှင့်တဆက်တည်းဖြစ်သည်။ လန်ဝေ့အားလူမြင်ခံလို့မရသည်မို့ လင်းရှောင်လောလောဆည်သည်မှာချထားရုံသာတတ်နိုင်သည်။
လန်ဝေ့အားလွတ်အောင်ကူညီပြီးသည်နှင့် လင်းရှောင်မှာ မိမိကိုယ်ကိုယ် မီးလွတ်ရာသို့ မနည်းပြေးလာပြီးနောက် လဲချကာ အသက်ပြင်းစွာရှူရလေသည်။ လင်းရှောင်မှာဤဘ၀တွင် ရှိသမျှခွန်အားအကုန်နီးပါးသုံးလိုက်ရသလိုခံစားရကာ လက်မှာလည်းအပူလောင်ထားသေးသည်။လင်းရှောင်ကြည့်လိုက်တော့ အ၀တ်စမှာ သူ့အပူလောင်ဒဏ်ရာတွင်ကပ်ညိနေသည်ကိုပါတွေ့လိုက်ရသည်။ သံပူသေတ္တာမှာသူ့အရေပြားအားပျော်ကျသည်အထိလောင်ကျွမ်းလိုက်ပုံရသည်။လင်းရှောင်လည်း အလွန်နာကျင်စွာဆွဲခွာပါသေည်ငြား ဘယ်လိုမှမခွာနိုင်ချေ။ လင်းရှောင်နှုတ်ခမ်းအားတင်းတင်းကိုက်ထားမိသည်။
လောလောဆည် ဤသံသေတ္တာကို သည်းခံရုံသာတတ်နိုင်သည်။ လန်ဝေ့ကိုတွေးမိတော့ သူ့လှည့်ကြည့်လိုက်လျှင် ၄င်းမှာ မလှုပ်မယှက်လဲလျောင်းနေသည်ကိုသာတွေ့လိုက်ရ၏။
လင်းရှောင် လန့်သွားပြီး သူအသက်ရှုမရှူစမ်းကြည့်လိုက်ရသည်။ ကံကောင်း၍မသေသေးပေ။လင်းရှောင်လည်း သက်ပြင်းချမိပြီး ပါးအား နှစ်ချက်ခန့်ရိုက်ကာနှိုးလိုက်သည်။
လန်ဝေ့မှာနာကျင်မှုကြောင့်ရှုံ့မဲ့သွားသော်လည်း နိုးထလာမည့်အရိပ်မယောင်မရှိပေ။
လင်းရှောင်လည်းတွေးတောကာထရပ်လိုက်သည်။လောလောဆယ်တွင် လူအများမှာမီးငြိမ်းသတ်ရေးကိုသာအာရုံရောက်နေသဖြင့် တော်၀င်ဥယျာဉ်၌လည်းခါတိုင်းလောက်အစောင့်တင်းကြပ်လိမ့်မည်မဟုတ်ချေ။လင်းရှောင်လည်း လန်ဝေ့ကိုဆွဲလျက် လူကွယ်ရာမှတဆင့် အနည်းငယ်ချောင်ကျသောရေကန်အနီးသို့ဆွဲလာခဲ့သည်။
သူ၏အကောင်းအတိုင်းရှိသောလက်တဖက်ဖြင့် ရေကိုခပ်ယူကာ လန်ဝေ့၏မျက်နှာပေါ်ကိုရော ပါးစပ်ထဲသို့ပါထည့်၍တိုက်လိုက်သည်။
"အရှင် ဖြည်းဖြည်းလျှောက်ပါ သတိထားပါဦး"
လန်ဝေ့မျက်နှာအနည်းငယ်သွေးရောင်ပြန်သန်းလာသည်ဟုတွေးမိနေစဉ်ပင် လင်းရှောင်အသံတချို့အားကြားလိုက်ရသည်။ထိုစကားလုံးအနည်းငယ်ကပင် လင်းရှောင်အား တမဟုတ်ချင်းတုန်လှုပ်သွားစေသည်။
လင်းရှောင်လည်းအသက်ရှူအောင့်လျက် လန်ဝေ့ကိုပါဆွဲယူကာ ရေကန်အနီးချုံအတွင်းသို့၀င်ပုန်းလိုက်ရသည်။
အသံမှာ ရှောင်လိဇီ၏အသံဖြစ်ပြီး အရှင်မှာလည်း အနီးတွင်ရှိနေပုံပင်။
သေစမ်း။
လင်းရှောင်ထိတ်လန့်နေခဲ့သော်လည်း ဧကရာဇ်မှာ အလျင်လိုနေခဲ့သည်ဖြစ်ရာ လင်းရှောင်နှင့်လန်ဝေ့အား သတိပင်မမူမိပဲဖြတ်ကျော်သွားခဲ့သည်။
ထိုအခါမှ လင်းရှောင်လည်းသက်ပြင်းချမိကာ ရေကန်ဘေးချုံပုတ်တွင်းမှပြန်ထွက်လာခဲ့သည်။
ထို့နောက် အရှင်သွားနေသောဦးတည်ရာမှာ သူ၏မီးလောင်နေသောနန်းဆောင်ဖြစ်ကြောင်းသိလိုက်ရသည်။
လင်းရှောင်တောင့်သွားမိသည်။ အရှင်ကသူ့ကိုရှာနေတာများလား။
လင်းရှောင်သူ့ကိုယ်သူစိတ်ငြိမ်အောင်လုပ်ပြီးတွေးတောလိုက်သည်။ အရှင်အဲဒီကိုရောက်လို့သူ့ကိုမတွေ့ရင် သံသယ၀င်စရာဖြစ်မနေဘူးလား။
သူတွေးပြီးနောက်လန်ဝေ့အား ကျောက်တုံးကြီးတစ်တုံးနောက်တွင်ဝှတ်ထားခဲ့ကာ။ မိမိနန်းဆောင်ကိုပြေးရပြန်သည်။ သို့သော် သူကမီးထဲကထွက်လာသည်ဖြစ်ရာ အရှေ့ဘက်မှ၀င်လျှင် အလွန်အမြင်စူးရှသောအရှင်အား သံသယ၀င်စေလိမ့်မည်။
တွေးတောမီးနောက်လင်းရှောင်လည်း နန်းဆောင်အနောက်ဘက်တွင်ရပ်လျက် မျက်စိရှေ့မှ မီးတောက်မီးညွန့်များကိုကြည့်လိုက်သည်။
မီးတောက်မှာလွန်စွာကြီးနေပြီဖြစ်ပြီး သူအတွင်းသို့၀င်၍လာရာလမ်းအတိုင်းပြန်ထွက်ဖို့မလွယ်ကူလှချေ။ သို့သော် သူ့တွင်တခြားရွေးချယ်စရာမရှိခဲ့။
လင်းရှောင်လည်း အံကိုကြိတ်လျက် မီးထဲသို့ပင် ပြန်တိုး၀င်လိုက်ရတော့သည်။
ဧကရာဇ်ရောက်လာချိန်၌ သူ၏မျက်စိရှေ့မှနန်းဆောင်မှာတ၀က်ခန့်ပင်လောင်ကျွမ်းပြီးနေပြီဖြစ်သည်။ ဘေးဘီရှိလူများကိုကြည့်လိုက်သော်လည်း လင်းရှောင်အားရှာမတွေ့ချေ။
ဧကရာဇ်မျက်မှောင်ကြုတ်မိသည်။ မြေပြင်ပေါ်ထိုင်ချနေသော ကုန်းကုန်းအား စိတ်မရှည်စွာကြည့်လျက်မေးလိုက်သည်။
ကုန်းကုန်းငယ်လေးမှာ ကြောက်လန့်တကြားနှင့် တုန်ယင်စွာဖြေလာခဲ့သည်။
"အထိန်း အထိန်းတော်ကြီးက အထဲကိုပြေး၀င်သွားပါတယ် အရှင်"
"အထဲကို၀င်သွားတယ်" ဧကရာဇ်က မျက်ခုံးကိုပင့်လျက် ပြန်မေးလိုက်သည်။
သူ၏မျက်လုံးမှာ မည်သည့်ခံစားချက်မမြင်ရအောင်ဖုန်းကွယ်ထားသော်လည်း သူ၏နှုတ်ခမ်းထောင့်ကမူတွန့်ကွေးခြင်းအလျင်းမရှိ။ အရှင်ကားစိတ်မပျော်ရွှင်ဘူးဆိုတာအလွန်သိသာနေခဲ့သည်။
"မီးကိုရအောင်ငြိမ်း" ဧကရာဇ်မှာ အကြာကြီးတိတ်ဆိတ်မနေပဲ အမိန့်ပေးလိုက်သည်။
ဒူးထောက်နေကြသော ကုန်းကုန်းများမှာ အချိန်မဖြုန်းရဲကြတော့ပဲ အဆုံးမဲ့သောမီးတောက်ကြီးအား ရေပုံးများဖြင့်ငြိမ်းသတ်ရန်ကြိုးစားကြတော့သည်။
ဧကရာဇ်မှာ သူ့ကိုယ်သူချုပ်တည်း၍စောင့်ဆိုင်းနေပုံရသော်လည်း ကျောနောက်ဘက်ရှိသူ၏လက်နှစ်ဘက်မှာတင်းတင်းဆုပ်လျက်။
ရုတ်တရက်ဆိုသလို အလွန်အားနည်းသောအသွင်တစ်ခုက မီးများအကြားမှထွက်လာခဲ့သည်။
ထိုလူမှာ ချောင်းပြင်းထန်စွာဆိုးလျက် အသက်ကိုလုရှူနေရတာကြောင့် ရှေ့ရောက်သည်အထိမလာနိုင်တော့ချေ။
သူကကိုယ်ကိုတွားလျက် အရှင့်ရှေ့သွားပါသေးသော်ငြား ဧကရာဇ်နံဘေးမှအစောင့်ငါးဦးက သူ့အားကာဆီးလာသည်။
လင်းရှောင်လည်းသူ၏အဆုတ်နှင့်လည်ချောင်းထဲမှ နာကျင်မှုကိုသည်းခံပြီး အလွန်အားနည်းစွာဆိုလိုက်သည်။
"အရှင် ကျွန်တော်မျိုးရယ်ပါ.."
ပြောပြီးနောက် မူးဝေမှုကသူ့အားတမဟုတ်ချင်း လဲပြိုကျသွားစေသည်။
ဧကရာဇ်မှာသူ့ရှေ့ကိုလျှောက်လာခဲ့ကာ လင်းရှောင်းလည်း ခေါင်းကိုမော့လျက်ကြည့်လိုက်သည်။
သူ့လက်ထဲမှသံသေတ္တာအား မြှောက်လျက် လင်းရှောင်အလွန်တိုးဖျော့စွာဆိုလိုက်သည်။
"အရှင်.. စာရင်း.. လူစာရင်း."
စကားကိုအပြီးသတ်ဖို့အားအင်မဲ့စွာ လင်းရှောင့်မေ့မြောသွားတော့သည်။