သတိရတချက်မရတချက်တွင် လင်းရှောင်မှာ အချီခံလိုက်ရသလိုခံစားရသည်။
သူ၏ခေါင်းမှာ ထိုလူ၏ကျယ်ပြန့်သော ရင်ဘတ်ပေါ်တွင်မှီထားပြီး လွန်စွာနွေးထွေးလှသည်။
သူလက်မှနာသည်။ နာလွန်း၍ထိုလက်အားဖြတ်မပစ်နိုင်သည်ကိုမုန်းမိသည်အထိ။
သူ၏လည်ချောင်းမှာလည်း အပ်ချောင်းများနှင်ထိုးဆွခံရသလို နာကျင်လှသည်။ နာကျင်မှုမှာပြင်းထန်လှ၍ တစ်စုံတစ်ခုကိုမြိုချဖို့ပင်ခက်ခဲလှသည်။
သို့သော်သူ၏အသိစိတ်မှာရှိနေဆဲဖြစ်ကာ သူမေ့မြောမနေသင့်ကြောင်းလည်းသေချာနေခဲ့သည်။
သူသာမေ့မြောသွားခဲ့လျင် သူ့ရဲ့ လျို့ဝှက်ချက် ပေါ်သွားနိုင်သည်။ ထို့နောက်သူအသက်ဆက်ရှင်နိုင်မည်မဟုတ်။
လင်းရှောင်သူ့ကိုယ်သူအားတင်းလျက် မျက်လုံးကိုဖွင့်လိုက်သည်။ ဝိုးတဝါးပုံရိပ်တို့က တဖြည်းဖြည်းထင်ရှားလာသည်။
ဓါးတမျှထက်ရှသောမျက်ခုံး၊ ဖြောင့်တန်းသော နှာခေါင်းနှင့် တင်းတင်းစေ့ထားသောနှုတ်ခမ်းတို့က တော်၀င်ဆန်သောချောမောမှုတစ်ခုအား ဖြစ်ပေါ်စေသည်။
ဤသည်မှာအရှင်။ လင်းရှောင်ကြောက်ရွံ့မှုကြောင့် မျက်လုံးများမှိတ်လိုက်မိသည်။ ဧကရာဇ်မှာ သူ့အားပွေ့ချီထားလျက်ပင် တနေရာရာသို့သွားနေခဲ့သည်။
လင်းရှောင်လည်းအထိတ်တလန့်ဖြင့်အားနည်းစွာရုန်းကန်လိုက်မိသည်။ ဧကရာဇ်မှာ သူ့အားစိတ်မရှည်စွာငုံ့ကြည့်လာပြီး တစ်ခွန်းထဲဆိုသည်။
ထို့နောက်လင်းရှောင် အနည်းငယ်မျှပင်မလှုပ်ရဲတော့ချေ။ ဧကရာဇ်မှာသူ့အားအခန်းတစ်ခုဆီပွေ့လာပြီး နူးညံ့သောအိပ်ယာပေါ်တွင်ချပေးလိုက်သည်။
လင်းရှောင်မျက်လုံးများကိုဖွင့်ထားနိုင်ရန်ကြိုးစားလိုက်သည်။ ဧကရာဇ်က သူ့ဘေးတွင်ရပ်လျက် သူ့.အားငုံ့ကြည့်နေခဲ့သည်။
လင်းရှောင်ထဖို့ကြိုးစားလိုက်လျှင် ဧကရာဇ်ကသူ့ကိုတားလိုက်သည်။
"နေသာသလိုနေ၊ တော်၀င်သမားတော်ခဏနေရောက်လာလိမ့်မယ်"
လင်းရှောင်မိမိအသံကြောင့်ပြန်အံ့သြမိသွားသည်။ ၄င်းမှာအလွန်သေးငယ်ပြီး ခြောက်သွေ့လွန်းနေသည်မို့ ဧကရာဇ် ကပါ မျက်မှောင်ကြုတ်မိလေသည်။
"ပြောစရာရှိရင်လည်း နေကောင်းမှသာပြောတော့..."
ဧကရာဇ်ကအမိန့်ထုတ်လိုက်သည်။
လင်းရှောင်လည်း နှုတ်ခမ်းကိုကိုက်လျက် ခေါင်းငြိမ့်လိုက်သည်။သူ့ခေါင်းမှာ ခေါင်းဦးပေါ်ပြန်ပြုတ်ကျသွားပြီး မျက်လုံးများမှာလည်း မှေးလာခဲ့သည်။
သူနောက်တစ်ကြိမ်နိုးလာချိန်တွင် အနားမှာ ဧကရာဇ်ရှိမနေတော့။ အစေခံမိန်းကလေးတချို့သာရှိကာ လင်းရှောင်လည်း အလန့်တကြားထထိုင်လိုက်သည်။
"အထိန်းတော်၊ အထိန်းတော်ကြီး နောက်ဆုံးတော့နိုးပါပြီလား..."
သူ့အားစောင့်ကြည့်နေသော အစေခံလေးမှာ လင်းရှောင်နိုးလာတာကိုတွေ့တော့ အားရ၀မ်းသာစွာအော်လိုက်သည်။
လင်းရှောင်လှည့်ကြည့်လိုက်လျှင် သူမကအရိုအသေပေးလျက်နောက်ဆုတ်လိုက်သည်။
"ဒီအစေခံက အရှင့်ကိုချက်ချင်းသတင်းသွားပေးလိုက်ပါမယ်..."
လင်းရှောင်လည်းသူမအားအလျင်အမြန်တားလိုက်သည်။
ထိုမျှလေးပြောပြီးသည်နှင့် လင်းရှောင်ချောင်းအပြင်းအထန်ဆိုးတော့သည်။ သူ၏လည်ချောင်းမှာ ယခုတိုင် ခြောက်သွေ့ကာနာကျင်နေဆဲပင်။
အစေခံမလေးမှာလေး ရေတစ်ခွက်ကပြာကယာယူလာပေးခဲ့သည်။ လင်းရှောင်လည်းရေနှစ်ခွက်လောက် သောက်လိုက်ပြီးမှ သက်သာသွားခဲ့သည်။
ရေခွက်ကိုချလိုက်သည်နှင့် သူ့ရှေ့မှအစေခံလေးကအသင့်သိမ်းဆည်းလိုက်သည်။
လင်းရှောင်လည်းကိုယ်ကိုလှည့်လျက် အလွန်ခြောက်သွေ့သော အသံဖြင့်ပင်မေးလိုက်သည်။
"ငါမေ့နေတာဘယ်လောက်ကြာပြီလဲ"
"အထိန်းတော်ကြီးကိုပြန်ဖြေပါတယ်။ တစ်နေ့နဲ့တစ်ညရှိပါပြီ"
လင်းရှောင်မျက်မှောင့်ကြုတ်လိုက်ပြီး ခေါင်းမော့လျက် ပတ်၀န်းကျင်ကို စူးစမ်းလိုက်သည်။ ၄င်းမှာမမျှော်လင့်ထားသော ဧကရာဇ်၏ချင်နန်းဆောင်တော်ဖြစ်၏။ လင်းရှောင်လည်း အံ့အားသင့်မှုကြောင့်မျက်လုံးများဝိုင်းစက်သွားခဲ့သည်။ ထို့နောက်သူသည် သူ့ကိုယ်ပေါ်မှအ၀တ်အစားများအားစစ်ကြည့်လိုက်မိသည်။
ကံကောင်းထောက်မစွာဖြင့် သူ ညစ်ပတ်နေသော မူလ၀တ်ရုံကိုသာ၀တ်ထားဆဲဖြစ်ပြီး မိမိအားမည်သူတစ်ဦးတစ်ယောက်ကမှရေချိုးပေးထားပုံမပေါ်ပေ။
သို့သော်သူ့လက်တွင်တော့ပတ်တီးများတင်းကြပ်စွာစီးနှောင်ထားခဲ့သည်။
လင်းရှောင်လည်းသက်ပြင်းကိုမှုတ်ထုတ်လျက် အိပ်ယာမှကပြာကယာထလိုက်သည်။ ဤသည်မှာ ဧကရာဇ်၏ နေ့လည်ခင်းသုံးသည့်အိပ်ယာဖြစ်သည်။ သူအဘယ်သတ္တိနှင့်လက်လွတ်စပယ်လှဲဝံ့မည်နည်း။
လင်းရှောင်ထထိုင်သည်ကို တွေ့လိုက်သည်နှင့် အစေခံလေးကလည်း သူ့အားဒူးထောက်ကာတားမြစ်လာသည်။
"အထိန်းတော်ကြီး အရှင်ကအထိန်းတော်ကြီးကို ကောင်းစွာအနားယူဖို့မှာထားပါတယ်၊ အထိန်းတော်ကြီးအခုထိအားနည်းနေပါသေးတယ်"
လင်းရှောင်လည်းခေါင်းကိုငုံ့လျက် သူ့အောက်မှ အဝါရောင်ဘရိုကိတ်အိပ်ယာကိုကြည့်လိုက်ကာ ခေါင်းကိုခါလိုက်မိသည်။ထို့နောက်
"ငါဘာလို့ဒီကိုရောက်နေတာလဲ"
အစေခံလေးမှာ လင်းရှောင်ခြေဗလာနဲ့ထရပ်တာကိုတွေ့တော့ ကြံရခက်သွားဟန်ပင်။လင်းရှောင်ကအမှန်တကယ်ပင် အိပ်ယာပေါ်ပြန်လှဲဖို့စိတ်ကူးမရှိတာကိုတွေ့တော့ သူ့အားဖိနပ်စီးပေးလာခဲ့သည်။
"အထိန်းတော်ကြီးရဲ့နန်းဆောင်ကပျက်စီးသွားတာမို့ အရှင်ကပြန်ပြင်ဆောက်ခိုင်းထားပါတယ်။ အထိန်းတော်ကြီးဒီမှာအနားယူပြီးကုသမှုခံယူနေရတာက
အရှင်ကအထိန်းတော်ကြီးကို ဒီကိုပွေ့ယူလာခဲ့တာမို့လို့ပါ..."
အစေခံမလေးက လင်းရှောင်ထံမှမျက်နှာရစေရန်အလို့ငှာပိုပိုသာသာလျှောက်တင်လာသည်။
"အထိန်းတော်ကြီးမေ့နေတုန်း အရှင်ကဘယ်လောက်ထိစိတ်ပူနေခဲ့လဲဆိုတာ အထိန်းတော်ကြီးသိမယ်မထင်ဘူး။ အထိန်းတော်ကြီးမေ့နေပေမယ့် အရှင်ကဒီနေရာအထိပွေ့ချီလာပြီ အရှင့်ရဲ့သလွန်ပေါ်တောင်အိပ်ခွင့်ပေးခဲ့တယ်။ ဘယ်ကိုယ်လုပ်တော်တစ်ဦးတစ်ယောက်ကတောင် အရှင့်ရဲ့အိပ်ယာမှာအိပ်ခွင့်မရခဲ့တာ နန်းတွင်းထဲလူမှန်သမျှသိပါတယ်ရှင်..."
လင်းရှောင်မျက်လုံးကိုလှိမ့်လိုက်မိသည်။
ကိုယ်လုပ်တော်တွေက နေ့အိပ်ယာမှာ ဘယ်အိပ်မလဲ။ အိပ်မယ်အိပ် ညအိပ်ဆောင်က အိပ်ယာပေါ်မှာပဲအိပ်မှာပေါ့။
လင်းရှောင် အစေခံလေးနှင့်အငြင်းအခုံလုပ်ဖို့ပျင်းလွန်းနေသည်။သူ့ကို ကိုယ်လုပ်တွေနဲ့နှိုင်းယှဉ်ပြီးပြောနေသေးတယ်... ဒါဘယ်လိုရူးကြောင်ကြောင်စကားလဲ...
လင်းရှောင်လည်းခေါင်းကိုခါလျက် သူမအားစိတ်မရှည်စွာဖြတ်ပြောလိုက်သည်။
အကင်းပါးသော အစေခံလေးကဆက်မပြောတော့ပေ။ သို့သော်လင်းရှောင်ကသူ့အ၀တ်တွေကိုသာကြည့်နေတာကိုတွေ့လိုက်၍ သူကစပြီး...
"အထိန်းတော်ကြီး ဒီအစေခံက ရေနွေးအချို့ သွားယူပြီး အထိန်းတော်ကြီးကိုရေချိုးကူပေးရမလား... အထိန်းတော်ကြီးမေ့နေတုန်းက အထိန်းတော်ကြီးရဲ့ ၀တ်ရုံကိုတောင်မထိခဲ့ရပါဘူး... အရှင်ကလည်းမလုပ်ခိုင်းလို့ပါ... ဒီအစေခံတို့က အထိန်းတော်ကြီးရဲ့မျက်နှာကိုသာ သစ်ပေးခဲ့ရပါတယ်..."
လင်းရှောင်တွေဝေသွားပြီး သူ၏အကောင်းအတိုင်းရှိသေးသောလက်တစ်ဖက်ကိုမလျက် မျက်နှာအားထိကြည့်လိုက်သည်။ မျက်နှာမှာအမှန်ပဲ သန့်ရှင်းနေခဲ့သည်။ သူကိုယ်ကသာညစ်ပတ်နေတာ။ သူ၏အ၀တ်များမှာလည်း သူ့ကိုယ်ပေါ်တွင် အလွန်ရှုပ်ထွေးစွာတွဲကျနေသည်။
ထို့ကြောင့် လင်းရှောင်လည်းခေါင်းငြိမ့်လိုက်ရသည်။
"မင်းရေနွေးသွားယူပြီးတဲ့အခါမှ အရှင့်ကိုသတင်းပို့လိုက်ချေ..."
လင်းရှောင်လည်း အမြန်ဆုံးအလျင်နှင်ရေချိုးလိုက်ပြီး သူ့ကိုယ်ပေါ်မှအညစ်အကြေးများကိုဖယ်ရှားလိုက်သည်။ထို့နောက်တွင် လင်းရှောင်မှာ ဒုက္ခတွေ့တော့သည်။
အစေခံမှာသူ့အား အထိန်းတော်အ၀တ်အစားတစ်စုံမှမယူပေးခဲ့ချေ။ ထိုအစား လိုက်ကာချပ်ပေါ်တွင် တင်ထားသည်မှာ ပိုးချည်ကွပ်အထည်ဖြစ်ကာ အဖြူရောင်ပင်ဖြစ်နေသေးသည်။
ဤနန်းတော်ထဲတွင် ဧကရာဇ်နှင့် သူ၏ကိုယ်လုပ်တော်များကလွဲ၍ ဘယ်သူကများ ကိုယ်၀တ်ချင်သလို၀တ်လို့ရမည်နည်း။
လင်းရှောင်လည်း ပိုးထည်အား စိတ်ဓါတ်ကျစွာကြည့်နေမိစဉ် အပြင်ဘက်မှ
"အရှင်မင်းကြီးကြွချီလာပါပြီ..."ကိုကြားလိုက်ရလေသည်။ သူလည်းရွေးချယ်စရာမရှိတော့ပဲ ထိုပိုးထည်ကိုသာ အမြန်၀တ်လိုက်ရတော့သည်။
လိုက်ကာချပ်နောက်မှထွက်၍ သူ ဧကရာဇ်အား အရိုအသေပေးလိုက်သည်။
သူ့ရှေ့မှ ကုန်းကုန်းလေးမှာ အဖြူရောင်၀တ်ထားတာကြောင့်ထင်သည် ပို၍အားနည်းကာပိန်ပါးနေခဲ့သည်။ သူ၏အနက်ရောင်ဆံပင်တို့မှာ တ၀က်စို တ၀က်ခြောက်ဖြင့် ရှုပ်ထွေးနေသည်။ ရေချိုးပြီးစမို့ ပါးပြင်တို့မှာသွေးရောင်လေးလွှမ်းလျက် အနည်းငယ်ကရိုကယိုဖြင့် ဖြားယောင်နေဟန်ပေါက်လေသည်။
သံသေတ္တာထဲမှ စကားလုံးလေးလုံးကိုသတိရမိလျှင် ဧကရာဇ်၏နှလုံးသားမှာမလှုပ်ရှားပဲမနေနိုင်ပေ။
လင်းရှောင်လည်းဒူးထောက်လျက် အရိုအသေပေးလိုက်သည်။ သူကမသင့်လျော်သောအ၀တ်အစားကို၀တ်ထားသော်လည်း အရှင်ကအတော်ကြာသည်အထိ ဘာမှမဆိုလာပေ။
လင်းရှောင်ရှုပ်ထွေးနေမိသည်။ ဧကရာဇ်မှာ သူ့အားဘာမှမပြောပဲ ကုန်းကုန်းများနှင့် အစေခံများကိုသာ ပြန်လွှတ်လိုက်သည်။
အခိုက်အတန့်တွင် ဧကရာဇ်နှင့် လင်းရှောင်သာလျှင်အခန်းထဲတွင်ကျန်ရစ်သည်။
ပြောမပြတတ်သော အကြောင်းပြချက်ကြောင့် လင်းရှောင်စိတ်လှုပ်ရှားလာမိသည်။
ဧကရာဇ်မှာ သူ့အားဖြတ်ကျော်သွားပြီး စားပွဲတွင်ထိုင်လိုက်ပြီး အသာအယာဆိုလာသည်။
"လင်းရှောင် ဒီကိုလာခဲ့..."
လင်းရှောင်လည်းခါးကိုကိုင်းထားလျက်ပင် အရှင့်ဆီလျှောက်သွားလိုက်သည်။
ရုတ်တရက် ဧကရာဇ်မှာလင်းရှောင်၏မေးကိုဆုပ်ကိုင်လာတော့ လင်းရှောင်လည်းထိတ်လန့်ကာမျက်နှာလွှဲလိုက်မိတော့သည်။
"ကိုယ်တော့်ကိုကြည့်..." ဧကရာဇ်ကဆိုသည်။
လင်းရှောင်လည်းမျက်လုံးကိုအသာပင့်၍ကြည့်လိုက်ချိန် ဧကရာဇ်မှာလွန်စွာနီးကပ်လာကာ ပူနွေးသော ထွက်သက်က လင်းရှောင်၏ပါးပြင်ပေါ်ကျီစယ်စွာကျရောက်လာသည်။ လင်းရှောင်လည်း ဧကရာဇ်၏မျက်လုံးကိုကြည့်နေရင်း နှလုံးမှာလည်း မိုးကြိုးပစ်သလိုခုန်နေခဲ့သည်။
"တကယ်ပဲ မင်းကိုယ်တော့်အပေါ်ဘယ်လိုအတွေးမျိုးရှိနေတာလဲ ဟမ်..."
လင်းရှောင်လည်း နားမလည်တော့ပဲ ရှုပ်ထွေးလာခဲ့သည်။ အရှင်ကဘာတွေမေးနေတာလဲ။ သို့သော်လင်းရှောင်စိတ်ထဲမှာသာထားပြီးထုတ်မမေးရဲချေ။
သူကအလွန်ရိုကျိုးစွာပင်ဖြေလိုက်သည်။
"ကျွန်တော်မျိုးက အရှင့်ရဲ့ကျွန်ပါ...အရှင်ကကျွန်တော်မျိုးရဲ့ သခင်ပါအရှင်..."
"ဒီထက်မပိုဘူးပေါ့..."
ဧကရာဇ်ကတိုက်ရိုက်ပင်မေးလာသည်။
ဧကရာဇ်ကဘာကိုဆိုလိုတာပါလိမ့်...
လင်းရှောင်တံတွေးအသာမြိုချလျက် ခြောက်သွေ့စွာပြန်ဖြေလိုက်သည်။
"အရှင့်အစေခံရဲ့ သစ္စာရှိမှုကို မိုးကောင်းကင်ကိုသက်သေထားပြီးတိုင်တည်ရဲပါတယ်အရှင်..."
ဧကရာဇ်က မျက်လုံးကိုမှိတ်လိုက်ပြီး သူ့ကိုလည်းလွှတ်လိုက်သည်။ သူ၏အင်္ကျီလက်အတွင်းမှ စာခေါက်ကိုထုတ်ယူလျက် လင်းရှောင်အားပစ်ပေါက်လိုက်သည်။
"ဒီစာက မင်းရဲ့သံသေတ္တာထဲကတွေ့တာပဲ... ကိုယ်တော်ကြားရအောင်ဖတ်ပြစမ်း..."
လင်းရှောင်လည်း အံ့အားသင့်လျက် စာကိုကောက်ကာဖွင့်ကြည့်လိုက်သည်။ ထို့နောက်လင်းရှောင်မှာ ရုတ်ချည်းတန့်သွားပြီး မျက်လုံးများဝိုင်းစက်သွားခဲ့သည်။ ကမ္ဘာကြီးပြောင်းပြန်လန်သွားသလိုပင်။
၄င်းတွင် သူ့လက်ရေးနှင့် စာလုံးလေးလုံးသာရှိသည်။