အပိုင်း ၂၃
Viewers 12k

လင်းရှောင်၏ခေါင်းထဲ မှတ်ဥာဏ်များတဖြတ်ဖြတ်နှင့်ပွင့်လာခဲ့သည်။ သူလန်ဝေ့ကိုမိချိန်က အကူအညီပေးမယ့်သူမရှိတဲ့မိုရွှီလည်း ကြံမိကြံရာနဲ့ သူ့အားအကူအညီတောင်းကာဧကရာဇ်ထံ စကားဝှက်ကဗျာတစ်ပုဒ်ပို့ဖို့လုပ်ခဲ့သည်လေ။ စာကိုဖွင့်ကြည့်ပြီးနောက် လင်းရှောင်လည်း ကဗျာတွင်ဝှက်ထားသော စာလုံးများကို တစ်ခုချင်းစိချရေးလိုက်သည်။
၄င်းမှာ ဤစာလုံးလေးလုံးဖြစ်သည်။
မိုရွှီကသူမ၏အချစ်ကို ဧကရာဇ်ကို၀န်ခံချင်တာဖြစ်ပြီး လင်းရှောင်မှတဆင့်စာကိုပို့ပေးချင်သည်။
သို့သော် လင်းရှောင်က သူမကို ကူညီမယ်တဲ့လား...
သူကစာကိုတိုက်ရိုက်မီးရှို့ပစ်လိုက်သည်။ သို့သော်ထိုစာလုံးလေးလုံးရေးထားသော စာရွက်ကိုမေ့လျော့စွာ သံသေတ္တာထဲသို့စာရင်းစာရွက်ဖြင့်ရောထည့်မိလိုက်သည်။
လင်းရှောင်လည်းသဘောပေါက်သွားပြီးနောက် နှလုံးသားမှာပြုတ်ကျသွားသလိုပင်။
စာရွက်ကို ဧကရာဇ်ကမြင်သွားခဲ့ပြီ။
လင်းရှောင်မျက်လုံးလေးအသာပင့်ပြီးအရှင့်ကို ခိုးကြည့်လိုက်သော်လည်း အရှင့်မှာသူ့အား တချိန်လုံးပြင်းရှစွာစိုက်ကြည့်နေသည်ကိုသာတွေ့လိုက်ရသည်။
လင်းရှောင်လည်းတောင့်သွားမိကာ ခေါင်းကို ကြမ်းပြင်နှင့်ထိသည်အထိပြန်ငုံ့ချလိုက်မိတော့သည်။
သူ့ခေါင်းထဲတွင်တစ်ခုသာရှိသည်။
သူတော့သွားပြီ။
သူလိုကုန်းကုန်းတစ်ယောက်က ဧကရာဇ်အပေါ်ချစ်စိတ် တပ်မက်စိတ်ပြုရဲသည်။
ဧကရာဇ်မှာအကြည့်လွှဲလိုက်ပြီး စားပွဲပေါ်မှာ လက်ဖက်ရည်ခွက်ကိုပင့်လျက် တစ်ငုံခန့်သောက်လိုက်သည်။
"ထတော့...နေကောင်းသေးတာလည်းမဟုတ်ဘူး...အဲလောက်ယဉ်ကျေးနေဖို့မလိုဘူး..."
လင်းရှောင် တုန်တုန်ယီယီနှင့်ပင်ထရပ်လိုက်သည်။
ဧကရာဇ်က ၄င်းဘေးရှိနေရာလွတ်ကိုညွှန်ပြလျက် လင်းရှောင်အားပြောလိုက်သည်။
"ဒီကိုလာပြီးထိုင်..."
ဤမျက်နှာသာပေးမှုကြီးကြောင့် လင်းရှောင်လည်း မလွယ်ကူစွာခံစားမိလျက်
" အ..အရှင် မသင့်တော်ပါဘူး..."
သူ့စကားကြောင့် ဧကရာဇ်က သူ့အားသြဇာအပြည့်ဖြင့်တစ်ချက်သာကြည့်လာသည်။
လင်းရှောင်လည်း ဧကရာဇ်အားမငြင်းဆန်ရဲချေ။
သူ ရွေးချယ်စရာမရှိပဲ အရှင့်ဘေးတွင် တိုက်ရိုက်၀င်ထိုင်လိုက်ရုံသာတတ်နိုင်သည်။
ဧကရာဇ် လင်းရှောင်အားကြည့်လာသည်။
လင်းရှောင်မှာအဖြူရောင်နှင့်အလွန်ပနံသင့်လျက် လှသည်။ သို့သော်သူ့မျက်နှာကမူ ကြောက်ရွံ့မှုကြောင့် အလွန်ဖျော့တော့လျက်။သူ၏နှုတ်ခမ်းမှာလည်း တင်းတင်းစေ့ထားလျက်။ သူ၏ကိုယ်မှာလည်း လွန်စွာတောင့်တင်းနေပြီး ဒူးများအပေါ်တင်ထားသောလက်ဖျားတွေကလည်း တုန်ရီနေသည်။
ဧကရာဇ်ကသူ့အား စိုက်ကြည့်နေခဲ့သည်။ ဤကုန်းကုန်းလေးကသူ့ကိုအမြဲ ဘယ်လိုဂရုတစိုက် အလုပ်အကျွေးပြုလေ့ရှိသည်ကို သတိရမိလျှင် သူ၏ရင်ထဲတွင် ပြောမပြတတ်သောခံစားချက်တစ်ခုနှင့်အတူ နူးညံ့သွားမိသည်။
"ကိုယ်တော်မင်းကိုအပြစ်မတင်သလို ဒဏ်လည်းမပေးပါဘူး... မင်းဒီလောက်စိုးရိမ်နေဖို့မလိုဘူး...
ကိုယ်တော့ကို လက်ဖက်ရည်ပဲငှဲ့ပေး..."
ဧကရာဇ် သူ့လက်ထဲမှ ခွက်အလွတ်ကိုချကာဆိုလိုက်သည်။
လင်းရှောင်အံ့အားသင့်သွားမိသည်။
သူ့ လိုကုန်းကုန်းတစ်ယောက်က ဧကရာဇ်ကိုတပ်မက်ရဲတာတောင် ဧကရာဇ်က အပြစ်မတင်သလို အပြစ်ဒဏ်လည်းမပေးလို။ ၄င်းတွင်ဖြစ်နိုင်ချေတစ်ခုသာရှိသည်။
ဧကရာဇ်လည်းထိုကုန်းကုန်းအပေါ် စိတ်၀င်စားမှုတချို့ရှိနေ၍။
ထိုအတွေးကြောင့် လင်းရှောင်ပို၍ စိတ်လှုပ်ရှားလာမိသည်။
လက်ဖက်ရည်အိုးအား အပြစ်အနာအဆာမဲ့စွာ အသာပင့်ယူရင်း အရှင့်၏ခွက်ထံတိုးကပ်လိုက်သည်။ထို့နောက်တုန်ရီလျက်ပင် လက်ဖက်ခွက်အား ပြည့်သည်အထိဖြည့်လိုက်သည်။
ဧကရာဇ်ကရုတ်တရက် သူ့လက်အားဖမ်းဆုပ်လာခဲ့ပြီး လင်းရှောင်မှာ ထိတ်လန့်မှုကြောင့် ထခုန်တော့မလိုပင်။
"အရှင်..."
ဧကရာဇ်မှာ အေးစက်ပြီး တုန်ရီနေသောလက်ကိုခံစားမိပြီး လင်းရှောင်အားကြည့်လာသည်။
ထို့နောက် သူ့လက်အားညင်သာစွာ ပုတ်ပေးလာသည်။
လင်းရှောင်တောင့်တင်းစွာ တံတွေးအားမြိုချမိသည်။ ထို့နောက်အသက်ကိုပြင်းပြင်ရှူလျက် မိမိကိုယ်ကိုတည်ငြိမ်အောင်ကြိုးစားလိုက်သည်။
လင်းရှောင်တည်ငြိမ်သွားတာကိုတွေ့မှ သူ့လက်ကိုလွှတ်ပေးကာဆိုလာသည်။
"လင်းရှောင်..."
"အရှင့်ရဲ့ငယ်သားရှိပါတယ်..."
လင်းရှောင်ခေါင်းကိုငုံ့လျက် ဖြေလိုက်သည်။
ဧကရာဇ်မှာနောက်ကိုအသာမှီလိုက်ပြီး သက်တောင့်သက်သာဆိုလာသည်။
"သေတ္တာထဲကစာရင်းစာရွက်ကိုတော့ ကိုယ်တော်ကျေနပ်အားရမိတယ်..."
လင်းရှောင်လည်း စိတ်သက်သာရာရပြီးထရပ်ကာအရိုအသေပေးလိုက်သည်။
"အရှင့်ကိုကျေနပ်စေရလို့ ငယ်သား၀မ်းသာမိပါတယ်...အရှင်ပေးတဲ့တာ၀န်ကို ငယ်သားမပေါ့လျော့ရဲပါဘူး..."
ဧကရာဇ်ရဲအကြည့်တွေကနူးညံ့သွားခဲ့သည်။
"ဆုလာဘ်အနေနဲ့ဘာလိုချင်လဲ..."
သို့သော် ဧကရာဇ်မှာ သူ့အဖြေကိုမစောင့်။ ဆက်၍ပြောလာခဲ့သည်။
"ကိုယ်တော်က ယောကျာ်းတွေကိုစိတ်မ၀င်စားဘူးဆိုပေမယ့်၊ မင်းကကိုယ်တော်ကို အလွန်တာ၀န်ကျေစွာ အလုပ်အကျွေးပြုခဲ့တာကိုထောက်ပြီး တစ်ခုဖြည့်ဆည်းပေးမယ်..."
စိတ်သက်သာရာရနေသော လင်းရှောင်လေး နောက်တစ်ကြိမ်ပြန်တောင့်တင်းသွားခဲ့ပြန်သည်။
သူမကောင်းသောခံစားချက်တစ်ခုရသည်။
ဧကရာဇ်ကအပြုံးဖြင့်သူ့အားကြည့်လျက်
"ကိုယ်တော်ကမင်းကို ကြင်ယာတော်ဘွဲ့ကိုပေးမယ်... ဒါမှမဟုတ်ရင်လည်း ကြင်ယာတော်မင်းသားဘွဲ့ကိုလည်းပေးနိုင်တယ်..."
"..."
လင်းရှောင်ရင်ထဲဗလာဖြစ်သွားရကား
အသံထွက်တဲ့အထိ ကြမ်းပြင်ပေါ်ဒူးထောက်ထိုင်ချလိုက်မိသည်။
ဧကရာဇ်ကမျက်ခုံးကိုပင့်လျက် လင်းရှောင်အားကြည့်လာသည်။
လင်းရှောင်မှာရေခဲတမျှအေးစက်သော ကြမ်းပြင်တွင်ဒူးထောက်နေရင်း သူ့ရင်အစုံမှာ ငလျင်လှုပ်သလိုခုန်ပေါက်နေခဲ့သည်။ သူဒီဆုလာဘ်ကိုကျိန်းသေ လက်မခံနိုင်ချေ။ သို့သော်အခြေအနေကရှုပ်ထွေးလှသည်။ ဧကရာဇ်ကလည်း စာရွက်ကိုမြင်ပြီးဖြစ်ရာ မိမိမှာ သူ့အပေါ်ခံစားချက်ရှိနေသည်ဟု ယုံကြည်ပြီးနေပြီ။ သူသာထိုစာရွက်မှာ အထင်လွဲခြင်းဖြစ်ကြောင်းပြောလိုက်လျှင် ဧကရာဇ်မှာ မျက်နှာပျက်ရချေမည်။ အကယ်၍သူအမှန်အတိုင်း မပြောခဲ့လျှင်လည်း ဧကရာဇ်မှာတချိန်ချိန်တွင် အမှန်တရားကိုသိလာခဲ့လျှင် သူ၏အဆုံးသတ်မှာ ကောင်ူမည်မဟုတ်။
သို့သော် အနာဂါတ်တွင် ဖြစ်ပျက်မည့်အရာနှင့် နှိုင်းစာလျှင် လောလောဆည်အသက်ရှင်မည့်နည်းကိုသာ ရွေးရလိမ့်မည်။
တွေးပြီးတော့လင်းရှောင်လည်း သတ္တိမွေးကာလျှောက်တင်လိုက်ရတော့သည်။
"အရှင် ဆုလာဘ်ကိုပြန်ရုတ်သိမ်းပေးတော်မူပါအရှင်..."
ဧကရာဇ်၏မျက်လုံးထဲမှနွေးထွေးမှုလေးကပျောက်ကွယ်သွားခဲ့သည်။ အမူအယာမဲ့စွာ သူ့အားစိုက်ကြည့်လျက်မေးလိုက်သည်။
"အကြောင်းပြချက်ကိုပြော"
လင်းရှောင်လက်ကိုတင်းတင်းဆုပ်လျက် ကံကိုပုံအောလိုက်တော့သည်။
"ဒီငယ်သား အထိန်းတော်ဖြစ်ရတာပိုနှစ်သက်ပါတယ်အရှင်..."
ဤသည်ကိုကြားလျှင်ဧကရာဇ် ခေါင်းကိုမော့လိုက်သည်။ ထို့နောက်လင်းရှောင်အားပေါက်ထွက်တော့မတက်စိုက်ကြည့်လာသည်။ သူကားလင်းရှောင်ကို အပြည့်အ၀နားလည်နိုင်ရန်ကြိုးစားနေသလိုမျိုးပင်။
"မင်းကကျွန်တစ်ယောက်ဖြစ်ရတာကို သခင်ဖြစ်ရတာထက်ပိုကြိုက်တယ်ပေါ့..."
လင်းရှောင်ခေါင်းငြိမ့်လိုက်ခြင်းကြောင့် ဧကရာဇ်ကလွန်စွာအေးစက်သွားခဲ့သည်။
လင်းရှောင်လည်းခေါင်းကိုကပြာကယာငုံ့လျက် ဆက်ပြောလိုက်သည်။
"ဒီလိုသာဆိုရင် ဒီငယ်သားက အရှင့်ဘေးမှာအမြဲရှိနေနိုင်မှာပါ..."
ဧကရာဇ်ကသူ့အား စိုက်ကြည့်လာလျှင် လင်းရှောင်ခေါင်းကိုကြမ်းပြင်က်ုထိသည်အထိ တမင်ငုံ့ထားလိုက်သည်။ ဤသိူ့ဆိုလျှင် အရှင်မှာ သူ့မျက်နှာမအမူအယာကိုဖတ်နိုင်လိမ့်မည်မဟုတ်
"အရှင် ဒီငယ်သားသာ အရှင့်မောင်းမဆောင်ထဲက ကြင်ယာတော်ဒါမှမဟုတ် ကြင်ယာတော်မင်းသားတစ်ပါးဖြစ်လာရင် အရှင်ကိုအမြဲခစားနိုင်တော့မှာမဟုတ်ပါဘူး... အရှင့်ဘေးမှာလည်း တနေကုန်နေနိုင်တော့မှာမဟုတ်ပါဘူး... ဒီငယ်သားအတွက် အဲဒါကအပြစ်ဒဏ်ကြီးလိုပါပဲ အရှင်..."
"သခင်တစ်ယောက်အနေနဲ့ ညတိုင်း.. ညတိုင်းအရှင်ရောက်လာမှာကို အထီးကျန်စွာစောင့်နေရမှာထက်
အရှင့်အနားမှာအမြဲခစားနေရမယ့် ကျွန်တစ်ယောက်အဖြစ်ကိုသာ ငယ်သားပိုလိုချင်ပါတယ်... အရှင့်ဘေးမှာသာနေနိုင်မယ်ဆို ဒီငယ်သားအတွက် ဘာကမှအရေးမကြီးပါဘူးအရှင်"
ဤနည်းဖြင့် ဧကရာဇ်မှာ ဘာအပြစ်မှာရှာတွေ့လိမ့်မည်မဟုတ်ချေ။ လင်းရှောင်ခေါင်းကိုအလွန်နိမ့်အောင်ငုံ့ထားဆဲပင်။သို့လျှင် ဧကရာဇ်မှာ သူ့အား စိတ်ရင်းလား လိမ်ညာနေသလားလဲရှာတွေ့လိမ့်မည်မဟုတ်။ မကောင်းသည်က သူကိုယ်တိုင်လည်း ဧကရာဇ်၏အမူအယာကိုမခန့်မှန်းနိုင်ခြင်းပင်။
အခြေအနေမှာလွန်စွာတိတ်ဆိတ်နေပြီး သူ၏ရင်ဘတ်မှ နှလုံးခုန်သံ တဒုန်းဒုန်းကိုပင် ပြန်ကြားနေရသည်။
နည်းနည်း နည်းနည်းစီပိုပိုမြန်လာခဲ့သည်။
ရုတ်တရက် ခုံတွန်းသံထွက်လာပြီး ဧကရာဇ်ထရပ်လိုက်သည်။
လင်းရှောင်လည်း သူ့မြင်ကွင်းထဲရောက်လာသော ၀တ်ရုံအောက်ဖျားကို ကြည့်လျက် ခေါင်းကိုအနည်းငယ်ပြန်မော့ကာ ဧကရာဇ်၏ မိန့်ကြားမှုကိုစောင့်နေလိုက်သည်။
"ဒါကမှမင်းရဲ့ဆန္ဒဆိုရင်လည်း ကိုယ်တော်ဖြည့်ဆည်းပေးမယ်..."
ဧကရာဇ်က လင်းရှောင်အားကြည့်လျက်ဆိုလာသည်။
လင်းရှောင်လည်း ရင်ထဲမှစိတ်သက်သာရာရသွားလျက် ခေါင်းကိုတဖန်ပြန်ငုံ့ကာ ကျေးဇူးတင်မှုကိုဖော်ပြလိုက်သည်။
ဧကရာဇ်ထွက်သွားသည်နှင့် လင်းရှောင်လည်းကြမ်းပြင်ပေါ်ပုံခနဲလဲကျသွားတော့သည်။
သိပ်မကြာခင် ရှောင်လိဇိက တော်၀င်အမိန့်ပြန်တမ်းကိုပိုက်လျက်ရောက်လာခဲ့သည်။
၄င်းမှာ လင်းရှောင်၏ဆုလာဘ်ဖြစ်သည်။
လင်းရှောင်အား ရွှေ၊ငွေ၊ ကျောက်မျက်၊ ပိုးထည်အစရှိသည်တို့အပြင် ဧကရာဇ်မှာသူ့အား နန်းတွင်း၌ လွတ်လပ်စွာ၀တ်စားဆင်ယင်ခွင့်ကိုပါပေးလိုက်သည်။ ထို့အပြင် လင်းရှောင်၏ နန်းဆောင်ကမီးလောင်သွားတာကိုအကြောင်းပြလျက် ကိုယ်ပိုင်နန်းဆောင်တစ်ခုကိုပါချီးမြှင့်လိုက်သေးသည်။
ကိုယ်ပိုင်နန်းဆောင်ဟူသည် သခင်မျိုးနွယ်များသာလျှင်ခံစားနိုင်သည် အထူးအခွင့်အရေးဖြစ်သည်။
သို့သော်ယခုတွင် အထိန်းတော်လေးလင်းရှောင်အတွက် ဧကရာဇ်ကထိုခံစားခွင့်ကိုချီးမြှောက်လိုက်ချေပြီ။ နန်းဆောင်ကလည်း ဧကရာဇ် ချင် နန်းဆောင်နဲ့အနီးဆုံး နန်းဆောင်တစ်ခုဖြစ်တာကိုပါ ထည့်ပြောရရလျင်...
မူလကတည်းက ဧကရာဇ်မှာ လင်းရှောင်ကိုအလွန်မျက်နှာသာပေးကာ ဂရုစိုက်ကြောင်း မျက်စိပါသူတိုင်းမြင်နိုင်သည်။ ဧကရာဇ်မှာ ဤအထိန်းတော်လေး လင်းရှောင်ကိုအလွန်သဘောကျရကား လင်းရှောင်ရဲ့နန်းဆောင်မီးလောင်တော့ လင်းရှောင်ကို သယ်ကာ သူ့နန်းဆောင်တွင်အိပ်စက်စေသည်အထိ။
ဒါက ဧကရာဇ်၏သာမန်နေ့လည်ခင်းတရေးအိပ်သည့်အိပ်ယာ သာဖြစ်စေဦးတော့ ။ လင်းရှောင်က ဧကရာဇ်အတွက်မည်မျှအရေးပါသူဖြစ်မှန်း သိသာလှသည်။ မောင်းမဆောင်မှ တော်၀င်ကိုယ်လုပ်တော် သုံးယောက်ပင်လျှင် ဤအခွင့်အရေးကို မရဖူးကြချေ။
ထို့အပြင် လင်းရှောင်အား သခင်တစ်ပါးရဲ့အခွင့်အရေးဖြစ်သော ကိုယ်ပိုင်နန်းဆောင်နှင့် စိတ်ကြိုက်၀တ်စားဆင်ယင်ခွင့်ကိုပါပေးလိုက်သေးသည်။ သူ့တွင်အစေခံဟူသောနာမည်ခံသာရှိတော့သည်။
သူက သခင်တစ်ပါးအဖြစ်ရာထူးမြင့်သွားတာအသိသာကြီးပေ။
နန်းတွင်းထဲမှလူများမှာ လင်းရှောင်အား အမြင်တစ်မျိုးဖြင့်ကြည့်လာသည်။ ရှောင်လိဇီကတောင် လင်းရှောင်အား ပို၍ရိုကျိုးစွာဆက်ဆံလာခဲ့သည်။
ရှုပ်ထွေးသောခံစားချက်များဖြင့် လင်းရှောင် တော်၀င်အမိန့်တော်ကိုလက်ခံလိုက်ရသည်။
ရှောင်လိဇီကလည်း သူ့အားအရိုအသေပေးလျက် ဂုဏ်ပြုလာသည်။
လင်းရှောင်မှာနှုတ်ခမ်းကိုသာတွန့်လိုက်မိသည်။
ရှောင်လိဇီကအားလုံးကိုအပြင်ထွက်စေပြီး သူ့နားကပ်၍ဆိုသည်။
"အထိန်းတော်ကြီး အရှင်ကအထိန်းတော်ကြီးကို အလွန်ဂရုစိုက်ပါတယ်"
"အရှင်က ဒီငယ်သားကို အထိန်းတော်ကြီးအတွက် ရှားပါးငှက်သိုက်နဲ့ချက်ထားတဲ့ ဆံပြုတ်ကို နေ့တိုင်းပို့ပေးဖို့မှာလိုက်ပါတယ်... ဒါမှအထိန်းတော်ကြီးရဲ့ ကိုယ်ကအားပိုရှိလာမှာတဲ့..."
ရှောင်လိဇီကသု့နားကပ်လျက်တစ်ခုခုပြောလိုက်တာကို လင်းရှောင်ကြည့်နေမိသည်။
"အထိန်းတော်ကြီးကအခု သခင်တစ်ပါးနဲ့မကွာတော့ပါဘူး..."
"မသင့်တော်လိုက်တာ..."
လင်းရှောင်ကဆူလိုက်သည်။
"အထိန်းအကွပ်မဲ့တဲ့လျှာက ပြသနာတွေသယ်လာတတ်တယ်၊ မမေ့နဲ့..."
ရှောင်လိဇီကခေါင်းကိုငုံ့လျက် ဘာမှထပ်မပြောတော့သော်လည်း အမူအယာကမူသူ့စကားကိုလက်မခံမှန်းသိသာသည်။
လင်းရှောင်လည်းသူ့ကိုကြည့်လျက် ပြုံးကာမေးလိုက်သည်။
"ဘာလဲ၊ လက်မခံချင်သေးဘူးလား... ဘာထပ်ပြောစရာရှိသေးလို့လဲ..."
ရှောင်လိဇီက မျက်လုံးကိုအသာပင့်လျက် လင်းရှောင် စိတ်ဆိုးမည်လား အကဲအရင်ခတ်လိုက်သည်။
"အထိန်းတော်ကြီးကသာ အထိန်းအကွပ်မဲ့တဲ့လျှာလို့ပြောနေပေမယ့် ဒါဟာ ကောင်းကင်ဘုံကချီးမြှောက်ခံရတဲ့အခွင့်အရေးမှန်းလူတိုင်းသိပါတယ်... အထိန်းတော်ကြီးက သာမာန်အထိန်းတော်မဟုတ်တော့ပါဘူး..
လူတိုင်းကသခင်တစ်ပါးအနေနဲ့ပဲဆက်ဆံတော့မှာပါ...ကျွန်တော်မျိုး လျှာအထိန်းအကွပ်မဲ့တာ မမဲ့တာလည်း အရေးမကြီးတော့ပါဘူး..."
လင်းရှောင်မျက်ခုံးပင့်မိလိုက်သည်။
"မင်းပြောတာ ကျိုးကြောင်းဆီလျော်မှုရှိတယ်..."
ရှောင်လိဇီကခေါင်းကိုငုံ့လျက်..
"အထိန်းတော်ကြီးရဲ့သင်ပြမှုကြောင့်ပါ..."
လင်းရှောင်မျက်လုံးသာလှိမ့်လိုက်မိသည်
"ဒါပေမယ့်..."
ရှောင်လိဇီကထပ်ပြီးစကားစလာပြန်သည်။ ရှောင်လိဇီကစိုးရိမ်နေဟန်ဖြင့်ဆိုလာသည်။
"အထိန်းတော်ကြီး တော်၀င်ကိုယ်လုပ်တော်တွေအကုန်လုံး အရှင်ကအထိန်းတော်ကြီးကို ချီးမြှောက်လိုက်တာကိုသိပြီးပါပြီ..."
လင်းရှောင်ကမျက်ခုံးပင့်မိလျှင် ရှောင်လိဇီကဆက်ပြောလာသည်
"အထိန်းတော်ကြီး ညီလာခံသမိုင်းမှာလည်း အမျိုးသားကိုယ်လုပ်တော်ဆိုတာမရှိခဲ့ဖူးပါဘူး...
တော်၀င်ကိုယ်လုပ်တော်သုံးယောက်ထက် အထိန်းတော်ကြီးကို အရှင်ကပိုဂရုစိုက်တာကိုမြင်ရင် မနာလိုဖြစ်ကျမှာစိုးမိပါတယ်... အထိန်းတော်ကြီးက တရား၀င်ဂုဏ်ပုဒ်မရသေးတာကြောင့် သတိထားသင့်ကြောင်းပါ..."
ထိုစကားကြောင့် လင်းရှောင်အလိုလိုစိတ်တိုသွားမိသည်။
"ရှောင်လိဇီ ဒါကမင်းနဲ့ဆိုင်တဲ့ကိစ္စလား...".
ရှောင်လိဇီလည်းလန့်သွားပြီး ချက်ချင်းဒူးထောက်လိုက်သည်။ သို့သော် လင်းရှောင်မှာ ကိုယ့်အပူနှင့်ကိုယ်မို့ သူ့ကိုလည်း ဂရုမစိုက်ချင်တော့
လက်ယမ်းကာပြန်ခိုင်းလိုက်တော့သည်။
လင်းရှောင် သူ့ပစ္စည်းများကို အမြန်သိမ်းပြီး ဧကရာဇ်ချင်နန်းဆောင်မှထွက်လာလိုက်သည်၊
သူ၏အထိန်းတော်အ၀တ်အစားများမှာ အကုန်မီးထဲပါသွားပြီဖြစ်ပြီး တခြား၀တ်စစာလည်းမရှိချေ။
ဒါကြောင့် အရှင်ချီးမြှင့်ထားသော သာမာန် အ၀တ်အစားတို့ကိုသာ၀တ်နိုင်ပြီး နန်းဆောင်သစ်ကိုပြောင်းရတော့သည်။
နန်းဆောင်အသစ်မှာ တိတ်ဆိတ် ခမ်းနားပြီး အလွန်လှပသည်။ နံရံတွင် ဇီသာ ၊ ပုလွေနှင့် တခြား တူရိားများဖြင့်ပင်အလှဆင်ထားသေးသည်။ စားပွဲပေါ်တွင်လည်း လေ့လာခြင်းရတနာ(စုတ်တံ၊ မှင်ချောင်း၊ စာရွက်နှင့် မှင်တုံး)တို့အပြည့်အစုံရှိသည်။ အနီးတွင်တော့ အိပ်ခန်းရှိလေသည်
စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေသည်မို့ လင်းရှောင်လည်း ကျန်လူများကိုပြန်ခိုင်းလိုက်ပြီးမိမိမှာ
အိပ်ယာပေါ်လဲချလိုက်တော့သည်။
ကိစ္စများမှာပိုပိုပြီးရှုပ်ထွေးလာချေပြီ။
မဖြစ်တော့ပေ။ သူမိုရွှီကိုအမြန်သတ်ပြီးတာနဲ့ သူ့ကိုယ်သူ ကိုယ်ယောင်ဖျောက်ပြီးအမြန်ထွက်သွားမှဖြစ်မည်။
သူကသူ့တစ်ဘ၀လုံးကို ကုန်းကုန်းအဖြစ်မကုန်ဆုံးနိုင်။ ဧကရာဇ်နှင့်အိပ်ယာထဲလူးလိမ့်ရမည့် အမျိုးသားကိုယ်လုပ်တော်ဆို ပိုဆိုး...
လင်းရှောင်အိပ်ယာထဲမှ အပြင်ဘက်တွင် စောင့်ကြည့်နေကြသော အစေခံများနှင့် ကုန်းကုန်းများကို တစ်ချက်ကြည့်ကာ ပြတင်းပေါက်မှခိုးထွက်လိုက်သည်။
ထို့နောက် ဥယျာဉ်ဘက်သို့သွားကာ လန့်ဝေ့အားဝှက်ထားခဲ့သည်နေရာသို့သွားလိုက်သည်။
လင်းရှောင်ခေါင်းရှုပ်သွားသည်။ သူထိုနေရာတဝိုက်နှံ့နှံ့စပ်စပ်ရှာပြီးတာတောင် လန်ဝေ့ကိုမတွေ့ပေ။
သူသေချာတွေးကြည့်လိုက်သည်။ ဧကရာဇ်မှာလွန်စွာတည်ငြိမ်နေကာ လန်ဝေ့ကိုဖမ်းမိတာမဖြစ်နိုင်ချေ။
ဒါဆို ဧကရာဇ်လက်ထဲမှာမဟုတ်ဘူးဆိုရင် လန်ဝေ့ကဘယ်ရောက်သွားတာလဲ။
လင်းရှောင်နှုတ်ခမ်းကိုကိုက်လိုက်မိသည်။
လန်ဝေ့ပျောက်သွားတာ နှစ်ရက်ရှိပြီဖြစ်ပြီး အရာအားလုံးမှာအလွန်တည်ငြိမ်လွန်းနေသည်။ ကြည့်ရာတာ လန်ဝေ့နန်းတွင်းထဲဖောက်၀င်သည့် ကိစ္စကိုမည်သူမှမသိသည့်အပြင် သူ့အားတစ်စုံတစ်ယောက်မှ ကယ်တင်ပြီးဖြစ်လောက်သည်။
ထိုသို့မဟုတ်လျှင် အမတ်ကြီးအိမ်တော်မှာပွဲဆူနေလောက်ပြီ။
လင်းရှောင်မသင်္ကာတာက အမတ်ကြီးအိမ်တော်ကတောင် ဘာလှုပ်ရှားမှုမှမရှိခြင်းပင်။ အနည်းဆုံးတော့ ရုံးတော်တွင် အတင်းအဖျင်းအနည်းငယ်တော့ကြားရသင့်သည်။
သို့နှင့်ဖြစ်နိုင်ချေတစ်မျိုးသာရှိသည်။
လန်ဝေ့မှာ မသွားခင်ကတည်းက အမတ်ကြီးအား အသိပေးပြီးဖြစ်လောက်မည်။ထို့ကြောင့် အမတ်ကြီးမှာ လန်ဝေ့ပျောက်နေသည်ဟု သံသယမ၀င်ခဲ့ခြင်း။
ဤသည်ကသာ ထိုနှစ်ရက်အတွင်းတည်ငြိမ်နေမှုကိုရှင်းပြပေးနိုင်သည်။
သို့သော် နန်းတွင်း၌ လန်ဝေ့အား ကူညီမယ့်သူမရှိသလို ရှာဖွေနေသူလည်း မရှိပေ။ ဒါတောင်ရုတ်တရက်ကြီး. ပျောက်သွားသေးသည်။
သူ့ဘာသူထွက်ပြေးသွားတာကလွဲ၍ တခြားဖြစ်နိုင်ချေကိုရှာမတွေ့ချေ။
အမှန်တတကယ်သာ သူ့ဘာသာထွက်ပြေးသွားတာဆိုလျှင် သူအားနည်းနေပုံဖြင့် အမတ်ကြီးအိမ်တော်ကို ပြန်ရောက်သည်မှာ မကြာလောက်သေး။
လင်းရှောင်လည်း အတည်ပြုရန်လိုအပ်သဖြင့် ချူရှိုးနန်းဆောင်ဆီလျှောက်သွားလိုက်သည်၊
သူချူရှိုးနန်းဆောင်ကိုရောက်သည်နှင့် မိန်းမစိုးလင်းအားချက်ချင်းတွေ့လိုက်သည်။
မိန်းမစိုးလင်းမှာ လင်းရှောင်အား ပိုးထည်၀တ်လျက်တွေ့မိလျှင် ရုတ်တရက်တောင့်သွားပြီးမှ အလျင်အမြန် အရိုအသေပေးလာသည်။ သူမမျက်နှာတွင်ရှိနေကျဖြစ်သော မထီမဲ့မြင်မှုမှာ တမဟုတ်ချင်းပျေက်သွားသည်။
လင်းရှောင်လည်းအတော်ကြာစိုက်ကြည့်နေပြီးမှ ပြုံးလိုက်သည်။ အာဏာဆိုသည်မှာ ဒီလိုကိုး။.
ယခင်က သူ့အပေါ်နှိမ့်ချဆက်ဆံပြီးအထင်သေးခဲ့သူတို့လည်း ယခုသူနှင့်တွေ့တော့ ဦးညွတ်နေရပြီ။
လင်းရှောင်လည်းရယ်လိုက်ပြီး သူ့ထက်ရာထူးနိမ့်သော မိန်းမစိုးလင်းကိုကြည့်လျက်
"မိန်းမစိုးလင်း ဒီရက်ပိုင်းဘယ်လိုလဲ..."
မိန်းမစိုးလင်းမှာ အကြည့်ကိုနှိမ့်လျက်...
"အထိန်းတော်ကြီးကို ပြန်ဖြေပါတယ်..
ကျွန်တော်မျိုးမ အဆင်တပြေရှိကြောင်းပါ"
"တကယ်တမ်းဒီကိုလာရတဲ့အကြောင်းအရင်းက သတင်းတစ်ခုကိုကြားမိလို့ အတည်ပြုချင်လို့ပဲ...
အမတ်ကြီးရဲ့ သားကပျောက်နေတယ်ဆို..."
လင်းရှောင်က လက်မှပတ်တီးကိုပွတ်သပ်နေရင်း မေးလိုက်သည်။
ဒါကိုကြားတော့ မိန်းမစိုးလင်း၏ကိုယ်မှာ မဆိုစလောက်လေးတောင့်သွားပြီးအလျင်အမြန်ပြန်ဖြေလာခဲ့သည်။
"သခင်လေးလန်ဝေ့က တချိန်လုံး အိမ်မှာပဲရှိနေတာပါ..."
အလိမ်အညာအား လင်းရှောင်မျက်ခုံးပင့်လိုက်မိသည်။
"ဒါပေမယ့် တချို့ကလည်း သခင်လေးလန်ဝေ့က မိုရွှီနဲ့ခိုးခိုးတွေ့နေကျဆို..."
"သတင်းမှားတွေပါ..."
မိန်းမစိုးလင်းမှာ အလွန်စိတ်လှုပ်ရှားစွာနှင့် သူ့အားဖြတ်ပြောလာခဲ့သည်။
"အခြေအမြစ်မရှိတဲ့ ကောလဟာလတွေပါ...သခင်လေးက သူ့အိမ်မှာပဲ အနားယူနေတာပါ...ရာသီဥတုအပြောင်းအလဲကြောင့် ဖျားနာပြီး သတိမရပဲအိပ်ယာထဲလဲနေတာပါ... အထိန်းတော်ကြီးမယုံကြည်ရင် ကိုယ်တိုင် လာစစ်ဆေးနိုင်ပါတယ်"
လန်ဝေ့ကတကယ်ပဲ အမတ်ကြီးအိမ်တော်ကိုပြန်ရောက်သွားပြီဖြစ်သော်လည်း သတိတော့မရသေးချေ။
ဒါကြောင့်လည်း အမတ်ကြီးက သူ့သားကိုနှိပ်စက်ထားတဲ့သူက လင်းရှောင်ဆိုတာမသိသေးတာဖြစ်နိုင်သည်။ အခုချိန်အထိ လင်းရှောင်အားပြသနာမရှာသေးပုံထောက်လျှင် မိန်းမစိုးလင်း၏အကြည့်တွေကလည်း အမုန်းတရားတွေပါ၀င်မနေပုံကိုကြည့်ပြီး သူခန့်မှန်းနိုင်သည်။
လင်းရှောင်လည်းတွေးတောပြီးနောက် မိန်းမစိုးလင်းအား မေးခွန်းတချို့ထပ်မေးရန်ပြင်လိုက်သည်။
သို့သော် မိန်းမစိုးလင်းကမူ သူ့အားဖြတ်ပြောလာခဲ့သည်။
"အထိန်းတော်ကြီး ဒီငယ်သားမှာ လုပ်စရာတာ၀န်တွေရှိနေပါသေးတယ်...ချူရှိုးနန်းဆောင်မှာ ကျွန်တော်မျိုးမ စီရင်မှဖြစ်မယ့်ကိစ္စတွေရှိနေလို့ပါ...အရင်ဆုံးသွားခွင့်ပြုပါ..."
ထိုစကားလုံးများနှင့်ပင် မိန်းမစိုးလင်းမှာ လင်းရှောင်ရှေ့ကနေထွက်ပြေးသွားခဲ့သည်။ သူမခြေသုတ်တင်ပြေးနေဟန်ကိုကြည့်ပြီး လင်းရှောင်လှောင်ရယ်လိုက်မိသည်။
သူအတည်ပြုချင်တဲ့ကိစ္စကိုလည်းအတည်ပြုပြီးပြီမို့ လင်းရှောင်လည်း သူ့ကိုဆွဲမထားတော့ပေ။
လင်းရှောင်လည်းတွေးရင်းနောက်ပြန်လှည့်လိုက်သည်။ လန်ဝေ့နိုးလာလျှင် အမတ်ကြီးအိမ်တော်ကိစ္စကိုမည်သို့ကိုင်တွယ်ရမည်ကို ကြံဖန်ရပေဦးမည်။
သို့သော် လင်းရှောင့်လှည့်လိုက်သည်နှင့် စိတ်၀င်စားဖွယ်မြင်ကွင်းတစ်ခုအားတွေ့လိုက်ရသည်။
ခပ်နွမ်းနွမ်းပန်းရောင်၀တ်စုံကို၀တ်ထားသော မိုရွှီမှာ အစေခံတစ်စု၏ရိုက်နှက်ခြင်းကိုခံနေရခြင်းပင်။
သူမမျက်နှာတွင် ခရမ်းရောင်သန်းနေသော အမာရွတ်အဟောင်း အသစ်များနှင့်ပြည့်နှက်လျက်။
သူမကိုယ်မှာလည်း လွန်စွာအားနည်းနေပုံပင်။ သို့သော်အစေခံခေါင်းဆောင်မှာ သူမအား ရိုက်နှက်နေဆဲ။
မိုရွှီမှာ မျက်ရည်များစီးကျလျက်လွန်စွာသနားစဖွယ်ကောင်းနေသော်လည်း သူမအား မည်သူမှမသနားသလို ကူလည်းမကူညီကြချေ။
လင်းရှောင်မှာ အလွန်အားရမိစွါဖြင့် ကော်ရစ်တာထောင့်တွင် စိမ်ပြေနပြေထိုင် ကြည့်နေမိသည်အထိပင်။
သူ့ရန်သူမိုရွှီက ရိုက်နှက်ခံ ဆဲဆိုခံနေရပြီးဒုက္ခရောက်နေသည်ကိုတွေ့ပြီး သူ့စိတ်တွေလန်းဆန်းသွားခဲ့သည်။
အတော်လေးကြာကြာကြည့်ပြီးနောက် မိုရွှီကိုရိုက်နေသော အစေခံများတဖြည်းဖြည်းနည်းသွားတာကိုတွေ့လိုက်ရသည်။ အစေခံများတဖြည်းဖြည်းရှဲသွားပြီးနောက် အစောပိုင်းက လူအုပ်နှင့်ကွယ်နေသောတစ်စုံတစ်ယောက်ကို လင်းရှောင်တွေ့လိုက်ရသည်။
သေသပ်စွာဖီးထားသောဆံပင်၊ မျက်နှာချေကို ပါးပါးလေးလိမ်းထားပြီး၊ ရွှေရောင်ဆံထိုးကို၀တ်ထားသူမှာ ထိုစဉ်က နန်းတွင်းသူဟယ့် ယခုမူ ဟယ်ပေါင်လင် ဟူသည့်ဂုဏ်ပုဒ်ကိုရရှိထားသူဖြစ်လေသည်။