အခန်း (၂၉၇) – တတိယမောင်လေးလင်းက တိုးတက်လာသည်
"နှစ်သစ်ကို စောင့်ရတာ ကြာလှပြီ။ အဖွား၊ စတုတ္ထဦးလေးနဲ့ စတုတ္ထဒေါ်လေးတို့က အိမ်ပြန်လာဖို့ စိတ်ကူးမရှိဘူးလား။ အခုဆို မိတ်ဆက်စာ မလိုပဲ ကိုယ်သွားချင်ရာကို သွားနိုင်ပြီ မဟုတ်လား။ ဘယ်သူမှ ဝင်မစွက်ဖက်ကြပါဘူး။" ဟု ကျိုးလျှို့နီက ပြောသည်။
"နင် ဘာတွေပြောနေတာလဲ။ ပေကျင်းမြို့တော်က ဘယ်လိုနေရာမျိုးလဲ။ နင် သွားချင်တိုင်း သွားလို့ရတဲ့ နေရာလို့ ထင်နေတာလား။" အဖေကျိုးက သူ့မြေးမကို တစ်ချက်လှမ်းကြည့်လိုက်သည်။
"အင်း၊ သမီးလည်း ဒီလို မပြောချင်ပါဘူး။ အဖွား စိတ်ပူနေတာကို တွေ့လို့ သမီးက ဒီလို ပြောမိတာပါ။ တကယ်လို့ အဖွားသွားချင်ရင်၊ သမီး အဖွားကို အဲ့ကို လိုက်ပို့ပေးလို့ရတယ်။" ဟု ကျိုးလျှို့နီက ပြန်ပြောသည်။
"နင်က ဘာသွားလုပ်မှာလဲ။ နင့်လို စကားအပြောမတတ်တဲ့သူမျိုးက အဲ့ကို ဘယ်လို သွားရမှန်းတောင် သိမှာ မဟုတ်ဘူး။" ဟု အဖေကျိုးက ပြောသည်။
ဒီလိုဆိုတော့၊ ကျိုးလျှို့နီက ပြောသည်၊ "ဘာပြဿနာရှိမှာမလို့လဲ။ ဟိုရောက်တာနဲ့ ရဲကို ရှာလိုက်ရင် ရပြီလေ။ သူတို့က သမီးတို့ကို ပေကျင်းတက္ကသိုလ်ကို လိုက်ပို့ပေးပြီး ကျောင်းအသံလွှင့်ဌာနကနေ စတုတ္ထဒေါ်လေးကို ခေါ်ပေးလိမ့်မယ်။ အဲ့လို လုပ်လိုက်ရင်ရပြီ၊ မဟုတ်လား။"
"ကောင်းသားပဲ။" အဖေကျိုးက ပြောသည်။ "နင့်ရဲ့ အစားအစာကိုပဲ စားစမ်းပါ။"
"အဖွား၊ သမီးက အခုဆို အရွယ်ရောက်နေပြီဖြစ်လို့ အလုပ်မျိုးစုံ လုပ်နိုင်နေပါပြီ။ စတုတ္ထဦးလေးက ဆိုင်ဖွင့်ထားတယ်ဆိုတော့ ဟင်းပွဲတွေ ချပေးတာမျိုး ကူညီလုပ်ကိုင်ပေးချင်တယ်။" ဟု ကျိုးလျှို့နီက ပြောသည်။
အဖေကျိုးက နှုတ်ဆိတ်နေခဲ့သည်။ အမေကျိုးကတော့ ဘဝင်ကျသွားသည်၊ "နင့်အမေက ဒါကို ဘယ်လိုသဘောတူနိုင်ပါ့မလဲ။"
"အမေက ဘာလို့ သဘောမတူရမှာလဲ။ သမီးရဲ့ စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့က တခြားသူတွေမှ မဟုတ်တာ။ သမီး သွားပြီး ကူညီလုပ်ကိုင်ပေးချင်တာ ဘာမှားလို့လဲ။" ကျိုးလျှို့နီသည် သူမရဲ့ အဖွား ဘဝင်ကျသွားတာကို မြင်သောအခါ ချက်ချင်း ဆက်ပြောလိုက်သည်။
"နင့်ရဲ့ စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့ ပြန်လာတဲ့အချိန်ကျမှ ငါတို့ ဒီအကြောင်းကို ပြောကြမယ်။" ဟု အမေကျိုးက ပြောသည်။
ကျိုးလျှို့နီက အရမ်းစိတ်လှုပ်ရှားသွားသည်။ ထမင်းစားပြီးတာနဲ့ သူမပါးစပ်ကိုသုတ်ပြီး အဘိုးအဘွားတွေကို သန့်ရှင်းရေး ကူညီလုပ်ကိုင် မပေးဘဲ ထွက်ပြေးသွားပါသည်။
အဖေကျိုးနှင့် အမေကျိုးက ဒီကိစ္စကို ကတ်သီးကတ်သတ် အပြစ်ရှာ မနေတော့ပါဘူး။
သက်ကြီးရွယ်အို ဇနီးမောင်နှံမှာ လုပ်စရာတွေ အများကြီး ရှိသည်။ အဖေကျိုးက ဒီနှစ် ဘဲဆယ်ကောင် မွေးမြူထားသည်။ ဥချိန်တန်တာနဲ့ သူတို့တွေက ဘဲဥတွေ စတင်ဥကြလိမ့်မည်။
အမေကျိုးက ကြက်တစ်ဒါဇင်ကျော် မွေးမြူထားပြီး "သူတို့ ပြန်လာဖို့ အချိန်မရှိတာကြောင့် ဖြစ်နိုင်တယ်။ မဟုတ်ရင်၊ ငါ ဒီဥတွေကို ရောင်းထုတ်မှာ မဟုတ်ဘူး။ သူတို့ပြန်လာပြီး ပြန်သွားတဲ့အခါကျရင် သူတို့စားဖို့ ထည့်ပေးလိုက်လို့ရတယ်။" ဟု ပြောသည်။
"မနက်ဖြန်ကျရင် လောင်တဦးလေး(တတိယမောင်လေးလင်း) ဥကောက်ဖို့ လာလိမ့်မယ်။ အဲဒါတွေကို စနစ်တကျ ဖယ်ထားရအောင်။" ဟု အဖေကျိုးက ပြောသည်။
"အားလုံးကို အဆင်သင့်လုပ်ထားတယ်။ ပြုတ်မကျနိုင်ဘူး။" အမေကျိုးက ခေါင်းညိတ်သည်။
တတိယမောင်လေးလင်းက ဘယ်လိုပေါင်းသင်းဆက်ဆံရမလဲ ဆိုတာကို သိသည်။ သူ့အစ်မကြီးရဲ့ ယောက္ခမတွေက ကြက်နှင့် ဘဲများကို မွေးမြူထားကြောင်း သိသဖြင့် ဥတွေကို မြို့ပေါ်တက်ပြီး ကူညီရောင်းချပေးဖို့ ရောက်လာလေ့ရှိသည်။
အဖေကျိုးနှင့် အမေကျိးက တတိယမောင်လေးလင်းကို အရမ်းသဘောကျသည်။
အစကတော့ တတိယမောင်လေးလင်းသည် သူ့မိသားစုပိုင် ဥတွေကိုသာ ရောင်းချခဲ့သည်။ ဒါပေမယ့် အခုအခါမှာ တိုးချဲ့လာခဲ့သည်။ အခြေခံအားဖြင့် သူ့အိမ်နီးနားချင်းတွေထံမှ ဥတွေ သို့မဟုတ် ကြက်ပေါက်လေးတွေကိုပါ မြို့မှာ ရောင်းချဖို့ ယူဆောင်သွားလေ့ရှိသည်။
အမေကျိုးရဲ့ အိမ်ဘက်ကိုတော့ ရက်အနည်းငယ်ကြာတိုင်း တခါလာမည်ဖြစ်သည်။ အခြားလူများအတွက်မူ တတိယမောင်လေးလင်းသည် သူ့ရဲ့ ကူညီပေးမှုအတွက် ငွေကြေးအနည်းငယ် ကောက်ခံမည်ဖြစ်သည်။
ဥပမာအားဖြင့်၊ ကြက်ဥ သုံးကျင်းအတွက်ဆို တတိယမောင်လေးလင်းသည် သဘာဝအတိုင်း အခကြေးငွေအဖြစ် ဥတစ်လုံးနှုန်း ရရှိမည် ဖြစ်သည်။ ယင်းမှာ သဘာဝအားဖြင့် များစွာသော အခကြေးငွေ မဟုတ်သောကြောင့် လူတိုင်းက သူ့ထံ ရောင်းချပြီး ငွေအနည်းငယ်ပေးလိုကြသည်။ အမှန်မှာ၊ သူတို့အတွက် အားထုတ်မှုများစွာ သက်သာစေပါသည်။
တတိယမောင်လေးလင်းသည် ယခုအခါ ခရိုင်မြို့သို့ တစ်ရက်ခြားတခါ သွားသည်။ ခရိုင်မြို့ကိုသွားတိုင်း သူ့စက်ဘီးပေါ်မှာ ခွခြင်းတောင်း တင်သွားလေ့ရှိသည်။ ဝါးလုံးနှစ်ဖက်တွင် ခြင်းတောင်းနှစ်တောင်း ချိတ်ဆွဲထားကာ စပါးခွံတွေနဲ့ အုပ်ထားတဲ့ ကြက်ဥတွေ ပြည့်နေလေ့ရှိသည်။
ကြက် သို့မဟုတ် ဘဲတွေကိုတော့ လက်ကိုင်တန်းတွင် ချိတ်ထားနိုင်ပြီး ဒါကလည်း ငွေအနည်းငယ် ရရှိမည် ဖြစ်သည်။
သူ့မိသားစုကို ထောက်ပံ့ရန် တစ်လလျှင် ယွမ် နှစ်ဆယ် နီးပါး ဝင်ငွေရှာနိုင်ပြီး သူတို့အိမ်ပိုင် ကြက်ဥ သို့မဟုတ် ကြက်တွေကိုလည်း ရောင်းချနိုင်သည်။ ဒါကြောင့် စုစုပေါင်း တစ်လလျှင် ယွမ် သုံးဆယ်ခန့် ဝင်ငွေရှိသည်။
တတိယယောင်းမလင်းတစ်ယောက် ဘယ်လောက်တောင် ပျော်နေမလဲဆိုတာကိုသာ တွေးကြည့်ပါတော့။
ယွမ် သုံးဆယ်သည် သိပ်မများပေမယ့် မကြာသေးမီ နှစ်များအတွင်း လူများ၏ လုပ်ခနှုန်းထားများ တိုးလာသော်လည်း ယွမ် သုံးဆယ်သည် ကောင်းမွန်သော စံနှုန်းတစ်ခု ဖြစ်နေပါသေးသည်။
သို့သော်ငြားလည်း တတိယမောင်လေးလင်းသည် လယ်ထဲဆင်းသည့် အလုပ်ကိုလည်း အဆုံးရှုံးမခံဝံ့ပေ။ သူသည် လယ်ကွင်းထဲသို့ တစ်ရက်ခြားတစ်ခါဆင်းပြီး ဤနည်းဖြင့် ဘဝကို ကောင်းမွန်စွာ ဖြတ်သန်းခဲ့သည်။
အဘယ်ကြောင့်ဆိုသော် တတိယမောင်လေးလင်းသည် သူ့အစ်မပြောတာကို နားထောင်ရတာ နှစ်သက်သောကြောင့် ဖြစ်သည်။
သူ့မိသားစုအစ်မက သူ့ကို မြို့ကို လှည့်ပတ်စစ်ဆေးခိုင်းသည်။ သူက သူ့မိသားစုအစ်မပြောတဲ့အတိုင်း လုပ်သည်။ နောက်တော့ မြို့ထဲမှာ စျေးရောင်းသူတွေ အများကြီး ရှိနေတာကို သူ သတိပြုမိပြီး ပစ္စည်းတွေ အများကြီး ရောင်းနိုင်တယ်ဆိုတာ သိလိုက်ရသည်။
ဥပမာအားဖြင့်၊ သူသွားတိုင်း သူ့ဇနီးသည်က သူ့ကို ပဲပင်ပေါက်တစ်ထုပ် ပေးလိုက်လေ့ရှိသည်။ ပဲပင်ပေါက်တွေက လုပ်ရလွယ်ပြီး ရောင်းရလွယ်ကူကာ အလွန်ရေပန်းစားသည်။
တတိယမောင်လေးလင်းက အခု ဒီလို လုပ်နေခဲ့သည်။ သူ့အစ်မ တရုတ်နှစ်သစ်ကူးအတွက် ပြန်လာတဲ့အခါ သူ့အစ်မအား ဒီအကြောင်း ပေးဖို့ စဥ်းစားထားသည်။
အဘယ်ကြောင့်ဆိုသော် သူ လယ်လုပ်ခြင်းထက် စီးပွားရေးလုပ်ခြင်းက ပိုကောင်းကြောင်း သူ တွေ့ရှိထားသောကြောင့် ဖြစ်သည်။
အခုချိန်မှတော့ အိမ်ကနေ အလုပ်လုပ်ပြီး တစ်လကို ယွမ် သုံးဆယ် ဝင်ငွေရသည်။ သူ အရမ်းကြီးတော့ အရဲမကိုးရဲသေးဘူး။
တကယ်တော့ အရင်က ရုန်းရင်းဆန်ခတ်ဖြစ်ရပ်တွေ အများကြီး ရှိခဲ့သည်။ နောက်ကျ ပြန်ဖြစ်မလားဆိုပြီး နည်းနည်းတော့ စိုးရိမ်ပူပန်မိသည်။
ပဲပင်ပေါက်ဆိုရင်တောင် အကြိမ်တိုင်း နည်းနည်းပဲ ရောင်းချပြီး အများကြီး မရောင်းရဲသေးဘူး။
တတိယမောင်လေးလင်းသည် သူ့အစ်မ၏ စကားကို နားထောင်သောကြောင့် ချိုမြိန်သော အသီးအပွင့်အချို့ကို ခံစားခဲ့ရသော်လည်း ကျိုးအစ်ကိုသုံးယောက်က ဒီကိစ္စမှာ ပို၍ ရှေးရိုးဆန်ကြသည်။
အဲဒီ့အတွက် ရည်ရွယ်ချက် လုံးဝ မရှိဘူး။
အနည်းဆုံးတော့ အခုထိ အရေးယူတာ မတွေ့ရသေးပေ။ အကြီးဆုံးမရီးသည် ကြက်နှစ်ကောင်ကို ရောင်းဖို့ ဆေးရုံကို သွားခဲ့ပေမယ့် သူမရဲ့ တုန်လှုပ်ချောက်ချားနေတဲ့ ကိုယ်နေဟန်ထားနဲ့ စိုးရိမ်စိတ်တွေကြောင့် သူမဟာ ကံမကောင်းစွာပဲ ထိုကြက်နှစ်ကောင်ကို မရောင်းချနိုင်ခဲ့ပေ။
သူမ ကြက်နှစ်ကောင်ကိုသယ်ပြီး ပြန်လာတာကို မြင်တော့ ကျန်တဲ့ နှစ်ယောက်က မမေးဘဲ သိသွားသည်။
ဒီတော့၊ သူတို့ အဲဒါကို မစဥ်းစားတော့ဘူး။
နောက်တစ်နေ့တွင် တတိယမောင်လေးလင်းသည် ခြင်းနှစ်ခြင်းဖြင့် ရောက်လာသည်။ တတိယမောင်လေးလင်းသည် စက်ဘီးလက်ကိုင်တန်းတွင် ကြက်နှစ်ကောင်ကိုလည်း ချည်ထားကာ ဥများကို ကောက်ယူရန် အမေကျိုးထံသို့ ရောက်ရှိလာခဲ့သည်။
တတိယမောင်လေးလင်းသည် မနက်စောစော ထွက်ခွာသွားခဲ့ပြီး နေ့လည် နှစ်နာရီခန့်တွင် ပြန်ရောက်လာသည်။
အမေကျိုးကို ပိုက်ဆံပေးပြီးနောက် အမေကျိုးက သူ့ကို သကြားရေ အရင်သောက်ခိုင်းသည်။
တတိယမောင်လေးလင်းသည် အားမနာတော့ဘဲ သောက်လိုက်သည်။ သကြားရေ သောက်ပြီးနောက် "အန်တီ၊ ကျွန်တော် အရင်ပြန်နှင့်တော့မယ်။" ဟု ပြောလိုက်သည်။
"ဂရုစိုက်ပြီး ပြန်။" ဟု အမေကျိုးက ပြုံးပြီး ခေါင်းညိတ်သည်။
တတိယမောင်လေးလင်းသည် စက်ဘီးစီးပြီး ပြန်သွားသည်။
အဖေကျိုးက ဘဲတွေ ထိန်းကျောင်းရာမှ ပြန်လာတဲ့အခါ အမေကျိုးက "လောင်တရဲ့ဦးလေးက အရမ်းတော်တာပဲ။" ဟု ပြောလိုက်သည်။
သူက ယဥ်ကျေးရုံမျှမက သူမထံမှ တစ်ပဲနိမျှကိုပင် မယူခဲ့ဘူး။
"အရင်က သူ့ကို စက်ဘီးပေးခဲ့မယ်ဆိုတာကို သိတော့၊ မင်းမပျော်ဘူးဆိုတာ ငါ မှတ်မိပါတယ်။" ဟု အဖေကျိုးက ပြောလိုက်သည်။
ထိုသို့ ပြောတာကို ကြားတော့ အမေကျိုးက မျက်နှာပျက်သွားသလို ခံစားရကာ "ကျွန်မ ဘာမှ မပြောပါဘူး။" ဟု ပြန်ပြောခဲ့သည်။
ထိုအကြောင်းကို သူမ ကြားသောအခါက သူမတို့အိမ်မှာ စက်ဘီးတစ်စီးရှိနေပြီဖြစ်သည့်တိုင် သူမသည် ပေးလိုက်ဖို့ကို အမှန်တကယ် ဝန်လေးနေမိသည်။ နောက်ဆုံးတော့ သူမမှာ နောက်ထပ် သားသုံးယောက် ကျန်သေးသည်။
စက်ဘီးသည် အဓိကပစ္စည်းတစ်ခု ဖြစ်သည်။ တစ်ခုထက် ပိုရှိတာ ဘယ်လိုလုပ်ပြီး မကောင်းရှိနိုင်ပါ့မလဲ။
ဒါပေမယ့် နောက်ပိုင်းမှာ သူမသည် အကြီးဆုံးသားဖြစ်သူ၏ ဇနီးသည်ထံမှ ဒီအကြောင်းကို ကြားသိခဲ့ရသည်။ တတိယမောင်လေးလင်းက ထိုစက်ဘီးအတွက် ယွမ် ငါးဆယ် ပေးချေဝယ်ခဲ့တာ ဖြစ်ပြီး အလကား မဟုတ်ပါဘူး။
သူမသည် ဒီအကြောင်းအား စတုတ္ထရဲ့ ဇနီးသည်အား ဆူဆူပူပူ မပြောမိတာကို ဝမ်းသာမိပါသည်။ မဟုတ်ရင် သူမမျက်နှာကို ဖြတ်ရိုက်မိသလို ဖြစ်သွားလိမ့်မည်။
အခုတော့ လောင်တရဲ့ ဦးလေးဆီ စက်ဘီးလွှဲပေးခဲ့တာ မဆိုးဘူးလို့ ထင်သည်။
အဖေကျိုးက ဆက်မပြောတော့ပဲ စကားခေါင်းစဥ် ပြောင်းလိုက်သည်။ "ဒီနေ့ ဘယ်လောက်ဖိုး ရောင်းလိုက်တာလဲ။"
ကြက်ဥတစ်ကျင်းကို ပြားသုံးဆယ် သို့မဟုတ် ပြားသုံးဆယ်ကျော် ရသည်။ ဘဲဥတွေက နည်းနည်း စျေးပိုကြီးသည်။ ဒီနေ့၊ သူတို့ တစ်ယွမ်နဲ့ ပြားငါးဆယ်နီးပါး ရရှိခဲ့သည်။ အမေကျိုးက အရမ်းစိတ်ကျေနပ်နေသည်။
ဇနီးမောင်နှံနှစ်ဦးက သူတို့ကို ထောက်ပံ့ပေးဖို့ သားတစ်ယောက်ရှိတယ် ဆိုပေမယ့် သူတို့က ရနိုင်သမျှ စုဆောင်းထားသည်။ ဆိုရိုးစကားအတိုင်း မင်းလက်ထဲမှာ ပိုက်ဆံရှိရင် မင်း ဘယ်သူ့မျက်နှာကိုမှ ကြည့်နေစရာ မလိုပါဘူး။
အမေကျိုးက ဒီနှစ်မှာ နည်းနည်း စုဆောင်းမိခဲ့သည်။
အငယ်ဆုံးသားလေးရဲ့ ဆိုင်က ပိုက်ဆံမရှာနိုင်ဘူးဆိုရင်၊ သူမ စုဆောင်းတဲ့ပိုက်ဆံတွေကို ပို့ပေးမယ်လို့ စဥ်းစားထားသည်။ တကယ်တော့ မြို့တော်မှာ ကုန်ကျစရိတ်က အရမ်းများပြီး မြေးတွေအတွက် ကျောင်းသုံးပစ္စည်းတွေကလည်း အရမ်းကုန်ကျသည်။
စတုတ္ထရဲ့ ဇနီးသည်၏ လစာငွေက မနည်းဘူးဆိုရင်တောင် သူတို့သုံးစွဲဖို့ မလောက်ငှမှာကို စိုးရိမ်သည်။ သူမနှင့် သူမ၏ ခင်ပွန်းသည်က သန်တုန်းမြန်တုန်း ရှိပါသေးသည်။ သူတို့ရဲ့ မြေးသုံးယောက်ကို အဆာမခံနိုင်ဘူး၊ မဟုတ်လား။"
ဒါကြောင့် အမေကျိုးသည် ဟမ်းစတားတစ်ကောင်လို အလုပ်ကြိုးစားပြီး ပိုက်ဆံစုနေခဲ့သည်။