အပိုင်း ၂၆
Viewers 12k

ဧကရာဇ်က လင်းရှောင်အားမျက်ခုံးအသာပင့်လျက်ကြည့်လာခဲ့သည်။
လင်းရှောင်ကမူ မိမိ၏မသင့်လျော်သောအပြုအမူဘယ်လောက်များများအား အရှင်မြင်သွားခဲ့ပြီလဲဟုတွေးမိကာချွေးများပင်ပြန်လာခဲ့သည်။
နန်းတွင်း၌ စောင့်ထိန်းအပ်သော ကိုယ်နှုတ်အမူအယာပေါင်းရာနှင့်ချီ၍ရှိသည်။ အခုလေးတွင် လင်းရှောင် အရှင့်ရှေ့ပြုမူလိုက်မိပုံမှာအလွန်မသင့်လျော်လှပေ။
အရှင်က အရေးမယူလျှင်တော့ သူလည်းမသိချင်ယောင်ဆောင်လိုက်လို့ရသည်။ သို့သော်အရေးယူလျှင်တော့ သူခေါင်းပြုတ်ရချေတော့မည်။
ဧကရာဇ်မှာမိမိကို ဤမျှအသေးအမွှားကိစ္စလေးကြောင့် ခေါင်းဖြတ်မှာမဟုတ်လောက်မှန်းသိနေသော်လည်း လင်းရှောင်စိတ်လှုပ်ရှားမိဆဲ။
ကံကောင်းစွာဖြင့် ဧကရာဇ်မှာ မသိချင်ယောင်ဆောင်ဖို့သာရွေးချယ်လိုက်ပုံဖြင့် ထရပ်ရန်သာပြောသည်။
လင်းရှောင်လည်းသက်ပြင်းချလျက် သေးငယ်သော ခြေလှမ်းလေးများဖြင့် အရှင့်ဘေးသို့ လျှောက်သွားလိုက်သည်။
"ဘာကဒီလောက်ပျော်စေတာလဲ..."
လင်းရှောင် ထိုကိစ္စဒီတိုင်းပြီးသွားပြီဟု ထင်နေချိန်၌ အရှင်က ထိုအကြောင်းကိုပဲ စကားစလာပြန်သည်။
လင်းရှောင်တောင့်သွားမိသည်။ သူ့တွင်ထိုအကြောင်းကိုပြောဖို့ သတ္တိရော အစွမ်းရောမရှိပါချေ။
သူ့မှာခေါင်းကိုသာအသာငုံ့ပြီး
"ပြောပြဖို့မထိုက်တန်တဲ့ အသေးအမွှားကိစ္စလေးသာဖြစ်ပါတယ် အရှင်..."
"ကိုယ်တော့်ကိုပြောပြ..."
အရှင်က ဒီတစ်ခေါက်တွင် အလွန်စိတ်၀င်စားနေပုံရသည်။
လင်းရှောင်ရင်ထဲမှသာ ချွေးအေးများကိုပွတ်သုတ်လိုက်မိသည်။ သူ့ခေါင်းလေးကိုအလျင်အမြန်အလုပ်ပေးလိုက်ကာ အကြောင်းပြချက်တစ်ခုကိုစဉ်းစားလိုက်ရသည်။ ထို့နောက်ခေါင်းကိုငုံ့လျက်
"ဒီငယ်သား ချူရှိုးနန်းဆောင်ကဖြတ်သွားစဉ်က မွေးရပ်မြေကိုသတိရစေတဲ့ သီချင်းတစ်ပုဒ်ကိုကြားမိတာကြောင်း ငယ်ဘ၀ကိုသတိရပြီး ပြုံးမိတာပါ အရှင်..."
"ချူရှိုးနန်းဆောင်" သူ့စကားမှ သေးငယ်သောသဲလွန်စလေးကို ဖမ်းမိလိုက်သော ဧကရာဇ်၏အမူအယာမှာ ချက်ချင်းအေးစက်သွားတော့သည်။
လင်းရှောင် မူမမှန်မှုကို ချက်ချင်းသတိထားမိလိုက်ကာ အလျင်အမြန်အခြေအနေကိုထိန်းချုပ်ရန်ကြိုးစားလိုက်သည်။
"အရှင့်ကို ဒီငယ်သားဆိုပြပါရစေ"
ထို့နောက် လင်းရှောင်သီချင်းတစ်ပုဒ်အားဆိုပြလိုက်သည်။ ကြည်လင်ပြီး ချိုမြသောအသံက တမျိုးတဖုံညှို့ငင်လျက် ဧကရာဇ်၏အာရုံကိုဆွဲဆောင်နိုင်လိုက်သည်။ အံ့အားသင့်သွားသော ဧကရာဇ်မှာ သူ့ရှေ့မှကုန်းကုန်းငယ်လေး၏ ခေါင်းကိုငုံ့ထားပုံ၊ သူ၏မျက်၀န်းမှ မှိန်ဖျော့သော အလင်းရောင်လေး လင်းလက်နေပုံ၊ သီဆိုနေရင်း မျက်ခုံးအသာတွန့်ကွေးသွားပုံတို့ကို ကြည့်နေမိသည်။
ဧကရာဇ်ကလွန်စွာသဘောကျမိလေသည်။
နောက်ကျောမှီလျက် သက်တောင့်သက်သာဖြင့်ပင် သီချင်းကိုနားထောင်နေခဲ့သည်။
သီချင်းဆုံးသွားပြီးနောက် ထိုကိစ္စကိုစကားစမလာတော့ပေ။
လင်းရှောင်လည်း ကျေနပ်စွာပြုံးလိုက်မိသည်။ အခုမှသူလည်းစိတ်သက်သာရမိတော့သည်။ သူ့ရှေ့မှ အရှင် အနည်းငယ်နွမ်းနယ်နေဟန်ကိုသတိပြုမိပြီး လင်းရှောင်လည်းအနားကို တိုးသွားလိုက်ကာ ပုခုံးကိုနှိပ်နယ်ပေးရန်ပြင်လိုက်သည်။
သူ့ရဲ့သေးငယ်တဲ့ အပြုအမူလေးကြောင့် ဧကရာဇ်၏အကြည့်မှာလည်း နူးညံ့သွားတော့သည်။
ဧကရာဇ်သည် သူ့ပုခုံးပေါ်မှ လင်းရှောင် ၏လက်ကိုခပ်ဖွဖွဆွဲရင်း သူ့ရှေ့ကိုဆွဲခေါ်လိုက်သည်။
ဧကရာဇ်ကပြောသည်။
"သီချင်းကမဆိုးဘူးပဲ၊ နောက်လည်း ကိုယ်တော့်ကိုမကြာမကြာဆိုပြလို့ရတယ်..."
လင်းရှောင် ခေါင်းငုံ့လျက် တုံ့ပြန်လိုက်သည်။
"ငယ်သား ၀မ်းသာမိပါတယ်"
"မင်းလက်တွေပြန်မကောင်းသေးဘူး ဒါကြောင့် ကိုယ်တော်ကိုနှိပ်ပေးဖို့မလိုဘူး..."
ဧကရာဇ်က လင်းရှောင်၏ ပတ်တီးများနှင့်လက်ဖဝါးကိုပွတ်သပ်ရင်းဆိုလာသည်။
လင်းရှောင်လည်းရင်ထဲမှနွေးထွေးသွားကာ ဂရုတစိုက်ပြန်ဖြေလိုက်သည်။
"ဒီငယ်သားရဲ့လက်က သက်သာနေပါပြီအရှင်...အရှင်စိတ်ပူပေးလို့ ၀မ်းမြောက်မိပါတယ်..."
ဧကရာဇ် လင်းရှောင်စကားကြောင့် လက်ဖဝါးကိုအသာပွတ်သပ်လိုက်ပြီး ပတ်တီးအား အသာဖြည်ကြည့်လိုက်သည်။
လင်းရှောင်လည်း ရုတ်တရက်မို့ ကြောင်သွားပြီး လက်ကိုပြန်ရုတ်ရန်ပြင်လိုက်သည်။
"အရှင်"
"မလှုပ်နဲ့" ဧကရာဇ်က သူ့အားတစ်ချက်သာကြည့်ပြီးဆိုလာသည်။
လင်းရှောင်လည်းမလှုပ်ရဲတော့ပဲ အရှင်ကသူ့ပတ်တံးအားဖြည်နေသည်ကိုပင် ကြောက်ကြောက်လန့်လန့်ဖြင့်ကြည့်နေမိသည်။ သူ့လက်မှာ သွေးအနည်းငယ်ထွက်နေသည်။ အခုလေးတွင် အားစိုက်ကာပုခုံးကို နှိပ်ပေးမိတာကြောင့်ဖြစ်နိုင်သည်။ ပတ်တီးအားဆွဲဖြည်လိုက်ချိန်တွင် သူ့လက်မှအတော်လေးနာကျင်ရသည်ပင်။
ဧကရာဇ်၏လှုပ်ရှားမှုမှာအလွန်ပဲညင်သာနေခဲ့သည်။ ပတ်တီးအားဖြည်ပြီးနောက် လင်းရှောင်လက်အား လှန်၍ကြည့်လိုက်သည်။ထို့နောက် သူ့ကိုယ်မှ ပန်းပုံထွင်းထားသော ငွေဘူးလေးအားထုတ်ယူလိုက်သည်။ အတွင်း၌မူ အစိမ်းရောင်ဖျော့ဖျော့လေး သန်းနေသော ဆေးအဆီတို့ကိုတွေ့ရသည်။
ဧကရာဇ်က ဆေးအနည်းငယ်ကိုယူ၍ လင်းရှောင်လက်အား အသာအယာပွတ်၍လိမ်းပေးလာသည်။
လင်းရှောင်လည်းဤအချင်းအရာကြောင့် ပြောမပြတတ်အောင်ခံစားမိရကာ နောက်သို့အလိုလိုဆုတ်ဖယ်မိသည်။
"အရှင် ဒီနိမ့်ကျတဲ့ငယ်သားက သူ့ဘာသူဒဏ်ရာကိုဂရုစိုက်နိုင်ပါတယ်၊ အရှင်က မြင့်မြတ်တဲ့သူပါ...
ကျွန်တော်မျိုးကို အခုလိုလုပ်ပေးဖို့ မသင့်လျော်ပါဘူး အရှင်"
ထိုစကားကြောင့် ဧကရာဇ်၏မျက်နှာတွင် မကျေနပ်သော အမူအယာတချို့ ထင်ဟပ်လာခဲ့ပြီး လင်းရှောင်အား သူ့နားရောက်သည်အထိပြန်ဆွဲယူလိုက်သည်။
"လင်းရှောင် မင်းသေချာနားမလည်သေးဘူးထင်တယ်၊ ကိုယ်တော်ကမင်းရဲ့တောင်းဆိုမှုကို လိုက်လျောလိုက်တယ်ဆိုပေမယ့် ကိုယ်တော်ပြောထားတာကိုလည် ပြန်မရုတ်သိမ်းနိုင်ဘူး ၊ ကိုယ်တော့်အတွက်တော့ မင်းက ကိုယ်တော်ရဲ့တော်၀င်ကြင်ယာတော် ၊ ကြင်ယာတော်မင်းသားပဲ..."
လင်းရှောင်လည်း ခေါင်းထဲဗလာဖြစ်သွားကာ နှလုံးမှာလည်း တဒုန်းဒုန်းခုန်နေမိသည်။
သူ့၏လက်ပေါ်တွင် လိမ်းကျံနေသော ဆေးအဆီရဲ့အေးမြမှုက သူ့လက်ဖဝါးပေါ်က အပူလောင်သလို ခံစားချက်ကိုဖယ်ရှားပေးနေခဲ့သည်။
သို့သော် ဧကရာဇ်၏အထိအတွေ့တိုင်းက သူ့အားပြောမပြတတ်သော နောက်ထပ်အပူတစ်မျိုးကိုယူဆောင်လာပြီး သူ့တစ်ကိုယ်လုံးမနေတတ်အောင် ဖြစ်စေသည်။
ဆေးလိမ်းပြီးသည်နှင့် ဧကရာဇ်မှာ ပတ်တီးကို ကိုယ်တိုင်စည်းပေးပြန်သည်။ထို့နောက် ဆေးအဆီဘူးလေးကို လင်းရှောင်လက်ထဲတွင်ထည့်ပေးလျက်
"ဒါကရှောင်တိုင်းပြည်ကလာတဲ့ဆေးအဆီ၊ အပူလောင်တဲ့ဒဏ်ရာ၊ ဓါးဒဏ်ရာတွေအတွက်အထူးကောင်းမွန်တယ်။ ဒဏ်ရာကြောင့်ဖြစ်တဲ့ အသားခြောက်သွေ့တာကိုလည်း သက်သာစေတယ်။ ဒါကိုသုံးရင် အမာရွတ်ကျန်ခဲ့မှာကိုလည်း စိတ်ပူစရာမလိုဘူး"
လင်းရှောင်လည်းမိမိလက်ထဲမှ သေးငယ်သော ဆေးဘူးလေးကိုတင်းတင်းဆုပ်ရင်း ခေါင်းအမြန်ငုံ့လျက် ကျေးဇူးတင်လိုက်သည်။
"အရှင့်ရဲ့ ချီးမြောက်မှုအတွက် ကျေးဇူးတင်မိပါတယ်"
ဧကရာဇ်က အမ် ဟုအသံတိုးတိုးပြုပြီး သူ့အားထစေသည်။
လင်းရှောင် စိတ်သက်သာရာရလျက် ထရပ်လိုက်သည်။ သူ့၏၀တ်ရုံလက်မှာ အနည်းငယ်လှုပ်ခါသွားလျက် လေအဝှေ့တွင် သူ့တွင်ရှိမနေသင့်သော မွှေးအီသည့်ရနံ့တမျိုးက ပျံ့လွင့်လာခဲ့သည်။
ဧကရာဇ်မျက်မှောင်ကျုံ့လျက် လင်းရှောင်၏ လက်ကောက်၀တ်အားဖမ်းဆွဲလိုက်သည်။ထို့နောက် အားအနည်းငယ်ဖြင့် လင်းရှောင်အား သူ့ထံသို့ဆွဲယူလိုက်ကာ သူ့ကိုယ်အားအနံ့ခံကြည့်လာသည်။
လင်းရှောင်လည်း အလန့်တကြားအော်မိသွားသည်။
ထို့နောက်ကြောက်ရွံ့မှုကြောင့် မလှုပ်ရဲခဲ့ချေ။
လောလောဆည် လင်းရှောင်မှာ အရှင့်၏ပေါင်ပေါ်တွင် ထိုင်လျက်အနေအထားပင်။ သူ့ခါးမှာလည်းတင်းတင်းကြပ်ကြပ်ပွေ့ယူခြင်းခံထားရသည်။
ဤအနေအထားကြောင့် လူနှစ်ဦးမှာ အလွန်တရင်းတနှီးပူးကပ်နေသကဲ့သို့။
လင်းရှောင် ကြောက်တာကြောင့်လား တခြားတစ်ခုခုကြောင့်လားတော့မသိပေမယ့် သူ့ရင်မှာ တဒုန်းဒုန်းဖြင့် အခုန်မြန်နေခဲ့သည်။ လင်းရှောင်မှာ သူ့၏လည်ပင်းတွင် အရှင့်၏ပူနွေးသော ထွက်သက်ကိုခံစားမိလျှင် မနေတတ်ပဲ တုန်ယင်စွာခေါ်လိုက်မိသည်။
"အ..အရှင်.."
ဧကရာဇ်မှာအတည်ပြုပြီးသည်နှင့် သူ့နောက်ကျောမှာဖြောင့်တန်းသွားခဲ့သည်။ သူ့မျက်နှာအမူအယာမှာလည်း လုံး၀မကောင်းတော့ပေ။ သူက လင်းရှောင်၏ မေးစေ့ကို ဆုပ်ကိုင်လျက်မေးလာသည်။
"ချူရှိုးနန်းဆောင်မှာ ဘယ်သူနဲ့တွေ့ခဲ့တာလဲ"
လင်းရှောင်တောင့်သွားမိသည်။ သူတို့အဲဒီအကြောင်းကို ကျော်ခဲ့ပြီးပြီမဟုတ်လား။ ဧကရာဇ်ကဘာလို့ထပ်ပြီးမေးနေသေးတာလဲ
လင်းရှောင်နှုတ်ခမ်းကိုသာသာလေးကိုက်မိသည်။ အရှင်ကသူ့မေးကိုဆုပ်ကိုင်ထားသည်ဖြစ်ရာ သူကအရှင်နှင့်မျက်နှာချင်းဆိုင်ရုံသာတတ်နိုင်သည်။
သူလိမ်ခဲ့လျှင် အရှင်ကျိန်းသေပေါက် တန်းပြီးသိနိုင်လိမ့်မည်။
လင်းရှောင်လည်းတုန်ယင်စွာဖြေလိုက်ရတော့သည်။
"မောင်းမမိုနဲ့ပါ အရှင်"
ဧကရာဇ်မှာ အလွန်အေးစက်သွားခဲ့ကာ
"သူနဲ့တွေ့ပြီး ဘာလုပ်ခဲ့လဲ..."
ဘာအဓိပ္ပါယ်ကြီးလဲ။ အရှင်ကသူနဲ့မိုရွှီကိုအထင်လွဲနေတာလား။
လင်းရှောင်လည်း အမြန်လျှောက်တင်လိုက်သည်။
"အရှင် ကျွန်တော်မျိုးက ကုန်းကုန်းတစ်ယောက်ပါ"
ထိုစကားကြောင့် ဧကရာဇ်၏တင်းမာမှုမှာ အတန်ငယ်ပြေလျော့သွားလျက် သူ့မေးစေ့အားလွှတ်ပေးလိုက်သည်။
သူ့လွတ်လပ်မှုကိုပြန်ရသည်နှင့် လင်းရှောင်လည်း ဧကရာဇ်ပေါ်မှ အမြန်ဆုံးထလိုက်ပြီး ကြမ်းပြင်ပေါ်ဒူးထောက်လိုက်တော့သည်။
" ဒီငယ်သားကိုခွင့်လွှတ်ပေးတော်မူပါအရှင်။
ဒီငယ်သားနဲ့ မောင်းမမိုရွှီဟာ နေရပ်တစ်ခုထဲမှာကြီးပြင်းခဲ့တာကြောင့် သူမရဲ့သီချင်းသံက ဒီငယ်သားရဲ့ အိမ်ကိုအောက်မေ့သတိရစေမိတာကြောင့် ချူရှိုးနန်းဆောင်ကို၀င်ပြီး သူမနဲ့ခဏတွေ့ခဲ့ခြင်းပါ အရှင့်ရဲ့ ငယ်သားနဲ့ သူမတခြားဘာပါတ်သတ်မှုမှမရှိပါဘူးအရှင်..."
ဧကရာဇ်က နှုတ်ခမ်းကိုတင်းတင်းစေ့ရင်း သူ့အား အသေအချာစိုက်ကြည့်လာသည်။ သူ၏အကြည့်များမှာအလွန်စူးရှလျက်
လင်းရှောင်လိမ်ညာနေသည်ဟုတ်မဟုတ် ဖောက်ထွင်းကြည့်နေပုံပင်။အချိန်အတော်ကြာပြီးမှ
ဧကရာဇ်လည်းသူ့အကြည့်ကိုပြန်ရုတ်လိုက်တော့သည်။
"အဲဒီမိုရွှီကကောင်းတဲ့သူမဟုတ်ဘူး အဲဒါကြောင့်နောက်နောင် သူမနဲ့သိပ်နီးနီးကပ်ကပ်မနေပါနဲ့...".
လင်းရှောင် လွန်စွာဖြူဖျော့နေလျက် တွေးတောနေမိသည်။
အရှင်က မိုရွှီဘယ်လိုလူမျိုးဆိုတာ သိနေတာလား...
ဒါဆို ဘာလို့သူမကို အနားမှာထားထားသေးလဲ...
ယခုလောလောဆယ် ဤအကြောင်းကိုမေးရန်အချိန်ကောင်းမဟုတ်သည်ကို သူ သိပါသော်လည်း သူ့ရင်ထဲမှဘယ်လိုမှသည်းမခံနိုင်တော့တာကြောင့် အရဲစွန့်လျက်မေးလိုက်တော့သည်။
"အရှင် ဒီငယ်သားမှာ မရှင်းလင်းတာတစ်ခုရှိနေပါတယ်... အရှင်က မောင်းမမိုကို သဘောမကျရက်နဲ့တောင် ဘာလို့.. ဘာလို့အနားမှာထားထားသေးတာပါလဲ..."
သူ့ရှေ့တွင်ဒူးထောက်နေသောကုန်းကုန်းငယ်လေးမှာ ကြောက်ရွံ့မှုကြောင့်တုန်ရီနေသည်ကိုကြည့်လိုက်သည်။ ဤကုန်းကုန်းလေးမှာ ဤမေးခွန်းက ဘယ်လောက်တောင်ရဲတင်းလိုက်သလဲဆိုတာကောင်းကောင်းသိပါရက်နဲ့ အရဲစွန့်ပြီးလဲမေးသေးသည်။
ဒူးထောက်နေသောကုန်းကုန်းငယ်လေးမှာ အလွန်အားနည်းပုံပေါ်ပြီး ကြည့်မိသူ၏ သနားစိတ်ကို ယိုဖိတ်စေသည်။
ဧကရာဇ်မှာ မူလကတော့ ဤကုန်းကုန်းငယ်လေးကိုပြောချင်တိုင်းမပြောရဲအောင် အပြစ်အနည်းငယ်ပေးချင်ခဲ့သော်လည်း ဤသည်ကိုမြင်တော့ မလုပ်ရက်တော့ပြန်ချေ။ သူကသက်ပြင်းချ၍တစ်ခွန်းသာဆိုလိုက်သည်။
" ကိုယ်တော့်မှာ အကြောင်းပြချက်သပ်သပ်ရှိတယ်၊ မင်းမမေးသင့်ဘူး..."
လင်းရှောင် ခေါင်းကိုသာတွင်တွင်ငုံ့လျက် ငြိမ်နမိတော့သည်။ နောက်ထပ်လည်း နှုတ်လှန်၍မပြောရဲတော့ချေ။
ဧကရာဇ်ထရပ်လိုက်ချိန်တွင် လင်းရှောင်လည်း ခေါင်းငုံ့လျက် အလိုက်တသိပို့ဆောင်ပေးရန်ပြင်လိုက်သည်။
ဧကရာဇ်ကဆိုလာသည်။
"ကိုယ်တော် စာကြည့်ဆောင်ကိုပြန်သွားမယ်၊ မင်းလိုက်ခဲ့လို့ရတယ်..."
"ငယ်သားသိပါပြီ..." လင်းရှောင်ပြန်ဖြေလိုက်သည်၊
ဧကရာဇ်ကသူ့အားတစ်ချက်ခန့်ကြည့်လိုက်ပြီး သတိပေးလိုက်သည်။
"မလာခင်တော့ အ၀တ်ကိုလဲလိုက်၊ ကိုယ်တော်မင်းအ၀တ်ပေါ်က အမွှေးနံ့ကိုမကြိုက်ဘူး..."
လင်းရှောင် တောင့်ခဲမိသွားချိန် ဧကရာဇ်က ထွက်သွားနှင့်လေပြီ။