အပိုင်း ၂၇
Viewers 12k

ဧကရာဇ်သူ့ကိုသံသယ၀င်တာက ဒီအမွှေးနံ့ကြောင့်များလား...
လင်းရှောင် သူ့ကိုယ်သူအမြန်အနံ့ခံကြည့်တော့လည်း အမှန်တကယ်ကိုထိုအမွှေးနံ့ရနေသည်ပင်။
လင်းရှောင်မျက်နှာမဲမှောင်သွားလျက် မိုရွှီကရေဘဝဲတစ်ကောင်လိုသူ့နောက်ကျောအားတွယ်ကပ်နေခဲ့တာကို အမှတ်ရမိသွားသည်။ လင်းရှောင်လည်း ရွံ့ရှာမိသွားရကား အ၀တ်တွေကိုအမြန်ချွတ်ပစ်ကာ သူ့အတွက် ချိုးရေပြင်ခိုင်းရန်တစ်ယောက်ယောက်ကိုရှာလိုက်သည်။
သူကဤနန်းဆောင်ကိုပြောင်းရွေ့တာမကြာသေးတါကြောင့် အတွင်း၌သန့်ရှင်းရေးနှစ်ဦးအပြင် တခြားဘယ်သူမှမရှိချေ။
သို့သော်လင်းရှောင်အပြင်သို့ထွက်လိုက်သည်နှင် ရှောင်လိဇီဦးဆောင်သော အစေခံနှင် ကုန်းကုန်းတအုပ်ကြီးက သူ့အားတညီတညာကြိုဆိုနေကြသည်။
လင်းရှောင်မျက်ခုံးပင့်မိသည်။
အရှင်ဒီကိုရောက်နေတုန်းက ရှောင်လိဇီကဒီမှာရှိမနေ။ အရှင်မရှိတော့မှ ရုတ်တရက်ပေါ်လာသည်။ ထူးဆန်းမနေဘူးလား။
ရှောင်လိဇီကသူ့နံဘေးအား အလွန်ရိုကျိုးစွာလျှောက်လာလျက် ...
"အထိန်းတော် လင်း..."
လင်းရှောင်လည်း ခေါင်းတစ်ချက်သာငြိမ့်ချက် သူ့ရှေ့မှာ အတန်းလိုက်ရပ်နေသောအစေခံနှင့် ကုန်းကုန်းများကိုကြည့်ကာမေးလိုက်သည်။
"ဘာတွေဖြစ်နေတာလဲ"
ရှောင်လိဇီက ပြန်ဖြေလာသည်။
"အထိန်းတော်လင်း ဒါတွေကအရှင်က အထိန်းတော်ကြီးကိုချီးမြှင့်လိုက်တာတွေပါ။သူတို့တွေက နန်းဆောင်ကို စောင့်ရှောက်ပြီး သန့်ရှင်းပေးပါလိမ့်မယ်"
သူကလင်းရှောင်မကျေနပ်ဖြစ်မှာစိုး၍ထင်၏ အမြန်ဆက်ပြောလာသည်။
"သူတို့အကုန်လုံးက အရှင်ကိုယ်တိုင်ရွေးချယ်ထားတဲ့သူတွေပါ တစ်ယောက်ချင်းစီက အသုံး၀င်ပါတယ် အထိန်းတော်ကြီးစိတ်ချထားလို့ရပါတယ်..."
လင်းရှောင် ခေါင်းကိုက်သွားမိသည်။
အရှင်ကသူ့ကိုတကယ်ပဲ ကြင်ယာတော်မင်းသားလို ဆက်ဆံနေတာပဲ။
"အထိန်းတော်ကြီး အရှင်ကအထိန်းတော်ကြီးအပေါ်အရမ်းကောင်းပေးချင်တာပါ..."
လင်းရှောင်ရဲ့အမူအယာမဲ့နေတဲ့မျက်နှာကြောင့် ရှောင်လိဇီလည်းအနားကိုတိုးကပ်လာပြီးဆိုသည်။
လင်းရှောင်လည်း ရှောင်လိဇီအား အမြန်ကျောခိုင်းလျက် အတွင်းသို့ပြန်၀င်သွားကာ ဆိုလိုက်သည်။
"ရေနွေးပြင်ပေးဦး ငါရေချိုးချင်တယ်".
"သိပါပြီ..." ရှောင်လိဇီပြန်ဖြေလိုက်သည်။
ကျက်သီးနွေးရေထဲတွင် သက်တောင့်သက်သာစိမ်နေရင်း လင်းရှောင် သက်ပြင်းချလိုက်မိသည်။
ဧကရာဇ်ကိုယ်တိုင်ရွေးချယ်၍ပို့ပေးလိုက်သော အစေခံများနှင့် ကုန်းကုန်းများကို သူ့မှာငြင်းဆန်ပိုင်ခွင့်မရှိချေ။ သို့သော်ဤအတိုင်းဆက်သွားလျှင် သူ့တွင်ဂုဏ်ပုဒ်မရှိသည်ကလွဲ၍ ကြင်ရာတော်မင်းသားလုံးလုံးအမှန်တကယ်ဖြစ်လာပေလျော့မည်။
ဧကရာဇ်မှာ သူ့ကိုအမှန်တကယ် စိတ်၀င်စားနေသည်လား။ သို့တည်းမဟုတ် သူ၏အလုပ်ကြိုးစားမှုကြောင့် ချီးမြှောက်ခြင်းသက်သက်ပေလား။
နှစ်မျိုးလုံးရောဖြစ်နိုင်လား။
လင်းရှောင်ခေါင်းကိုခါလိုက်မိသည်။
သူတွေးလေတွေးလေ ကြောက်လာမိလေမို့ သူ့ခေါင်းသူပုတ်၍ မတွေးတော့ရန်အမိန့်ပေးလိုက်သည်။
ရေချိုးပြီးသည်နှင့် သူအ၀တ်အစားအမြန်၀တ်၍ ဧကရာဇ်ပြောခဲ့သလို တော်၀င်စာကြည့်ဆောင်သို့သွားလိုက်သည်။
စာကြည့်ဆောင်၌ အစောင့်ကုန်းကုန်းနှစ်ဦးသာရှိပြီး ရှောင်လိဇီကလည်းသူနှင့်အတူ ပါမလာခဲ့တာမို့ လင်းရှောင်ကိုယ်တိုင်သာ တံခါးခေါက်လိုက်ရသည်။
အရှင်က၀င်ခွင့်ပြုလိုက်သည်နှင့် အတွင်း၌အရှင်နှင့်အတူ အမတ်ချုပ်ကြီးကိုလည်းတွေ့လိုက်ရသည်။
လင်းရှောင် အနည်းငယ်အံ့အားသင့်သွားမိသည်။
အမတ်ကြီးကလောလောဆယ် အရှင့်ကိုတွေ့လို့မရဘူးမလား။ သို့သော် လင်းရှောင်က အတွေးများကို မျက်နှာတွင်မပေါ်စေရပဲ အမတ်ကြီးအား အသာအရိုအသေပေးပြီးနောက် အရှင့်ဘေးသို့သွားကာ ရပ်နေလိုက်သည်၊
အထိန်းတော်အ၀တ်အစားတွေထပ်မချုပ်ရသေးတာကြောင့် လင်းရှောင်က ကျောက်စိမ်းရောင်ဖျော့ဖျော့ပိုးထည်ကိုသာ၀တ်ဆင်ထားပြီး သူ၏ဆံပင်များမှာလည်း တစ်၀က်ထုံး တစ်၀က်ချထားလျက် ပုခုံးပေါ်ဖြာကျနေသည်။ သူကအမြန်လျှောက်လာခဲ့ရသည် လည်းဖြစ်ရာ သူ၏ပါးပြင်လေးများမှာလည်း နီမြန်းလျက် ချောမောသောလူရွယ်လေးတစ်ယောက်ကဲ့သို့ လန်းဆန်းနေခဲ့သည်။
အမတ်ချုပ်ကြီးမှာ သူ၏၀တ်စားဆင်ယင်ပုံကိုတွေ့လျှင် သူ၏မျက်နှာမှာလွန်စွာရုပ်ဆိုးသွားခဲ့သည်။
"အရှင် ဒါက.."
ဧကရာဇ်မှာ အမတ်ကြီး၏ အကြည့်နောက်ကိုလိုက်ပြီး လင်းရှောင်၏ ၀တ်စားဆင်ယင်ပုံကို သေချာလေးအကဲခတ်လိုက်သည်။ ထို့နောက်ကျေနပ်စွာ မျက်လုံးများကိုမှေးကျဉ်းလိုက်ပြီးနောက် အမတ်ကြီးအားကြည့်လိုက်ကာ
"အမတ်ကြီးမှာ မကျေနပ်တာရှိလို့လား..."
"ဒီငယ်သား မဝံ့ရဲပါဘူး...."
အမတ်ကြီးက ထိုခဏတွင် အမှန်တကယ်တံတွေးပင် သီးမတတ်။ လင်းရှောင်အားဧကရာဇ်မှာအလွန်သဘောကျတော်မူပြီး အမျိုးသားကိုယ်လုပ်တော်တစ်ယောက်အဖြစ် တော်ကောက်ချင်မှန်းသိပြီးတာတောင်မှ
ဤကဲ့သို့ တင်းကြပ်သောနန်းတွင်းနှင့် စာကြည့်ဆောင်မှာပင် ဤကလေးအား ဤမျှအလိုလိုက်မည်မထင်ထားမိချေ။
ဧကရာဇ်မှာ ကြောက်ချွေးပြန်နေသော အမတ်ကြီးထံမှအကြည့်ကိုဖယ်လိုက်ပြီး နောက်ကျောကို အသာမှီလိုက်သည်။
"ကိုယ်တော်ပြောထားတဲ့ကိစ္စဖြေရှင်းပြီးပြီလား..."
အမတ်ကြီးကခါးကိုကိုင်းလျက်ပင်ဖြေလာသည်။
"အရှင့်ကိုလျှောက်တင်ပါတယ်။ ပြင်ဆင်စရာရှိတာအကုန်ပြင်ပြီးသွားပါပြီအရှင်၊ မင်းသားရှောင်က နောက်ငါးရက်အတွင်းရောက်လာမှာပါ..."
ငါးရက်အတွင်းဟုတ်လား...
လင်းရှောင် အံ့သြသွားမိသည်။ ဒီတစ်ခါအရင်ကထက်စောတာပဲ။
ဒါပေမယ့် ငါးးရက်အတွင်းလုပ်မှာဆိုတော့ ပြင်ဆင်တာတွေဘာတွေမလုပ်ဘူးလား။ သူဘာလို့ ဘာမှမသိလိုက်ရတာလဲ။ ပွဲတော်ကမလုပ်ဖြစ်ဘူးလား။
ဧကရာဇ်က လက်ချောင်းများကိုအသာယှက်ရင်း ပြောလိုက်သည်။
"သိပ်ကောင်းတယ်..."
"အရှင် ရှောင်တိုင်းပြည်က အရေးကြီးတဲ့အစောင့်တွေရောက်လာတာနဲ့ စားသောက်ပွဲကိုလည်း တော်၀င်ဥယျာဉ်ထဲမှာ ကျင်းပမှာပါ အရှင်..."
"ဒီအတွက် အမတ်ကြီး ပူပန်ဖို့မလိုအပ်ဘူး... ကိုယ်တော်တာ၀န်ပေးထားတဲ့သူက ပွဲကိုစီစဉ်လိမ့်မယ်..."
လင်းရှောင်ပို၍ပင် အံ့အားသင့်သွားကာ ရှုပ်ထွေးသွားရသည်။ အရှင်ကသူ့ကိုလည်းတာ၀န်မပေးခဲ့တော့ ဘယ်သူကိုတာ၀န်ပေးထားတာလဲ။
အမတ်ကြီးလဲ ဧကရာဇ်စကားကိုကြားတော့ နားလည်ကြောင်းခေါင်းကို ငုံ့လိုက်သည်။
ဧကရာဇ်လည်း သူ့မျက်ခုံးတွေကိုဖြေလျော့ရင်း ဆိုလိုက်သည်။
"တခြားထွေထွေထူးထူးကိစ္စမရှိရင် အမတ်ကြီးသွားနိုင်ပြီ"
"နိမ့်ကျတဲ့ငယ်သားကိုခွင့်ပြုပါဦး အရှင်"
အမတ်ကြီးမှာ ဧကရာဇ်အား အရိုအသေပေးပြီးနောက်ထွက်သွားတော့သည်။
အမတ်ကြီးထွက်သွားသည်နှင့် လင်းရှောင်
လက်ကိုအသာဆန့်လျက် အရှင့်အားနှိပ်နယ်ပေးရန်ပြင်လိုက်သည်။
သို့သော်ဧကရာဇ်က သူ့လက်ကို အသာအယာဖမ်းဆုပ်လျက်
"မင်းလက်တွေမသက်သာမချင်း ကိုယ်တော့်ကို ခစားစရာမလိုဘူးလို့ ပြောခဲ့တယ်လေ..."
လင်းရှောင်ခေါင်းငုံ့ရင်း အပြုံးဖြင့်ဆိုလာသည်။
"အရှင်ပင်ပန်းနေတာကိုမြင်တော့ ငယ်သားလဲ မနေတတ်ပဲ တစ်ခုခုကူညီပေးချင်လို့ပါ..."
ဧကရာဇ်၏နှုတ်ခမ်းကအသာတွန့်သွားပြီး လင်းရှောင်၏လက်အားပွတ်သပ်လိုက်ကာ
"မင်းသက်သာလာမှပဲကူညီပါ..."
ဧကရာဇ်၏အကြည့်မှာအလွန်နူးညံ့နေပြီး စိတ်လည်းပျော်နေပုံပင်။ အရှင်စိတ်အခြေအနေကောင်းနေတာတွေ့တော့ လင်းရှောင်လည်း အခွင့်အရေးကို အမိအရယူလျက်..
"အရှင် နန်းတွင်းကကြိုဆိုစားသောက်ပွဲအကြောင်း ကျွန်တော်မျိုးမသိလိုက်ရပါလား အရှင်..."
ဧကရာဇ်. သူ့မေးခွန်းကြောင့် မျက်ခုံးအသာပင့်မိကာ သူ့လက်ကိုလည်းလွှတ်လိုက်သည်။
"မင်းမေ့နေတဲ့အချိန် ကိုယ်တော်ရှောင်လိဇိကိုတာ၀န်ပေးလိုက်တယ်...မင်းကကိုယ်တော့်အနားမှာနေရင်ရပြီ..."
"..." ကောင်းပြီ အရှင်ကသူ့ကိုတာ၀န်မပေးချင်လို့မဟုတ်ဘူး အဲဒီတုန်းကသူမေ့နေလို့ပေါ့။
ရှောင်လိဇီ ခုတလောအရိပ်တောင်မမြင်ရအောင် အလုပ်ရှုပ်နေတာမအံ့သြတော့ပါဘူး...
ဘာပဲဖြစ်ဖြစ် ဒီလိုဆိုတော့လည်းကောင်းသားပဲ။
သူမိုရွှီကိစ္စကိုစဉ်းစားဖို့အချိန်ပိုရတာပေါ့...
ငါးရက်ပဲကျန်တော့တယ်ဆိုရင်လည်း.
ငါးရက်နဲ့တင်လုံလောက်ပါတယ်...
ဧကရာဇ်က သူ၏စာလိပ်များကိုတဖန်အာရုံစိုက်လိုက်သည်။တဖြည်းဖြည်း ညလယ်ကိုရောက်သွားသည်အထိပင်။
လင်းရှောင် အရှင်နောက်တွင် ဘယ်ညာယိမ်းလျက် ပင်ပန်းမှုကြောင့် အိပ်ငိုက်နေမိသည်။
နေ့တိုင်းဆေးကိုမှီဝဲနေရတာကြောင့်လားတော့မသိ လင်းရှောင်၏ ကိုယ်မှာလေးလံနေသလိုခံစားရသည်။ညရောက်တာနဲ့မထိန်းနိုင်ပဲ အိပ်ချင်လာသည်။
အရင်ကတော့အရှင်က လင်းရှောင်ရဲ့ ကိုယ်ခန္ဓာအခြေအနေကိုကိုနားလည်တာကြောင့် သူ့ကိုဘာမှမလုပ်ခိုင်းတာမို့ လင်းရှောင်လည်းစောစောအိပ်ယာ၀င်နိုင်သည်။ ဒီနေ့တော့ အဲလိုမျိုးမရတော့ပေ။
အရှင်ကိုယ်တိုင်သူ့ကို လိုက်လာပြီး အနားမှာခစားဖို့ပြောထားတော့ လင်းရှောင် မပေါ့ဆရဲချေ။
သို့သော်သူ့မျက်ခွံများမှာလေးလံရာမှ တဖြည်းဖြည်းစေ့ပိတ်သွားကာ စာကြည့်ဆောင်၏တိုင်လုံးကြီးကိုမှီပြီးအိပ်ပျော်သွားမိတော့သည်။
ဧကရာဇ်လည်း အမှုကိစ္စများလျှောက်တင်ထားသော စာလိပ်တို့က ဖတ်ပြီးအတည်ပြုပြီး၍ လှည့်ကြည့်မိချိန်တွင် ကုန်းကုန်းလေးအား တိုင်တွင်မှီလျက်အိပ်ပျော်နေသည်ကိုတွေ့လိုက်ရတော့သည်။
ကုန်းကုန်းလေး၏ဆံပင်တို့ကအနည်းငယ် ဖရိုဖရဲအသွင်နှင့် ဆံခြည်မျှင်တချို့က မျက်နှာပေါ်ဖြာကျနေပုံမှာ တမျိုးတမြည် လှပသောမြင်ကွင်းကိုဖြစ်ပေါ်စေသည်။ ကျောက်စိမ်းရောင်ဖျော့ဖျော့ပိုးထည်ကလည်း သူ့အားပို၍ နူးညံ့ကာကျက်သရေရှိစေသည်။
ခြုံကြည့်ရလျှင် ကုန်းကုန်းငယ်လေးမှာ ချောမောလှပပြီး အလွန်ဆွဲဆောင်နိုင်လွန်းသည်။ သူကနည်းနည်းမျှ မိန်းကလေးမဆန်သော်လည်း ဧကရာဇ်ရင်ကို လှုပ်ခတ်နိုင်စွမ်းရှိဆဲပင်။ ဧကရာဇ်မှာ သူ့ရှေ့မှ ဤယောကျာ်းပျိုလေးတစ်ဦးကပင် မောင်းမဆောင်တစ်ဆောင်လုံးကကိုယ်လုပ်တော်များထက် သာလွန်လှပသည်ဟုခံစားမိလေသည်၊
ဤကုန်းကုန်းငယ်လေးမှာ သူ၏ဘေးတော်၀င်စာကြည့်ဆောင်၌ပင် သတိလက်လွတ်အိပ်ပျော်ရဲသည့်အတွက် အပြစ်ပေးသင့်ပါသော်လည်း ဒီလိုမြင်ရပြန်တော့ နှိုးပင်မနှိုးရက်တော့ပြန်ပါချေ။ ဤယောကျာ်းလေးမှာ သူ့အနားမှာသာကျွန်အဖြစ်နေခွင့်ရဖို့ ရဲရဲတင်းတင်းတောင်းဆိုထားသူမဟုတ်ပါလား။
ဧကရာဇ်မှာ ကူကယွရာမဲ့စွာခေါင်းကိုခါလိုက်ပြီး
ခါးမှနေ၍ပွေ့ချီလိုက်သည်။
လင်းရှောင် သူအိမ်နေတုန်း နိမ့်လိုက်မြင့်လိုက်နှင့် တစ်ခုခုကို၀င်တိုက်မိနေသလိုလည်းခံစားရသည်။ ထို့နောက် မိမိမှာနူးညံ့သောတစ်စုံတစ်ခုအပေါ် သက်တောင့်သက်သာလှဲလိုက်သလိုလည်း ခံစားရပြီး နောက်တစ်စက္ကန့်တွင်မူ သူ့အားအပေါ်မှလေးလံသော တစ်စုံတစ်ခုကဖိထားသလိုလည်းခံစားမိပြန်သည်။
သူလည်း အိပ်ချင်မူးတူးဖြင့် မျက်လုံးကိုအားယူဖွင့်မိလျှင် မြင်လိုက်ရသောမြင်ကွင်းကြောင့် ဝိညာဉ် လွင့်စင်မတတ်ဖြစ်သွားသည်။
ဧကရာဇ်၏ အတိုင်းထက်အလွန်ခန့်ညားချောမောသည့် မျက်နှာမှာ သူနှင်ဆံခြည်တစ်မျှင်ခန့်ပင်မကွာတော့ပေ။
လင်းရှောင်က အိပ်ယာပေါ်တွင်လှဲလျောင်းနေပြီး ဧကရာဇ်မှာ သူ့ကိုယ်တစ်ဖက်တစ်ချက်စီတွင် လက်မောင်းကိုထောက်လျက် သူ့အားအုပ်မိုးထားသည်။
လက်ရှိ အခြေအနေကို ခန့်မှန်းရလျှင်...
ဧကရာဇ်က သူ့ကို အောက်မှာဖိထားဖို့လုပ်နေတာများလား...