လင်းရှောင်ပထမဆုံးလုပ်မိသည်မှာ သူ့အ၀တ်တွေကိုစစ်ဆေးကြည့်မိခြင်းပင်။
လင်းရှောင် သက်ပြင်းလေးအသာခိုးချလိုက်ပြီးနောက် ဧကရာဇ်နှင့်သူမှာ တစ်ယောက်ကိုယ်တစ်ယောက် စိုက်ကြည့်နေမိရုံအပြင်မတတ်နိုင်ချေ။
လင်းရှောင် အခုသေချာကြည့်မိတော့မှ ဧကရာဇ်တွင်
မထင်မှတ်ထားစွာ မျက်ဆံနှစ်ထပ်ရှိသည်ကိုတွေ့လိုက်ရသည်။
မျက်ဆံနှစ်ခုကထပ်နေတာမို့ နက်မှောင်နေကာ ရုတ်တရက်ဆို သတိမထားမိလောက်။ ယခုလင်းရှောင်တစ်ယောက် အလွန်နီးကပ်နေတော့မှသာ သတိထားမိခြင်း
သို့သော် လောလောဆယ် သူဧကရာဇ်၏ မျက်ဆံနှစ်ထပ်ကို ဂရုစိုက်နိုင်မည်လော။
လင်းရှောင်လည်းမိမိကိုယ်ကိုအတွေးအစဉ်မှနိုးထလိုက်ပြီး တုန်တုန်ယင်ယင်ဖြင့်ပင် အသံပြုလိုက်သည်။
လင်းရှောင် ဟန်လုပ်ပြီးရယ်လိုက်ရသည်။ သူ့တစ်ကိုယ်လုံးကတောင်တင်းနေပြီး အခုလ်ုပနေအထားက သူ့အား ဧကရာဇ်၏တစ်နေရာကို အပြည့်အ၀ခံစားမိနေစေသည်။ လင်းရှောင်မှာ ဤကဲ့သို့ မျက်နှာချင်းဆိုင်အနေအထားကြီးတွင် ဘာလုပ်ရမှန်းမသိတော့ပေ။ အချိန်တချို့ကကုန်လွန်သွားသော်လင်းရှောင်မှာ မိမိကိုယ်အပူရှိန်မှာတက်လာပြီး နှလုံးခုန်နှုန်းလည်း အဆမတန်မြန်လာခဲ့သည်
ထို အပူမှာ သူ့ခေါင်းပေါ်ကိုပင်ရောက်လာပြီး လင်းရှောင်မှာ မိမိမျက်နှာနီမြန်းနေမည်ကို ခံစားမိရကား
ရှက်ရွံ့စွာ နှုတ်ခမ်းကိုကိုက်မိသည်။
ဧကရာဇ်ကသူ့အား မျက်တောင်မခတ်ပဲ စိုက်ကြည့်ရင်း တဖြည်းဖြည်းပိုနီးလာခဲ့သည်။ အနေအထားမှာ ပို၍ပင်နီးကပ်လာပြီး ဧကရာဇ်၏ထွက်သက်မှာ သူ၏နှုတ်ခမ်းပေါ် ပွတ်တိုက်မိစေကာ လေထုမှာပြောပြရန်မသင့်သောအခြေအနေတစ်ခုကို စတင်ရန်အစပျိုးနေသလိုပင်။
လင်းရှောင်၏ နားရွတ်လေးများမှာ လှုပ်ခတ်လာပြီး ဧကရာဇ်၏ နှလုံးခုန်သံကိုပင် ကြားရတော့မတက်
သို့သော် ဧကရာဇ်ကရပ်တန့်မှုမရှိပဲ နီးကပ်လာသည်ဖြစ်ရာ လင်းရှောင်မှာ အရှက်လွန်ပြီး နားတွေအူလာသည်အထိ။
သူကမျက်လုံးကိုပြူးလျက်ပင် ဧကရာဇ်၏နှုတ်ခမ်းတဖြည်းဖြည်းနီးကပ်လာသည်ကို ကြည့်နေမိသည်။
ထို့နောက်ရုတ်တရက်သတိ၀င်လာပြီး တွန်းထုတ်ဖို့ကြိုးစားလိုက်မိသည်။
ဧကရာဇ်မှာ ဤအပြုအမူကိုမမျှော်လင့်ထားသည်မို့ အသာအယာပင် တွန်းဖယ်ခံလိုက်ရသည်။ လင်းရှောင်လည်း မိမိအပြူအမူကိုပြန်သတိရသွားလျှင်
အလွန်ထိတ်လန့်သွားတော့သည်။ ဧကရာဇ်မှာ အလိုမကျမှုကြောင့် မျက်လုံးများမှေးကျဉ်းသွားသည်ကို တွေ့လိုက်ရဆော့သည်။
လင်းရှောင်လည်း အိပ်ယာမှထလျက် ကပြာကယာဒူးထောက်ကာ အမြန်လျှောက်တင်လိုက်သည်။
"အရှင် ဒီငယ်သား ဒီငယ်သား ဘာပြင်ဆင်မှုမှမလုပ်ရသေးပါဘူး..."
သူ၏ခေါင်းမှ ထိုအကြောင်းပြချက်သာ ထွက်လာခဲ့သည်။
ဧကရာဇ် ဘာကိုမှမဆိုပဲ ကုန်းကုန်းငယ်လေးအား တိတ်ဆိတ်စွာသာ စိုက်ကြည့်နေခဲ့သည်။
လင်းရှောင်ချွေးအေးများပြန်လာတော့မှ...
"ထတော့" ဟူသော အသံကိုကြားလိုက်ရသည်။
လင်းရှောင် အတုန်တုန်အယင်ယင်နှင့်ထရပ်လိုက်စဉ်
ဧကရာဇ်ကရုတ်တရက် သူ့မေးစေ့အားဖမ်းဆုပ်လာခဲ့သည်။ ရုတ်တရက်မို့ လင်းရှောင် ဘာကိုမှနားမလည်လိုက်သည် အခွင့်ကောင်းယူလျက် ဧကရာဇ်မှာ လင်းရှောင်အား တစ်ကြိမ်နမ်းလိုက်တော့သည်။
ထိုအနမ်းတစ်ပွင့်က လင်းရှောင်အား နေရာမှာပင် အေးခဲသွားစေသည်။
ဧကရာဇ်၏နှုတ်ခမ်းမှာတွန့်ကွေးသွားခဲ့သည်။
သူ့ရှေ့မှာ ဤကုန်းကုန်းလေး အူကြောင်ကြောင်ဖြစ်နေပုံက အလွန်ချစ်ဖို့ကောင်းလှသည်။ ကုန်းကုန်းငယ်လေးမှာ နေရာတွင်သာရပ်လျက် လှုပ်ပင်မလှုပ် အသက်ပင်မရှူနိုင်ပဲ ငြိမ်သက်နေသည်မှာ အတော်စိတ်၀င်စားစရာကောင်းသည့်မြင်ကွင်းဖြစ်သည်။
ဧကရာဇ်လည်း စိတ်ကျေနပ်သွားပြီမို့ မျက်နှာကိုတည်လျက် အတည်အတန့်ပင် ပြောလိုက်သည်။
"နောက်တစ်ခါကိုယ်တော်လာတဲ့အခါ အသင့်ဖြစ်နေတာပဲလိုချင်တယ်..."
ပြောပြီးသည်နှင့် ဧကရာဇ်က လက်ကိုနောက်ပစ်လျက် ထွက်သွားတော့သည်။
ယခုအချိန်တွင် လင်းရှောင်တစ်စုံကိုသေချာသွားခဲ့သည်။ ဧကရာဇ်မှာ သူ့ကို အမှန်တကယ် စိတ်၀င်စားနေခဲ့ခြင်းပင်။ ပိုသေချာအောင်ပြောရလျှင် အခုဆို သူ့ကိုအမှန်တကယ်သဘောကျနေပုံပင်။ လင်းရှောင် သူ့နှုတ်ခမ်းကို အသာကာလိုက်မိသည်။ သူ့စိတ်တွေမတည်ငြိမ်နိုင်တော့ပေ။
ဒါကြီးသူ့ရဲ့ အသက်နဲ့ အရှက်သိက္ခာကြားမှာ ရွေးချယ်ခိုင်းနေတာနဲ့မတူဘူးလား။
ကံကောင်းသည်က နောက်တစ်နေ့တွင် ဧကရာဇ်မှာ တိုင်းရေးပြည်ရေး အရေးကိစ္စများကိုကိုင်တွယ်ရင်း မအားလပ်တော့ပေ။ သူ့ကိုပြောခဲ့တဲ့ကိစ္စကိုလည်းမေ့သွားပြီထင်သည် လင်းရှောင်လည်း စိတ်သက်သာရာရစွာ သက်ပြင်းချမိလိုက်သည်၊
တတိယနေ့တွင် လင်းရှောင်သည် အနက်ရောင် ကချေသည်၀တ်စုံများကို လက်ခံလိုက်ရသည်။ ၄င်းမှာမိုရွှီမှ ကုန်းကုန်းများကိုလာဘ်ထိုးပြီး ပို့ပေးလိုက်ခြင်းဖြစ်သည်။ စားသောက်ပွဲမစတင်ခင် နှစ်ရက်လိုသေးသည်။ ဤအ၀တ်အစားများမှာ လင်းရှောင် ပြင်ဆင်ထားခြင်းဖြစ်သည်။ သို့မှသာ သူစင်ပေါ်တက်၍ သူမအစားဖျော်ဖြေပေးနိုင်မည်ဖြစ်သည်။
လင်းရှောင် တစ်ချက်ခန့်လှောင်ရယ်လိုက်ပြီး ၀တ်စုံကို သေတ္တာထဲထည့်ပိတ်ထားလိုက်သည်။
လေးရက်မြောက်နေ့တွင် သူ့၏ဒဏ်ရာမှာပျောက်ကင်းသွားပြီး ပတ်တီးကိုမလိုတော့ပေ။
လင်းရှောင်လည်း ဧကရာဇ်ပေးခဲ့သော ဆေးအဆီကို စိတ်ထဲမှချီးကျူးလိုက်မိသည်။
ငါးရက်မြောက်နေ့တွင်တော့ အိမ်နီးချင်းတိုင်းပြည်မှ သံတမန်များရောက်လာခဲ့ပြီဖြစ်ကာ နန်းတွင်း၏ အတွင်းရော အပြင်ရော စိတ်လှုပ်ရှားမှုများနှင့် ဆူညံနေခဲ့သည်။
တော်၀င်ဥယျာဉ်၏ဘေးပါတ်ပါတ်လည်တွင် ဘေးပါတ်ပါတ်လည်တွင် သေးငယ်သော မီးရောင်ငယ်လေးများဖြင့်အလှဆင်ထားသော ရောင်စုံဖန်မီးအိမ်တို့ကလည်း ရေကန်ကိုအလင်းပြန်စေပြီး အလွန်မျက်စိပသာဒဖြစ်လှသည်။ အဖြူဆေးသုတ်ထားသော နံရံမြင့်ကြီးများကိုလည်း ခမ်းနားသော လိုက်ကာကြီးများဖြင့်ဆင်ယင်ထားခဲ့သည်။
သံတမန်များမှာ အလွန်အံ့အားသင့်နေစဉ်မှာပင် ဧကရာဇ်က ခြေသည်းကိုးခုပါနဂါး၀တ်ရုံကို ၀တ်ဆင်လျက် အလွန်သြဇာပြည့်လျှမ်းစွာ ထွက်ပေါ်လာခဲ့သည်။ သူ၏နံဘေးတွင်တော့ နတ်သမီးလေးတွေလို လှပသောတော်၀င်ကိုယ်လုပ်တော် သုံးယောက်က ခြံရံလျက်လိုက်ပါလာခဲ့သည်။
လူပေါင်းရာကျော်က တညီတညာထဲ ဒူးထောက်လိုက်ကြပြီး ဧကရာဇ်အား သက်တော်ရာကျော်ရှည်ဖို့ ဆုတောင်းပေးကြကုန်သည်မှာမိုးထိညံစေတော့မတက်။
သာမာန်ကုန်းကုန်းအ၀တ်အစားကိုသာ ၀တ်ဆင်ထားသော လင်းရှောင်မှာ ဧကရာဇ်၏နောက်မှလိုက်ပါလာခဲ့သည်။ သူကခေါင်းကိုအသာမော့၍ ပါတ်၀န်းကျင်ကို တစ်ချက်ခိုးကြည့်လိူက်သော်လည်း ဧကရာဇ်၏ဘေးမှအလွန်ခမ်းနားသောလေထုက သူ့အား အထိတ်တလန့်ဖြင့်ခေါင်းကိုမြန်မြန်ပြန်ငုံ့လိုက်မိစေသည်။
"ချစ်ခင်ရတဲ့ ပြည်သားတွေ ထနိုင်ပြီ..."
ဧကရာဇ်၏အသံမှာ မကျယ်လောင်လှပါ။
သို့သော် ခန့်ညား အားမာန်ပြည့်၀စွာ တော်၀င်ဥယျာဉ်တစ်လျှောက် တုန်ဟီးစေသည့်အတိုင်း။
အကုန်လုံးက ဧကရာဇ်၏အမိန့်တွင် တညီတညာတည်း ထရပ်လိုက်ကြပြီး မြင်ကွင်းမှာ အလွန်ညီညာ ခမ်းနားနေရကား လင်းရှောင်မတုန်လှုပ်မိပဲမနေနိုင်ပေ။
"ချစ်ခင်ရတဲ့ပြည်သားတွေ ထိုင်စေ..."
ဧကရာဇ်ကဦးစွာပင် ထိပ်ဆုံးတွင်နေရာလျက် ထိုင်လိုက်သည်။ တော်၀င်ကိုယ်လုပ်တော်သုံးဦးကလည်း ဧကရာဇ်၏ အောက်နေရာအသီးသီးတွင် ရာထူးအလိုက်ထိုင်ကြကုန်သည်။
ထို့နောက်တွင်မှာ မှူးမတ်တို့ကလည်း စတင်နေရာယူကြသည်။
လင်းရှောင်လည်း နောက်သို့နှစ်လှမ်းခန့်ဆုတ်လျက် ရှောင်လိဇီနှင့်အတူနေရာယူလိုက်သည်။ ဤသည်ကိုအခွင့်ကောင်းယူပြီး မှူးမတ်များနှင့် သံတမန်များကိုလည်း အသာအကဲခတ်နေလိုက်သည်။
ဧကရာဇ်၏ညာဘက်တွင် မူတိုင်းပြည်မှ အမတ်ချုပ်ကြီးဦးဆောင်သော မှူးကြီးမတ်ရာများထိုင်ကြသည်။
၄င်းတို့မှာရာထူးအလိုက်စီစဉ်ထားပြီး သူတို့နောက်တွင်တော့ ရာထူးအတည်တကျမရသေးသော မိသားစု၀င်များကထိုင်ကြသည်။
လင်းရှောင်လည်းမိမိအားတစ်စုံတစ်ယောက်က စိုက်ကြည့်နေသည်ကိုခံစားမိ၍ အကြည့်အားဝေ့၀ဲလိုက်သည်။
ထို့နောက်အလွန်မဲမှောင်နေသော မျက်နှာကြီးဖြင့် သူ့အား စိုက်ကြည့်နေသော လန်ဝေ့ကိုတွေ့လိုက်ရသည်။
လန်ဝေ့မှာ သူ့အားအလွန်မုန်းတီးစွာစိုက်ကြည့်နေသည်။
လင်းရှောင်လည်း ထိတ်လန့်လျက် မျက်နှာလွှဲလိုက်မိသည်။ အမတ်ကြီးမှာ လန်ဝေ့ကို နန်းတွင်းသို့ ခေါ်လာရဲဦးမည်ဟုလင်းရှောင်မထင်ထားပေ။
သို့သော် ယခုပွဲမှာ တိုင်းပြည့်အနှံ့အပြားမှ မိသားစုများ ပညာရှင်များစုဝေးနေကြသည်ဖြစ်ရာ သားဖြစ်သူအတွက် သင့်တော်သောမိတ်ဆွေ ဆရာသမားကောင်းရှာဖို့အခွင့်အရေးကို လက်မလွှတ်လိုသည်မှာ ပုံမှန်သာဖြစ်သည်။
လန်ဝေ့က အမတ်ကြီး၏တစ်ဦးတည်းသော သားလည်းဖြစ်ရာ အမတ်ကြီးမှာ သူ့သားရတနာလေးကို
အများလေးစားရသော အမျိုးကောင်းသားတစ်ဦးဖြစ်လာစေချင်ပုံရသည်။ သို့သော်လန်ဝေ့ကသူ့အား နောက်တစ်ကြိမ်စိတ်ပျက်အောင် လုပ်ဦးမည်ကို မသိလောက်ပေ။
လင်းရှောင်လည်းတွေးတောလျက် တစ်ချက်သာ ကြည့်လျက် ဘယ်ဘက်ကိုလှည့်လိုက်သည်။
ဘယ်ဘက်တွင်တော့ ရှောင်တိုင်းပြည်၏ သံတမန်များနေရာယူထားသည်။
ထိုဘယ်ဘက်တွင် ဧကရာဇ်နှင့်အနီးဆုံးနေရာ၌ထိုင်နေသူမှာ ယုံကြည်မှုပြည့်ဝသောအသွင်နှင့် တင့်တယ်ကာချောမောသောအသွင်ရှိသည်။ အထူးသဖြင့်သူ၏နှာခေါင်းမှာ မြင့်၍ဖြောင့်တန်းလှသည်။
မျက်လုံးများမှာ အနည်းငယ်အရိုင်းဆန်ကာ လှပသော အညိုရောင်ဖျော့ဖျော့ဖြစ်ကာ သူ၏ဆံပင်မှာလည်းမျက်လုံးကဲ့သို့ဖျော့တော့သော အရောင်ရှိပြီးသူ၏အသားမှာလည်းအတော်ဖြူသည်။
ထိုသူက ပြည်ခြားဆင်ယင်မှုဖြစ်သော အဖြူရောင်၀တ်ရုံကိုမှ ကော်လာနှင့်ခါးပါတ်တို့ကို တွဲကျနေသောရွှေချောင်းလေးများသဏ္ဍာန်ကွပ်ထားသည်။
သူလမ်းလျှောက်လိုက်သည့်အခါတိုင်း ထိုရွှေချောင်းလေးများကတစ်ခုနှင့်တစ်ခုထိခတ်ပြီး အသံလွင်လွင်လေးများထွက်နေသည်က စိတ်၀င်စားစရာကောင်းလှသည်။
လင်းရှောင် သူ့အားမှတ်မိပါသည်။
ရှောင်တိုင်းပြည်၏ သံတမံန်ခေါင်းဆောင် ၊ ရှောင်တိုင်းပြည်၏အိမ်ရှေ့စံ ဖူယွီကျွင်းပင်။
အတိတ်ဘ၀တွင် ဤအမျိုးသားမှာ မိုရွှီ၏ရွှေပေါင်လုံးကြီးများထဲမှတစ်ယောက်ပင်။
သူ့အောက်တွင် မှူးမတ်တချို့နှင့် အတော်လှပသော အသွင်အပြင်နှင့်အမျိုးသမီးများက အစဉ်လိုက်ထိုင်နေကြသည်။
ပွဲတော်စတင်သည်နှင့် ဤလှပသော အမျိုးသမီးများက အကအလှဖြင့်ဖျော်ဖြေလာခဲ့သည်။
တိုင်းခြားအမျိုးသမီးများမှာ အလွန်ဆွဲဆောင်မှုပြင်းပြီးရဲတင်းလှသည်။ သူတို့ကအလွန်ဖော်ပြသောအဝတ်အစားများကို၀တ်ထားရုံသာမက အကမှာလည်း အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းလှသည်။
ဖူယွီကျွင်းက မိမိကိုယ်တိုင်လည်း စိတ်၀င်စားစွာကြည့်နေရင်း မူတိုင်းပြည် ဧကရာဇ်၏အမူအယာကိုလည်း အကဲခတ်လိုက်သည်။
သို့သော် ဧကရာဇ်၏မျက်နှာမှာ မပြောင်းမလဲ အေးစက်နေဆဲဖြစ်သည်ကိုသာတွေ့လိုက်ရသည်။ သူက အထူးတလည်စိတ်၀င်စားမှုမရှိတာအလွန်သိသာနေပြီး ဖူယွီကျွင်းကိုအနည်းငယ် မကျေမနပ်ဖြစ်သွားစေသည်။
ဤအမျိုးသမီးများမှာ သူတို့တိုင်းပြည်မှ ချောပေ့လှပေ့ဆိုသော လက်ရွေးစင်များဖြစ်သည်။ ဤတစ်ခေါက် ခရီးစဉ်မှာ မူတိုင်းပြည်ကိုလေ့လာခြင်းအပြင်ကို မူဧကရာဇ်၏နံဘေးတွင် အမျိုးသမီးတစ်ယောက် ချန်ထားခဲ့ဖို့ဖြစ်သည်။
ဤနည်းဖြင့် နှစ်နိုင်ငံမှာပိုရင်းနှီးသောဆက်ဆံရေးရှိလာပြီး အပြန်အလှန်အကျိုးပြုနိုင်လိမ့်မည်။
သို့သော် မူဧကရာဇ်၏တုံ့ပြန်မှုအရ ထိုအကြံအစည်မှာ ဖြစ်မြောက်မည့်ပုံမပေါ်ပေ။
"ရှောင်တိုင်းပြည်ရဲ့ အကအလှကစိတ်၀င်စားစရာကောင်းတာပဲ၊ ကိုယ်တော် နှစ်သက်မိတယ်..."
အကပြီးဆုံးသွားသည်နှင့် ဧကရာဇ်ကချီးကျူးစကားဆိုလိုက်သည်။
ဒယ ဖူယွီကျွင်းလဲ သူ့စိတ်ထဲမှ မကျေနပ်မှုကို ဖုံးကွယ်လိုက်ပြီး အပြုံးနှင့်ပင် ပြန်ဖြေလိုက်သည်။
"အရှင့်ရဲ့နှစ်သက်မှုကိုရလို့ ၀မ်းမြောက်မိပါတယ်..."
အမတ်ချုပ်ကြီးကလည်း၀င်ပြောလာခဲ့သည်။
"ရှောင်တိုင်းပြည်ရဲ့ အကအလှကလည်း စိတ်၀င်စားဖို့ကောင်းပေမယ့် ကျွန်တော်မျိုးတို့တိုင်းပြည်ကလည်း နောက်ကျမကျန်ရစ်ဘူးလို့ ယုံကြည်ပါတယ်...
မင်းသားကလည်း အဝေးကနေလာရကျိုးနပ်ရအောင် ကျွန်တော်မျိုးတို့တိုင်းပြည်ရဲ့ သီချင်းနဲ့အကအလှတွေကို ခံစားကြည့်သင့်တယ်မဟုတ်ဘူးလား..."
အမတ်ကြီးစကားဆုံးသည်နဲ့ အမျိုးစုံလင်သော ဖြော်ဖြေရေးအဖွဲ့လည်း ၀င်လာခဲ့သည်။
မူတိုင်းပြည်၏အမျိုးသမီးများမှာ ကျောက်စိမ်းလို နူးညံ့ကာလှပသည်။ တစ်ယောက်ချင်းစီတိုင်း တမျိုးတစ်ဖုံစီလှပကာ ရိုးရသည်ဟုမရှိပေ။ သူတို့ကကွက်များမှာ ပျိုမြစ်ပြီး သစ်လွှင်သည်။ သူတို့၏သီဆိုသံမှာ ကြည်လင်လျက် နားထဲစွဲထင်ကျန်ရစ်စေသည်။
အမျိုးသမီးတိုင်းမှာ သူ့နည်းသူ့ဟန်ဖြင့် နွဲ့နှောင်းလှပကြကုန်သည်။
ရှောင်တိုင်းပြည်၏ ရဲတင်းပြီး ဆွဲဆောင်နိုင်သော အကနှင့်ယှဉ်လျှင် မူတိုင်းပြည်မှာ အကအလှမှာ သန့်စင်ကြည်လင်လျက် ဖျက်ဆီးဖြစ်လိုစိတ် တစွန်းတစကို ဖူယွီကျွင်း၏စိတ်ထဲဖြစ်ပေါ်စေသည်။
ထိုအချိန်မှာပဲ အဝါရောင်၀တ်ဆင်ထားသော လှပသည့်အမျိုးသမီးတစ်ဦးက သူမ၏အကအလှကိုချပြလာပြန်သည်။ သူမကတရုတ်ရိုးရာသီချင်းကိုသီဆိုလျက် ကခုန်သည်ဖြစ်ရာ သူမ၏ အသံမှာလည်း လွန်စွာနား၀င်ချိုလှသည်။
သူမမှာ အလွန်အမင်းမလှပသော်လည်း တမျိုးတဖုံ ညှို့ဓါတ်လေးရှိနေပြန်သည်။ ဖူယွီကျွင်းလည်း ဖော့တော့စွာပြုံးရင်း သက်ပြင်းချမိသည်။ မူတိုင်းပြည်ရဲ့အမျိုးသမီးများမှာ ဆိုရိုးအတိုင်း အလွန်လှပပါပေသည်။
လင်းရှောင်လည်း ထိုအမျိုးသမီးကိုတွေ့သည်။ ပြောရလျှင် သူမှတ်မိသောတစ်ဦးထားသော အမျိုးသမီးလည်းဖြစ်သည်။
ဤသည်မှာ မိုရွှီနှင့်ပြသနာဖြစ်ဖူးသော ဟယ့်ပေါင်လင်ပင်ဖြစ်တော့သည်။
လင်းရှောင်လည်း သူမပြီး နောက်အလှည့်မှာ မိုရွှီဖြစ်သည်ကို သတိရလိုက်သည်။
မိုရွှီအကြောင်းကိုတွေးမိသည်နှင့် လင်းရှောင်လည်း ခေါင်းကိုငုံ့လျက်ခိုးပြုံးလိုက်မိသည်။
မိုရွှီကသူ့ကိုအကူအညီတောင်းထားပြီး သူကလည်းကတိပေးထားခဲ့သည်။ သို့သော်ဤတစ်ကြိမ်တွင်တော့ ကူညီရုံသာမက သူကအကအတွက် အထူးပြင်ဆင်ထားသော အ၀တ်အစားနှင့် အပြင်အဆင်တချို့ကိုလည်း ပြင်ခိုင်းထားခဲ့သည်။ မိုရွှီကသူ့ကို သံသယပင်မ၀င်ပဲ တစ်ယောက်ယောက်ကို အကူအညီသွားတောင်းနေလောက်ပေပြီ။
တကယ့်အချိန်ကျမှ ကတိမတည်ပဲ ပစ်ထားလိုက်ရင် စိတ်၀င်စားစရာမကောင်းပေဘူးလား။
မိုရွှီသူ့အားခြိမ်းခြောက်နိုင်သော တစ်ခုတည်းသော အချက်မှာ သူကကုန်းကုန်းအစစ်မဟုတ်ခဲ့ခြင်းပင်။
သို့သော် ဤပွဲမှာ ရှောင်တိုင်းပြည်၏ သံတမန်များအတွက် အထူးပြင်ဆင်ထားခြင်းဖြစ်ကာ မောင်းမများမှာ ဖျော်ဖြေခွင့်သာရှိပြီး စကားတစ်ခွန်းသော်မျှ ပြောခွင့်မရှိချေ။
အကယ်၍မိုရွှီက ဤပွဲ၌သူ့ကိုပြသနာရှာရဲတဲ့အထိ တုံးအပါက ဧကရာဇ်သည်လည်း သံတမန်များရှေ့တွင် မျက်နှာပျက်ရလိမ့်မည်။ဒီလိုသာဆို အရှင်က သူမကို လွှတ်ထားပေးသေးချင်ရင်တောင် ဆက်ပြီးသည်းခံနိုင်တော့မည်မဟုတ်ချေ။
လင်းရှောင်က လောင်းကြေးထပ်ရင်း မိုရွှီတစ်ယောက် သူ့အားအော်ဟစ်ပြသနာရှာလာမည်ကိုစောင့်နေလိုက်သည်။
ဟယ့်ပေါင်လင် ထွက်သွားသည်နှင့် ပွဲခင်းမှာရုတ်တရက် အမှောင်ကျသွားခဲ့သည်။
လူတိုင်းအကြည့်ကဆွဲဆောင်ခံလိုက်ရသည်။
မှူးမတ်အချို့မှာ ခေါင်းကိုရှေ့သို့ဆန့်လျက် ပိတ်သားအကာအရံကို စိတ်၀င်တစားကြည့်လိုက်ကြသည်။
ပိတ်သားအကာအရံအတွင်းမှ မီးရောင်ဖျော့ဖျော့က လရောင်ဆမ်းသည့်နှယ် လှပစွာအပြင်သို့ဖျာကျနေလျက် အတွင်းမှ မိန်းကလေးမှာ မည်မျှလှပလိမ့်မည်ကို လူအများအား စိတ်ကူးယဉ်ကြည့်မိစေသည်။
ဤအပြင်အဆင်မှာ လင်းရှောင်မှာလိုက်သည်နှင့် တထပ်ထဲပင်။
အတိတ်ဘ၀တွင် သူက ပိတ်သားအကာအရံနောက်တွင် မိုရွှီအစား နတ်သက်ကြွေသည်တမျှလှပသော အကကို ကပြနိုင်စေရန်ကူညီပေးခဲ့သည်။ ထို့နောက်တွင် ဧကရာဇ်လည်းသူမအား အလွန်ပစားပေးလာပြီး သူမ၏အဆင့်အတန်းလည်းတဖြည်းဖြည်း မြင့်လာခဲ့တော့သည်။
အခုတော့ အပြင်အဆင်ကလည်းပြီးသွားပြီဖြစ်ရာ
မိုရွှီမှာ အကကို သူမကိုယ်တိုင်သာ ကပြရပေတော့မည်။
ဖယောင်းတိုင်းအလင်းက တဖျတ်ဖျတ် ယိမ်းနွဲ့နေသော်လည်း အတွင်းမှတစုံတစ်ယောက်၏အရိပ်အယောင်ကို ယခုထိမမြင်ရသေးချေ။
လူတိုင်းကစောင့်နေကြပြီး တဖြည်းဖြည်းစိတ်မရှည်ဖြစ်လာကြသည်။
ဧကရာဇ်လည်း မျက်မှောင်ကြုတ်လျက် ရှောင်လိဇီအားကြည့်လိုက်သည်။
ရှောင်လိဇီမှာ စကားမလိူပဲအရှင်ဆိုလိုသည်ကိုနားလည်လျက် စာအုပ်ကိုလှန်ကာ စစ်ဆေးကြည့်ပြီးဆိုလာသည်၊
"ဒီတစ်ခေါက်က မောင်းမမိုရွှီရဲ့အလှည့်ပါ အရှင်..."
ဧကရာဇ်မှာအလွန်မျက်နှာမသာမယာဖြစ်လျက် နှုတ်ခမ်းကိုတင်းဆင်းစေ့ကာပြောလိုက်သည်။
ရှောင်လိဇီလည်း အမိန့်ကိုနာခံလျက် ပိတ်သားအကာအရံကိုဖယ်ထုတ်ဖို့ တစ်စုံတစ်ယောက်ကို ခိုင်းရန်ပြင်လိုက်စဉ်
ထိုပိတ်သားအကာအရံနောက်မှ လူရိပ်တစ်ခုထွက်ပေါ်လာတော့သည်။
အရိပ်လေးကပင်လျှင် အလွန် ညှို့ငင်နိုင်သော အမျိုးသမီးတစ်ဦးဖြစ်မှန်းသိသာလှသည်။ သူမ၏ကိုယ်ဟန်အနေအထားမှာ ပန်းချီကားတစ်ချပ်လိုမျိုး ပိတ်သားနံရံတွင်ထင်ဟပ်နေခဲ့သည်။
လူတိုင်းလည်း စောင့်နေရတာကြာပြီဖြစ်ကာ
အငြင်းအခုံတချို့ကြောင့်လည်း ဤအကအလှအားပို၍စိတ်၀င်စားသွားမိစေသည်။
သို့သော် သူမစတင်ကလိုက်သည်နှင့် လူတိုင်းစိတ်ပျက်သွားရသည်။ အစပိုင်းက ပန်းချီကားနှင့်တူသော ကိုယ်ဟန်တစ်ခုကိုမှရှာမတွေ့တော့ချေ။ အကမှာလည်း ပြောင်မြောက်ချင်းမရှိပဲ ငြီးငွေ့ဖွယ်ကောင်းလှသည်။
ကြည့်နေသောလူတိုင်းလည်း ခေါင်းယမ်းလိုက်ကြသည်။
ဖူယွီကျွင်းလည်း ရယ်စရာကောင်းသည်ဟု ခံစားမိလေသည်။
ဒီတစ်ယောက်က သူ မကတတ်တာကို ပိတ်သားကာပြီးဖုံးဖို့ကြိုးစားနေတာလား။
လင်းရှောင်လည်း ဖူယွီကျွင်း၏ ရယ်ချင်စိတ်ကို ဖုံးဖိနေရသော အမူအယာကိုမြင်လျှင် အလွန်ကျေနပ်သွားမိသည်။
ဘာပဲဖြစ်ဖြစ်ဒီနေ့ပြီးရင်တော့ မိုရွှီရဲ့ ဂုဏ်သတင်းကတော့သွားချေပြီ။ သူမက ဧကရာဇ်ကိုလည်း စိတ်ပျက်စေမိသေးသည်။ သူမ၏အနာဂါတ်ကဘ်းလိုမှကောင်းနိုင်မည်မဟုတ်။
သို့သော် သူမကိုဤပွဲမှာပဲတစ်ခါတည်း ရှင်းပစ်နိုင်လျှင် ပို၍ပင်ကောင်းလိမ့်မည်။
လင်းရှောင်မှာတွေးပဲတွေးလိုက်ရသေးသည်။ မိုးနတ်မင်းကသူ့အားမျက်နှာသာပေးလာမည်မထင်ထားချေ။ ပိတ်ကားအကွယ်မှ မိုရွှီ၏ စူးစူးဝါးဝါးအော်သံထွက်လာပြီး ပတ်၀န်းကျင်မှာ လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့သည်။
ထို့နောက်တွင် ပိတ်ကားနောက်မှတစ်စုံတစ်ယောက်မှာ အော်ဟစ်လျက်ပြေးလွှားနေသည်ကို လူတိုင်းတွေ့လိုက်ရတော့သည်။
သိပ်မကြာလိုက် ပိတ်သားနောက်မှလူမှာ ပိတ်သားအကာကိုတွန်းဖယ်လျက် ပြေးထွက်လာခဲ့သည်။
သူမက အားသုံးကာတွန်းလိုက်သည်မို့ ပိတ်သားအကာအရံမှာ အသံမြည်လျက် လဲကျသွားပြီး ဘေးပါတ်ပါတ်လည်မှ ဆီမီးခွက်များကို လဲကျသွားစေကာ ကောဇောတစ်လျှောက် မီးစွဲလောင်သွားစေတော့သည်။
မျက်စိတစ်မှိတ်အတွင်းတွင် အရာအားလုံးရှုပ်ထွေးသွားခဲ့သည်။ ရှောင်လိဇီမှာ ကုန်းကုန်းအချို့နှင့်အစေခံများကိုခေါ်ရင်း မီးကိုငြိမ်းသတ်ရန် ပြောလိုက်သည်။
မိုရွှီမှာမူ အ၀တ်များမီးစွဲလောင်လျက် အော်ဟစ်ကာပြေးလွှားနေဆဲ။
ထိုမြင်ကွင်းကြောင့် လင်းရှောင်အံ့အားသင့်မိသော်လည်း
အလျင်အမြန်နားလည်သွားခဲ့သည်။ ဤအကမှာ ဖယောင်းတိုင်းမီးအလင်းဖျော့ဖျော့ကို အားပြုလျက် ပိတ်ကားပေါ်တွင် လှပစွာအရိပ်ထင်စေလျက် ကပြရသည်မျိုးဖြစ်သည်။ ထို့ကြောင့် အကမှာ ဆီမီးခွက်များအကြား ဂရုတစိုက်လှုပ်ရှားရန်လည်းလိုသည်။မိုရွှီမှာ လုံး၀မကတတ်တာကြောင့် တလွဲတချော်နှင့် သူမကိုယ်သူမ မီးစွဲအောင်လုပ်မိပုံပင်။
မိုရွှီက လူအုပ်ထံပြေးလာခဲ့သည်။ သူမကိုတစ်စုံတစ်ယောက်များ ကယ်ပေးနိုင်မည် မျှော်လင့်ချက်နှင့်ပင်။
သို့သော် သူမက ယခု မီးလောင်လွယ်သော ပစ္စည်းဖြစ်နေရာ မည်သူကသုမနားကပ်ရဲလိမ့်မည်နည်း။
လူတိုင်းကသူမအနားကပ်လာသည်နှင့်ပြေးကြတော့သည်၊
အစောင့်ရဲမက်များ ပြေး၀င်လာပြီး ဧကရာဇ်နှင့် တော်၀င်ကိုယ်လုပ်တော်များနှင့်အတူ နယ်ခြားသံတမန်များဘေးတွင် ၀န်းရံကာကွယ်လိုက်ကြသည်။
မိုရွှီမှာမူ မီးလောင်လျက်ပြေးလွှားနေဆဲပင်...
ဒီအချိန်မှာ ပန်းလေးရဲ့ဥယျာဉ်မှူးကတစ်ခုခုမလုပ်သင့်ပေဘူးလား။
လင်းရှောင် လူအုပ်ကြားဝေ့၀ဲကြည့်လျက် လန်ဝေ့အားရှာလိုက်သည်။
သို့သော် လန်ဝေ့ကိုမတွေ့ချေ။
ထိုစဉ် အဝေးမှလူတစ်ဦးမှာ ရေတစ်ပုံးအားဆွဲလျက် ပြေးလာနေသည်ကိုတွေ့လိုက်ရသည်။
ထို့နောက် မိုရွှီအားရေပုံးဖြင့် ဝေါခနဲလောင်းချလိုက်တော့သည်။ မိုရွှီကိုယ်မှမီးမှလည်းငြိမ်းသွားပြီး သုမလည်းခေါင်းမှခြေအထိ ကြွက်စုတ်ကဲ့သို့ ရွှဲရွှဲ စိုသွားတော့သည်။
လင်းရှောင် တစ်ချက်ကြည့်လိုက်သည်နှင့် မိုရွှီအားရေလောင်းလိုက်သူမှာ လန်ဝေ့မှန်းသိလိုက်သည်။ထို့နောက်သူစိတ်ထဲမှပင် 'ဒါပေါ့ မိုရွှီဘာကိစ္စပဲဖြစ်ဖြစ် ၊ရှေ့ကနေအမြဲထွက်ပြီးမဖြေရှင်းပေးရင် လန်ဝေ့ဘယ်ပီသတော့မလဲ' ဟုတွေးမိလိုက်သည်။
လန်ဝေ့မှာ သူ၏အပေါ်၀တ်ကိုပင်ချွတ်ပြီး မိူရွှီအား ခြုံပေးလိုက်သည်။ မိုရွှီမှာ မျက်ရည်အရွှဲသားနှင့်ကြည့်လာပြီး သူ့အားတစ်ခုခုပြောချင်နေသော်လည်း လန်ဝေ့မှာ ခေါင်းကိုခါယမ်းလျက် မပြောရန်တားလိုက်သည်။
ထိုစဉ်အမတ်ကြီးမှာ ဒေါသတကြီး လျှောက်သွားကာ လန်ဝေ့ကိုဆွဲခေါ်လိုက်ပြီး သေစေနိုင်သောအကြည့်ကြီးဖြင့်စိုက်ကြည့်လိုက်သည်။
မိုရွှီ လန်ဝေ့နောက်သို့လိုက်ရန်ပြင်လိုက်သေည်လည်း လူတိုင်းကသူမကိုစိုက်ကြည့်နေသည်ကို သတိထားမိလျှင် ဘေးဘီကိုကြည့်ရင်းကြောက်ရွံ့စွာဇက်ကိုပုလိုက်သည်။
မိုရွှီအားသေချာမြင်လိုက်ရလျှင် ဖူယွီကျွင်းအံ့အားသင့်သွားမိလေသည်။ သူ့မျက်စိရှေ့မှ ဤအမျိုးသမီးမှာ အတော်လေးလှပပေသည်။ သူမ၏အကမှာကိုးရို့ကားယားနိုင်သော်လည်း သူမမျက်နှာကတော့ အကြည့်မလွှဲရက်စရာပင်။ သို့သော် ဤအမျိုးသမီးမှာ သူမအနားကယောကျာ်းနှင့် တစ်စုံတရာပါတ်သတ်မှုရှိပုံရသည်။
ဖူယွီကျွင်းက လူအုပ်ကြားထဲမှ လန်ဝေ့အားကြည့်လိုက်သည်။
နောက်ဆုံးတွင် မိုရွှီမှာ သူရှာနေသောလူအား တွေ့သွားချေပြီ။ လင်းရှောင်မှာ ဧကရာဇ်၏အနောက်တွင် ရပ်လျက်ရှိပြီး မိုရွှီမှာသေလောက်အောင် ဒေါသထွက်မိရကား ပါတ်၀န်းကျင် အခြေအနေကိုလည်း ဂရုမစိုက်တော့ပဲ လက်ညှိုးငေါက်ငေါက်ထိုးလျက် ဆဲဆိုတော့သည်။
"လင်းရှောင် နင်ကဒီမှာပဲ၊ နင်အရှက်မရှိတဲ့လူလိမ်၊ ရွံစရာကောင်းတဲ့.."
ရှောင်လိဇီကဟိန်းဟောက်လိုက်ရာ မိုရွှီမှာ တစ်ကိုယ်လုံးတုန်သည်အထိ လန့်သွားရသည်။
ရှောင်လိဇီလည်း အသက်တစ်ချက်ရှူထုတ်လျက်...
"ဧကရာဇ်ကိုမြင်တာတောင် အရိုအသေမပေးပဲ၊ လက်ညိုးထိုးပြီး ရိုင်းစိုင်းတဲ့စကားတွေဆိုရဲသေးတာလား..."
ထိုတော့မှ မိုရွှီလည်း သတိ၀င်လျက် လင်းရှောင်ရှေ့မှ ဧကရာဇ်အားကြည့်ကာ အယောင်ယောင်အမှား မှား ထိုင်ချလျက်
"အ..အရှင့် အမျိုးသမီးက မရည်ရွယ်.."
"နိမ့်ကျတဲ့မောင်းမက အရှင့်အမျိုးသမီးလို့ သုံးနှုန်းရဲတယ်... "
ရှေ့တွင်ရပ်နေသောကိုယ်လုပ်တော်ရှန်းက
သူမကိုယ်သူမသုံးနှုန်းရဲပုံကိုကြားပြီး စိတ်မရှည်စွာ၀င်ပြောလာခဲ့သည်။
ကိုယ်လုပ်တော်များကသာလျှင် ဧကရာဇ်ရှေ့တွင် အရှင့်အမျိုးသမီးဟု သုံးနှုန်းခွင့်ရှိသည်။ ဒီမောင်းမကဘာအဆင့်ရှိလို့လဲ...
လင်းရှောင်လည်း လှောင်ရယ်လျက် ဧကရာဇ်နောက်တွင် ခေါင်းကိုခါလိုက်သည်။ ဒီမိုရွှီကတော့ သူ့ကိုတကယ် အံ့သြပြီးရင်းအံ့သြစေတာပဲ။
ဧကရာဇ်မှာ လင်းရှောင်၏ အတွေးများကိုကြားပုံရကာ နောက်သို့လှည့်ကြည့်လာခဲ့သည်။
လင်းရှောင်လည်း လန့်သွားမိပြီး အပြုံးကိုဖုံးကွယ်လျက် နာခံမှုရှိစွာခေါင်းကိုငုံ့လိုက်သည်။
ဧကရာဇ်က အကြည့်ကိုလွှဲလျက် ပွဲတော်၏အခြေအနေအားပြန်လည်စူးစမ်းလိုက်သည်။
နေရာတိုင်းနီးပါး မီးကျွမ်းရာများနှင့် ပန်းကန်များ ခွက်များကလည်း ပြုတ်ကျလျက်။ ထို့အပြင်ကို ရေကွက်များကလည်း ဟိုတကွက်ဒီတစ်ကွက်နှင့်ပင်။
ဧကရာဇ်၏မျက်နှာမှာအေးစက်သွားပြီး သူ့တွင် မိုရွှီအတွက် သည်းခံနိုင်စိတ်လည်းရှိမနေတော့ချေ။ အစောင့်များကိုဖြတ်ကျော်လျက် မိုရွှီရှေ့တွင်ရပ်လိုက်သည်။
မိုရွှီလည်း ကိုယ်လုပ်တော်ရှန်းအားစိတ်ထဲမှကျိန်ဆဲနေခြင်းကိုရပ်လိုက်ပြီး ဧကရာဇ်အားရှက်ရွံ့စွာပြုံးပြလိုက်သည်။
ဧကရာဇ်က မျက်မှောင်ကြုတ်လျက်မေးလိုက်သည်။
"မိုရွှီ၊ မင်းအပြစ်ကိုမင်းသိလား..."
မိုရွှီကလက်မခံချင်ဟန်ဖြင့် သနားစဖွယ်ဆိုလာသည်။
မိုရွှီမျက်လုံးတွင် နောင်တရမှုတစွန်းတစမှမှိပဲ ဟန်လုပ်နေသည်ကိုမြင်သည်နှင် ဧကရာဇ်လည်း သူမနှင့်အချိန်ကုန်ခံကာပြောမနေချင်တော့ပဲ တိုက်ရိုက်သာထွက်သွားလိုက်တော့သည်။
"မောင်းမမိုရွှီက နန်းတွင်းကိုရောက်တာ ရက်အနည်းငယ်ကြာပြီးတာတောင်မှ နန်းတွင်းစည်းမျဉ်းတွေကိုနားမလည်ဘူး။ ကိုယ်တော်စိတ်မကောင်းဖြစ်မိတယ်။ ဒီနေ့မှာလည်းထိတ်လန့်ဖွယ် မီးလောင်မှုကိုဖြစ်ပွားစေပြီးတော့ ကိုယ်တော်ရဲ့ လေးစားရတဲ့ ဧည့်သည်တွေကို အထိတ်တလန့်ဖြစ်စေတဲ့အတွက် သူမမှာ အပြစ်ရှိတယ်။ သူမကို နဉ် အအေးနန်းဆောင်ကို
ပို့ပြီး ဆင်ခြင်သုံးသပ်စေလိုက်..."
နဉ်အအေးနန်းဆောင်းဆိုတာ အအေးနန်းဆောင်သက်သက်ပဲမလား။ ဒီလောက်ထိဆိုးရွားတဲ့ပြသနာမျိုးရှာပြီးတာတောင် အရှင်က သူမကိုလွှတ်ပေးချင်နေတုန်းပဲလား။
မိုရွှီကတစ်စုံတစ်ခုပြောချင်နေဆဲဖြစ်သော်လည်း ဧကရာဇ်မှာ အလွန်စိတ်ကုန်လှစွာ လက်ကိုတစ်ချက်မြှောက်လိုက်သည်နှင့် အစောင့်တစ်ယောက်က သူမအား ပါးစပ်ပိတ်ကာဆွဲခေါ်သွားခဲ့သည်။
မိုရွှီကအတင်းရုန်းကန်နေသည်။
လန်ဝေ့က မိုရွှီအတွက်သွားပြီး အသနားခံပေးချင်သော်လည်း အမတ်ကြီးက လန်ဝေ့အား အလွန်တင်းတင်းကြပ်ကြပ်ဖမ်းဆွဲထားခဲ့သည်။
သူ့သားရဲ့တောင်းဆိုနေတဲ့အကြည့်နှင့်ရင်ဆိုင်ရလျှင် အမတ်ကြီးမျက်နှာလွှဲလျက် မမြင်ချင်ယောင်ဆောင်လိုက်သည်။ သူ့သားမှာ သူ့အားနောက်တစ်ကြိမ်စိတ်ပျက်စေသည့်အတွက်လည်း စိတ်မကောင်းဖြစ်မိလျက်။
လန်ဝေ့မှာ အမတ်ကြီးနှင့် တွန်းထိုးနေခိုက်
ဧကရာဇ်ကအမိန့်ပေးလိုက်သည်။
လန်ဝေ့လည်း မိုရွှီ၏အားနည်းပြီး နုနယ်သော ကိုယ်လေးမှာ ဓါးတယမ်းယမ်းနှင့်အစောင့်များ၏ ညှာတာမှုမရှိ ဆွဲထုတ်သွားခံနေရတာကိုတွေ့ချိန် သူ့နှလုံးသားအား တစ်စုံတစ်ယောက်က ဓါးနှင့်ထိုးနေသလို ခံစားလိုက်ရသည်။
ဧကရာဇ်လည်း မိုရွှီဆွဲထုတ်ခံသွားရသည်ကိုကြည့်နေသော အမတ်ကြီးနှင့်လန်ဝေ့ထံလျှောက်လာလျက်
"ဒါက အမတ်ကြီးကိုယ်တော့်ကို ဆက်သချင်တဲ့ ထူးခြားသန့်စင်တဲ့အလှလေးမျိုးလား။ ကိုယ်တော်ကတော့ အမတ်ကြီးရဲ့မျက်လုံးတွေရေသန့်သန့်နဲ့ဆေးသင့်ပြီထင်တယ်..."
အမတ်ကြီးမှာတုန်လှုပ်သွားမိကာ ဒူးထောက်ပြီး တောင်းပန်ရန်ပြင်လိုက်သော်လည်း
ဧကရာဇ်မှာနောက်ကိုလှည့်လျက် ထွက်ခွာသွားပြီဖြစ်သည်။
ထိုမြင်ကွင်းများကိုကြည့်ပြီးနောက် ဖူယွီကျွင်းဦးဆောင်သော သံတမန်အုပ်စုမှာလည်းရှေ့သို့ထွက်လာကာ ပြောလိုက်သည်။
"အရှင် ကျွန်တော်မျိုးတို့လည်း ပင်ပန်းသလိုရှိလို့ အရင်အနားယူပါတော့မယ်..."
ဧကရာဇ်လည်း နောက်သို့လှည့်ကာ တုန့်ပြန်လိုက်သည်။
"ကိုယ်တော်ဒီနေ့ ကိုယ်တော့်ရဲ့သံတမန်တွေကို ထိတ်လန့်စေမိပြီ။ ဒီနေ့အစား ပွဲတော်တစ်ခုနဲ့ ထပ်ပြီး ဧည့်ခံပါဦးမယ်၊ဒီနေ့အဖို့တော့ မင်းတို့လည်းနားတော့..."
သံတမတ်များကိုမှာပြီးနောက် ဧကရာဇ်မှာ လင်းရှောင်ဘေးမှဖြတ်လျှောက်လာလျှင် သူ့အားရုတ်တရက်ကြည့်လာပြီးပြောလိုက်သည်။
"မင်းဒီအတွက် အကြောင်းပြချက်ကောင်းကောင်းတစ်ခုစဉ်းစားထားရင် ကောင်းလိမ့်မယ်..."
တုန်လှုပ်သွားလျက် လင်းရှောင်မှာ အပြစ်ရှိစိတ်နှင့် ခေါင်းကိုငုံ့လိုက်မိတော့သည်။
လင်းရှောင်မှာ ဧကရာဇ်ဤမျှအကင်းပါးလိမ့်မည်ဟု မျှော်လင့်မထားမိချေ။
လင်းရှောင်အကြံတစ်ခုရလိုက်လေသည်။
မိုရွှီကသူ့ကိုကျိန်ဆဲလိုက်လို့များလား။
လင်းရှောင်လည်း ဘယ်လိုရှင်းပြရမလဲတွေးတောရင်း ဧကရာဇ်နောက်မှလိုက်ပါသွားတော့သည်။
ဟိုဟို ဒီဒီတွေးတောရင်း ....