နင်းရွှမ်နန်းဆောင်အတွင်း၌။
လင်းရှောင် ဧကရာဇ်အား သတိအပြည့်နှင့် လက်ဖက်ရည်ကိုဆက်သလိုက်သည်။ ဤသည်က ဧကရာဇ် သူ၏နန်းဆောင်ကို ဒုတိယမြောက်လာရောက်ခြင်းဖြစ်ကာ ထိုနေ့ကအတွေ့အကြုံကိုတွေးမိတိုင်း လင်းရှောင်အလိုလို စိတ်လှုပ်ရှားလာမိသည်။
သို့သော် ဧကရာဇ်က လောလောဆယ် သူ၏ဖြေရှင်းချက်ကိုနားထောင်ဖို့ရောက်လာတာဟုတွေးမိပြန်တော့ စိတ်အေးသွားပြန်သည်။
ဧကရာဇ်မှာ အမူအယာမဲ့စွာ လက်ဖက်ရည်အား တငုံသောက်လိုက်ပြီး
"ကိုယ်တော့်ကိုပြော မင်းနဲ့ မိုရွှီကြားမှာဘာတွေဖြစ်ခဲ့တာလဲ..."
လင်းရှောင်လည်း ဧကရာဇ်၏ ထိုးထွင်းမြင်နိုင်မှုကို တုန်လှုပ်သွားရပြန်သည်။
လင်းရှောင်က ပျော့ပြောင်းစွာတုန့်ပြန်လာခဲ့သည်။
"ဒီပြသနာက ကျွန်တော်မျိုးရဲပေါ့ဆမှုကြောင့်ပါ အရှင်..."
လင်းရှောင်လည်း သတ္တိမွေးလျက်လျှောက်တင်လိုက်သည်။
"အရှင် ဒီကိစ္စကို ရှင်းပြဖို့ အရှင်ကိုယ်တိုင် မြင်ရဖို့လိုအပ်တဲ့ တစ်စုံတစ်ခုရှိပါတယ်အရှင်... ဒီငယ်သားကို ခဏလောက် စောင့်ပေးပါ..."
ကုန်းကုန်းငယ်လေးရဲ့မျက်လုံးတွေက သူ့အား အနူးအညွတ်တောင်းပန်နေသည်ကိုမြင်သောကြောင့် ဧကရာဇ်လည်း သူ့အားယုံပေးလိုက်ရန် ဆုံးဖြတ်လိုက်သည်။
ကုန်းကုန်းငယ်လေးမှာ ခေါင်းငုံ့ကာအရိုအသေပေးလျက် အခန်းတွင်းသို့၀င်သွားခဲ့သည်။
သိပ်မကြာခင်မှာပင် အခန်းတွင်းမှ အသံလေးထွက်လာခဲ့သည်။
"အရှင် အထဲကို၀င်လာခဲ့ပေးပါလား..."
ဧကရာဇ်မှာ မျက်ခုံးပင့်မိပြန်သည်။ ဒီကုန်းကုန်းငယ်လေးက တကယ်ရဲတင်းတာပဲ။ သူ့ကိုစောင့်လည်းစောင့်ခိုင်းရဲတယ် အခန်းထဲလည်း၀င်လာဖို့တောင်ပြောသေးတယ်။
ထိုသို့တွေးလိုက်သော်လည်း ဧကရာဇ်က ထရပ်လိုက်ကာ လက်ကိုနောက်ပစ်လျက် အထဲသို့၀င်သွားခဲ့သည်။
မီးအိမ်ငယ်လေးများနှင့် ဖယောင်းတိုင်များမှာ ကြမ်းပြင်ပေါ်တွင် လှပစွာယိမ်းနွဲ့နေသည်။
ထိုမီးတောက်ငယ်များ၏အလယ်တွင်တော့ ဤယောကျာ်းပျိုမှာ ခြေဗလာနှင့်စောင့်ဆိုင်းနေခဲ့သည်။
သူ၏ကိုယ်မှာ ပျော့အိသော အနက်ရောင်ပိုးဖဲကိုဆင်မြန်းထားပြီး သူ၏ဆံပင်တို့မှာလည်း အမျုးသမီးတစ်ဦးလို ထုံးဖွဲ့ထားသည်။ သူ၏မျက်နှာအား ပါးလွှာသော ပုဝါစဖြင့်ကာထားလျက် သူ၏ကိုယ်ဟန်မှာလည်း အလွန်ညှို့ငင်နိုင်လှသည်။
ဧကရာဇ်၀င်သည်နှင့် လင်းရှောင်ရဲ့ခြေထောက်လေးများက စတင်လှုပ်ရှားလာခဲ့သည်။ သူ၏နူးညံ့သော ခြေဖဝါးမှာ မီးတောက်ငယ်များကြားတွင် ကျင်လည်စွာ ရွေ့လျားလျက်။ သူ၏ကိုယ်မှာ နူးညံ့သောပိုးဖဲစနှင့်အတူ လိပ်ပြာလေးတစ်ကောင်လို လှုပ်ခါနေခဲ့သည်။ ဤသည်မှာ နတ်ဆိုးလေးတစ်ပါးလို ညှို့ငင်နိုင်သော အကမျိုးဖြစ်ပြီး
ရဲတင်းသောလှုပ်ရှားမှု ကျက်သရေရှိသော ကိုယ်ဟန်နှင့် ဆီမီးတို့၏အလင်းဖျော့ဖျော့နှင့်ပေါင်းစပ်လိုက်လျှင် လွန်စွာ ရှုမညီးနိုင်အောင်ဖြစ်စေသည်။.
ဧကရာဇ်မှာ ဤယောကျာ်းပျိုထံမှ လွန်စွာအကြည့်မလွှဲနိုင်ရကား မီးတိုင်ငယ်များကိုဖြတ်၍ မီးတောက်များကြားတွင် ကကြိုးသွယ်နေသော ယောကျာ်းပျိုလေးထံလျှောက်သွားလိုက်တော့သည်။ မီးတိုင်အချို့မှာ ယိမ်းနွဲ့လျက် အချို့မှာ ငြိမ်းသွားပြီး အချို့မှာမူ ဆက်လက်လောင်ကျွမ်းနေကြသည်။
ဧကရာဇ်က အလွန်နှေးကွေးစွာလျှောက်သွားသည့်တိုင် ခြေလှမ်းအနည်းငယ်ဖြင့် လင်းရှောင်ထံရောက်သွားတော့သည်။ လင်းရှောင်လည်းအကကို အပြီးသတ်ပြီးပြီဖြစ်ရာ မီးတိုင်များအကြား၌ပင် ဧကရာဇ်ကိုဒူးထောက်လျက် မျက်နှာမှ ပုဝါစကိုလည်းဖယ်လိုက်တော့သည်။
ဧကရာဇ်မှာ လက်အားဆန့်တန်းပေးလာသည်။ လင်းရှောင်လည်း တစ်ချက်ကြည့်လျက် လက်တစ်ဖက်အားပြန်ထည့်ပေးလိုက်လျှင် ဧကရာဇ်မှာလင်းရှောင်
အား သူ့ရင်ခွင်ထဲသို့ ရုတ်ချည်း ဆွဲယူပွေ့ဖက်လိုက်တော့သည်။
လင်းရှောင်လည်း ထိတ်လန့်မှုကြောင့် အသံသေးသေးလေးပြုမိသွားရသည်။ သူ၏မျက်နှာမှာ ဧကရာဇ်၏ တောင့်တင်းသော ရင်ဘတ်တွင်အပ်လျက် ဧကရာဇ်၏ ဝိုးတဝါးနှင့်ရှတသောအသံကိုကြားလိုက်ရလျှင် အနည်းငယ်တွန့်သွားမိသည်။
"မင်းကိုယ်တော့်ကို မြူဆွယ်နေတာလားဟင်..."
ဧကရာဇ်က လင်းရှောင်၏ဆံပင်များကို ဆော့ကစားရင်း လက်တစ်ဖက်မှာလည်း ခါးကျဉ်ကျဉ်လေးကို အသာပွေ့လျက် ပွတ်သပ်လိုက်သည်။
လင်းရှောင်လည်းတောင့်တင်းသွားမိပြီး ဧကရာဇ်၏ကျူးကျော်လှသောလက်ကို သူ့လက်တစ်ဖြင့်အသာဖမ်းဆုပ်ရင်း အလျင်အမြန်ဆိုလိုက်သည်။
"အရှင် ကျွန်တော်မျိုးသာ ပိတ်သားအကာအရံကိုဖယ်လိုက်မယ်ဆိုရင် အရှင် ဒီအကကို ရင်းနှီးသလိုမခံစားမိဘူးလား"..
ဧကရာဇ် လှုပ်ရှားမှုကိုရပ်လိုက်သည်။
လင်းရှောင်လည်း သူ့ကိုယ်သူ ဧကရာဇ်ထံမှာ အနည်းငယ်ခွာလိုက်နိုင်၍ စိတ်သက်သာရာရသွားမိသည်။
ထို့နောက်တွင် ဧကရာဇ်၏တုံ့ပြန်မှုကိုကြားလိုက်ရသည်။
"မိုရွှီရဲ့ ဒီညကတဲ့ အကလား"
လင်းရှောင်ခေါင်းကိုအသာငြိမ့်လိုက်သည်။
ဧကရာဇ်ကသူ့ကိုလွှတ်ပေးဖို့ စိတ်ကူးမရှိတာကိုမြင်တော့ လင်းရှောင် ဒူးထောက်ကာ တောင်းပန်ဟန်ပြုလိုက်သည်။ ဤနည်းဖြင့်သူ့ကိုယ်သူ ဧကရာဇ်၏ရင်ခွင်ထဲမှလွတ်မြောက်အောင်ကြိုးစားလိုက်သည်။
"ခွင့်လွှတ်တော်မူပါအရှင်၊ ဒီငယ်သားမှာအပြစ်ရှိပါတယ်... ပိတ်သားအကာအရံနဲ့ မီးတိုင်တွေက ဒီငယ်သားပြင်ဆင်ခိုင်းထားတာပါ..."
ဧကရာဇ်ကမျက်ခုံးပင့်မိလျှင် လင်းရှောင် ဆက်ပြောလိုက်သည်။
"လွန်ခဲ့တဲ့နှစ်ရက်က ငယ်သား ဒီကချေသည်၀တ်စုံတွေကို မောင်းမမိုရွှီဆီကလက်ခံရခဲ့ပါတယ်...ဒီငယ်သားက တချိန်ကသူ့ရဲ့အစေခံဖြစ်ခဲ့တာကြောင့် ငယ်သား က နိုင်တယ်ဆိုတာ သူ သိပါတယ် ဒါကြောင့် ငယ်သားကို သူ့နေရာကိုအစား၀င်ပြီး သူ့အစားကပေးစေချင်ခဲ့တာပါ ပြီးမှအဆုံးမှာလူချင်းလဲမလို့ပါ..."
ထိုစကားကြောင့် ဧကရာဇ်မျက်နှာမှာ မဲမှောင်သွားခဲ့သည်။ ဒီမိုရွှီတကယ်လုပ်ရဲတယ်။
"ဒီငယ်သားလည်း ဒီလိုအရှင့်ပေါ်လိမ်ညာတဲ့လုပ်ရပ်မျိုးမလုပ်ရဲခဲ့ပါဘူး ဒါပေမယ့်.."
လင်းရှောင်လည်း မျက်လုံးလေးအသာပင့်လျက် သူဆက်မပြောခင် အရှင့်အားတစ်ချက်ခန့်ခိုးကြည့်ချင်ခဲ့သည်။သို့သော် သူကြည့်မိချိန်တွင် ဘယ်အချိန်ထဲကမှန်းမသိ ဧကရာဇ်မှာ သူ့အားစိုက်ကြည့်နေခဲ့တာကိုတွေ့လိုက်ရတော့သည်။ လင်းရှောင်လည်း ဧကစာဇ်နှင့် အကြည့်ချင်းဆုံမိရာ သူ့နှလုံးသားလေးလွန်စွာတုန်လှုန်သွားရကား ချက်ချင်းခေါင်းပြန်ငုံ့လိုက်ရတော့သည်။
"သူကတချိန်တုန်းက ဒီငယ်သားရဲ့သခင်ဖြစ်ခဲ့ဖူးတာမို့ ဒီငယ်သားလည်း မငြင်းဆန်ရက်တာကြောင့် အခြားနည်းလမ်းတစ်ခုစဉ်းစားပေးခဲ့တာပါ"
"မင်းက သူနဲ့သဘောတူချင်ယောင်ဆောင်ခဲ့တာပေါ့၊.
ကိုယ်တော့်ကို ဘာလို့အခုမှပြောတာလဲ..."
လင်းရှောင်နှုတ်ခမ်းကိုကိုက်လိုက်မိပြီး
"ဒီငယ်သားမှာ ဒီ၀တ်စုံအပြင်တခြား သိသာတဲ့ သက်သေမရှိပါဘူးအရှင်၊ အကယ်၍ မောင်းမမိုရွှီကငြင်းခဲ့ရင် ဒီငယ်သားရဲ့ တဖက်သတ်စွပ်စွဲချက်သာဖြစ်သွားခဲ့မှာပါ။ ပြီးတော့ဒီငယ်သားထင်တာက ဒီငယ်သားအရှင့်အနားမှာ အချိန်ပြည့်ခစားနေရတာကို ထောက်ပြီး အရှင့်ကိုကျော်ပြီး ပြသနာမရှာရဲလောက်ဘူးလို့... ပြီးတော့ အရှင်ကလည်း တိုင်းရေးပြည်ရေးအတွက် အမှုကိစ္စတွေကိုအမြဲအချိန်ပေးဖြေရှင်းနေရတာကိုကြည့်ပြီး ဒီသေးငယ်တဲ့ကိစ္စလေးအတွက် အရှင့်ကိုစိတ်မပင်ပန်းစေချင်ပါဘူး....
မောင်းမမိုရွှီသာ သိတတ်နားလည်ပြီး ပြသနာမရှာရဲခဲ့ရင် ဒီတိုင်းပြီးသွားမယ့် ကိစ္စလို့ထင်ခဲ့မိပါတယ်..."
သူ့စကားကြောင့် ဧကရာဇ် အနည်းငယ်တွေးတောနေဟန်တူသည်။ ဧကရာဇ်၏အမူအယာမှာ တည်တန့်လျက် ဖတ်ကြည့်၍မရသည်မို့ လင်းရှောင်အမြန်ပင် ခွင့်လွှတ်ရန်တောင်းပန်လိုက်တော့သည်
"ဒီငယ်သား အပြစ်ကျူးလွန်မိပါတယ် ဒီငယ်သား မောင်းမမိုရွှီက ဖြော်ဖြေရဲဦးမယ်မထင်ထားတဲ့အပြင် သူမကိုယ်သူ မီးလောင်စေပြီး ပွဲတော်ကိုပါ ဖျက်ဆီးမိလိမ့်မယ်လို့ မတွေးခဲ့မိပါဘူး။ ဒီငယ်သားပိုပြီးမမျှော်လင့်ထားတာက ငယ်သားကိုမြင်တာနဲ့ မြင့်မြတ်တဲ့ သံတမန်တွေနဲ့ အရှင့်ရဲ့မျက်နှာကိုမှမထောက် ရိုင်းစိုင်းစွာပြောဆိုရဲမှာကိုပါ။
လင်းရှောင်ပြောရင်းပြောရင်း ခေါင်းကပိုပိုငုံ့လာပြီး ကြမ်းပြင်နှင့်ပင် ထိတော့မတက်။
သူက မိုရွှီတစ်ယောက် သူ့ကိုယ်သူမီးရှို့ပြီးပတ်ပြေးမှာကိုတော့ အမှန်တကယ်မမျှော်လင့်ထားခဲ့တာဖြစ်သည်။ အခုတော့ပွဲကိုပါပျက်စေလိုက်ပြီ။
လင်းရှောင်သူမကိုဒီလိုမျိုးမြင်ရတာကျေနပ်ပေမယ့်လည်းပေါ့..။
"မောင်းမမိုရွှီ ဒုက္ခရောက်တာက မင်းကိုပျော်ရွှင်စေတယ်လို့ ကိုယ်တော်ဘာကြောင့်ခံစားမိနေရတာလဲ..."
ဧကရာဇ်ကလင်းရှောင်အားကြည့်နေရင်း ရုတ်တရက်အဓိပ္ပါယ်ပါပါဆိုလာသည်။
လင်းရှောင်လည်းတောင့်သွားပြီး သူ့ခေါင်းမှာလည်းဗလာဖြစ်သွားခဲ့သည်။ သို့သော် လင်းရှောင် သူ့မျက်နှာတွင် မပေါ်စေရပဲ ခေါင်းငုံ့လျက်ဆိုလိုက်သည်။
"အရှင် ငယ်သားကို ဒီလိုမျိုး မစနောက်ပါနဲ့လား..."
ဧကရာဇ်ကလင်းရှောင်အား နားလည်သလိုအကြည့်ဖြင့်ကြည့်နေခဲ့သည်။
လင်းရှောင်အတော်ကြာအောင်စောင့်နေသော်လည်း ဧကရာဇ်မှတုံ့ပြန်မလာတော့ ကြောက်ချွေးပြန်လာမိပြန်သည်။ ထို့ကြောင့်မထူးတော့သည့်အဆုံး
အရဲစွန့်ရန်ဆုံးဖြတ်လိုက်သည်။
"အရှင် ဒီငယ်သားက ညံ့ဖျင်းပြီး အပြစ်လည်းရှိပါတယ်။ ဒါပေမယ့်ငယ်သားက ကလေးဘ၀ကတည်းက အကကိုလေ့ကျင့်ခဲ့ဖူးတာမို့
အရှင့်ရဲ့နောက်လာမယ့်စားသောက်ပွဲမှာ ဒီနေ့ရဲ့ဆုံးရှုံးမှုကိုအဖတ်ဆယ်ဖို့ဖျော်ဖြေပေးပါရစေ အရှင်..."
ဧကရာဇ်ကမျက်ခုံးအသာပင့်လျက် အမူအယာမှာလည်းပြေလျော့သွားကာမေးလာသည်။
"မင်းကဘယ်လိုများအဖတ်ဆယ်မလို့လဲ"
လင်းရှောင်ကခေါင်းကိုငုံ့ထားဆဲဖြစ်ပြီး ရိုကျိုးစွာပြန်ဖြေလိုက်သည်။
"အရှင် ဒီနေ့မောင်းမမိုရွှီက အရိပ်အကကို မအောင်မြင်ပဲသံတမန်တွေကိုမျက်နှာပျက်စေရတဲ့အတွက် ဒီငယ်သားကမနက်ဖြန်မှာ ဒီအကကိုပဲလှပအောင်ဖြော်ဖြေပြီး မကောင်းတဲ့မှတ်ဥာဏ်တွေကိုချေဖျက်ပေးပါ့မယ်..."
ဧကရာဇ်လည်း အခုလေးတင် သူမြင်တွေ့ခဲ့ရသော ဤယောကျာ်းပျို၏အကအလှကိုသတိရမိလျှင် မတတ်နိုင်ပဲ အသိအမှတ်ပြုမိရသည်။
လင်းရှောင်က သူ့ကိုယ်သူ ကြမ်းပင်ပေါ်ခေါင်းငုံ့လျက်...
"ဒီငယ်သားက အရှင့်ရဲ့ပူပန်မှုတွေ တာဝန်တွေကို မျှဝေခံစားပေးချင်ရုံပါ..."
ဧကရာဇ်၏မျက်နှာမှာ ပြုံးယောင်သန်းလာခဲ့ပြီး
လင်းရှောင်အား ညင်သာစွာလက်ကမ်းကာ ဆွဲထူလိုက်သည်။
"နောက်တစ်ကြိမ် ကိစ္စတစ်ခုခုရှိရင် ကိုယ်တော့်ကိုပြောပါ.. ကိုယ်တော်မင်းဘက်က ယုံပေးမယ်..."
လင်းရှောင်လည်းအံ့အားသင့်မိရာကနေ သူ့ရင်ထဲနွေးထွေးမိသွားရသည်။ထို့နောက် နူးညံ့စွာပြန်ဖြေလိုက်သည်။
"အရှင့်ကို ကျေးဇူးတင်ပါတယ်..."
ဆီမီးခွက်တို့၏ယိမ်းထိုးနေမှုကြောင့် အခန်းထဲရှိဖျော့တော့သောအလင်းရောင်အောက်တွင် သူ့ရှေ့မှ ကုန်းကုန်းငယ်လေး၏မျက်နှာမှာ သု့အားညှို့ငင်နေသလိုခံစားရသည်။ သူ၏မျက်၀န်းများထဲတွင် မီးတောက်ငယ်လေးရှိနေပြံး သူ့မျက်နှာပေါ်က အပြုံးလေးနှင့်ပေါင်းစပ်လိုက်လျှင် အလွန်ဆွဲဆောင်မှုရှိလှသည်။ ဧကရာဇ်လည်းမနေနိုင်တော့ပဲ အမိန့်ပေးလိုက်ရသည်။
"မနက်ဖြန် မင်းအရိပ်အကကိုဖြော်ဖြေပြီးတဲ့အခါ အပြင်ကိုထွက်လာပြီး အရိုအသေပေးဖို့မလိုအပ်ဘူး။ ဒီတိုင်းတန်းပြန်သွားလိုက်ပါ"
ဤအမိန့်မှာအနည်းငယ်ထူးဆန်းနေသော်လည်း လင်းရှောင်လည်း နာခံစွာခေါင်းငြိမ့်လိုက်သည်။
ဧကရာဇ်လည်းကျေနပ်စွာ မျက်လုံးများအားမှေးကျဉ်းလိုက်သည်။ သူ၏အမူအယာမှာလွန်စွာညင်သာလျက် စိတ်အခြေအနေမှာလည်းကောင်းမွန်နေပုံပင်
သူကလင်းရှောင်အား ဆွဲထားသောလက်ကိုအနေအထားပြောင်းလိုက်ပြီး လင်းရှောင်အား သူ့ရင်ခွင်ထဲသို့ဆွဲခေါ်လိုက်သည်။ လက်တစ်ဖက်ကမူ လင်းရှောင်၏ခါးကိုပွေ့လျက် တစ်ဖက်ကမူ လက်မောင်းမှထိန်းကိုင်လျက် ဖယောင်းတိုင်များပြည့်နေသော အခန်းမှထွက်လျက် သူ့အား အိပ်ခန်းထဲသို့ခေါ်လာခဲ့သည်။
သူ့ခါးအားပွေ့ထားသော အရှင့်၏လက်မှာ မီးပြင်းဖိုကြီးတစ်ခုလိုမျိုး သူ့ကိုယ်တစ်လျှောက်လုံး အပူများပြန့်နှံ့သွားစေသည်။ ဧကရာဇ်၏လက်ဖဝါးကြီးလှုပ်ရှားရာတစ်လျှောက် ပူနွေးမှုနှင့် ယားယံမှုက လင်းရှောင်အားတုန်ယင်သွားစေသည်။
လင်းရှောင် ရုတ်တရက် အားနည်းသွားသလိုခံစားရပြီး သူ့ခြေထောက်များမှာလည်းပျော့ခွေလျက် အရှင့်၏ရင်ခွင်တွင် အားလျော့စွားမှီထားမိသည်။
ထိုပုံစံလေးကြောင့် ဧကရာဇ်လည်းသူ့အား အိပ်ယာဆီတိုက်ရိုက်ခေါ်သွားလိုက်တော့သည်။သို့သော် အိပ်ခန်းသို့၀င်၀င်ချင်းပြီး လင်းရှောင်မှာ ရေခဲရေတစ်ပုံးဖြင့်လောင်းချခံလိုက်ရသလို နိုးကြားသွားခဲ့သည်။
သူကသူ့ကိုယ်သူထရပ်ရန်ကြိုးစားလိုက်သော်လည်း ဧကရာဇ်မှာ သူ့အားအိပ်ယာပေါ်သို့ခေါ်သွားနှင့်ပြီဖြစ်သည်။
ဧကရာဇ်၏မျက်နှာမှာနီးကပ်လာပြီး လင်းရှောင်၏နှလုံးသားမှာ တဒိုင်းဒိုင်းနှင့် အရှိန်ပြင်းစွာခုန်လာခဲ့သည်။ သူ့ခေါင်းမှာလည်းနောက်သို့တဖြည်းဖြည်းဆုတ်ကာရှောင်ရှားနေမိသည်။
ဧကရာဇ်ကလည်း သူ့ရှောင်တိမ်းမှုကို သတိထားမိပြီး မျက်မှောင်ကြုတ်လိုက်သည်။
"အ..အရှင်.. ဒီငယ်သား.. တကယ်တော့.. ဒီငယ်သား အဆင်သင့်မဖြစ်သေး.."
လင်းရှောင်အကြောင်းပြချက်ရှာလိုသော်လည်း သူ့မှာကြောက်ရွံ့မှုကြောင့် စကားပင်ထစ်မိသည်။
"မင်းကိုယ်မင်း အဆင်သင့်မဖြစ်သေးဘူးလို့ ပြောဦးမလို့လား"
ဧကရာဇ်၏အကြည့်မှာ လင်းရှောင်အားလောင်ကျွမ်းစေတော့မတတ်ပင်။
ဧကရာဇ်၏မျက်နှာမှာ အလိုမကျမှုကြောင့်မဲမှောင်လျက် သူ၏လေသံမှာလည်းဒေါသအချို့စွက်နေပေရာ လင်းရှောင်ဘာမှထပ်မပြောရဲတော့ပဲ တိတ်နေမိသည်။
သို့သော်လည်း လင်းရှောင် သည်အတိုင်းလက်မလျော့နိုင်သဖြင့် သူ့ဦးနှောက်မှ အကြောင်းပြချက်တစ်ခုကိုအလျင်အမြန်စဉ်းစားနေခဲ့သည်။
နောက်ဆုံးအကြံတစ်ခုကိုတွေးမိပြီး သူ့မျက်လုံးများလည်းတောက်ပသွားခဲ့သည်။ သူကအရှင့်၏ရင်ဘတ်ကလက်ဖြင့်သာသာလေးတွန်းလျက် အရှင်ဒေါသမထွက်ခင် အမြန်လျှောက်တင်လိုက်သည်။
"အရှင် ကျွန်တော်မျိုးအရှင့်ကို အမှန်တကယ်ပဲ ခစားချင်ပါတယ် ဒါပေမယ့် ဒီညကတော့အဆင်မပြေလို့ပါအရှင်..."
ဧကရာဇ်မှာသူ့အားစိုက်ကြည့်နေပြီး အကြောင်းပြချက်အားစောင့်ဆိုင်းနေပုံပင်
လင်းရှောင်ကနှုတ်ခမ်းကိုကိုက်လျက်
" အရှင် ကျွန်တော်မျိုးကြားတာကတော့ အမျိုးသားနှစ်ယောက် လိင်ဆက်ဆံပြီးတဲ့အခါ အောက်ပိုင်းကမခံနိုင်အောင် နာကျင်ရပြီးနောက်တစ်နေ့မှာ အိပ်ယာကတောင်မထနိုင်ဘူးတဲ့။ ကျွန်တော်မျိုး အရှင်ပေးမယ့်နာကျင်မှုကို မကြောက်ရွံ့ပါဘူး ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်မျိုးက အရှင့်ကိုဖြည့်ဆည်းပေးချင်တာပါ...
ဒါပေမယ့် ကျွန်တော်မျိုး မနက်ဖြန်မှာ သံတမန်တွေကိုဖျော်ဖြေပေးဖို့လိုအပ်ပါသေးတယ်အရှင်။ ကျွန်တော်မျိုးမနက်ဖြန်ညမှာအမှားတစ်ခုခုလုပ်မိပြီး အပြစ်ဒဏ်ခံရမှာကြောက်ရွံ့မိပါတယ်အရှင်..."
ဧကရာဇ်လည်း အမူအယာမဲ့စွာ သူ့အပေါ်ကထလိုက်ပြီး အိပ်ယာကိုမှီ၍ထိုင်လိုက်သည်။
လင်းရှောင်မှာ အရှင့်ရဲ့ဆုံးဖြတ်ချက်ကိုစောင့်ပြီး ရင်တွေတအားခုန်နေခဲ့သည်။
ဧကရာဇ်ကနောက်ဆုံးတော့လှုပ်ရှားလာခဲ့သည်။
သူကလက်နှစ်ဖက်ကိုဆန့်လျက် အမိန့်ပေးလိုက်သည်။
"ကိုယ်တော့်အ၀တ်တွေကိုချွတ်ပေး..."
လင်းရှောင်အေးခဲသွားမိသည်။
ဒါဆိုဧကရာဇ်ကသူ့ကိုဆက်လုပ်တော့မှာလား
လင်းရှောင် သူ့ဘောင်းဘီထဲမှ ညီငယ်လေးအကြောင်းတွေးမိလျှင် အလွန်ကြောက်လာမိသည်။
သူကငြင်းလည်းမငြင်းဆန်ရဲတာကြောင့် လက်ကိုဆန့်လျက် အရှင့်၏အ၀တ်တွေအား တုန်တုန်ယင်ယင်ဖြင့် ချွတ်ပေးလိုက်ရသည်။သူ၏ခေါင်းမှာလည်း ထူပူနေပြီး ဤအခြေအနေမှလွတ်မြောက်ရန်နည်းတစ်ခုကို အလျင်အမြန်စဉ်းစားနေရသည်။
ကုန်းကုန်းလေး တုန်ယင်နေတာကိုကြည့်ရင်း ဧကရာဇ်မှာ ရယ်စရာကောင်းတယ်လို့ခံစားမိကာ
စိတ်လက်မကြည်သာမှုများလည်း လွင့်ပျယ်သွားတော့သည်။ လက်ကိုဆန့်လျက် ကုန်းကုန်းငယ်လေး၏မေးကိုပင့်ကာ အနားတိုးလျက် ပြောလိုက်သည်။
"စိတ်လျှော့ပါ ကိုယ်တော်ဒီမှာအိပ်ရုံပဲအိပ်မှာ မင်းကိုဘာမှမလုပ်ပါဘူး..."
လင်းရှောင် ကြောင်တောင်တောင်ဖြစ်သွားသည့်တိုင် သူ့စိတ်မှာတော့ပြေလျော့သွားခဲ့သည်။ အိပ်ယာခင်းတစ်ခုတည်းအောက်တွင်အတူလဲလျောင်းရင်း လင်းရှောင်မှာ သူ့လျှို့ဝှတ်ချက်ပေါ်သွားမည်စိုးသဖြင့် ခြေထောက်ကိုအစွမ်းကုန်ပူးကပ်ထားခဲ့သည်။
သူနှင့်ယှဉ်လျှင် ဧကရာဇ်မှာ ပေါ့ပါးစွားနှင့် တဖက်သို့လှည့်လျက် လင်းရှောင်အားကြည့်လာခဲ့သည်။
လင်းရှောင်လည်း ဧကရာဇ်နှင့်အကြည့်ချင်းမဆုံရဲတာကြောင့်တိုးတိုးလေးသာပြောလိုက်သည်၊
"အရှင် အချိန်ကမစောတော့ပါဘူး မအိပ်သေးဘူးလား..."
ဧကရာဇ်က သူ့စကားကြောင့် ပြန်လှည့်သွားသည်။ သို့သော် ရုတ်တရက် လင်းရှောင်အား သူ့ရင်ခွင်ထဲသို့ဆွဲယူပြီးပွေ့ဖက်လိုက်သည်။
လင်းရှောင် .ခြေထောက်တွေကိုပူးကပ်ထားရင်း ကြောက်လန့်မှုကြောင့်အသက်ပင်မရှူရဲချေ။
ဧကရာဇ်လည် ခံစားမိပြီး ခပ်ဖွဖွရယ်ရင်း သူ့ကျောကိုအသာပုတ်ပေးလာသည်၊
"မင်းအရမ်းကြောက်နေဖို့မလိုပါဘူး။ကိုယ်တော်ကမင်းကို ဘာမှမလုပ်ဖူးလို့ပြောထားရင် ဘာမှမလုပ်ဘူးပေါ့..."
လင်းရှောင် အနေခက်စွာရယ်လိုက်ပြီး သူ့စိတ်ကိုလည်းလျှော့ချလိုက်ကာ ဧကရာဇ်၏ရင်ခွင်ထဲ နာခံစွာလှဲလျောင်းနေလိုက်တော့သည်။
ဧကရာဇ် လင်းရှောင် ကျောကိုခပ်ဖွဖွပွတ်သပ်ကာ ချော့သိပ်နေရင်း သူ့မျက်လုံးတွေကိုလည်းမှိတ်လိုက်သည်။
"လိမ်မာတယ် အိပ်ကြစို့..."
ဧကရာဇ်မှာလျင်မြန်စွာအိပ်ပျော်သွားခဲ့သော်လည်း လင်းရှောင်မှာတော့ အိပ်မပျော်ပါချေ။
မနက်မလင်းခင်လေးတွင်သာ အိပ်ပျော်သွားရသည်။
သို့သော်မနက်ရောက်သည်နှင့် လင်းရှောင်မှာ ကျေးငှက်တို့၏ ကျီကျီကျာကျာ အသံကြောင့်နိုးလာရသည်။
ဘေးဘီကိုကြည့်လိုက်လျှင် နေရောင်ခြည်ကဖြန့်ကျက်လျက် သူ၏နံဘေးမှာလည်း လစ်လပ်နေခဲ့သည်မှာကြာပြီ။သူ့လက်ဖြင့်စမ်းကြည့်လိုက်တော့ မည်သည့်အနွေးဓါတ်ကိုမှမခံစားရချေ။
သူရုတ်ချည်းထထိုင်လိုက်ပြီး စောင်ကိုဖယ်လျက် သူ့အောက်ပိုင်းကိုစစ်ဆေးလိုက်သည်။ အ၀တ်များမှာနေရာတကျရှိနေသေးသည်ကိုတွေ့မှ စိတ်သက်သာမိသွားရသည်။
လင်းရှောင် မျက်နှာအားရှုံ့မဲ့လိုက်မိသည်။ တချိန်လုံးကြောက်လန့်ပြီး သတိနှင့်နေနေရသော ခံစားချက်ကဆိုးရွားလှသည်
"အထိန်းတော်ကြီး နိုးပါပြီလား..."
တံခါးအပြင်မှအသံထွက်ပေါ်လာသည်။
လင်းရှောင် လှမ်းကြည့်လိုက်ပြီး ရှောင်လိဇီဖြစ်မှန်းသိလိုက်လျှင် လည်ချောင်းကိုရှင်းလိုက်ပြီး ခေါ်လိုက်သည်
ရှောင်လိဇီကခါးကိုကိုင်းလျက် အပြုံးများဖူးပွင့်နေသောမျက်နှာဖြင့်၀င်လာခဲ့သည်။ လင်းရှောင်လည်း သူ့ကိုကြည့်မိတော့ မနေနိုင်ပဲ မေးလိုက်သည်။
"ဘာကိစ္စတွေများရှိလို့ဒီလောက်ပျော်နေတာလဲ..."
"ဘာမှတော့မဟုတ်ပါဘူး။ ဒီငယ်သား က အထိန်းတော်ကြီးနဲ့ အရှင်တစ်ယောက်နဲ့တစ်ယောက် ပိုပြီးနီးစပ်သွားတာကိုတွေ့ပြီး၀မ်းသာမိလို့ပါ..."
လင်းရှောင် မျက်မှောင်ကျုံ့လိုက်မိသည်။
'ဘာကိုနီးစပ်သွားတာလဲ'
"အထိန်းတော်ကြီး အရှင်ကညီလာခံတက်နှင့်ပါပြီ...ဒါပေမယ့် ငယ်သားကို အထိန်းတော်ကြီးဆီ ဒါလေးပို့ပေးဖို့ခိုင်းလိုက်ပါတယ်..."
လင်းရှောင် ရှောင်လိဇီလက်ထဲမှာသေတ္တာလေးကို အခုမှသတိထားမိတော့သည်။ အထဲတွင်တော့ စာအုပ်နှင့် ဘူးလေးတစ်ဘူးပါသည်။
သူ မသင်္ကာစွာ မျက်တောင်ခတ်လိုက်မိသည်။ သူကဘူးငယ်ကိုအရင်ဆုံးထုတ်ယူလိုက်ပြီး ဖွင့်ကြည့်လိုက်သည်၊ ၄င်းမှာ အရောင်မဲ့သောဆေးအဆီတစ်မျိုးဖြစ်ပြီး သင်းသောရနံ့ရှိသည်။ထို ဘာမှန်းမသိသောဆေးအဆီကို ပြန်ချထားလိုက်ပြီး စာအုပ်ကိုထုတ်ယူကာ နှစ်ကြိမ်ခန့် သာမာန်ကာလျှံကာလှန်လှောကြည့်မိလျှင်...
အတွင်း၌ မမျှော်လင့်ထားသော ယောကျာ်းနှစ်ဦးအနေအထားအမျိုးမျိုးနှင့်လိင်ဆက်ဆံနေသည့်ပုံများဖြင့် ပြည့်နှက်နေခဲ့သည်။
လင်းရှောင် စာအုပ်ကိုအမြန်ပိတ်လိုက်ပြီး သူ့မျက်နှာမှာလည်း အိုစာသွားခဲ့သည်။
ရှောင်လိဇီမှာ သူ့နံဘေးတွင်ပြုံးလျက်ရပ်နေသောကြောင့် လင်းရှောင် သူ့အား မကျေနပ်စွာစိုက်ကြည့်လျက်ပြောလိုက်သည်။
"ဟုတ်ပြီ ဟုတ်ပြီ၊ ပေးပြီးရင်လည်းသွားတော့..."
ရှောင်လိဇီလည်းထွက်ခွာသွားတော့သည်။
လင်းရှောင် မျက်မှောင်ကြုတ်ကာ သူ့ရှေ့မှာ ထို မကောင်းဆိုးရွားပစ္စည်းနှစ်ခုကိုကြည့်နေမိသည်။ မိမိမျက်လုံးအား အပ်များဖြင့်လာစိုက်ခံရသလိုပင်။ ထိုပစ္စည်းနှစ်ခုကိုကိုင်ထားရခြင်းမှာ အာလူးပူပူနှစ်လုံးကို ကိုင်ထားရသလိုခံစားရသည်။
နေ့တစ်၀က်ခန့်အချိန်ကုန်ပြီးနောက် လင်းရှောင် ထိုပစ္စည်းနှစ်ခုအား သူ့အံဆွဲထဲရှိချောင်အကျဆုံးနေရာတွင်ထည့်ထားလိုက်သည်။ မလုံလောက်သေးဘူးထင်၍ လင်းရှောင်လည်းနောက်တစ်ခန်းကိုသွားကာ
စာအုပ်စင်ကြားတွင်ထည့်လိုက်သည်။
ဤသည်မှာလည်းမလုံလောက်သေး ပြန်ထုတ်ယူပြီး ကြောင်အိမ်ထဲထည့်ဝှက်လိုက်ပြန်သည်။
ဧကရာဇ်က သူ့အားကြင်ယာတော်မင်းသားအဖြစ် သဘောထားရုံသာမက သူ့အပေါ်မကြံစည်အပ်သည်တို့ကိုပါ ကြံစည်နေလျက် ဤကဲ့သို့စာအုပ်မျိုးကိုတောင် ပို့လိုက်သေးသည်။
နန်းဆောင်တစ်ခုလည်းချီးမြှင့်သည်။ အစေခံများကိုလည်းချီးမြှင့်သည်။ ရတနာများလည်းချီးမြှင့်သည်။
သူကအထိန်းတော်တစ်ယောက်ပါလို့ ဘယ်လောက်ပင်ဆိုစေကာမူ အထိန်းတော်တစ်ယောက်၏တာ၀န်များကို ရှောင်လိဇီကသာအကုန်လုပ်နေနေရသည်။ ရှောင်လိဇီကအရင်ကဆိုလျင် သူ့ဆီလာပြီး ကိစ္စတိုင်းကို ပြန်လျှောက်တင်နေကြပင်။ သို့သော် ဧကရာဇ်ကသု့အားနှစ်သက်သည့်အရိပ်အယောင်ပြလာကတည်းက သူ့အားဘာမှမလျှောက်တင်တော့ပေ။
လင်းရှောင် စိတ်ပျက်လက်ပျက်ဖြင့် ရှောင်လိဇီမှာ လည်လွန်းကြောင်းတွေးမိသည်။ ဧကရာဇ်က သူ့အားကြင်ယာတော်မင်းသားအဖြစ်ရည်ရွယ်နေသည်ကို သိသည်နှင့် သူ့အားအထိန်းတော်တာ၀န်များလုပ်ခွင့်မပေးတော့ချေ။
သူလင်းရှောင်ကိုယ်တိုင်တွင်လည်း ရွေးချယ်စရာမရှိပေ။
သို့သော် မိုရွှိကားကျဆုံးသွားချေပြီ ။
ထို့ကြောင့် သူအထိန်းတော်ဖြစ်ခြင်းမဖြစ်ခြင်းမှာအရေးမပါတော့။
ညအချိန်တွင် နောက်ထပ် စားသောက်ပွဲတစ်ခုကစတင်ပြန်သည်။
စားသောက်ပွဲမှာ ဝိုင်ခွက်များအတွင်း မီးစာထည့်ကာအလှဆင်ထားပြီး ကြယ်ရောင်လိုတဖိတ်ဖိတ်တောက်နေစေသည်။
ဧကရာဇ်က သူ၏ ခြေသည်းကိုးခုနဂါး၀တ်ရုံကို ၀တ်ဆင်ထားပြီး ထိပ်ဆုံးတွင်ထိုင်လျက်ပင်။ တော်၀င်ကိုယ်လုပ်တော် သုံးယောက်လည်းရှိပြီး ၄င်းတို့ဘယ်ဘက်နောက်တွင်တော့ ကုန်းကုန်းတစ်ယောက် ရပ်လျက်ရှိသည်။
လင်းရှောင်က ဧကရာဇ်၏ညာဘက်တွင်ရပ်နေသည်။
နယ်ခြားသံတမန်တို့အား ဖူယွီကျွင်းကဦးဆောင်လာပြီး ဘယ်ဘက်တွင်ထိုင်လိုက်ကာ ညာဘက်တွင်တော့အမတ်ချုပ်ကြီးတို့ကနေရာယူလိုက်သည်။
လင်းရှောင်လည်း လူများကိုအသေးစိတ်ကြည့်လျက် ရှာဖွေနေလိုက်သည်။သည်တစ်ကြိမ်တွင်တော့ အမတ်ကြီးမှာ လန်ဝေ့ကိုခေါ်မလာတော့ချေ။
ရှားပါးလှသော လှပသည့်ပစ္စည်းများ ၊ ဝိုင်ကောင်းနှင့် အစားအသောက်ကောင်းများက စားပွဲတစ်လျှောက်တည်ခင်းထားသည်။
အမတ်ချုပ်ကြီးက အလှလေးတချို့ကိုလည်းခေါ်လာခဲ့သည်။
အမတ်ကြီးမှာ ပြီးခဲ့သောညက မိမိမှာ ဧကရာဇ်ကို မပျော်ရွှင်အောင်လုပ်မိမှန်းသိ၍ ဤညတွင်တော့ အလွန်တက်ကြွနေခဲ့သည်။ သူကတဖက်နိုင်ငံမှာ အိမ်ရှေ့စံ ဖူယွီကျွင်းနှင့် အပြန်အလှန်စကားကောင်းနေခဲ့သည်။
သူကဖူယွီကျွင်းအား အလှလေးတချို့ကိုပင်မိတ်ဆက်ပေးလိုက်သေးသည်။
ဖူယွီကျွင်း မူတိုင်းပြည်သည် မိမိအား တစ်စုံတစ်ယောက်နှင့် လက်ဆက်ပေးချင်နေလျက် ဤအမျိုးသမီးများမှာလည်း သူ့အားရွေးချယ်ရန်ပေးထားသည်ဖြစ်မှန်း သိနေခဲ့သည်။
သို့သော် ဖူယွီကျွင်းက ဝိုင်ကိုသာတစ်ကျိုက်မော့ရင်း ပြုံးလိုက်သည်။ မူဧကရာဇ်က သူတို့တိုင်းပြည်ကအလှလေးတွေကိုကျမျက်စိထဲမထဲပဲ သူကိုယ်တိုင်ကျ မူတိုင်းပြည်ကတစ်စုံတစ်ယောက်ကို အမြန်လက်ခံလိုက်ရင် သူ့ကိုယ်သူမလေးစားရာမကျဘူးလား။
ထိုသို့တွေးပြီးနောက် ဖူယွီကျွင်းလည်း အလျင်မလိုပဲ အမတ်ကြီးငှဲ့ပေးသော ဝိုင်ကိုစိမ်ပြေနပြေသောက်ရင်း အကအလှတို့ကိုသာ ခံစားနေလိုက်သည်။
ရုတ်တရက် ပွဲအတွင်းမှ မီးတ၀က်ခန့်ငြိမ်းသွားပြီး
သုံးဖက်သုံးတန်ကာထားသော ပိတ်ကားချပ်တစ်ခုကို အလယ်တွင်တွေ့လိုက်ရသည်။
ဆီမီးနှင့် ဖန်မီးအိမ်များထံမှ အလင်းတဖျတ်ဖျတ်က ပိတ်ကားပေါ်တွင်ထင်ဟပ်လျက်။
ဖျော့တော့ပြီး ယိမ်းနွဲ့သောမီးရောင်ကြားတွင် ပိတ်ကားနောက်မှ သိမ်မွေ့သော ကိုယ်ဟန်တစ်ခုထွက်ပေါ်လာခဲ့သည်။
ပုံရိပ်လေး၏ကိုယ်ဟန်လေးကပင် အလွန်ဆွဲဆောင်နေပြီး ပိတ်ကား၏နောက်မှပင် သေးသွယ်သောခါးလေးကိုမြင်တွေ့နိုင်သည်။
လူတိုင်းသက်ပြင်းချမိကြသည်။ ဤသည်မှာ မနေ့က မောင်းမမိုတလွဲတချော်လုပ်ခဲ့သော ကကွက်ပင်မဟုတ်ပေလော။ တစ်ယောက်ယောက်ကဒီနေ့လည်းထပ်ပြီး ပြသနာရှာချင်နေတာလား။ လူတိုင်းအချင်းချင်း တီးတိုးဆိုကြကုန်သည်။
ဖူယွီကျွင်းမျက်မှောင်ကြုတ်မိသည်။ သူကား မူဧကရာဇ်၏ ရည်ရွယ်ချက်ကို နားမလည်။
မနေ့ကပဲဤကကွက်ကြောင့်မျက်နှာပျက်ရပြီးပြီမဟုတ်လော ။ အဘယ်ကြောင့် ဒုတိယအကြိမ်လည်း ဤကကွက်ကိုပင်ဖျော်ဖြေရန်ခွင့်ပြုလိုက်ပါသနည်း။
သို့လည်း ရှုပ်ထွေးလှစွာဖြင့် ငယ်ရွယ်သော မူဧကရာဇ်ကိုစူးစမ်းမိလျှင် မူဧကရာဇ်၏ အမြဲ တည်တံ့၍အေးစက်သော မျက်နှာတွင် နူးညံ့သောအကြည့်ကိုတွေ့လိုက်ရပြီး ဖူယွီကျွင်းအံ့အားသင့်သွားမိသည်။
သူကပိတ်ကားနောက်မှကိုယ်ဟန်ကို စိုက်ကြည့်ရင်း နှုတ်ခမ်းမှာလည်း သိသိသာသာတွန့်ကွေးသွားခဲ့သည်။
ဖူယွီကျွင်းမျက်ခုံးပင့်လိုက်မိသည်။
ဤမူဧကရာဇ်မှာ မနေ့တုန်းက သူ့တိုင်းပြည့်မှ အလှလေးများကို တချက်မှစိတ်၀င်စားကြောင်း မပြခဲ့ချေ။ သို့ဆိုလျှင် ဤအရိပ်အကမှာ ဘာများထူးခြားနေလို့လဲ။
အကယ်၍ ညတုန်းကအတိုင်းပဲဆိုရင်တော့ မူတိုင်းပြည် ဧကရာဇ်မှာ ထူးဆန်းတဲ့ အကြိုက်ရှိသည်ဟုသူသံသယ၀င်မိလိမ့်မည်။
ဖူယွီကျွင်း အသာအယာပြုံးလျက် ခေါင်းခါလိုက်မိသည်။
သို့သော် သူ့စိတ်ရဲ့တချို့တ၀က်ကတော့ ပိတ်ကားနောက်မှ ကိုယ်ဟန်ကို အာရုံစိုက်နေမိလေသည်။