အပိုင်း ၃၀
Viewers 12k

တစ်နေ့တစ်နေ့၏အဆုံးသတ်တွင် နန်းတွင်းမှာ အလှဆင်ထားသောဖန်မီးအိမ်များနှင့် လွန်စွာတောက်ပနေလေသည်။ ဧည့်သည်များကလည်းပြည့်နှက်နေပြီး
ပါတ်၀န်းကျင်လေထုမှာသိပ်သည်းလျက် ။
တက်ကြွချင်စဖွယ်ဖြစ်ရမည့်အချိန်တွင် အကုန်လုံးက တိတ်ဆိတ်နေကြသည်။
လူတိုင်း၏အာရုံမှာနေရာတစ်ခုတည်းတွင်သာ စုပြုံလျက်။
ထိုနေရာမှာ သုံးဖက်သုံးတန်ကာထားသောပိတ်ကားဖြစ်သည်။ ပိတ်ကားအတွင်းမှ အလင်းရောင်များ ရောင်ပြန်ဟပ်လျက် သွယ်လျ၍နွဲ့နှောင်းသော ကိုယ်ဟန်တစ်ခုကို မြင်တွေ့နေရသည်။
ကိုယ်ဟန်လေးမှာအလွန် ဆွဲဆောင်နိုင်လှသည်။
လေအဝှေ့တွင် ယိမ်းထိုးနေသော ဆီမီးခွက်များ၏ အလင်းရောင်များကလည်း နွဲ့နှောင်းသော ကိုယ်ဟန်လေး၏ အကွေ့အချိုး အကအလှကို ပံ့ပိုးနေကြကုန်သည်။
အလင်းရောင်နောက်ခံထားသောပိတ်ကားပေါ်၌ ကချေသည်လေးမှာ လိပ်ပြာလေးတစ်ကောင် ကူးလူးပျံသန်းနေသကဲ့သို့ ကျင်လည်စွာလှုပ်ရှားနေခဲ့သည်။
တစ်ချက်တစ်ချက် အလင်းရောင်များကြား ခုန်လိုက်လျှင် နူးညံ့သော ၀တ်ရုံစလေးမှာ လွင့်မျောလျက် ။
ဖူယွီကျွင်းမှာမူလက မူဧကရာဇ်၏အကြည့်ကြောင့်သာ ပိတ်ကားစထံသို့ စိတ်မပါ့တပါကြည့်နေခဲ့သော်လည်း ယခုမူ ဤနတ်သတ်ကြွေတမျှ လှပသည့်ကချေသည်လေး၏အရိပ်တွင် နစ်မျောသွားခဲ့ပြီဖြစ်သည်။
ဤမျှလှပစွာ ကခုန်နိုင်သူတစ်ယောက်။
ဖူယွီကျွင်း ဤအနှိုင်းမဲ့သော ပညာရှင်လေးကိုစိတ်၀င်စားမိသည်။
သူက ထိုပိတ်ကားနောက်မှအရိပ်ကလေးတွင် အကြည့်မလွှဲနိုင်အောင်လှပသောမျက်နှာ၊ နွဲ့နှောင်းသော ကိုယ်ဟန်နှင့် ချိုမြိန်ပြီး နူးညံ့သောအသံလေးနှင့်အတူ ပါးနပ်သောဥာဏ်ရည်လေးလည်းရှိဦးမည်ဟု စိတ်ကူးယဉ်နေမိသည်။
အတွေးများနှင့်ဖူယွီကျွင်းတစ်ယောက် ပိတ်ကားနောက်မှ လူအား အလွန်စိတ်၀င်စားနေမိတော့သည်။
သူ၏ကိုယ်ဟန်မှာ မသေမျိုးတစ်ပါးလို ကျော့ရှင်း၍ ကျက်သရေရှိကာ တချိန်တည်းမှာပဲ နတ်ဆိုးငယ်လေးလို ညှို့ငင်ဆွဲဆောင်နိုင်လွန်းနေပြန်သည်။
ပိတ်ကားနောက်မှ ကချေသည်လေးသည် ပျော့ပြောင်းသော ၀တ်ရုံလက်နားစကို ဝဲပျံစေလျက် ခါးလေးအား ကျင်လည်စွာတစ်ချက်တစ်ချက် လှုပ်ရှားလိုက်လျှင် အလွန့်အလွန် မြူဆွယ်နေပုံလည်းပေါက်သည်။
အလင်းနှင့်အမှောင်ကြားတွင် ဤကချေသည်လေး၏အရိပ်လေးကိုသာကြည့်ပြီး သူလေးမှာ အပြင်ထွက်လာခဲ့လျှင် မည်မျှပင် ချစ်စဖွယ်ကောင်းပါမည်နည်း။မည်မျှပင် နတ်သက်ကြွေတမျှလှပါမည်နည်းဟု တီးတိုးဆိုကြကုန်သည်။
ဖူယွီကျွင်း အံ့သြပြီးရင်းအံ့သြနေရာမှ တစ်စုံတစ်ခုကိုနားလည်သွားခဲ့သည်။ ယခုမူ ဤမူဧကရာဇ်မှာ သူ၏တော်၀င်ကိုယ်လုပ်တော် သုံးဦးကို အဘယ်ကြောင့်စိတ်၀င်စားပုံမပေါ်သည့် အကြောင်းအရင်းကို သိချေပြီ။
သူ့တွင်ဤမျှနတ်မိမယ်လေးသဖွယ် ပြိုင်ဖက်ကင်းအလှလေးရှိနှင့်နေပြီ။
လူတိုင်း ဘယ်သူကပိုသာလဲပြောနိုင်လိမ့်မည်။
ဖူယွီကျွင်းအတွေးများနေစဉ် ပိတ်ကားနောက်မှ ပုံရိပ်လေးမှာ အဆုံးသတ်ကကွက်ကို ကလိုက်ပြီးနော် အလွန်ချစ်စဖွယ်ကောင်းစွာ ဒူးထောက်လျက် အရိုအသေပေးလိုက်သည်ကိုတွေ့လိုက်ရသည်။
အကက ပြီးတောင်ပြီးသွားပြီလား။
ဒါဆို ,ပိတ်ကားနောက်ကလူထွက်လာတော့မှာပေါ့။
ဖူယွီကျွင်း စိတ်မရှည်သည့်နှယ်ထရပ်လိုက်ပြီး ပိတ်ကားနောက်မှ အသက်ရှူမှားလောက်ဖွယ်အလှလေးထွက်လာမည်ကို ခေါင်းမျှော်၍ပင်ကြည့်နေမိသည်။
သို့သော် အလှလေးက အကပြီးဆုံးသည်နှင့် ထိုပိတ်ကားနောက်မှသာတိုက်ရိုက်ထွက်သွားသည်ကို တွေ့လိုက်ရတော့သည်။
"ဒါက.."
ဖူယွီကျွင်းမယုံနိုင်စွာရေရွတ်လိုက်မိသည်။
မူတိုင်းပြည်၏လုပ်ထုံးအရ အရည်အချင်းပြပြီးတိုင်းတွင် အမျိုးသမီးမှာ ထွက်လာပြီးဧကရာဇ်အား အရိုအသေပေးရလိမ့်မည်။ သို့သော် သည်အလှလေးကတော့ အဘယ်ကြောင့် တိုက်ရိုက်ထွက်သွားပါသနည်း။
သူမက မူဧကရာဇ်ကို မျက်လုံးထဲမထည့်ခြင်းလော။ မူဧကရာဇ်ကရော ဤအပြုအမူကို သည်းခံနိုင်ပါသလော။
ဖူယွီကျွင်းလည်းမနေနိုငိတော့ပဲ လှမ်းကြည့်လိုက်မိလျှင် မူဧကရာဇ်အား ပုံမှန်အတိုင်း သာတွေ့လိုက်ရသည်။ သူ၏မျက်နှာမှာ ညင်သာလျက်၊ ကျေနပ်ခြင်းတစ်စွန်းတစ်စကိုလည်းပြသနေခဲ့သည်။
အမျက်ဒေါသဟူသည်ကို ရှာ၍ပင်မတွေ့။
ဖူယွီကျွင်းမျက်လုံးကနားလည်မှုဖြင့်ဖြတ်ခနဲတောက်
ပသွားခဲ့သည်။ ကြည့်ရသည်မှာ အလှလေးဤသို့ထွက်ခွာသွားဖို့ ဧကရာဇ်ကိုယ်တိုင် အမိန့်ပေးထားခြင်းသာဖြစ်လိမ့်မည်။ မူဧကရာဇ်က ဤအလှလေးအား အများသူငှာအား အမြင်မခံစေလိုပဲ သူတစ်ယောက်တည်းသာလျှင် ခံစားလိုပုံရသည်၊
ဖူယွီကျွင်း၏မျက်လုံးများထဲတွင် နှမြောတသဖြစ်မှုနှင့် အလိုမကျမှုများဖြတ်သန်းသွားခဲ့သည်။
သူ့ အကြည့်ကအရမ်းသိသာလွန်းနေ၍ထင်၏။ ဧကရာဇ်မှာလည်း သူ့အားလှည့်ကြည့်လာခဲ့သည်။ အပြန်အလှန်စိုက်ကြည့်မိလျှင် ဧကရာဇ်က ဖူယွီကျွင်း၏ရိုင်းပြမှုကို မနှစ်မြို့စွာမျက်နှာလွှဲလျက် အမတ်ကြီးအားအချက်ပြလိုက်သည်။
အမတ်ကြီးကလည်း ဧကရာဇ်ဆိုလိုသည်အားနားလ်ာလျက် ဝိုင်တစ်ခွက်နှင့်အတူ ဖူယွီကျွင်းထံချည်းကပ်သွားလိုက်သည်။
"မင်းသား ကျွန်တော်မျိုးတို့တိုင်းပြည်ရဲ့ အရိပ်အကကို သဘောကျပါရဲ့လား၊ အရှင်မင်းသားတို့ရဲ့ ခရီးပမ်းမှုကို ဒီလှပတဲ့အကအလှနဲ့ဖြေဖျောက်ပေးနိုင်ဖို့ မျှော်လင့်ထားတာပါ ၊ ဒါပေမယ့် ယဉ်ကျေးမှုမရှိတဲ့မိန်းမကြောင့် ပျက်ဆီးလိမ့်မယ်မထင်ခဲ့ဘူး။
ဒီညမှ ဒီအကရဲ့ အစစ်အမှန်ကိုပြသခွင့်ရခဲ့တာပါ..."
ဖူယွီကျွင်းလည်း ယခုမှသာအတွေးများမှနိုးထလာခဲ့သည်။ သို့ဆိုလျှင် ယနေ့အကမှာ မနေ့ကကပြရန် စီစဉ်ထားသည့်အကဖြစ်သည်ပေါ့။
အမှန်တကယ်လည်းရင်သပ်ရှုမောလောက်ပါပေသည်။
ဖူယွီကျွင်းမှာ ချီးကျူးဖို့တွန့်ဆုတ်နေခြင်းမရှိပဲ
"မူတိုင်းပြည်ရဲ့ အဆိုနဲ့အကက တကယ်ကိုပဲ ပြောင်မြောက်လှပါပေတယ်"
ဤသည်မှာလည်း အရိပ်ကချေသည်လေးကိုသာ ဆိုလိုခြင်းပင်။ ဖူယွီကျွင်းမှာ ထိုအရိပ်ကချေသည်လေး၏ အကြောင်းကို အမှန်ပဲသိချင်လှသည်။
ဖူယွီကျွင်းသည် လက်ထဲမှာဝိုင်ခွက်ကို ညင်သာရွာ ဝေ့၀ဲရင်း တစ်ကျိုက်ထဲမော့သောက်ချလိုက်သည်။
အကြံတစ်ခုက သူ့ခေါင်းထဲတွင်ပေါ်လာခဲ့လေပြီ။
နင်းရွှမ်နန်းဆောင်တွင်...
လင်းရှောင် မိမိ၏ကချေသည်အ၀တ်အစားများကို ချွတ်လျက် အထိန်းတော်အ၀တ်အစားများကိုသာ ပြန်၀တ်ဆင်လိုက်သည်။ ဧကရာဇ်က သူ့အားပြန်လာပြီးခစားရန်မလိုဟုပြောထားသော်လည်း
မိမိအမှန်တကယ်နန်းဆောင်တွင်သာ နားနေဖို့ရွေးချယ်ခဲ့လျှင် ပွဲပြီးသည်နှင် ဧကရာဇ်ရောက်လာမည်ကို စောင့်နေသလိုဖြစ်သွားမည်ကို စိုးရွံ့လှသည်။
ဧကရာဇ်သာရောက်လာလျှင် သူအကြောက်ဆုံးအရာက ဖြစ်ပွားပေတော့မည်။
ဧကရာဇ်၏သူ့အပေါ်စိတ်၀င်စားမှုမှာ အထူးပြင်းထန်လှသည်။
ဧကရာဇ်သူ့အပေါ်စိတ်၀င်စားမှုနည်းသွားစေမည့် နည်းလမ်းတစ်ခုကိုအမြန်ရှာမှဖြစ်ပေမည်။
ခေါင်းထဲတွင် စိုးရိမ်စိတ်များပြည့်နှက်လျက် လင်းရှောင်သက်ပြင်းချမိတော့သည်။
ရုတ်တရက်အပြာရောင်အရိပ်တစ်ခုက သူ့မျက်စေ့ထောင့်တွင်ပေါ်လာခဲ့သော် လင်းရှောင်လည်း ကြောက်လန့်မှုကြောင့်ထခုန်လုမတက်ပင်။
သူဘေးပါတ်၀န်းကျင်အားသေချာစစ်ဆေးကြည့်လိုက် ပြန်တော့လည်း မည်သည့်အရိပ်မျှရှိမနေပြန်။
လင်းရှောင်မျက်တောင်အနည်းငယ်ခတ်လိုက်သည်။ သူအမြင်မှားတာဟုထင်မိသော်လည်း တစ်ခုခုက မသင်္ကာစရာကောင်းလွန်းနေသည်။
နန်းတော်၏ဧရိယာတစ်လျှောက်လုံးအစောင့်များ တင်းကြပ်စွာချထားသည်မို့ မည်သည့်အပြာရောင် အရိပ်ကပေါ်လာနိုင်မည်နည်း။
လုပ်ကြံသူများဖြစ်နေမလား။
လင်းရှောင်လည်း အရိပ်ပျောက်ကွယ်သွားသည့် ဘက်သို့ကြည့်လိုက်မိသည်။
ထိုသည်မှာ...
လင်းရှောင်းခေါင်းကိုမော့လျက်အသေအချာကြည့်မိတော့ ၄င်းမှာ နဉ် အအေးနန်းဆောင်ရှိရာဘက် ဖြစ်နေခဲ့သည်။
လင်းရှောင်လည်းခေါင်းထဲမှလူတစ်ယောက်ကိုတွေးမိသွားခဲ့သည်။ ထိုလူမှာလည်းအပြာရောင်ကိုအထူးနှစ်ခြိုက်စွာ၀တ်ဆင်တတ်သူပင်။ သူ့၏သိုင်းပညာမှာ ထူးချွန်သည်မို့ နန်းတွင်းသို့ သူဆန္ဒရှိသည့်အတိုင်း ၀င်ချည်ထွက်ချည်သွားနိုင်သူ။
ဘယ်သူမှန်းသိလိုက်ပြီမို့ လင်းရှောင်တစ်ယောက် အအေးနန်းဆောင်သို့ လှောင်ပြုံးတစ်ချက်ဖြင့် ဦးတည်လိုက်တော့သည်။
ဟုတ်တာပေါ့။ မိုရွှီကဒုက္ခရောက်နေတဲ့အချိန် သူ့ရဲ့ကာကွယ်သူဥယျာဉ်မှူးကြီးက ဘယ်နေနိုင်ပါ့မလဲ။
အအေးနန်းဆောင်သည် နန်းတွင်း၏ချောင်အကျဆုံးနေရာတွင်စွန့်ပစ်ခံထားရပြီး မှောင်မဲလျက် အထီးကျန်လှသည်။
လင်းရှောင်အပြေးလေးရောက်သွားချိန်တွင် တံခါး၀တွင် ထွန်းညှိထားသော မီးအိမ်အစုတ်လေး နှစ်လုံးကိုသာမြင်ရသည်။ မီးတောက်ငယ်လေးနှစ်ခုမှာ အလွန်ဖျော့တော့နေပြီး နန်းဆောင်အ၀င်၀ရှိ ရွှေစာလုံးဖြင့်တန်ဆာဆင်ထားသော ဆိုင်းဘုတ်မှာလည်း ဆေးရောင်များပြယ်ကာကွာကျလျက်။
အေးစက်သောလေများက လေးဘက်လေးတန်မှ တိုက်ခိုက်နေပြီး ပိုးကောင်များ၏အော်မြည်သံကလည်း ညအလယ်တွင်လူအများကိုကျောချမ်းစေသည်။
လင်းရှောင်လည်းတံတွေးကိုမြိုချလိုက်ကာ အတွင်းသို့ချောင်းကြည့်ဖို့ကြိုးစားလိုက်သည်။ အတွင်းရှိပိန်းပိတ်သောအမှောင်ထုက လူသူမရှိသလိုပင်။
လင်းရှောင်လည်းသတ္တိကိုမွေးလျက် အမှောင်ထဲစမ်းတဝါးဝါးနှင့်ပင် နန်းဆောင်ထဲသို့၀င်သွားလိုက်သည်။
အတွင်းဘက်တွင် မီးရောင်တစ်ခုသာရှိပြီး စကားပြောသံတိုးတိုးကိုလည်းကြားရ၏။လင်းရှောင်လည်း လုံလုံလောက်လောက်ကြားရသည်အထိတိုး ကပ်သွားလိုက်သည်။
"လန်ဝေ့ကောကော မနေ့ကကျွန်မကိုဘာလို့မကူညီတာလဲ"
လင်းရှောင်လည်း မိုရွှီ၏ငိုသံစွတ်နေသော အပြစ်တင်စကားကိုကြားလိုက်ရသည်။
လင်းရှောင်လည်း ကျေနပ်စွာပြုံးလိုက်မိပြီး ပြတင်းပေါက်မှတဆင့် အတွင်းသို့ချောင်းကြည့်လိုက်သည်။
လင်းရှောင်မြင်ရသည့်အနေအထားမှာ လန်ဝေ့ကသူ့အ၀တ်ကိုသုံးပြီး မိုရွှီ၏မျက်ရည်များကို ညင်သာစွာသုတ်ပေးနေခြင်းဖြစ်သည်။
"လန်ဝေ့ကအသုံးမကျတဲ့ကောင်ပါ..." လန်ဝေ့သူ့ကိုယ်သူအပြစ်တင်လိုက်သည်။
ထိုစကားကြားသည်နှင့် မိုရွှီ ပို၍ပြင်းပြင်းထန်ထန်ငိုတော့သည်။
"ဒီတော့ အစ်ကိုက ကျွန်မကိုအဲဒီလူတွေ ဒီနေရာမှာထည့်ထားတာကို ဒီအတိုင်းကြည့်နေတော့မှာလား..."
"ဒီမှာ စားစရာလည်းမရှိဘူး။ နေစရာလည်းမရှိဘူး။လူတွေလည်းမရှိဘူး။ ညဆိုမှောင်လွန်းလို့ ဒီမီးအိမ်လောက်လေးနဲ့ဘာမှမမြင်ရဘူး..."
မိုရွှီ၏အပြစ်တင်သံကိုကြားလျှင် လန်ဝေ့ နှလုံးသားမှနာကျင်မိရကား ပုခုံးအားခပ်ဖွဖွဆွဲဖက်လိုက်သည်။ သူကမိုရွှိအား ခံစားချက်အပြည့်ဖြင့်ကြည့်လျက်ပြောလိုက်သည်။
"ကိုယ်နဲ့ထွက်သွားရအောင်လေ ရွှီရွှီ၊ ကိုယ်မင်းကို နန်းတွင်းအပြင်ကိုခေါ်ထုတ်သွားပေးမယ်၊ မင်းအဲဒီမှာ ဇာတ်မြုပ်ပြီးနေလို့ရတယ်၊ ကိုယ်တို့ဘ၀သစ်စလို့ရတယ်၊ ကိုယ်ကဧကရာဇ်တစ်ပါးလို မင်းလိုသမျှတော့မပေးနိုင်ပေမယ့် ကိုယ်မင်းကို ဝအောင်ကျွေးပြီး နွေးထွေးအောင်လည်းထားနိုင်ပါတယ်၊ မင်းဒီလို၀မ်းနည်းမှုမျိုး ဘယ်တော့မှထပ်မခံစားစေရဘူး..."
မိုရွှီ၏အကြည့်မှာအနည်းငယ်ပြောင်းလဲသွားပြီး ငိုနေသည်လည်းရပ်သွားကာ သူ့အားအသာအယာတွန်းထုတ်လိုက်သည်။
လန့်ဝေ့အား လက်နှစ်ဖက်နှင့်တွန်းထိုးရုန်းကန်ရင်း သူမကဆိုသည်။
"ကျွန်မမသွားနိုင်ဘူး ကျွန်မအရှင့်ကိုပဲသဘောကျတာ..."
"မင်းကသူ့ကိုသဘောကျတယ်၊ သူ့ရဲဘယ်အပိုင်းကိုများသဘောကျတာလဲ၊ မင်းသူ့ကိုနှစ်ကြိမ်ပဲတွေ့ဖူးသေးတာလေ..."
လန်ဝေ့ မနာလိုမှု နားမလည်နိုင်မှုတို့နှင့်အတူမေးလိုက်သည်။
"သူကထက်မြက်တယ်၊ သန်မာတယ်၊ ခန့်ညားတယ်၊ အရပ်လည်းရှည်တယ်၊ သူလက်တစ်ချက်ဝေ့လိုက်တာနဲ့ ရာနဲ့ချီတဲ့သူတွေဒူးထောက်ရတယ်၊ သူစိတ်ဆိုးတာနဲ့ အဲဒီလူကို သေစေချင်ရင် အဲဒီလူကအသက်ပေးရတယ်၊ အရှင်ကသာကျွန်မကိုသဘောကျရင် ကမ္ဘာပေါ်မှာရှိသမျှအကောင်း ဆုံးအရာမှန်သမျှရနိုင်လိမ့်မယ်..."
လန်ဝေ့ အလွန်အံ့အားသင့်နေဟန်ဖြင့် မိုရွှီအားကြည့်လိုက်မိသည်။
"အဲဒါက မင်းသူ့ကိုအမှန်တကယ်သဘောကျတာမှမဟုတ်တာ..."
လန်ဝေ့၏စကားကိုမိုရွှီမကြားတော့ သူမအတွေးထဲ၌သာနစ်မြုပ်နေလေသည်။
သူမကလှပသောအနာဂါတ်ကိုစိတ်ကူးယဉ်နေပုံရကာ အပြုံးဖြင့်ခေါင်းကိုမော့လိုက်သည်။သို့သော် သူမ၏လက်ရှိအခြေအနေကိုသတိရမိလျှင် မျက်နှာမှာ တဖန်စိတ်ပျက်လက်ပျက်ဖြစ်သွားပြန်သည်။
မဖြစ်သေးဘူး။
သူမဒီနေရာမှာလုံ၀ဆက်မနေနိုင်ပေ။
မိုရွှီ၏တွက်ချက်နေသောအကြည့်များက လန်ဝေ့အပေါ်သို့ကျရောက်လာခဲ့ပြီး သူ၏ကအပြုံးချိုချိုလေးဖြင့် သူမတစ်ကိုယ်လုံးဖြင့် လန်ဝေ့အား မှီတွယ်လာခဲ့သည်။
လန်ဝေ့လည်းတုန်လှုပ်လျက် သူမ၏လိုက်လျောသောအပြုအမူကြောင့်အလွန်ရင်ထဲထိသွားမိလေသည်။ သူလည်းမနေနိုင်တော့ပဲ ညင်သာစွာမေးလိုက်သည်။
"ရွှီရွှီမငိးဘာတွေလုပ်..".
"လန်ဝေ့ကောကော၊ ကျွန်မကိုကူညီပါ၊ ကျွန်မကိုဒီကထွက်ရအောင်ကူညီပါ။ အသနားခံပြီးတော့ပဲဖြစ်ဖြစ် ဧကရာဇ်ကကျွန်မကိုလွှတ်ပေးအောင် လုပ်ပေးပါ။ ဧကရာဇ်သာ ကျွန်မကို သေချာမြင်တွေ့ဖို့ အခွင့်အရေးရတာနဲ့ သူကျွန်မကိုချက်ချင်းချစ်မိသွားမယ်ဆိုတာ သေချာတယ်..."
လန်ဝေ့နှလုံးသားမှာ ခါးသက်သွားရသည်။ အချိန်အတော်ကြာလျှင် သူကသက်ပြင်းချလိုက်ပြီး မိုရွှီ၏အလွန်ချွဲနွဲသောအသံကိုလည်းကြားလိုက်ရသည်။
"လန်ဝေ့ကောကော ကတိနော် ကတိ'
ပြောရင်းနှင့် မိုရွှိမှာမျက်ရည်များစီးကျလာပြန်ရာ လန်ဝေ့လည်းပျော့ပြောင်းသွားရပြန်သည်။
"အင်းပါ။ စိတ်ချ၊ ကိုယ်မင်းကို ဒီကရအောင်ထုတ်ပေးမယ်..."
မိုရွှီကြားလျှင် လန်ဝေ့၏ရင်ခွင်ထဲမှ အလွန်ကျေနပ်စွာပြုံးလိုက်သည်၊ ထို့နောက်သူမကချက်ချင်းပင်
"ဒါဆိုလည်း မနက်ဖြန်သွားပြီး ချက်ချင်း အသနားခံပေးနော်၊ ကျွန်မဖြင့်ဒီမှာ တစ်စက္ကန့်လေးတောင် ဆက်မနေချင်တော့ဘူးရယ်..."
ပြောရင်းဆိုရင်း မိုရွှီကပါတ်၀န်ကျင်အား မနှစ်မြို့သလိုကြည့်လိုက်ကာ...
"ဟင့်အင်း ကျွန်မလုံး၀ကိုမနေချင်တော့ဘူး။ လန်ဝေ့ကောကောအခုသွားပါ။ အခုသွားအသနားခံပြီး အရှင့်ကို ကျွန်မကိုလွှတ်ပေးဖို့ပြောပေးပါ..."
မိုရွှီကလန်ဝေ့ရင်ခွင်ထဲမှထလိုက်ပြီး သူ့ပုခုံးအား ဆွဲလှုပ်ရင်းပြောလာသည်။ လန်ဝေ့မှာ မရုန်းပေ။ မိုရွှီအားအလွန်ချစ်မြတ်နိုးစွာကြည့်လျက်...
"ရွှီရွှီကိုယ့်ကိုနားထောင်ပါဦး၊ ဒီကိစ္စကမင်းထင်သလို မရိုးရှင်းဘူးရယ်၊ ကိုယ့်ကိုထားလိုက်ဦး။ ကိုယ့်အဖေတောင် မင်းကြောင့်လောလောဆယ်အခက်တွေ့နေရတာ။ ကိုယ်တို့သာမင်းနာမည်ကို ဧကရာဇ်မှာ ထုတ်ပြောရဲရင် မင်းကိုပြန်မထုတ်နိုင်တဲ့အပြင် ကိစ္စတွေကပိုတောင်ဦးသွားဦးမယ်..."
မိုရွှိကခဏမျှတိတ်ဆိတ်နေပြီးနောက် လန်ဝေ့အား မျက်မှောင်ကျုံ့လျက် ကြည့်လာခဲ့သည်။
"ဘာပြောတယ်..."
"ကျွန်မကအမတ်ကြီးကိုဒုက္ခရောက်အောင်လုပ်တယ်လို့ပြောချင်တာလား။ ရှင်ကျွန်မကိုမကူညီချင်တော့ဘူးလား..."
"အဲလိုမဟုတ်ဘူးလေ ကိုယ်ပြောတာက အခုလောလောဆယ်ကအချိန်ကောင်းမဟုတ်သေးဘူး။
အခွင့်အရေးကိုစောင့်ရဦးမယ်လို့..."
သို့သော်မိုရွှီကလုံး၀လက်မခံနိုင်ချေ။ သူမမှာ ဤနေရာမျိုးတွင် အကြာကြီးနေရမည်ကိုတွေးမိလျှင် သူမနှလုံးသားမှာ ပုရွက်ဆိတ်အကောင်တစ်ရာခန့် ကိုက်ခဲနေသလိုခံစားရသည်။သူမမှာစိတ်လွတ်သွားပြီး လန်ဝေ့အား အားကုန်တွန်းထုတ်လိုက်သည်။
"ရှင်ကကျွန်မကို ဂရုမစိုက်တာ၊ ရှင့်နှလုံးသားမှာ အမတ်ကြီးပဲရှိတယ် ကျွန်မမရှိဘူး။ ရှင်က အမတ်ကြီးပြောတဲ့အတိုင်းပဲလုပ်မှာလား။ ရှင်သူ့ကိုဘာလို့ အရမ်းနာခံနေတာလဲ၊ သူကဒီတိုင်းသေခါနီးအဖိုးကြီးပဲမဟုတ်ဘူးလား..."
သူမမှာ မပြောသင့်သောတစ်စုံတစ်ခုကိုပြောလိုက်မိမှန်းသိချိန် မိုရွှီသူမပါးစပ်အား လက်ဖြင့်အမြန်ကာမိလိုက်သည်။သို့သော် အားလုံးကို ကြားလိုက်ရပြီးဖြစ်သော လန်ဝေ့မှာ ဖြူဖျော့နေသော မျက်နှာဖြင့် သူမအားမယုံနိုင်စွာ စိုက်ကြည့်နေမိသည်။
လန်ဝေ့ အလွန်မယုံနိုင်ဖြစ်မိရကား ပြန်၍မေးမိသည်အထိပင်။
"ရွှီရွှီ ဘာတွေပြောနေတာလဲ၊ သူကငါ့အဖေလေ..."
မိုရွှီကခဏမျှတိတ်ဆိတ်သွားပြီးနောက် စိတ်ကိုလွှတ်လိုက်ဟန်ဖြင့် အံကြိတ်လျက် ပြောလာခဲ့သည်။
"တောင်းပန်ပါတယ် လန်ဝေ့ကောကော ၊ ကျွန်မအရမ်း၀မ်းနည်းပြီးစိတ်လှုပ်ရှားသွားလို့ပါ။ အစ်ကို့အဖေကို စော်ကားတာမဟုတ်ပါဘူး..."
လန်ဝေ့ မိမိကိုယ်ကိုထိန်းလိုက်ပြီး အလွန်နောင်တရစွာပြောလာခဲ့သည်။
"ရွှီရွှီမင်းနန်းတွင်းကိုရောက်ကတည်းက ပြောင်းလဲသွားပြီ.."
"ကျွန်မမပြောင်းလဲပါဘူး လန်ဝေ့ကောကော ကျွန်မအရမ်းပူပန်စရာတွေများနေရုံပါ..."
မိုရွှီကအလျင်အမြန်ရှင်းပြလာသည်။
လန်ဝေ့ ခေါင်းသာခါလိုက်ကာ သူမကြားချင်တော့ဟုငြင်းဆန်လိုက်သည်။ ထို့နောက်သူကလက်ကိုဆန့်လျက်မိုရွှီ၏ ဆံပင်အားပွတ်သပ်လျက်
"ရွှီရွှီ ငါမင်းကိုကယ်မယ်၊ ငါ့ဘ၀ကိုပေးရပေးရ မင်းကို ကယ်မှာပါ။ ဒါပေမယ့် မင်းဒီတောအတွင်း အချိန်ယူပြီး စိတ်ကိုလျှော့ထားပါ။ ဒီလိုမျိုး မင်းကိုယ်မင်း မရူးသွပ်စေနဲ့ နားလိုက်ဦး။ ငါသွားနှင့်တော့မယ်..."
" ကျွန်မ.." မိုရွှီ တစ်ခုခုပြောချင်သေးပုံရသော်လည်း လန်ဝေ့က ပြတင်းပေါက်မှထွက်သွားနှင့်လေပြီ။
လင်းရှောင်လည်း အခန်းတွင်းမှ မကျေမနပ်နှင့်ခြေဆောင့်နေသောမိုရွှီအားကြည့်နေရင်း အနည်းငယ်တွေးတောလိုက်ကာ လန်ဝေ့နောက်သို့လိုက်သွားရန်ပြင်လိုက်သည်။
ခြေလှမ်းအနည်းငယ်အတွင်း သူ့ရှေ့မှ ပုံရိပ်မှာ ပျောက်သွားချေပြီ။ လင်းရှောင်လည်း အလန့်တကြားနှင့်ဘေးဘီကိုကြည့်ရန်ပြင်လိုက်သော်လည်း ရင်းနှီးနေခဲ့သော အေးစက်သော ဓါးနှင့်အထိအတွေ့ကို သူ၏လည်တိုင်၌ခံစားလိုက်ရလေသည်။
"လင်းရှောင် ၊ ရန်သူတွေ လမ်းကျဉ်းကျဉ်းမှာ ထိပ်တိုက်တွေ့ရတယ်ဆိုတာ အမှန်ပဲကိုး..."