ဓါးထံမှ သွေးဆာနေသော အေးစက်စက်အလင်းရောင်ကိုခံစားမိလျှင် လင်းရှောင်၏ကိုယ်မှာ တမဟုတ်ချင်းတောင့်ခဲသွားရတော့သည်။
ဤဓါးကအရမ်းထက်မှန်းလင်းရှောင်သိသည်။
အနည်းငယ်မှလှုပ်ရှားလိုက်ရုံနှင့်ပင် သူ၏အရေပြားနှင့် သွေးကြောကိုဖြတ်တောက်သွားနိုင်သည်။
လင်းရှောင်လည်း နှလုံးထဲမှပင် အကြောက်တရားကပေါက်ဖွားလာခဲ့သည်။
သို့သော်လန်ဝေ့နှင့် အဆင်တပြေဆွေးနွေးနိုင်ဖို့ဆိုလျှင် မိမိမှာကြောက်ပြနေ၍မရမှန်းလင်းရှောင် အသေအချာသိသည်။ အသက်ကိုပြင်းစွာရှူလိုက်ပြီး တံတွေးကိုမြိုချလျက် မိမိကိုယ်ကိုတည်ငြိမ်အောင် ကြိုးစားလိုက်သည်။ လန်ဝေ့ကသူ့အားအမှန်တကယ် အန္တရာယ်မပြုရဲသည်မှာသေချာသည်။ ဧကရာဇ်၏လက်ရှိသူ့အား တန်ဖိုးထားပုံဖြင့် လန်ဝေ့မှာမိမိကိုဘာမှလုပ်ရဲမည်မဟုတ်။
ထိုအချက်ကိုတွေးမိလျှင် လင်းရှောင်လည်းအနည်းငယ်စိတ်သက်သာရာရသွားမိသည်။
"ဘာလဲ ကြောက်လွန်းလို့လှုပ်တောင်မလှုပ်ရဲတော့ဘူးလား..."
လန်ဝေ့က လင်းရှောင်ထိုအတိုင်းသာရပ်နေလျက် လှုပ်ရှားမှုမရှိသည်ကိုတွေ့လျှင် လှောင်ပြောင်လာခဲ့သည်။
လင်းရှောင်လည်းသူ့အားလှည့်ကြည့်လိုက်သည်။ သို့သော် သူ၏အမူအယာတွင် ရှုပ်ထွေးခြင်းကြောက်လန့်ခြင်းတို့မည်သည် တစ်ခုမှရှိမနေပဲ ပကတိတည်ငြိမ်လျက်။
"သခင်လေးလန်ဝေ့ပါလား..." လင်းရှောင်က ညင်သာစွာဆိုလိုက်သည်။
လန်ဝေ့မှာ လင်းရှောင်၏တည်ငြိမ်မှုကိုမြင်သော် မျက်မှောင်ကြုတ်သွားမိသည်။
"မင်းနည်းနည်းမှမကြောက်ဘူးပေါ့..." လန်ဝေ့ကဓါးကိုမြောက်လိုက်ပြီး လင်းရှောင်၏အရေပြားကို အနည်းငယ်ဖိလိုက်သည်။
လင်းရှောင် အမူအယာပင်ပြောင်းလဲခြင်းမရှိပဲ အသာအယာပြုံးလျက်
"သခင်လေးလန်ဝေ့က သိုင်းပညာမှာတဖက်ကမ်းခတ်အောင် ကျွမ်းကျင်တာပဲ။ ဒီအခြေအနေကိုမျှော်လင့်ထားပြီးသားပါ။ ဘာကိုလန့်နေရဦးမှာလဲ..."
"မင်းက သိရက်သားနဲ့ဘာလို့လိုက်လာတာလဲ..."
လန်ဝေ့ကလှောင်လိုက်သည်။
လင်းရှောင်လည်းခေါင်းကိုအနည်းငယ်ငုံ့လိုက်ပြီး လက်ချောင်းလေးတွေကိုကစားကာ တွေးတောနေပုံပေါ်သည်။
မိုရွှီ အအေးနန်းဆောင်ကိုအပို့ခံလိုက်ရပြီဖြစ်ရာ သူမ၏လွတ်မြောက်နိုင်ချေမှာအလွန်နည်းသည်။သို့သော် လန်ဝေ့သာကူညီပါက သူမ၏လွတ်မြောက်နိုင်ချေကား ပြန်လည်မြင့်တက်သွားလိမ့်မည်။
သူ ထိုသို့ အဖြစ်ခံ၍မရ။
အတွေးဖြင့် လင်းရှောင်အသာအယာဆိုလိုက်သည်။
"ကျွန်တော်မျိုးက သခင်လေးလန်ဝေ့ကို တစ်ခုလောက်သတိပေးရအောင်လာတာပါ..."
လန်ဝေ့ကသံသယဖြင့်မျက်မှောင်ကြုတ်လျက် နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်သည်
လင်းရှောင်ခေါင်းကိုမော့၍ ပြုံးလိုက်ကာ ပြောလိုက်သည်။
"မိုရွှီဆီက ထပ်အလှည့်စားမခံပါနဲ့..."
လန်ဝေ့တစ်ယောက် မိုရွှီဆီမှာအသုံးချခံနေရတယ်ဆိုတာ လင်းရှောင်အတွက် အကောင်းဆုံးဖျော် ဖြေမှုတစ်ခုပင် ။သို့သော် အခုကမူ မတူတော့။
လန်ဝေ့၏လုပ်ပုံကိုမူတည်၍ မိုရွှီတစ်ယောက် အအေးနန်းဆောင်ကလွတ်နိုင်မလွတ်နိုင် အဖြေပေါ်သွားမည်။ လင်းရှောင်က မိုရွှီဒီလိုအခြေအနေရောက်အောင် အတော်ကြိုးစားခဲ့ရသည်။ မည်သို့များ အပျက်စီးခံနိုင်မည်နည်း။
သူ့စကားကြောင့်လန်ဝေ့ မျက်လုံးများကိုမှေးကျဉ်းလျက် ဓါးကိုလည်းလင်းရှောင်၏ လည်ချောင်းအား ပို၍ဖိလိုက်သည်။
"မင်းကများ ဒီသခင်လေးနဲ့ ရွှီရွှီကြားကခံစားချက်တွေကို ၀င်နှောင့်ယှက်ရဲတယ်..."
"နှောင်ယှက်တယ် ဟုတ်လား။ သခင်လေးလန်ဝေ့က အခြေအနေကိုသဘောပေါက်သင့်တယ်..."
လင်းရှောင်လည်း ဓါးထံမှခြိမ်းခြောက်မှုကိုခံစားမိသဖြင့် နောက်သို့တစ်လှမ်းခန့်ဆုတ်ကာရှောင်ရှားလိုက်မိသည်။
လန်ဝေ့ သူ့စကားကိုကြားလျှင်နန်းတွင်းကိုစရောက်ကတည်းက မိုရွှီ၏လုပ်ပုံများကို ပြန်အမှတ်ရသွားသည်။သူ့နှလုံးသားမှနာကျင်သွားပြီး အရှက်ကွဲခြင်းကိုလည်းခံစားလိုက်ရသည်။ သူကဓါးဖြင့် လင်းရှောင်ထံတစ်ဖန်ချိန်လိုက်ပြန်သည်။
လင်းရှောင် ဓါးချက်များကို သူတတ်နိုင်သမျှရှောင်ရှားရင်း စိတ်တိုလာသဖြင့်
"လန်ဝေ့ မင်းအဲလောက်တော့မတုံးဘူး ဟုတ်တယ်မလား။ နန်းတွင်းကိုညဘက်ဖောက်၀င်တာနဲ့တင် အပြစ်ကြီးဖြစ်နေပြီ။ အရှင်ပစားပေးထားတဲ့ အရှင့်ဘေးကလူကိုနာကျင်အောင်လုပ်ရဲရင် မင်းအမတ်ကြီးအိမ်တော်ရဲ့အနာဂါတ်ကိုခေါင်းထဲမထည့်တော့ဘူးလား..."
ထိုစကားများမှာထိရောက်ပြီး လန်ဝေ့သည်လည်းရုတ်ချည်းရပ်တန့်သွားခဲ့သည်။
လင်းရှောင် သက်ပြင်းချလိုက်မိသည်။ လန်ဝေ့အမှန်တကယ် စိတ်လွတ်သွားပြီး သူ့အား သတ်လိုက်မိမှာ စိုးရွံ့လှသည်။
လန်ဝေ့ အသက်ပြင်းပြင်းရှူလျက် ဒေါသကြောင့်နီရဲနေသောမျက်နှာဖြင့် လင်းရှောင်အားစိုက်ကြည့်လာသည်။ထို့နောက် သူ့အကြည့်က လင်းရှောင်၏အောက်ပိုင်းသို့ရောက်သွားပြီး သူ့ခေါင်းထဲတွင် အကြံကောင်းတစ်ခုဖြစ်ပေါ်လာခဲ့သည်။
သူကတမဟုတ်ချင်းတည်ငြိမ်သွားလျက် လင်းရှောင်အားမကောင်းဆိုရွားဆန်စွာပြုံးပြလာလျှင် လင်းရှောင်ခေါင်းထဲတွင်အချက်ပေးသံများဆူညံသွားခဲ့သည်။
ထို့နောက် သူသည်လန်ဝေ့၏စကားသံအားကြားလိုက်ရတော့သည်။
"လင်းရှောင်မင်းကအခု ဧကရာဇ်ပစားပေးတာကို ခံနေရပြီ။ ဧကရာဇ်ကလည်းမင်းကိုအတော်လေးသဘောကျတော့ အမျိုးသားကိုယ်လုပ်တော် အဖြစ်တောင်တင်မြောက်ပေးချင်နေတာ။ ကောင်းပါတယ်။ ဒါပေမယ့် ဧကရာဇ်ဆီကအချစ်ကိုရပြီးမှတော့ မင်းသူ့ကိုအနှေးနဲ့အမြန် မင်းရဲ့ကိုယ်နဲ့ခစားရမှာပဲလေ။ ဒါပေမယ့်မင်းရဲ့လျှို့ဝှတ်ချက်နဲ့ဆို မင်းအရှင့်ကိုဘယ်လိုခစားနိုင်မှာလဲ၊ အရှင့်အတွက်တော့ မင်းကကုန်းကုန်းတစ်ယောက်ပဲလေ..."
ထိုစကားများဖြင့် လန်ဝေ့ဓါးကိုမြောက်လျက် လင်းရှောင်၏ အောက်ပိုင်းကိုချိန်လိုက်သည်။လင်းရှောင်၏အပြုံးမှာခါးသက်သွားပြီး ခြေနှစ်ချောင်းအား မသိမသာပူးကပ်လိုက်မိသည်။
သူ၏သေးငယ်သောလှုပ်ရှားမှုကိုမြင်လျှင် လန်ဝေ့အပြုံးတုကြီးကိုပြုံးလိုက်သည်။ ထိုအပြုံးက လင်းရှောင်အားခေါင်းကြီးနပမ်းကြီးသွားစေသည်။
"မင်းက အမတ်ကြီးအိမ်တော်ကမင်းနန်းတွင်းကို ရောက်လာတာနဲ့ပါတ်သတ်နေတော့ မင်းရဲ့လျှို့ဝှက်ချက်ကို မဖော်လောက်မှန်းသေချာနေတယ်မလား။
အမတ်ကြီးအိမ်တော်ကသာ ဒါကိုဖော်လိုက်ရင် အရှင်က အမတ်ကြီးအိမ်တော်ကို မသင်္ကာဖြစ်မှာလေ။ဒီလိုဆိုရင် အမတ်ကြီးအိမ်တော်လည်းပြစ်မှုကနေလွတ်မှာမဟုတ်ဘူး"
လန်ဝေ့က လင်းရှောင်အားအေးစက်စွာတစ်ချက်ကြည့်လိုက်သည်။ လင်းရှောင်မှာ ဥာဏ်ထက်သော လူပင်။ထို့ကြောင့်လည်း သူ့တွင်နောက်ခံကောင်းရှိမှန်းသေချာနေလျက် ရဲတင်းနေခြင်းဖြစ်သည်။
"ဒါကြောင့်လည်းအမတ်ကြီးအိမ်တော်က သေသည်အထိ မင်းနဲ့ပါတ်သတ်မှုမရှိဘူးလို့ ငြင်းဆန်ဖို့ပဲတတ်နိုင်တယ်လေ။ ဒီလိုနည်းနဲ့ ငါတို့က မင်းဘာသာ လျှို့ဝှက်ချက်ပေါ်သွားမယ့်အချိန်ကိုစောင့်မလို့ပဲ။အရှင်လည်းမင်းကိုစိတ်ကုန်သွားပြီးမင်းအရှင်းခံလိုက်ရတဲ့အချိန် အမတ်ကြီးအိမ်တော်ကလည်း နောက်ခံကိုသိနေတဲ့အကြောင်းကိုသိတဲ့သူတွေကို နှုတ်ပိတ်လိုက်မယ်။ ဒီလိုဆို အမတ်ကြီးအိမ်တော်ကလုံခြုံပြီလေ။ ဒါပေမယ့်လည်း ဒီနည်းအပြင်ကို ပိုကောင်းတဲ့နည်းလမ်းတစ်ခုလည်းရှိသေးတယ်"
ထိုစကားကြားသည်နှင့် လင်းရှောင်ရင်ထဲ မကောင်းသည့်ခံစားချက်များနှင့်ပြည့်နှက်သွားခဲ့သည်။
လန်ဝေ့ရုတ်တရက်ဓါးကိုဝေ့ယမ်းလိုက်လျှင်
လင်းရှောင်အပေါ်၀တ်ရုံမှာ ထိုးခွဲခံလိုက်ရပြီး အောက်ခံတစ်ထပ်သာကျန်ရစ်လေသည်။
လင်းရှောင်ထိတ်လန့်သွားမိသည်။ ထိုစကားများနှင့် ဤဓါးမှာသူ့အတွက် ခြိမ်းခြောက်မှုကြီးပင်
သူကကြောက်လန့်တကြားဖြင့်နောက်သို့အလျင်အမြန်ဆုတ်လိုက်မိသည်။
လန်ဝေ့ ဓါးကို၀င့်လျက် လင်းရှောင်အနီးတစ်လှမ်းပြီးတစ်လှမ်းလျှောက်လာခဲ့သည်။
"မင်းကိုတကယ့်ကုန်းကုန်းတစ်ယောက်ဖြစ်အောင်လုပ်လိုက်ရင် ပြသနာကပိုရှင်းသွားလိမ့်မယ်။ ဒီသခင်လေးကိုကျေးဇူးတင်သင့်တယ်။ မင်းတကယ့်ကုန်းကုန်းဖြစ်သွားတာနဲ့ မင်းရဲ့လျှို့ဝှက်ချက် ပေါ်သွားဖို့စိတ်ပူနေစရာမလိုတော့ဘူးလေ"
လန်ဝေ့အလွန်တောက်ပစွာပြုံးလိုက်သည်။
ယခုလက်ရှိတွင် လင်းရှောင်က ဧကရာဇ်၏ကာကွယ်မှုအောက်တွင်ရှိမနေ။ ပို၍ကောင်းသည်မှာ လင်းရှောင်ကိုယ်တိုင်လည်း ဤအကြောင်းကို ဧကရာဇ်ထံလျှောက်တင်၍မရခြင်းပင်။ .
လင်းရှောင် အံကိုကြိတ်လျက် မျက်နှာကိုရှုံ့မဲ့လိုက်မိသည်။ လန်ဝေ့က ပိုပိုပြီးဦးနှောက်ရှိလာပုံပင်။
လန်ဝေ့က လင်းရှောင်၏အမူအယာကိုကြည့်ပြီး လွန်စွာကျေနပ်အားရမိလေသည်။ လင်းရှောင်ထံတွင် အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ရပြီးနောက် နောက်ဆုံးတွင် ဤနိမ့်ကျသည့်အစေခံကို ပြန်လက်စားချေနိုင်တော့မည်။
လင်းရှောင် အံကိုကြိတ်ရင်းတွေးတောနေမိသည်။
အခြေအနေမှာဤကဲ့သို့ဖြစ်သွားမည်ဟု မထင်ထားမိချေ။
မိုရွှီနှင့်ရင်ဆိုင်ရလျှင် ဦးနှောက်လုံးလုံးမရှိတော့သော လန်ဝေ့မှာ ယခုရုတ်ချည်းထက်မြက်နေပြန်သည်။ ကြည့်ရသည်မှာ မိုရွှီမှာလူတွေ၏ဦးနှောက်ကိုဖျက်ဆီးသည့်ရောင်ဝါပါ ရှိတေသလား မပြောတတ်ပေ။
လင်းရှောင်နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်မိသည်။ သူကလန်ဝေ့အား မိုရွှီကိုမကူညီပေးတော့ရန် ပြောချင်ခဲ့သော်လည်း မိမိကိုယ်ကိုသာ အန္တရာယ်ထဲကျရောက်စေလိုက်သည်။ လင်းရှောင်မှာနောက်သို့ဆုတ်နေရင်း သူ့ခေါင်းထဲမှလည်း လွတ်မြောက်ရေး အကြံပေါင်းစုံကိုတွေးတောနေခဲ့သည်။
ရုတ်တရက်ပူနွေးသော တစ်စုံတစ်ခုကို နင်းမိလိုက်ရာ လင်းရှောင်လည်း လန့်ဖြန့်မိသွားပြီး ဘာကိုနင်းမိလိုကိသလဲငုံ့ကြည့်လိုက်မိသည်။
တစ်ချိန်တည်းတွင် သူ့နောက်သို့လိုက်နေသော လန်ဝေ့မှာ ဓါးဖြင့်တစ်ရှိန်ထိုးတိုး၀င်လာခဲ့သည်။
လင်းရှောင်လည်း အန္တရာယ်ကိုအရင်ဆုံးရှောင်ရှားလိုက်ရသည်မို့ နွေးထွေးသောအရာ၀တ္ထုကိုခတ္တမေ့လိုက်သည်။
လှုပ်ရှားမှုတစ်ချက်နှင့်ပင် လန်ဝေ့ကထိုအရာ၀တ္ထရှေ့တွင်ရပ်လိုက်ပြီး သူ့မြင်ကွင်းအား ကာကွယ်လိုက်သည်။
သို့သော်လင်းရှောင်ကထိုသည်ကိုမြင်လိုက်နှင့်ပြီးလေပြီ။ ၄င်းမှာ မေ့လဲနေကြသော အစောင့်နှစ်ယောက်ဖြစ်လေသည်။
လင်းရှောင်လည်းတွေးတောသွားမိသည်။ အအေးနန်းဆောင်မှာ သာမာန်အအေးနန်းဆောင်သာဖြစ်ပြီး အ၀င်သာရှိပြီး အထွက်မရှိချေ။ ဤနေရာတွင်ရှိနေသည့်လူအများစုမှာ လျစ်လျူရှုခံရပြီး မလွတ်မြောက်နိုင်သူများလည်းဖြစ်သည်။ သို့ဆိုလျှင် ဤအစောင့်နှစ်ယောက်မှာ..
တွေးပြီးနောက် လင်းရှောင်နောက်သို့အလျင်အမြန်လှည့်ကြည့်လိုက်သည်။
လက်တစ်ဖက်နှင့် လန်ဝေ့အားဖမ်းဆွဲထားရင်း နောက်လက်တစ်ဖက်ဖြင့်လန်
ဝေ့၏ကိုယ်အားစူးစမ်းလိုက်သည်။
အအေးနန်းဆောင်၏နောက်ဘက်တွင် မလွတ်မြောက်နိုင်အောင် မြင့်မားသောနံရံကြီးရှိသည်။
၄င်း၏ရှေ့ဘက်တွင် အရံနန်းဆောင်နှင့် လမ်းသွယ်လေးသာရှိ၏။ အအေးနန်းဆောင်အား၀င်ပြီးထွက်လာသူတိုင်း ဤလမ်းငယ်လေးကို မုချဖြတ်သွားရလိမ့်မည်။
လင်းရှောင်ကောင်းကောင်းမှတ်မိသည်။ အအေးနန်းဆောင်မှာ စွန့်ပစ်ခံထားရသော်လည်း လမ်းသွယ်လေးကိုစောင့်ကြပ်သောရဲမက်များရှိသည်ပင်။ သို့သော် လင်းရှောင်၀င်လာစဉ်ကမူ တစ်ဦးကိုသော်မျှမတွေ့ခဲ့ရချေ။
သို့ဆိုလျှင် ဤနှစ်ဦးမှာလန်ဝေ့ မူးမေ့အောင် လုပ်ကြံလိုက်သော အစောင့်နှစ်ဦးပေလော။
ရဲမက်များမှာတစ်နာရီခြားလျှင်တစ်ကြိမ်စီ ဤလမ်းသွယ်အား လာရောက်စစ်ဆေးတတ်သည်။
သူ အအေးနန်းဆောင်သို့ရောက်လာသောအချိန်ကိုတွက်ဆကြည့်လျှင် တစ်နာရီပြည့်လုနီးနီး။
တွေးမိတော့လင်းရှောင် မျက်လုံးများကတောက်ပသွားပြီး သူ့ခေါင်းထဲ၌လည်းအကြံတစ်ခုထွက်ပေါ်လာသည်။
မိုရွှီက လောလောဆယ်အအေးနန်းဆောင်ထဲရောက်နေသော်လည်း ဤအတိုင်းငြိမ်ငြိမ်နေမည်မဟုတ်။ ထို့အပြင်သူမတွင် ကူညီပေးရန် လန်ဝေ့လည်းရှိနေသေး၍လင်းရှောင်စိတ်ဒုံးဒုံးမချနိုင်ပေ။
သူနန်းတွင်းထဲတွင် တိတ်တဆိတ်နှင့်မိုရွှီသေသွားခြင်းကို မျက်ဝါးထင်ထင်မြင်ရပြီးမှစိတ်ချရလိမ့်မည်။ သို့သော်ယခုလောလောဆယ်တွင် ဧကရာဇ်က သူ့ကိုအတော်စိတ်၀င်စားနေသည်မို့ သူ့၏လျှို့ဝှက်ချက်မှာလည်းပေါ်၍မရပေ။ ထို့ကြောင့်လည်း လင်းရှောင်မှာခြေချုပ်မိလျက် မည်သည်ကိုမှတိုက်ရိုက် ကြံစည်မရခြင်းပင်။
သို့သော် ယခုတွင် ခဲတစ်လုံးနှင့်ငှက်နှစ်ကောင်ပစ်နိုင်မည့်အခွင့်အရေးကသူ့မျက်စိရှေ့တွင် ပေါ်လာချေပြီ။
လင်းရှောင်မပြုံးမိပဲမနေနိုင်တော့ချေ။
ထိုအပြုံးကြောင့် လန်ဝေ့လည်းသူ့အားသံသယ၀င်သွားခဲ့သည်။ သူ့ ကိုဓါးဖြင့် ထောက်ထားရင်း မေးလိုက်သည်။
"မင်းကများ ဘာတွေပြုံးနေတာလဲ"
လင်းရှောင်ကမူသူ့ကိုယ်အားတစ်ပါတ်လှည့်လျက် လန်ဝေ့အားလမ်းသွယ်လေးကို ကျောခိုင်းစေပြီး အရံနန်းဆောင်အားမျက်နှာမူစေလိုက်သည်။
လင်းရှောင်ကပြန်မဖြေလျှင် လန်ဝေ့မှာ စိတ်မရှည်တော့ပဲ ဓါးကိုပို၍ဖိထောက်လိုက်သည်။
လင်းရှောင်မှာ အဝေးမှသေးငယ်သောမီးရောင်ငယ်တစ်ခုကတဖြည်းဖြည်းနီးကပ်လာသည်ကိုတွေ့လျှင် ကံတရားကသူ့အားကူညီပေးနေပြီမှန်းသိလိုက်သည်။
"လန်ဝေ့ ငါမင်းကိုနောက်ဆုံးတစ်ခုပဲပြောချင်တယ်"
လန်ဝေ့ကမူ လင်းရှောင်၏နောက်ဆုံးစကားဟူသောအသုံးကြောင့်မျက်မှောင်ကြုတ်မိသော်လည်း နားထောင်နေဆဲပင်။
"ငါ့အောက်ပိုင်းအတွက်ပဲစိတ်ပူမနေနဲ့။ မင်းကငါ့အောက်ပိုင်းကိုတကယ်ဖြတ်ရဲရင် မင်းရဲဟာကိုလည်း ငါသေချာပေါက်ဖြတ်ပြမှာကိုစောင့်ကြည့်နေလိုက်"
"မင်း" လန်ဝေ့မှာ လင်းရှောင်၏ စကားများကြောင့်အလွန်ဒေါသထွက်သွားရကား ဓါးကိုမြှောက်လိုက်တော့သည်။
လင်းရှောင်လည်းထိုဓါးချက်ကိုမရှောင်ပဲ သူ့ပုခုံးအားထိုးမိစေလိုက်သည်။
အသံတစ်ခုနှင့်အတူ ဓါးမှာသူ့အသားထဲဖောက်၀င်သွားခဲ့လျှင် လင်းရှောင် နာကျင်မှုကြောင့်ရှုံ့မဲ့သွားမိသည်။ ၎င်းမှာသူလုပ်နိုင်သမျှအကုန်ပင်။
သူ၏စိတ်ထဲတွင် ဤလူကိုအန္တာရယ်ပြုမရမှန်းသေချာနေခဲ့သည် ။ သို့သော် ယခုတွင်တော့
လန်ဝေ့မှာ လင်းရှောင်၏ရယ်သံတိုးတိုးကြောင့် ရှုပ်ထွေးသွားခဲ့သည်။ လန်ဝေ့မှာလင်းရှောင်မျက်နှာပေါ်မှ အနိုင်ရသော အပြုံးကိုမြင်လိုက်လျှင် မကောင်းသောခံစားချက်ရလိုက်သည်။
ထို့နောက်သူကား လင်းရှောင်၏အော်သံကိုကြားလိုက်ရတော့သည်။
အချိန်ကိုက်ရောက်ရှိလာသော ရဲမက်မှာ လင်းရှောင်အား ချက်ချင်းမှတ်မိလိုက်သည်။ လင်းရှောင်မှာဖြူဖျော့လျက်ချွေးစေးများပြန်နေသည်ကိုမြင်လျှင်
"အထိန်းတော်လင်းဒဏ်ရာရထားတာလား..."
ထို့နောက်ထောင့်ချိုးအကွယ်မှ ကုန်းကုန်းငယ်လေးကိုမြင်လျက် သူကလမ်းခေါ်လိုက်သည်။ ထို့နောက်သူ့ကိုယ်သူထိုကုန်းကုန်းလေးထံမှီချလိုက်ပြီး
"အရှင့်ကိုသွားပြီးလျှောက်တင်ချေ၊ ငါကိုစိတ်ပူမနေနဲ့..."
"ငယ်သားသိပါပြီ" ရဲမက်မှာမနာခံပဲမနေဝံ့တာကြောင့် ခေါင်းငုံ့အရိုအသေပေးပြီးလျှင် အလျင်အမြန်ထွက်သွားတော့သည်။
လင်းရှောင် နာကျင်မှုကြောင့်မတ်မတ်ပင်မရပ်နိုင်တော့ပဲ မြေပြင်ပေါ်လဲကျသွားခဲ့သည်။ ကုန်းကုန်းငယ်မှာ သေးငယ်ပြီး အားနည်းတာကြောင့် လင်းရှောင်အားကောင်းကောင်းမနိုင်ပဲ သူကပါအတူ ထိုင်ကျသွားခဲ့ပြီး လင်းရှောင်၏ဘေးတွင် ဘာလုပ်ရမှန်းမသိပဲ တုန်ယင်နေလေသည်။
လင်းရှောင် ပုခုံးကိုဖိကိုင်ထားရင်း လန်ဝေ့အား စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ ထိုဓါးမှာ သူ့အသက်ကိုမယူခဲ့သော်လည်း အသဲခိုက်အောင် နာကျင်ရဆဲပင်။
နာကျင်လွန်း၍ လင်းရှောင်၏မျက်နှာမှာ လူသေတမျှဖြူဖျော့နေခဲ့သည်။
သိပ်မကြာခင် ဧကရာဇ်က ရှောင်လိဇီနှင့်အစောင့်ရဲမက်တစ်အုပ်ကိုခြံရံ၍ အဆောတလျင်ရောက်လာခဲ့သည်။
လင်းရှောင် သက်ပြင်းအသာချရင်း တိုးညှင်းစွာခေါ်လိုက်မိလေသည်။