ကုန်းကုန်းငယ်လေး၏မျက်နှာမှာလွန်စွာဖြူဖျော့လျက် ချွေးအေးတို့ဖြင့်စိုစွတ်နေပုံမှာ ဝေဒနာကို ကြိတ်လျက်ခံစားနေရမှန်းသိသာစေသည်။
ဧကရာဇ် ဤမြင်ကွင်းကြောင့် ရင်ထဲမှအောင့်မျက်သွားပြီး အောက်သို့အကြည့်ပို့လိုက်လျှင် လင်းရှောင်၏ ပုခုံးထက်မှ ဒဏ်ရာကိုတွေ့လိုက်ရသည်။
ထိုနေရာမှသွေးများယိုစီးနေဆဲဖြစ်ကာ လင်းရှောင်က ညာဘက်လက်ဖြင့်ဒဏ်ရာကိုဖိထားသည်မို့ ညာဘက်လက်မှာလည်းသွေးနီရဲစွာများစိုရွှဲလျက်။
ကုန်းကုန်းငယ်လေး၏ ဖြူဖွေး၍သေးသွယ်သော လက်မောင်းတစ်လျှောက် သွေးများစီးကျနေပုံမှာ ပန်းချီကားတစ်ချက်နှယ် လှပနေသော်ငြား မကြည့်ရက်စရာပင်။
ဧကရာဇ် ရှေ့သို့အမြန်လျှောက်သွားလျက် ကိုယ်ကိုကိုင်းကာ လင်းရှောင်အား သူ့ရင်ခွင်ထဲသို့ ပွေ့ချီ၍ယူလိုက်သည်။
လူတိုင်းက ထိတ်လန့်ကုန်ကြပြီး ဧကရာဇ်နှင့်အတူ ဒူးထောက်လိုက်ကြသည်။
ဤအထိန်းတော်လင်းမှာ ဧကရာဇ်အားမိမိဂုဏ်ပုဒ်ကိုပင်မမှုပဲ ဒူးထောက်စေသော ပထမဆုံးလူဖြစ်လေသည်။ လူတိုင်းကခေါင်းကိုငုံ့ထားသော်လည်း ရင်ထဲကမူ လင်းရှောင်အားအနည်းငယ်ကြောက်ရွံ့နေကြသည်။
"တော်၀င်သမားတော်ကိုသွားခေါ်..."
ဧကရာဇ်က အေးစက်သောအမူအယာဖြင့်တစ်ခွန်းသာပြောလိုက်သည်။
ရှောင်လိဇီလည်း အရိုအသေပေးလျက် အမြန်ထွက်သွားတော့သည်။
လင်းရှောင်က လူတိုင်းဒူးထောက်နေကြပြီး
မိမိကိုယ်တိုင်မှာလည်း အရှင့်ရင်ခွင်ထဲတွင်ဖြစ်ကြောင်း သတိထားမိလျှင် ရင်ထဲမှာထိတ်လန့်မှုနှင့် တောင့်တင်းသွားတော့သည်။
ဧကရာဇ် သူ့အပေါ်ခံစားချက်ရှိနေသည်ကို သိပြီးဖြစ်သော်လည်း ယခု အများရှေ့၌ပင်မိမိအပေါ်မည်သို့ဆက်ဆံသည်ကိုတွေ့ရလျှင် မိမိသည်ဧကရာဇ်အတွက် မည်မျှအရေးပါမှန်းသဘောပေါက်သွားမိလေသည်။
ထိတ်လန့်နေစဉ်အတွင်း ဤသည်မှာမိမိအတွက်လည်း ကောင်းသည့်အချက်ဖြစ်သည်ကို သဘောပေါက်မိရသည်။ မည်သို့ပင်ဆိုစေကာမူ မိမိကိုယ်ကိုအနာခံလိုက်သောလုပ်ရပ်ကြောင့် လောလောဆယ်ပြသနာကိုလည်းဖြေရှင်းပြီးဖြစ်လျက် ရှေ့လျှောက်လည်း ပို၍ကြံစည်ရန်အချိန်ရလိမ့်မည်။
ထိုသို့တွေးတောမိလျှင် လင်းရှောင် အားနည်းစွာပြောလိုက်သည်၊
"အရှင် ဒီငယ်သားအဆင်ပြေပါတယ် စိတ်မပူပါနဲ့..."
လင်းရှောင်၏ခေါင်းမာသောစကားသံလေးကိုကြားလျှင် ဧကရာဇ် အတော်ကြာဘာကိုမှမဆိုနိုင်ပဲ နှုတ်ခမ်းကိုတင်းတင်းစေ့လျက် သူ့အားပွေ့ချီကာ ထရပ်လိုက်တော့သည်။ ထို့နောက်
"လုပ်ကြံသူကို ရအောင်ဖမ်း ၊ မလွတ်စေနဲ့..."
ဒူးထောက်နေသော ရဲမက်များတပြိုင်တည်းဖြေဆိုလိုက်ကြသည်။
လင်းရှောင် အရှင့် ၀တ်ရုံစကိုဖွဖွလေးဆွဲရင်းဆိုလိုက်သည်။
"အရှင် လုပ်ကြံသူက မောင်းမမိုရွှီကိုကယ်ဖို့ကြိုးစားနေတာပါ၊ ဒီငယ်သားလည်း သူတို့အကြံအစည်ကို ကြားသွားပြီး အခုလိုဒဏ်ရာရခဲ့ခြင်းပါ..."
လင်းရှောင်လည်းမိမိ သည်လောက်တောင်စွန့်စားခဲ့ပြီးပြီမို့ လုပ်ကြံသူကိုဖမ်းဖို့အပြင် မိုရွှီ၏လွတ်လမ်းအားလုံးကိုပါတစ်ခါတည်းပိတ်စေချင်ခဲ့သည်။ ထိုလုပ်ကြံသူနှင့်အတူ တစ်ခါတည်းရှင်းပစ်ခံရလျှင် သာ၍ကောင်းသည်။
သို့မဟုတ်လျှင် သူ့၏ဓါးဒဏ်ရာကို ဖြုန်းတီးမိလိမ့်မည်။
သို့သော်သူ့စကားကိုကြားသည်နှင့် ဧကရာဇ်မှာ သူ့အားအလွန်စိတ်ဆိုးမာန်ဆိုးကြည့်လာခဲ့သည်။
အကြည့်မှာသူ့အား ဖောက်ထွင်းသွားတော့မတက်ဖြစ်သည်မို့ လင်းရှောင်လည်းကြောက်လန့်လျက် ဘာကိုမှမဆိုနိုင်တော့။
"ဒီကိစ္စမှာ မင်းခံစားရသမျှ ကိုယ်တော် တရားမျှတအောင်လုပ်ပေးမယ်။ မင်းကမင်းဒဏ်ရာကိုပဲ ကောင်းကောင်းကုပါ..."
ပြောပြီးနောက် ဧကရာဇ် လင်းရှောင်အား နင်းရွှမ်နန်းဆောင်ထံပွေ့ခေါ်သွားတော့သည်။
ဧကရာဇ် သူ့ကို ပွေ့ထားသည်မှာ ယခင်တစ်ခေါက်သူသတိမေ့တုန်းကလိုပင် လွန်စွာနွေးထွေး၍ ခိုင်မြဲလှသည်။
သူကနှုတ်ခမ်းကိုဖွင့်၍ တစ်ခုခုပြောချင်သော်လည်း ဤနူးညံ့သောအခိုက်အတန့်လေးကို မဖျက်ဆီးချင်ပေ။
ထို့အပြင်ဧကရာဇ်၏အမိန့်မှာ သူ့အား ဒဏ်ရာကိုကုသဖို့ထက်ပိုလိမ့်မည် ။ ထို့ကြောင့်သူပြောလျှင်လည်းအပိုပင်။
ဟိုဟိုဒီဒီတွေးပြီးနောက် လင်းရှောင် ငြိမ်နေဖို့သာဆုံးဖြတ်လိုက်ပြီး မိမိကိုယ်ကိုလည်း ဧကရာဇ်၏ရင်ခွင်ထဲသို့ ပိုတိုး၀င်လျက် သက်တောင့် သက်သာဖြစ်အောင်လုပ်လိုက်သည်။
ဖူယွီကျွင်းမှာ အစောင့်ရဲမက်များတပုံတပင်ဖြင့် မူဧကရာဇ်ထွက်ခွာသွားရာဘက်ကိုကြည့်နေမိသည်။
သူကအတွေးတချို့ဖြင့် မေးစိအားပွတ်သပ်လိုက်မိသည်။
ပွဲတော်မှာပြီးဆုံးသွားပြီမို့ ကုန်းကုန်ငယ်လေးတစ်ဦးက ဖူယွီကျွင်းအားလမ်းပြပေးရန်ပြင်လာခဲ့သည်။
ဖူယွီကျွင်းမျက်ခုံးကိုပင့်လျက် မူဧကရာဇ်ထွက်ခွာသွားရာဘက်သို့ နောက်ဆုံးတစ်ချက်ခန့်ကြည့်လိုက်သည်။ ထို့နောက် ကုန်းကုန်းငယ်လေးအား
ပြုံးပြလျက် လိုက်ပါသွားတော့သည်။
နန်းဆောင်သို့ပြန်ရောက်ချိန်၌...
ဖူယွီကျွင်း အခန်းထဲ၌ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်းတွေးတောနေမိသည်။ ထိုအရိပ်ကချေသည်လေးကို သူ့ခေါင်းထဲကလုံး၀ထုတ်မရချေ
ထိုမျှလှပအောင်ကနိုင်သူလေးက ဘယ်သူပါလိမ့်ဟုသာတချိန်လုံးတွေးတောနေမိသည်။
သူမက ဘယ်သူလဲ။ ဘယ်လိုပုံစံလေးလဲ။
ဖူယွီကျွင်းမှာတွေးရင်းတွေးရင်း သူ့နှလုံးသားအား ပုရွတ်ဆိတ်လေးများ ဝိုင်းအုံကိုက်နေသလိုမျိုး မခံချိမခံသာဖြစ်လာမိသည်။
ထိုအရိပ်ကချေသည်လေးထွက်သွားစဉ် သူ၏ကျောပြင်လေးမှာ ဖူယွီကျွင်းအား နေ့နေ့ညညတမ်းတနေစေသည်။
မူဧကရာဇ်က သူမအားမည်မျှ ပိုင်စိုးစိတ်ကြီးလိုက်ပါသနည်း။
ဖူယွီကျွင်း မသင့်လျော်မှန်းသိရက်နှင့်တောင် ထိုအကြောင်းကိုသာတွေးနေမိသည်။
တခြားသူများထံစုံစမ်းကြည့်သေးသော်လည်း မူဧကရာဇ်မှလွဲ၍ ဘယ်သူကမှသူမအားမသိကြပေ။
မူဧကရာဇ်မှာ မစတင်ခင်ကတည်းက ကချေသည်လေးအားတင်းတင်းကြပ်ကြပ်ကာကွယ်ထားသည်မို့ ဖူယွီကျွင်း၏စုံစမ်းမှုများမှာ မစခင်ကတည်းက အဆုံးသတ်သွားရသည်။
သို့သော် မူဧကရာဇ် ထိုမျှကာကွယ်ထားလေလေ ဖူယွီကျွင်းမှာပို၍သိချင်လေပင်။ သူအမှန်တကယ်ကို ထိုကချေသည်လေး၏ အကြောင်းကို သိရမှဖြစ်မည်။
တံခါးခေါက်သံထွက်ပေါ်လာခဲ့သည်။
ဖူယွီကျွင်း သတိပြန်၀င်သွားပြီး စားပွဲတွင်အမြန်၀င်ထိုင်လိုက်ကာ လက်ဖက်ရည်ကိုငှဲ့လိုက်သည်။
၀င်လာသောလူက တစ်ကိုယ်လုံးအညိုရောင်မှိုင်းမှိုင်းကို၀တ်ဆင်ထားလျက် မျက်နှာကိုလည်း ဖုံးကွယ်ထားသည်။
ရှောင်ဖုန်းမှာ သိုင်းအနည်းအကျဉ်းတတ်ပြီး ကိုယ်ဖော့လှုပ်ရှားနည်းကိုလည်းသိကာ တိတ်တဆိတ်လည်းလှုပ်ရှားနိုင်သည်။ ဖူယွီကျွင်းက သူ့အားပွဲတော်အချိန်အတွင်းဘာတွေဖြစ်ပျက်ခဲ့ကြောင်း စုံစမ်းခိုင်းထားခြင်းပင်။
"အရှင်မင်းသား ကျွန်တော်မျိုး သတင်းရခဲ့ပါပြီ..."
ရှောင်ဖုန်းကအလွန်ဂုဏ်ယူနေဟန်ဖြင့်ဆိုလာသည်။
"နန်းတွင်းထဲကိုလုပ်ကြံသူဖောက်၀င်လာခဲ့တာပါ..."
"လုပ်ကြံသူဟုတ်လား..."
ဖူယွီကျွင်းမျက်ခုံးကိုပင့်လိုက်မိသည်။
"ထူးဆန်းတယ်၊ လုပ်ကြံသူရှိတယ်ဆိုရင်လည်း မူဧကရာဇ်က အဲဒီအန္တယာယ်များတဲ့နေရာကို ဘာလို့သွားတာလဲ..."
ရှောင်ဖုန်းကအမြန်လျှောက်တင်လာသည်။
"လုပ်ကြံသူပေါ်လာတဲ့နေရာမှာ ကုန်းကုန်းငယ်တစ်ယောက်ရှိနေခဲ့ပါတယ်..."
ဖူယွီကျွင်းကကြောင်သွားလျက် မယုံကြည်နိုင်မှုများလည်း သူ့မျက်နှာပေါ်တွင်နေရာယူလာခဲ့သည်။
ထို့နောက်သူက အတော်ကြာတွေးတောပြီးမှပြောလာခဲ့သည်။
"အဲဒီကုန်းကုန်းမှာထူးခြားတာတစ်ခုခုရှိလား..."
ရှောင်ဖုန်းကပြန်ဖြေသည်။
"ကျွန်တော်မျိုးလည်းမသိပါဘူး။ ဒါပေမယ့်ကြားမိတာကတော့ အဲဒီကုန်းကုန်းလေးက မူဧကရာဇ်ရဲ့ ပထမဆုံး အမျိုးသားကြင်ယာတော်ပါတဲ့..."
"အမျိုးသားကိုယ်လုပ်တော် ဟုတ်လား..." ဖူယွီကျွင်း၏မျက်လုံးများကပြူးကျယ်သွားခဲ့သည်။
"မဟုတ်သေးဘူး သူကယောကျာ်းအစစ်တော့မဟုတ်ဘူးပဲ။ မူတိုင်းပြည်ဧကရာဇ်မှာ ဒီလိုအကြိုက်မျိုးလည်းရှိမယ်လို့မထင်ထားခဲ့မိဘူး..."
သူ့တွင်ထို လျှို့ဝှက်ဆန်းကြယ်သော ကချေသည်လေးသာမက ကုန်းကုန်းတစ်ယောက်လည်းရှိနေသေးသည်။ ဤမူဧကရာဇ်မှာ အမှန်ပင်ခန့်မှန်း၍မရသော စိတ်နေစိတ်ထားရှိသည်ပဲ။
ထိုအတွေးကြောင့် ဖူယွီကျွင်း စိတ်ပျက်လက်ပျက်ခေါင်းခါမိတော့သည်။
"ဒါဆို လုပ်ကြံသူက အဲဒီကုန်းကုန်းကို လုပ်ကြံဖို့ကြိုးစားခဲ့တာလား..."
ရှောင်ဖုန်းကပြန်ဖြေလာသည်။
"မဟုတ်ပါဘူး အရှင်မင်းသား၊
လုပ်ကြံသူက တစ်ယောက်ယောက်ကိုကယ်ဖို့၀င်လာခဲ့တာပါ..."
"ကယ်ဖို့ ဟုတ်လား..."
ဖူယွီကျွင်းမျက်ခုံးပင့်မိလိုက်သည်။
ရှောင်ဖုန်းကတွေးတောရင်းပြောလိုက်သည်။
"အရှင်မင်းသား မနေ့ညက ပွဲဖျက်လိုက်တဲ့ အလှလေးကိုမှတ်မိသေးတယ်မလား..."
ဖူယွီကျွင်းခေါင်းငြိမ့်လိုက်သည်။ ထိုမိန်းမက အမှန်တကယ်ပွဲဖျက်သူကြီးပင်။ သူမေ့ချင်ရင်တောင်မရပေ။
ရှောင်ဖုန်းကဆက်ပြောလာသည်။
"လုပ်ကြံသူက သူမကိုကယ်တင်ဖို့ကြိုးစားခဲ့တာပါ..."
ဖူယွီကျွင်း အံ့သြသွားမိတော့သည်။ ထို့နောက်ပုံရိပ်တချို့ကလည်း သူ့ခေါင်းထဲတွင်ပေါ်လာခဲ့သည်။ ထိုအပြာရောင်၀တ်ထားသောအမျိုးသားမှာ သူမနှင့်မရိုးရှင်းသော ပါတ်သတ်မှုရှိသည်။ထိုအမျိုးသားမှာလည်း မူတိုင်းပြည်အမတ်ကြီး၏ သားဖြစ်သူ လန်ဝေ့ပင်။
အဲဒီအမျိုးသမီးကို ကယ်ဖို့ကြိုးစားတယ်ဆိုတာ သူလား။
ဖူယွီကျွင်းအဖြေထုတ်နေစဉ် ရှောင်ဖုန်းက ဆက်ပြောလာခဲ့သည်။
"အဲဒီလုပ်ကြံသူကကယ်ဖို့ကြိုးစားနေတုန်း ကုန်းကုန်းလေးနဲ့တိုးတော့ ကုန်းကုန်းလေးဒဏ်ရာရသွားတာ။ သူဒဏ်ရာရသွားတာနဲ့ မူဧကရာဇ်လည်းချက်ချင်း စိုးရိမ်ပြီးလိုက်လာတာပဲ...".
ဖူယွီကျွင်းတစ်ယောက် ရသမျှသတင်းအချက်အလက်များကိုစုစည်းတွေးတောလိုက်မိသည်။ မူနန်းတွင်းကိုပင်လျှင်အလိုရှိသလိုဖောက်၀င်နိုင်သော လုပ်ကြံသူက ဤအားနည်းသောကုန်းကုန်းလေးကိုတော့ အသက်ရှင်လျက်လွတ်သွားစေသည်လော။ ထို့အပြင် မူဧကရာဇ်ကိုလည်း စိုးရွံ့စေသည်လော။
ဖူယွီကျွင်းလည်းခေါင်းခါလျက် ပြုံးမိတော့သည်။
"ကြည့်ရတာ မူတိုင်းပြည်မှာ စိတ်၀င်စားစရာလေးတွေ ရှိနေပုံပဲ..."
ရှောင်ဖုန်းလည်းထောက်ခံစွာခေါင်းငြိမ့်လိုက်ပြီး တစ်ခုခုအားသတိရသွားပုံဖြင့် ဆက်ပြောလာခဲ့သည်။
" ဒါတင်မကသေးပါဘူး ပိုပြီးစိတ်၀င်စားစရာတစ်ခုရှိပါသေးတယ်..."
"ဆက်ပြော..."
ဖူယွီကျွင်း စိတ်၀င်စားစွာဆိုလိုက်သည်။..
"ကျွန်တော်မျိုးကြားတာတော့ အဲဒီမိန်းမက တမင်သက်သက်ပြသနာရှာခဲ့တာမဟုတ်ဘူးတဲ့..."
"သူကတမင်သက်သက်ပွဲပျက်အောင်လုပ်ခဲ့တာမဟုတ်ဘူးပေါ့။ ဒါဆိုဘာလဲ..."
ဖူယွီကျွင်း ရယ်ချင်သွားမိသည်။ ထိုမိန်းမ၏ရူးကြောင်ကြောင်ပုံစံအရ ပြသနာတမင်ရှာခဲ့ခြင်းမဟုတ်လျှင် တခြား ဘာရည်ရွယ်ချက်ရှိသေးသနည်း။
ရှောင်ဖုန်းလည်းအမြန်ပြန်ဖြေလာသည်။
"အဲဒီမိန်းမက ဧကရာဇ်ရဲ့နှစ်သက်မှုကိုလိုချင်လို့၊ သူမနေရာမှာ အစားကပေးမယ့်သူတစ်ယောက်ကို
ရှာပြီး အဆုံးကျမှ လူချင်းလဲပြီးနာမည်ကောင်းယူချင်ခဲ့တာတဲ့..."
ဖူယွီကျွင်း ဤရဲတင်းသောမိန်းမအား ပို၍ပင်အံ့သြမိတော့သည်။
"အဲဒီ ကချေသည်ကလည်း ကတိဖျက်ပြီး တကယ်ကရမယ့်အချိန်မှာပေါ်မလာခဲ့တော့ သူ့ဘာသူ ကရင်း တလွဲတွေလုပ်မိတာပါပဲ..."
ရှောင်ဖုန်းကတွေးတောရင်း ဆက်ပြောသည်။.
"တိုက်ဆိုင်တာက အဲဒီကချေသည်လေးက ဒီညကျမှပေါ်လာတယ်တဲ့လေ... "
ဖူယွီကျွင်း တန့်သွားသည်။ ထို့နောက်အလျင်စလိုမေးလိုက်သည်။
"မင်းပြောချင်တာက ဒီညကသွားတဲ့ ကချေသည်လေးက အဲဒီမိန်းမအစားထိုးဖို့ပြောထားတဲ့ ကချေသည်ပေါ့..."
ရှောင်ဖုန်းက ခေါင်းကိုငုံ့ရင်းပြန်ဖြေလာခဲ့သည်။
"ဖြစ်နိုင်ပါတယ် အရှင်မင်းသား..."
ဖူယွီကျွင်း အတွေးထဲ အတော်ကြာနစ်မြုပ်နေခဲ့ပြီး ရုတ်ချည်းမေးလာခဲ့သည်။
"အဲဒီညကမိန်းမနာမည်ကဘာတဲ့လဲ..."..
"မိုရွှီပါ တချိန်တုန်းက မူဧကရာဇ်ရဲ့ မောင်းမတစ်ဦးဖြစ်ခဲ့ဖူးပါတယ်..."
ရှောင်ဖုန်းပြန်ဖြေလိုက်သည်။
ထိုနာမည်ကိုရေရွတ်ရင်း ဖူယွီကျွင်းခေါင်းထဲ အကြံတစ်ခုပေါ်လာခဲ့သည်။