ညမှောင်မှောင်တွင် ပိုးကောင်တွေ၏အော်သံပင်လျှင်တိုးတိတ်ကာ ပကတိတိတ်ဆိတ်လျက်။ နင်းရွှမ်းနန်းဆောင်အတွင်း၌ လင်းရှောင်မှာ ဖယောင်းတိုင်ငယ်လေး တစ်ချောင်းဖြင့် ရှောင်လိဇီယူဆောင်လာခဲ့သော သတင်းကိုနားထောင်နေခဲ့သည်။ နားထောင်ပြီးနောက် လင်းရှောင်မှာအလွန်ရူးကြောင်ကြောင်ဖြစ်သွားမိတော့မတက်။
"မင်းပြောတာ အရှင်ကအမတ်ကြီးကို အိမ်ဟောင်းပြန်ပြီးအနားယူစေတယ်ပေါ့။လန်ဝေ့အပါအ၀င်လေ..."
ကုန်းကုန်းလေးက ခေါင်းငုံ့ရင်းပြန်ဖြေသည်။
လင်းရှောင်မှာအိပ်ယာတွင်မှီရင်းကြားလိုက်ရသော သတင်းကိုမယုံနိုင်ဖြစ်နေမိသည်။
သူက ဧကရာဇ်မှာ အမတ်ကြီးအား အချိန်တိုအတွင်း ဤမျှပြတ်ပြတ်သားသားဖယ်ရှားပစ်မည်ထင်မထားခဲ့ချေ။ အရင်တုန်းကလုပ်ပုံကြောင့် ဧကရာဇ်မှာ အမတ်ကြီးအိမ်တော်ကိုကာကွယ်ပေးနေသည်ဟု သူထင်ထားခဲ့သည် ။ သို့သော်..
လင်းရှောင်အမှန်တကယ်ရှုပ်ထွေးနေမိသည်။
ဧကရာဇ်၏ဖြေရှင်းနည်းမှာ ခန့်မှန်းရခက်လှပြီး ကိစ္စအားမည်မျှ နက်နက်ရှိုင်းရှိူင်းသိနေပြီလဲ လင်းရှောင်မခန့်မှန်းတတ်ချေ။
လင်းရှောင်သက်ပြင်းချလိုက်ပြီး လက်ဝေ့ယမ်းလျက်
ကုန်းကုန်းလေး ကအရိုအသေပေးကာထွက်ခွာသွားလေသည်။
"ခဏနေဦး..."
လင်းရှောင်ရုတ်တရက်ခေါ်လိုက်သည်။
"ရေနွေးပြင်လိုက် ငါရေချိုးချင်တယ်၊ ပြီးတော့ ငါ့အ၀တ်ဗီရိုထဲက အဖြူရောင်၀တ်ရုံအစုံလိုက်ရောပဲ..."
ဧကရာဇ်ကိုယ်တိုင်မှာ အနက်ရောင်၀တ်ရသည်ကို ကြိုက်သော်လည်း တခြားသူများကိုတော့ အဖြူ၀တ်စေချင်သည်ပင်။
သူထိုင်ပြီးစောင့်မနေနိုင် သူတစ်ခုခုလုပ်ရလိမ့်မည်။
"အရှင် နင်းရွှမ်နန်းဆောင်ကိုမသွားဘူးလား..."
ရှောင်လိဇီကသတိဖြင့်မေးလာခဲ့သည်၊
လက်နှစ်ဖက်အားနောက်ပစ်လျက် ဧကရာဇ်မှာ ညလေအေးများကြားထဲကြာကန်ကိုငေးမောနေခဲ့သည်။ သူ၏ကျောပြင်မှာ ဖြောင့်မတ် တိကျသော်လည်း အထီးကျန်နေဟန်။
ရှောင်လိဇီမှာ မူလကနှောင့်ယှက်ရန်မရဲသော်လည်း
ဧကရာဇ်မှာ စာကြည့်ဆောင်မှထွက်လာပြီးကတည်းက ဤနေရာတွင်ရပ်နေသည်မှာ တစ်နာရီမျှကြာခဲ့ပြီဖြစ်သည်။ ဆက်နေပါလျှင်ညလယ်ရောက်ချေတော့မည်။
ဧကရာဇ်မှာရှောင်လိဇီစကားကိုကြားလျှင် နှောင့်ယှက်ရကောင်းလားမည်သည့် စူးရှသောအကြည့်ကိုပေးလာခဲ့သည်။ ဤသည်ကိုမြင်လျှင် ရှောင်လိဇီလည်း ခေါင်းကိုကပြာကယာပြန်ငုံ့လိုက်မိသည်။
သူ့မှာကြောက်လွန်း၍ တောင်းပန်စကားပင်မဆိုနိုင်ချေ။
ဧကရာဇ်က သူ့အားတစ်ချက်သာကြည့်လျက် အနှောင့်အယှက်ဖြစ်စွာ မျက်မှောင်ကြုတ်လိုက်ပြီး သူ့စိတ်ထဲမှာတော့ တခြားကုန်းကုန်းလေးတစ်ယောက်က နေရာယူလာခဲ့သည်။ထိုကုန်းကုန်းငယ်လေးမှာလည်း သူ့ကိုကြောက်မှန်းသိသာသည့်တိုင် အပြုအမူလေးတွေကရှောင်လိဇီထက်ပိုစိတ်၀င်စားစရာကောင်းကာ ချစ်စရာလည်းကောင်းသည်။
သူကနှုတ်ခမ်းကိုစေ့လျက် လက်ကိုဝေ့ယမ်းလိုက်သည်။ နောက်ဆုံးတော့ ဘယ်ကိုသွားမည်ကို ဆုံးဖြတ်လိုက်နိုင်ပုံပင်။
"ပြန်ဖို့ စီစဉ်လိုက်တော့..."
ရှောင်လိဇီကတော့ ကြောင်အသွားလျက်...
အရှင်ကဤအတိုင်းပြန်တော့မှာလား... အထိန်းတော်လင်းကိုမတွေ့တော့ဘူးလား...
သူအံ့သြနေစဉ်မှာပင် အဝေးတစ်နေရာမှ တခြားကုန်းကုန်းတစ်ယောက်မှတွဲထားလျက်လင်းရှောင် ပေါ်လာတာကိုတွေ့လိုက်ရသည်။
လင်းရှောင်၏ကိုယ်လေးမှာသေးသွယ်လျက် မှုန်ရီေ၀၀ါးနေဟန်အလင်းရောင်လေးတစ်မျိုးက သူ့ထံမှဖြာထွက်နေသည်။ တဖြည်းဖြည်းနီးကပ်လာပြီး သေချာမြင်ရပြန်တော့လည်း ရှောင်လိဇီမှာ လင်းရှောင်၏မျက်နှာ အလွန်ဖြူဖျော့နေတာကိုတွေ့လိုက်ရသည်။ သူ၏ဆံပင်များမှာ သက်ရပ်စွာဖြီးသင်ထားသော်လည်း သူ၏အားနည်းသော သွင်ပြင်ကိုမူ မဖုံးကွယ်နိုင်ချေ။
လင်းရှောင်တဖြည်းဖြည်းသူ့ရှေ့ကိုရောက်လာပြီး ဒူးထောက်အရိုအသေပေးလိုက်တာကိုမြင်လျင်ဧကရာဇ်မှာမျက်မှောင်ကျုံ့မိလေသည်။
ဧကရာဇ်မှာ လင်းရှောင်အား လက်တစ်ဖက်ဖြင့်ပင် ပေါ့ပါးစွာဆွဲထူလျက် သူ့ရင်ခွင်ထဲဆွဲယူပွေ့ဖက်လိုက်သည်။ ထို့နောက်မကျေမနပ်ဆိုလာသည်။
"မင်းဒဏ်ရာကမကောင်းသေးဘူး ဒီလောက်ယဉ်ကျေးနေဖို့မလိုဘူး။ ပြီးတော့ နန်းဆောင်မှာဘာလို့နားမနေတာလဲ"
သူကလင်းရှောင်၏ပုခုံးကိုတစ်ချက်ကြည့်လိုက်ပြီး သွေးထွက်နေတာကိုမတွေ့မှသာအကြည့်လွှဲလိုက်သည်။
ဤသည်ကိုမြင်လျှင် လင်းရှောင်ရင်ထဲမှနွေးသွားမိသည်။ လင်းရှောင်စိတ်လှုပ်ရှားစွာ သတိနှင့်မေးလိုက်သည်။
"ကျွန်တော်မျိုး အရှင့်ကိုအရမ်းအနှောင့်အယှက်ပေးမိနေသလားဟင်..."
ထိုစကားကြောင် ဧကရာဇ်ကခေါင်းငုံ့လျက် သူ့အားကြည့်လာသည်။ သူ့ရှေ့မှ ကုန်းကုန်းငယ်လေးမှာ နှင်းလိုဖြူဆွတ်သော ၀တ်ရုံကို၀တ်ဆင်ထားပြီး မျက်နှာမှာလည်းဖြူဖျော့လျက် မျက်လုံးများကမူ အလွန်တောက်ပနေဆဲ။ သူ့ရင်ခွင်ထဲမှကိုယ်လေးမှာ အလွန်အားနည်းနေလျက် ဧကရာဇ်ခေါင်းငုံ့ကာ လင်းရှောင်၏ဆံပင်အား ညင်သာစွာ နမ်းလိုက်သည်။
ထို့နောက် ရုတ်တရက်ပင် လင်းရှောင်အား တင်ပါးအောက်မှပင့်လျက်မချီလိုက်တော့သည်၊
"အရှင်..."
ရုတ်ချည်းမချီခံလိုက်ရမှုကြောင့် လင်းရှောင်လည်းအလန့်တကြား ဧကရာဇ်၏လည်တိုင်ကိုတွယ်ဖက်လိုက်သည်။
ဧကရာဇ်က သူ့အားညင်သာစွာတစ်ချက်မျှကြည့်ပြီး
ဘာကိုမှဆိုမလာချေ။ ထို့နောက် နင်းရွှမ်နန်းဆောင်သို့ တိုက်ရိုက်ချီမသွားတော့သည်။
လင်းရှောင် ထိုအတိုင်းငြိမ်နေလျက်မလှုပ်ရဲချေ။
ဧကရာဇ်က တစ်ခုမှမပြောသည်ဖြစ်ရာသူလည်းဘာမှမပြောရဲချေ။ သူ့အား ဧကရာဇ်မှနင်းရွှမ်းနန်းဆောင်သို့ ပွေ့ချီသွားပြီး အိပ်ယာပေါ်ချကာ စောင်ခြုံပေးလာသည်ကိုသာ တိတ်တဆိတ်ကြည့်နေမိတော့သည်။
ဧကရာဇ်မှာ သူ့အား အသာအယာခေါင်းခါပြလာသည်။
"မင်းမှာ ပြောစရာရှိရင်လည်း ပြန်သက်သာတဲ့အထိစောင့်ချေ..."
"ဒါပေမယ့် အရှင် အခုပဲ အရှင်က .."
လင်းရှောင်ကရုန်းကန်ရင်းထထိုင်လိုက်သည်။
"ကိုယ်တော်မင်းကိုမေးခဲ့တဲ့မေးခွန်းက အရင်ဆုံးမင်းဘာသာသေချာစဉ်းစားဖို့ပဲ။ ပြီးမှပြန်ဖြေ..."
ဧကရာဇ်ကလင်းရှောင်အား အိပ်ယာပေါ်ပြန်လှဲချစေလိုက်သည်။
မမျှော်လင့်ထားသောအဖြေကြောင့် လင်းရှောင်လည်း နာခံစွာပြန်လှဲလိုက်ရုံသာတတ်နိုင်သည်။
ဧကရာဇ်ကမည်သည်ကိုဆိုလိုပါသနည်း။
"နောက်ကျနေပြီ နားတော့။ ကိုယ်တော်ပြန်သွားတော့မယ်..."
လင်းရှောင်မတွေးတောနိုင်ခင်မှာပင် ဧကရာဇ်မှာ ရှောင်လိဇီနှင့်အတူပြန်ထွက်သွားတော့သည်။
ရှောင်လိဇီမှာမထွက်သွားခင် လင်းရှောင်အားတစ်ချက်ခိုးကြည့်လိုက်သည်။ ထိုအကြည့်မှာကောင်းသည့်အကြည့်တော့မဟုတ်ချေ။
လင်းရှောင်လည်းရင်တုန်သွားမိသည်။
ဧကရာဇ်မှာ သူနှင့်ဆွေးနွေးဖို့ငြင်းဆန်နေသည်။
လင်းရှောင်မှာပို၍မလွယ်ကူသလိုခံစားရသည်။ ဧကရာဇ်မှာပိုပိုပြီးခံမှန်းရခက်လာချေပြီ။
လင်းရှောင်မှာအိပ်ယာပေါ်၌လူသေကဲ့သို့နှစ်ရက်ခန့် လဲလျောင်းနေခဲ့သော်လည်း ဧကရာဇ်မှာနောက်တစ်ကြိမ်ရောက်မလာခဲ့ချေ။ သူကလင်းရှောင်၏ဒဏ်ရာအတွက် ဖြည့်စွက်စာတချို့နှင့် တော်၀င်သမားတော်များကိုသာပို့ပေးနေခဲ့သည်။
နဂိုကတည်းက သိပ်မပြင်းထန်သော လင်းရှောင်၏ဒဏ်ရာမှာ ထိုနှစ်ရက်အတွင်း အရှင်းပျောက်ကင်းသွားတော့မလိုပင်။
သူ့ဒဏ်ရာသက်သာလာတာကိုမြင်ပြန်တော့ မူလကဧကရာဇ်အားတွေ့ချင်နေသော စိတ်လေးမှာ ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။ အကယ်၍ သူ၏အောက်ပိုင်းမှလျှို့ဝှတ်ချက်ကို ထပ်၍မဖုံးကွယ်နိုင်တော့မည်ကို စိုး၍ လင်းရှောင် နှုတ်ခမ်းကိုကိုက်ကာ ရှုပ်ထွေးနေမိသည်၊
မိုရွှီမှာမသေသေး။ ထို့နောက်သူနန်းတွင်းကို သည်အတိုင်းထွက်ပြေး၍မဖြစ်သေးချေ။
လင်းရှောင် ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်းညတွေးတောနေစဉ်အကြံတစ်ခုရလာသည်၊
ဤသည်မှာ သူတွေးနိုင်သမျှ အဆိုးဆုံးအကြံပင်။
အအေးနန်းဆောင်မှာ အလွန်ဟောင်းနွမ်းယိုယွင်းလျက် မြက်ပင်ရှည်များမှာ လူအရပ်တမျှထူထပ်နေသည်။ ညဆယ်နာရီခန့်မို့ လင်းရှောင်မှာ လ၏အလင်းရောင်ကိုသာ အားထားပြီး အတွင်းသို့ချောင်းကြည့်နိုင်လေသည်။
နန်းဆောင်မှာအလွန်ကြီးမားသလောက် အလွန်အထီးကျန်ပြီးတိတ်ဆိတ်လျက် လေအေးများတိုးဝှေ့နေသံမှာ ကြောက်ရွံ့မှုကိုခံစားရစေသည်၊
ထိုကြီးမားသော ခြံ၀န်းတစ်ခုလုံးတွင် အလင်းရောင်လဟူသည်လည်းမရှိသည် မိုရွှီအားရှာရခက်လှသည်။
လင်းရှောင်သည်မိမိခါးတွင်ချိတ်ထားသော ဓါးမြောင်ကိုအသာထိလျက် သူ့အကြည့်မှာအေးစက်နေသည်။ ဤတစ်ကြိမ်တွင်တော့ သူ့အတွက် ကျိန်းသေလက်စားချေရမည်။
သို့သော် လူနှစ်ဦး၏စကားသံများကို တဖက်မှာ ရုတ်ချည်းကြားလိုက်ရလျှင် လင်းရှောင်အံ့သြသွားခဲ့သည်။ သူကအနားသို့တိုးကာချောင်းကြည့်လိုက်သည်။
မှိန်ပြသောလရောင်အောက်တွင် သူကလူရိပ်နှစ်ခုအားဝေ၀၀ါးဝါးသာမြင်နိုင်သည်။ တစ်ယောက်မှာ ချစ်စဖွယ်ကောင်းသောကိုယ်ဟန်ဖြင့် လရောင်အောက်တွင် ဟောင်းနွမ်းသော ပန်းရောင်၀တ်စုံကို၀တ်ထားသည်။ ထိုသည်က သူ့ဘ၀တွင်မမေ့နိုင်ဆုံးသော မိုရွှီပင်။
မိုရွှီ၏ဘေးတွင် အဖြူရောင်၀တ်ရုံအား ရွှေသီးလေးများဖြင့်တွဲလျက်၀တ်ဆင်ထားသူကိုတွေ့လိုက်ရသည်။ လင်းရှောင်မှာ မျက်နှာအားရှင်းလင်းစွာ မမြင်နိုင်သော်ငြား ထို၀တ်စားဆင်ယင်ပုံအရ တစ်ယောက်သာလျှင်ခေါင်းထဲပေါ်လာခဲ့သည်။
သူတို့က အတူရှိနိုင်သေးတယ်ပေါ့။
လင်းရှောင်သွေးများအန်ထုတ်တော့မတက်ပင်။
အတိတ်ဘ၀မှာ ဖူယွီကျွင်းက မိုရွှီအားလက်လွှတ်မခံပဲပိုးပန်းခဲ့သည်၊
သို့သော် ဤသည်မှာ လင်းရှောင်ကူညီခဲ့သော မိုရွှီ၏အတုအယောင် လျှို့ဝှက်ဆန်းကြယ်သော အကျင့်စရိုက်နှင့် ထိုအရိပ်အကကြောင့်ပင်။
ဒီဘ၀မှာ ဖူယွီကျွင်းရှေ့၌ပင် မိုရွှီ၏ပုံရိပ်ကား ပျက်စီးပြီးမဟုတ်ပေလော။ ထို့အပြင် ရင်းနှီးစရာလည်း ဘာအကြောင်းမှမရှိပါပဲ။ အဘယ်ကြောင့် မိုရွှီရှိရာကိုရောက်နေရပြန်သနည်း။
လင်းရှောင်တွေးတောနေစဉ်မှာပင် လူနှစ်ဦးမှာ တစ်ဦးတစ်ဦးဖက်တွယ်လျက် အလွန်တရင်းတနှိးပြုမူနေကြချေပြီ။
လင်းရှောင်သူ့စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်၊
သူအိပ်ယာထဲတွင်လှဲနေသည်မှာ နှစ်ရက်သာရှိသေးသည် ဤနှစ်ဦးမျှ အဘယ်ကြောင့် အဆင့်မြန်မြန်တိုးသွားရပါသနည်း။
မိုရွှီ၏ ဇာတ်လိုက်မရောင်ဝါ အစွမ်းထက်လှပါလား။
လင်းရှောင်လည်းအံကြိတ်လိုက်ပြီး ထိုလူနှစ်ယောက်တီးတိုးဆိုနေကြသည်အား ကြည့်နေလိုက်သည်။ သို့သော် ဘာကိုမှသေချာမကြားရပေ။ ထို့ကြောင့် နည်းနည်းတိုးသွားဖို့ရွေးချယ်လိုက်သည်။
သို့သော် သူလှုပ်လိုက်ရုံသာရှိသေးသည် ဖူယွီကျွင်းမှာတစ်ခုခုကိုခံစားမိပုံဖြင့် မိုရွှီအားတွန်းထုတ်လိုက်ပြီး လင်းရှောင်ရှိရာထံကြည့်လာခဲ့သည်။
အေးခဲသွားသောလင်းရှောင်မှာ မလှုပ်ရှားရဲတော့ချေ။
ဖူယွီကျွင်းကတစ်လှမ်းပြီးတစ်လှမ်းနီးကပ်လာပြီး ပုန်းကွယ်နေသောလူ၏ခွန်အားကိုလည်းချင့်ချိန်နေပုံပေါ်လေသည်။
သူလင်းရှောင်ထံမှာ ဆယ်လှမ်းသာဝေးတော့သည့်အချိန်တွင် လင်းရှောင်မှာ မြက်ပင်များကို နင်းဖြတ်လာသော ဖူယွီကျွင်း၏ခြေသံကိုကြားနေရပြီဖြစ်သည်။ သူ့နှလုံးမှာ တဒုန်းဒုန်းနှင့်ခုန်လျက် ချွေးစေးများပြန်နေသည့်ကြားကပင် လင်းရှောင် ဓါးမြှောင်အား လက်လှမ်းလိုက်မိသည်။
ဖူယွီကျွင်းနှင့်လန်ဝေ့မှာလက်ရည်တူခန့်ရှိသော်လည်း ဖူယွီကျွင်းက ပို၍အကင်းပါးသူဖြစ်သည်။ သူသာအမိခံလိုက်ရလျှင် လွတ်လမ်းဟူ၍မရှိပေ။
သူထိုစုံတွဲဆီမှာ သည်လိုပဲ နှုတ်ပိတ်ခံလိုက်ရတော့မည်လော။
"ဝူး " လင်းရှောင်တွေးနေမိစဉ် သူ၏ပါးစပ်မှာအပိတ်ခံလိုက်ရပြီး ဘေးသို့ရုတ်တရက် ဆွဲယူခံလိုက်ရသည်။ လင်းရှောင်မှာ လန့်လွန်း၍ သူ့နှလုံးပင် ခုန်ထွက်သွားပြီထင်မိသည်။ သူ့နောက်မှလူ၏ခြေသံအားလည်းမကြားလိုက်မိချေ။ ထို့ကြောင့်သတိလက်လွတ်ဖြစ်သွားခဲ့ခြင်းပင်။
လင်းရှောင်မှာ မိမိပါးစပ်အားပိတ်ထားသော လက်ကိုဖယ်ဖို့ကြိုးစားလိုက်သော်လည်းမရပေ။ ထိုစဉ်သူ့မျက်လုံးကလည်း ဖူယွီကျွင်းကမိမိပုန်းနေခဲ့သောနေရာကိုစစ်ကြည့်နေသည်ကိုတွေ့လိုက်သည်။ ချွေးအေးများက နဖူးမှစီးကျလာခဲ့သည်၊
ဘယ်သူမှမရှိတာကိုတွေ့တော့ ဖူယွီကျွင်းလည်း အကြာကြီးစစ်ဆေးမနေတော့ပေ။ သို့သော် သံသယအရိပ်အယောင်များတော့ရှိနေဆဲပင်။ သူကမိုရွှီကိုနှုတ်ဆက်ပြီး အအေးနန်းဆောင်မှ အလျင်အမြန်ထွက်ခွာသွားတော့သည်။
လင်းရှောင်လည်းတိုးတိတ်စွာသက်ပြင်းချမိလိုကိတော့သည်။
ထိုလူနှစ်ယောက်မရှိတော့တာကိုမြင်မှ လင်းရှောင်နောက်မှသူက လင်းရှောင်အားလွှတ်ပေးလာခဲ့သည်။ လင်းရှောင်လည်းထိုလူအား ချက်ချင်းလှည့်ကြည့်လိုက်သည်။
အပြာရောင်၀တ်စုံဖြင့် ငယ်ရွယ်သောအသွင်အပြင်ပင်၊
သို့သော်သူ့ပုံစံမှာအလွန်ကပိုကယိုနှင့် မျက်တွင်းများချောင်ကျနေခဲ့သည်။ လင်းရှောင်မှာချက်ချင်းမှတ်မိလိုက်သည်။
"လန်ဝေ့" လင်းရှောင် စိတ်တိုစွာရယ်လျက်ခေါ်လိုက်သည်။ သူကကျားဂူမှလွတ်လာပြီးနောက် ဝံပုလွေနှင့်လာတိုးချေပြီ။
လန်ဝေ့ကမူ လင်းရှောင်အား မကျေနပ်သလိုတစ်ချက်သာကြည့်ပြီး ထထွက်သွားတော့သည်။ သူ့ပုံစံမှာ လင်းရှောင်နှင့်မပါတ်သတ်လိုသည့်အတိုင်းပင်။
ဤသည်ကိုမြင်လျင် လင်းရှောင်မယုံကြည်နိုင်စွာမျက်တောင်ခတ်လိုက်မိသည်။ ထို့နောက် လန်ဝေ့နောက်သို့ပြေးလိုက်သွားခဲ့သည်။ သူမြင်ရသည်မှာ လန်ဝေ့၏ကျောပြင်မှာ အနည်းငယ်ကိုင်းလျက် အလွန်အထီးကျန်နေခြင်းပင်။
လင်းရှောင်လည်း ယခုလေးတင် ဖူယွီကျွင်းနှင်မိုရွှီဖက်နေကြသည်ကိုပြန်တွေးမိလျှင် အခြေအနေကိုသဘောပေါက်သွားခဲ့သည်၊
ကိုယ်စိုက်တာကိုယ်ပြန်ရိတ်သိမ်းရတာလို့ခေါ်တယ်၊
လင်းရှောင်လည်းလှောင်ပြုံးလျက် လန်ဝေ့မှာမိမိကိုဘာမှလုပ်ဖို့စိတ်ကူးမရှိကြောင်းမြင်ရလျှင် အသာလေးနောက်ပြန်ဆုတ်သွားလိုက်သည်။ လင်းရှောင်ပြေးထွက်ခါနီးလေးတွင် လန်ဝေ့မှာရုတ်တရက်လှည့်လာခဲ့ပြီး သူ့လက်တစ်ဖက်အား ဖမ်းဆွဲလိုက်သည်။ နောက်တစ်ဖက်ကမူ လင်းရှောင်၏ ဓါးမြောင်အားယူလိုက်သည်။
"ညဘက်ကြီး ဓါးမြှောင်တစ်ချောင်းနဲ့ အအေးနန်းဆောင်ကို လာတာ မင်းဘာလုပ်မလို့လဲ..."
လန်ဝေ့က ဓါးမြှောင်အားအကြည့်တစ်ချက်ပို့ပြီးနောက် လင်းရှောင်အားစိုက်ကြည့်လျက် မေးလာခဲ့လေသည်။