အပိုင်း ၅၁
Viewers 62k

အခန်း 51 ငါကချက်လို့ပြောရင် သွားချက်လိုက် …


ဆောင်းဦးရာသီဖြစ်သောကြောင့် အေးစိမ့်နေသည့်အပြင် နှင်းမိုးကလဲ တစိမ့်စိမ့်ရွာသွန်းနေပေသည်။ လမ်းကြားလေး၏ထိပ်တွင် ဓါးရှည်ကိုကျောတွင် လွယ်၍ မိုးကာအင်္ကျီ၀တ်ဆင်ထားပြီး ဝါးဦးထုတ်ဆောင်းထားသည့် ပုံရိပ်တစ်ခု ပေါ်ထွက်လာပြီး ဆိုင်ငယ်လေးထံ တဖြည်းဖြည်းချင်း လျောက်လာလေသည်။


ထိုသူက အနည်းငယ်တုန်လှုပ်သွားဟန်နှင့် လမ်းကြားလေး၏ အလယ်ခန့်တွင် ရုတ်တရက် ရပ်တန့်လိုက်သည်။ ဝါးဦးထုတ်မှ ချထားသည့် အမဲရောင် ပိတ်ပါးအစလေးက ရှောင်ယု၏ မျက်နှာကို ကွယ်ထားသောကြောင့် သူ၏ မျက်နှာအမူအယာကို သေသေချာချာ မြင်တွေ့နိုင်ခြင်းမရှိပေ။ သူက ဆိုင်နှင့် အနည်းငယ်အကွာတွင် ရပ်တန့်နေလိုက်ပြီး သူ၏ နောက်ကျောမှ ဓါးရှည်ကို ဆွဲထုတ်လိုက်လေသည်။ 


ရွပ်… ရွပ်… ရွပ် ….


လေးကြိုးဆွဲသံများနှင့် မြားပစ်သံများက ပတ်၀န်းကျင်တွင် ရုတ်တရက် ထွက်ပေါ်လာလေသည်။ လမ်းကြားထဲတွင် ရပ်နေသော ရှောင်ယုထံသို့ ပတ်ပတ်လည်မှ မြားများ ၀င်ရောက်လာခဲ့သည်။ ဓါးရှည်မှ ထက်မြသည့် အလင်းတန်းတစ်ခုပေါ်ထွက်လာပြီး မှိုင်းညို့နေသည့် ကောင်းကင်ကိုပင် ထက်ခြမ်းခွဲလိုက်မည်ကဲ့သို့ တောက်ပစွာ ထွက်ပေါ်လာခဲ့သည်။ ရှောင်ယု၏ ခန္ဒာကိုယ်မှလည်း ဓါးရှည်နှင့် တူညီသော အငွေ့အသက်များ ထွက်ပေါ်လာခဲ့ပေသည်။ ရှောင်ယုထံသို့ ပျံသန်းလာသော မြားများအားလုံးက မိုးရေစက်များကဲ့သို့ မြေပြင်ပေါ်သို့ ကျဆင်းသွားကြသည်။


ဓါးအလင်းကွယ်ပျောက်သွားသည်နှင့် လမ်းကြားလေး၏ ဘေးတစ်ဖက်တစ်ချက်စီတွင် စွမ်းအင်အရှိန်အဝါများ ပြင်းထန်စွာ ထုတ်ဖော်ထားသည့် လူဆယ့်နှစ်ယောက်က ရှောင်ယုကို မြားဖြင့် ချိန်ထားသည်ကို တွေ့လိုက်ရသည်။


“ရှောင်မိသားစုရဲ့ ကျားအစောင့်တပ်ဖွဲ့ပါလား…” ရှောင်ယု၏ ကွဲအက်အက်အသံက လေနှင့်အတူ ထွက်ပေါ်လာခဲ့သည်။ 


ရှောင်မန်က စိတ်လှုပ်ရှားမှုကို ချိုးနှိမ်လိုက်ပြီး သူ၏သမီးကို ကိ်ုယ်တိုင်ကိုယ်ကျ စွပ်ပြုတ်တိုက်ကြွေးလိုက်သည်။ သူ၏ ပခုံးပေါ်ရှိ လေးလံနေသော ၀န်ထုပ်၀န်ပိုးများ လျော့ကျသွားသည်ဟု ခံစားနေရပြီး စိတ်သက်သာရရနေပြီဖြစ်သည်။ 


“ကျေးဇူးတင်ပါတယ်… ပိုင်ရှင်ပု ကျေးဇူးတင်ပါတယ်…” ရှောင်မန်က လက်သီးကိုဆုတ်၍ ပုဖန်ကို အလေးအနက် ပြောကြားလိုက်သည်။ ပုဖန်က တည်တည်ငြိမ်ငြိမ်အမူအယာနှင့် ခေါင်းညိမ့်ပြလိုက်သော်လည်း စိတ်ထဲတွင် ကျေနပ်နေမိသည်။


“ဟွန့် … ဒီလူအိုကြီးက ကျေးဇူးတင်သင့်တယ်လေ…” ပုဖန်က တွေးတောနေလိုက်သည်။ ဆိုင်အပြင်ဘက်မှ သံသံခြင်း ထိခတ်သံအချို့ကို ကြားလိုက်ရသောကြောင့် ပုဖန်၏ အမူအယာက ပြောင်းလဲသွားပြီး ဆိုင်အပြင်သို့ လှမ်းကြည့်လိုက်မိသည်။ သို့သော် ဆူညံသံများက ပေါ်ပေါက်လာပြီး တခဏအတွင်းပင် ငြိမ်သက်သွားလေသည်။ ရှောင်မန်က အပြင်ဘက်မှ တိုက်ခိုက်သံအချို့ကို ကြားလိုက်ရသော်လည်း သူ၏သမီးကိုသာ တည်တည်ငြိမ်ငြိမ် စိုက်ကြည့်နေပေသည်။ 


“ပိုင်ရှင်ပု… ဒီစွပ်ပြုတ်ရည်မျိုး ငါ့ကို ချက်ပေးလိုရမလား…” ဂျိချန်းရွဲ့က ပုဖန်၏ ရှေ့သို့ တိုးလာလိုက်ပြီး နူးညံ့သိမ်မွေ့စွာ ပြုံး၍ ပြောဆိုလိုက်သည်။ အိမ်ရှေ့စံမင်းသား ဂျိချန်းကန်က ဂျိချန်းရွဲ့ကို အဓိပ္ပါယ်ပါပါ တစ်ချက်လှမ်းကြည့်လိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးလိုက်ကာ အထက်စီးဆန်စွာဖြင့် ပြောဆိုလိုက်သည်။


“ပိုင်ရှင်ပု… ငါ့ကို ဒီပြန်လည်ရှင်သန်ခြင်းစွပ်ပြုတ်တစ်ပွဲပေး…”


“ဒီစွပ်ပြုတ်က အရမ်းကိုထူးခြားတယ်… သေမလိုဒဏ်ရာရနေတယ် ရှောင်ယန်ယုတောင် စွပ်ပြုတ်တစ်ပွဲစားပြီး သက်သာလာတယ်… တစ်ကယ်လို့ ခမည်းတော်သာ ဒီစွပ်ပြုတ်ကို သောက်လိုက်မယ်ဆိုရင် သူ့ရဲ့ခန္ဒာကိုယ်က ပိုပြီးသန်မာလာပြီး စွမ်းအင်တွေလဲ ပိုပြီးမြင့်မားလာမှာပဲ… ဒီလိုဆိုရင် ခမည်တော်ကိုပေးလိုက်တာနဲ့ သူ့ကိ်ု အလွန်ကျေနပ်စေလိမ့်မယ်….” ဂျိချန်းကန်က တိတ်တဆိတ်တွေးလိုက်မိသည်။


ညီလာခံဆွေးနွေးပွဲတွင် သူ့ကို အိမ်ရှေ့စံအဖြစ် အတိအလင်းကြေညာခဲ့သော်လည်း စိတ်အေးလက်အေး မနေနိုင်သေးပေ။ သူ၏ အကိုဖြစ်သည့် ဘုရင်ခံယုက သူ၏နေရာကိုမျက်စောင်းထိုးနေသည့်အပြင် အင်ပါယာမင်းမြတ်ကို စိတ်ကျေနပ်စေနိုင်မည့် လိုအပ်ချက်များကို ဖြည့်စည့်ပေးနိုင်ပေသည်။ ထို့ကြောင့် သူက အချိန်တိုင်းတွင် ရတက်မအေး ဖြစ်နေရပေသည်။ ထိုစွပ်ပြုတ်ကို အင်ပါယာမင်းမြတ်ထံ ဆက်သနိုင်ခဲ့လျှင် ခမည်းတော်၏ အမြင်များက သူ၏အပေါ်သို့ ပိ်ုမိုကောင်းမွန်လာပေလ်ိမ့်မည်။ အိမ်ရှေ့စံမင်းသားဂျိချန်းကန်က သူ၏ ညီတော်ဖြစ်သော ဂျိချန်းရွဲ့ကို တစ်ချက်စောင်းကြည့်လိုက်ပြီး တွေးတောလိုက်သည်။


“အင်း သူလည်းဒီလိုပဲ တွေးနေတာနေမယ်….” သူက နှာခေါင်းရှုံ့လိုက်မိသည်။ ဒုတိယမင်းသားနှင့် ယှဉ်လိုက်လျင် ဂျိချန်းရွဲ့က မှုစရာ ဟုတ်မနေပေ။


“စိတ်မရှိပါနဲ့… ပြန်လည်ရှင်သန်ခြင်းစွပ်ပြုတ်က အထူးဟင်းပွဲဖြစ်လို့ ဆိုင်မှာ မရောင်းပါဘူး…" ပုဖန်က ခပ်အေးအေးသာတုံ့ပြန်လိုက်သည်။ ပြန်လည်ရှင်သန်ခြင်းစွပ်ပြုတ်က ရှောင်ယန်ယုကို ကယ်တင်နိ်ုင်ရန် စနစ်မှ ပေးအပ်ထားခြင်းဖြစ်ပြီး ဆိုင်အတွင်းတွင် ရောင်းချရန် ဟင်းလျာအဖြစ် သတ်မှတ်ထားခြင်းမရှိပေ။ 


“ပိုင်ရှင်ပု… သလင်းကျောက်တွေက အရေးမကြီးဘူး… ငါ့အတွက် စွပ်ပြုတ်တစ်ပွဲချက်ပေးဖို့ပဲ လိုတယ်….” ပုဖန်၏ တုံ့ပြန်မှုကြောင့် အိမ်ရှေ့စံမင်းသားက စိတ်မကျေမနပ်ဖြစ်သွားပြီး မျက်မှောင်ကြုံ့၍ ပြောဆိုလိုက်သည်။ ဂျိချန်းရွဲ့က ပုဖန်၏ တုံ့ပြန်မှုကို ကြားလိုက်ရပြီးနောက် ဘာမှထပ်မပြောတော့ပဲ တိတ်တဆိတ်သာ နေလိုက်ပေသည်။ သူက ပုဖန်၏ အမူအယာများနှင့် အလွန်ရင်းနှီးနေပြီဖြစ်သည်။ ပုဖန်က တစ်ကြိမ်ငြင်းလိုက်ပြီဆိုလျင် သူ့အဖြေက ပြောင်းလဲတော့မည် မဟုတ်ပေ။ 


“မင်းရဲ့နောက်က စာရင်းကိုကြည့်လိုက်.. အဲဒီမှာဒီဟင်းပွဲကို ထည့်မရေးထားဘူးတွေ့လား…. ဘာလို့လဲဆိ်ုတော့ ဒီဟင်းပွဲက ဆိုင်မှာရောင်းဖို့မဟုတ်လို့ပဲ….” ပုဖန်က အိမ်ရှေ့စံမင်းသား၏ နောက်ကျောဘက်တွင် ချိတ်ဆွဲထားသော အစားအသောက် စာရင်းကို ညွှန်ပြလိုက်ရင်း ပြောဆိ်ုလိုက်သည်။


“မင်းကအရမ်းခေါင်းမာနေတာပဲ… ငါကမင်းကိုချက်လို့ပြောရင် မင်းက မြန်မြန်ဆန်ဆန်သွားချက်လိုက်လေ… ဘာလို့အဓိပ္ပါယ်မရှိတာတွေပြောနေတာလဲ…” အိမ်ရှေ့စံမင်းသားက သူ၏ အင်္ကျီလက်စကို ဝှေ့ရမ်းလိုက်ပြီး အေးစက်စက်ပြောဆိုလိုက်သည်။ အိမ်ရှေ့စံမင်းသား၏ စကားကို ကြားလိုက်သည်နှင့် ဆိုင်အတွင်းရှိ လူများအားလုံးက သူဒေါသထွက်နေပြီကို သိရှိလိုက်ကြသည်။ အိမ်ရှေ့စံမင်းသားက အင်ပါယာမြို့တော်အတွင်းတွင် ဒေါသမထိန်းနိုင်သော စိတ်ကြီးသူတစ်ယောက်အဖြစ် ကျော်ကြားပေသည်။


ရှောင်မိသားစုမှ လူများက ပုဖန်ကို ဂရုဏာသက်စွာ လှမ်းကြည့်လိုက်ကြပြီး ခေါင်းများကို ခါရမ်းမိလိုက်ကြသည်။ သေးငယ်သောစားသောက်ဆိုင်တစ်ခု၏ ပိုင်ရှင်က အိမ်ရှေ့စံမင်းသားကို မရိုမသေ ပြုမူရဲသည်မှာ ဒုက္ခ အကြီးအကျယ်ရောက်လို၍ သာဖြစ်ရပေမည်။ အခြားတစ်ဖက်တွင် ရှောင်မန်နှင့် ရှောင်ရှောင်လုံက စိတ်ပူနေခြင်းပင် မရှိပေ။


ရှောင်မန်က ဆိုင်ငယ်လေး၏ ကြောက်မက်ဖွယ်ကောင်းပုံကို ကိုယ်တိုင်ကိုယ်ကျ သ်ိရှိပြီးဖြစ်သည်။ အပေါက်၀တွင် လဲလျောင်းနေသော ခွေးနက်ကြီးကို ထည့်မတွက်ပဲ အဖြူရောင်စက်ရုပ်တစ်ခုနှင့်ပင် အိမ်ရှေ့စံမင်းသားကိုကောင်းကောင်းဆုံးမနိ်ုင်ပေသည်။ 


အိမ်ရှေ့စံမင်းသား ဒေါသထွက်နေသောကြောင့် တိတ်ဆိတ်နေသည့် လူအုပ်ကြီးကို ဆိုင်အတွင်းသို့ ၀င်ရောက်လာသည့် ခြေသံအချို့က ဆွဲဆောင်သွားလေသည်။ မ်ိုးကာအင်္ကျီ၀တ်ထားပြီး ဝါးဦးထုတ် ဆောင်းထားသော လူတစ်ယောက်က ဆိုင်အတွင်းသို့ ရောက်ရှိလာခဲ့သည်။


“ပိုင်ရှင်ပု ငါရောက်ပြီ… ငါမှာထားတဲ့ အေးခဲကျောက်စိမ်းနှလုံးသားဝိုင်လေး ချပေးပါဦး…” ထိုသူ၏ ပြာအက်အက်အသံက ကြောက်မက်ဖွယ်ကောင်းစွာ အေးစက်နေပေသည်။ သူ၏လက်အတွင်းမှ ဓါးရှည်မှ ညိုညစ်ညစ်သွေးများက ကြမ်းပြင်ပေါ်သို့ တစ်တောက်တောက် စီးကျနေပေသည်။


“ခဏစောင့်ပါဦး….” ပုဖန်က ခေါင်းငြိမ့်၍ အနောက်သို့လှည့်ကာမီးဖိုခန်းဆီသို့ လျောက်သွားလိုက်သည်။


“ရပ်စမ်း…” အိမ်ရှေ့စံမင်းသား၏ မျက်လုံးများက မီးတောက်နေသကဲ့သို့ပင် ထင်ရပေသည်။


“ဒီကောင်က ငါ့ကိ်ု ဘယ်လိုတောင် လျစ်လျူရှုရဲတာလဲ … ငါကဘယ်သူမို့လဲ…. ဒီအင်ပါယာမြို့တော်က အိမ်ရှေ့စံမင်းသားလေ…ဘယ်လိုလူမျိုးက ငါ့ကိုဒီလိုဆက်ဆံရဲလို့လဲ …” အိမ်ရှေ့စံမင်းသားက ဒေါသတစ်ကြီး အော်ဟစ်လိုက်ပြီး ပုဖန်၏ နောက်ကျောကို အားအပြည့်ဖြင့် ကုတ်ဆွဲလိုက်သည်။ သူ၏လက်က ပုဖန်၏ နောက်ကျောကို မရောက်သေးခင်မှာပင် ရှောင်မန်၏ ကြားဖြတ်တားဆီးခြင်းကို ခံလိုက်ရလေသည်။


“အိမ်ရှေ့စံမင်းသား... ဒီဆိုင်ထဲမှာတိုက်ခိုက်တာက ကောင်းတဲ့အရာမဟုတ်ပါဘူး... ကျေးဇူးပြုပြီး သတ္တိကောင်းတဲ့ ဒီအစေခံအိုရဲ့ အကြံပေးမှုကို လက်ခံပေးပါ...." ရှောင်မန်က ဂျိချန်းကန်ကို တည်ငြိမ်စွာကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။ ရှောင်မန်က ပြောဆိုလိုက်ပြီးသည်နှင့် နောက်သို့လှည့်လိုက်ရာ ဝါးဦးထုပ်ဆောင်းထားသည့် သူကို သတိပြုမိလိုက်ပြီး သူ၏ အမူအယာက အေးစက်သွားလေသည်။


“မင်းက တစ်ကယ်ကို ပေါ်လာရဲသေးတာပဲ…” ရှောင်မန်၏ အသံက ကြောက်မက်ဖွယ် အေးစက်နေပြီး ခန္ဒာကိုယ်မှ သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်နေပေသည်။


“အဖေ ရှောင်အိမ်တော်ရဲ့ ကျားအစောင့်တပ်ဖွဲ့က အရင်အတိုင်းပဲ အားနည်းပြီး အသုံးမကျဖြစ်နေတုန်းပဲ…” ရှောင်ယုက သူ့အပေါ်ရှိ ရှောင်မန်၏ သက်ဖြတ်လိုသော အငွေ့အသက်များကို ဂရုမစိုက်သကဲ့သို့ ခပ်လှောင်လှောင် ရယ်မောလိုက်ပြီး ဝါးဦးထုတ်ကို ချွတ်လိုက်ရာ နုပျိုသောမျက်နှာတစ်ခု ပေါ်ထွက်လာခဲ့လေသည်။


“ရှောင်ယု…. နှလုံးကွဲကြေဓါးဧကရာဇ်ရှောင်ယု….” ဆိုင်အတွင်းမှလူများအားလုံးက ထိတ်လန့်အံ့သြသွားကြသည်။ ဒေါသထွက်နေသော အိမ်ရှေ့စံမင်းသားပင် မျက်လုံးများကို မှေးကျဉ်းလိုက်မိသည်။ ရှောင်ယုက ဓါးသခင်တစ်ယောက်ဖြစ်လာစေရန်အတွက် ဖခင်ကို သစ္စာဖောက်၍ မိခင်ကို ဒဏ်ရာရစေခဲ့သော ကြောက်မက်ဖွယ်ကောင်းသည့် လူတစ်ယောက်ပင် ဖြစ်သည်။


“ယန်ယုက မင်းကြောင့်ဒဏ်ရာရသွားတယ်… မင်းက အခုတစ်ခါတော့ ကျိန်သေပေါက်သေမှာကို သိပြီး ရှောင်တိမ်းနေမယ်ထင်နေတာ…” ရှောင်မန်က ပြောဆိုနေရင်းဖြင့် ရှောင်ယုထံသို့ တစ်ဖြည်းဖြည်းချင်း လျောက်သွားလိုက်သည်။ သူ၏ ခြေလှမ်းများက အလွန်နှေးကွေးနေသော်လည်း ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် သတ်ဖြတ်လိုသော အငွေ့အသက်များက ပိုမိုပြင်းထန်လာပေသည်။ သူ၏ခြေလှမ်းတိုင်းတွင် ကြောက်မက်ဖွယ် အငွေ့အသက်များထွက်ပေါ်လာပြီး သူတော်စင်အဆင့် တစ်ယောက်၏ အရှိန်အဝါက ပတ်၀န်းကျင်ကိုပင် သက်ရောက်စေပြီး ကျယ်လောင်သော မြည်ဟီးသံများ ထွက်ပေါ်လာစေသည်။


“သေရမယ်… အဖေကအရင်လိုမျိုးယုံကြည်မှုတွေလွန်ကဲနေတုန်းပဲကိုး…” ရှောင်ယုက နှစ်လိုဖွယ်ကောင်းစွာ ပြုံးလိုက်ပြီးနောက် သူ၏ မျက်၀န်းများကို မှေးကျဉ်းလိုက်ကာ ဆက်ပြောလိုက်သည်။ 


“ထွက်သွားချင်တယ်ဆိုရင် အဖေက တားဆီးနိုင်မှာတောင်မဟုတ်ဘူး….”


“ငါကမင်းကိုတောင် မတားဆီးနိုင်ဘူးလား…” ရှောင်မန်က တွေးလိုက်ပြီး လမ်းလျောက်နေသည်ကို ရပ်တန့်လိုက်သည်။ သူနှင့် ရှောင်ယုအကြားတွင် လက်မအနည်းငယ်မျှသာ ခြားနေတော့ပြီး တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။ ရှောင်မန်၏ ခန္ဒာကိ်ုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါများက အဆောက်အဦးများကိုပင် ထုခြေပစ်လိုက်နိုင်တောင် တောင်တန်းများကဲ့သို့ လေးလံသိပ်သည်းနေပြီး ရှောင်ယု၏ အရှိန်အဝါများက ကောင်းကင်ကိုပင် ထက်ခြမ်းခွဲနိုင်လောက်အောင် ထက်မြိနေပေသည်။


သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အနိုင်မခံ အရှုံးမပေးစိုက်ကြည့်နေချိန်တွင် တည်ငြိမ်သော အသံတစ်ခုက ထွက်ပေါ်လာပြီး သူတို့ကြားရှိ အခြေအနေကို ဖြိုခွဲလိုက်လေသည်။


“ဟေး…. ဒီမှာမင်းရဲ့အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ရပြီ…”


ဆိုင်အတွင်းမှ လူများအားလုံးက ဝိုင်ကရားကိုကိုင်၍ မီးဖိုခန်းမှ ထွက်လာသော ပုဖန်ကို စူးစိုက်ကြည့်လိုက်ကြသည်။ 


“ဒီလူ…ဒီလူက ဦးနှောက်ပျက်နေတာလား… ဒီလိုအခြေအနေမှာတောင် သူ့ရဲ့ ဝိုင်အကြောင်းကို လာပြောနေရဲတာလား….” ရှောင်မန်နှင့် ရှောင်ယုတို့၏ စူးရှသော အကြည့်များက ပုဖန်ဆီသို့ ရောက်ရှိသွားကြလေသည်။ သူတို့၏ စူးရှထက်မြသည့် အကြည့်များကို ပုဖန်က တည်တည်ငြိမ်ငြိမ် ရင်ဆိုင်လိုက်ပြီး နှုတ်ခမ်းကို တွန့်လိုက်ကာ ပြောဆိုလိုက်သည်။


“ငါမင်းတို့ကိုထပ်ပြီး သတိပေးလိုက်မယ်… ဒီဆိုင်ထဲမှာတိုက်ခိုက်လို့မရဘူး…. သိပ်တိုက်ချင်နေရင် အပြင်မှာသွားတိုက်ကြ…. ဒီလိုမှမဟုတ်ရင်တော့ တစ်ခြားသူတွေကို ဥပမာပေးဖို့ မင်းတိုအ၀တ်တွေကို ချွတ်ပစ်ရမယ်…”