အပိုင်း ၅၃
Viewers 53k

အခန်း 53 ကမာနှလုံးသားပန်ကိတ်ကို ရူးရူးမူးမူ ကြိ်ုက်နှစ်သက်သူ

မုန့်ရည်ပြုလုပ်ရန် အသုံးပြုမည့် ဆန်ကို စနစ်မှ ဖြည့်ဆည်းပေးထားခြင်းပင် ဖြစ်သည်။ ဆန်စေ့တစ်စေ့ခြင်းစီက ပုလဲရောင် ပြောင်လက်တောက်ပနေပြီး ဝိဉာဉ်စွမ်းအင် အမြောက်အများ ပါ၀င်နေပေသည်။ပုဖန်က ဆန်တစ်ဇွန်းကို ခပ်ယူလိုက်ပြီး ကြိတ်ဆုံအတွင်းသို့ ထည့်လိုက်ကာ ရေနှင့် မြေပဲအချို့ကို ထည့်၍ ကြိတ်ဆုံကို ဖြည်းဖြည်းချင်း လှည့်လိုက်သည်။ တခဏအကြာတွင် ဖြူဖွေးနေသည့် မုန့်နှစ်ရည်များက အောက်တွင် ခံထားသည့် ပန်းကန်လုံးအတွင်းသို့ ကျလာခဲ့သည်။

မုန့်နှစ်ရည်များ အလုံအလောက် ရရှိလာသည်နှင့် ပုဖန်က ကြိတ်ဆုံကို ဆေးကျောသန့်စင်လိုက်ပြီး ဒယ်အိုးတစ်လုံးကို ထုတ်ယူလိုက်သည်။ ဒယ်အိုးအတွင်းသို့ အရည်အသွေးမြင့်မားသည့် ဆီများလောင်းထည့်လိုက်ပြီး ဆူလာစေရန် အပူရှိန်ကို မြှင့်ထားလိုက်သည်။ ကမာနှလုံးသားပန်ကိတ်ကို လှပသော ပုံစံရရှိစေရန် သာမာန်ဒယ်အိုးများကို အသုံးမပြုပဲ အနည်းငယ်ပြား၍ ပြန့်ကားသော ဒယ်အိုးကိုသာ အသုံးပြုရပေသည်။

ဆီအိုးထဲသို့ မုန့်နှစ်ရည်တစ်ဇွန်းထည့်လိုက်ပြီး ပါးပါးလှီးထားသည့် မုန်လာဥနှင့် ကြက်သွန်ကို အပေါ်မှ ထည့်လိုက်သည်။ မုန့်နှစ်ရည်နောက်တစ်ဇွန်းကို ဖုံးအုပ်လိုက်ပြီး နုပ်နုပ်စင်းထားသည့် ကမာသားနုနုများကို မုန့်လွှာများ၏ အပေါ်ဆုံးမှ ထပ်ထည့်လိုက်သည်။ ဆီအိုးက ပွက်ပွက်ဆူနေသောကြောင့် မုန့်ထည့်လိုက်သည်နှင့် ဆီပူများက မုန့်၏ ဘေးဘက်များထံသို့ စင်တက်လာပြီး ချက်ချင်းပင် မုန့်နှစ်များက အဝါရောင်သမ်းလာလေသည်။

မုန့်ကြော်နေစဉ်တွင် အရသာမပျက်သွားစေရန် စားဖိုမှုးက လိုအပ်သည့် အပူချိန်ကို သေချာစွာ ထိန်းညှိပေးရပေသည်။ သို့မှသာ မုန့်အသားက အလွန်ကျက်သွားခြင်း အတွင်းသားများမကျက်ခြင်းတို့ မဖြစ်လာနိုင်ပဲ အလွန်စားကောင်းသည့် မုန့်တစ်ခုကို ရရှိနိုင်ပေမည်။ မုန့်တစ်ခုလုံးက ရွှေညိုရောင်သမ်းလာသောအခါ ပုဖန်က ဆယ်ယူလိုက်ပြီး ဆီစစ်ဇကာပေါ်တွင် တင်၍ ဆီစစ်ထားလိုက်သည်။

မုန့်သားက အလွန်ထူခြင်းမရှိ်သော ကြောင့် ပါ၀င်ပစ္စည်းများက ကောင်းစွာကျက်၍ ရွှေဝါရောင်သမ်းနေသည်ကိုပင် မြင်နေရပေသည်။ ကမာနှလုံးသားပန်ကိတ်၏ အလွန်မွှေးပျံ့သည့် ရနံ့ကလဲ လေထဲတွင် ပျံ့နှံ့နေပေသည်။ ဆန်ကြိတ်စဉ်က မြေပဲအနည်းငယ်ကို ထည့်ပေါင်းထားသောကြောင့် ကြော်ပြီးသောအခါ မြေပဲနံ့က သိသာစွာ မွှေးပျံ့နေပေသည်။ 

ဆီ၏ အပူချိန် ၊ မုန့်နှစ်၏ မွှေးပျံ့မှု နှင့် ပါ၀င်ပစ္စည်းများ၏ အရသာတို့က တစ်ခုနှင့် တစ်ခု ထောက်ပံ့နေကြပြီး ကောင်းမွန်သောရနံ့ကို ဖြစ်ပေါ်စေပေသည်။ ကမာသားမှ ပင်လယ်အငွေ့အသက်များကို ရှူရှိုက်မိစဉ်တွင် ပို၍ ထူးခြားနေပေသည်။ ထိုအနံ့ရလိုက်သည့် မည်သူမဆို အလွယ်တကူ ခွဲခြားသိနိုင်ပေသည်။ သူက ကမာနှလုံးသားပန်ကိတ်ကို ကြည့်၍ ဆာလောင်လာသည်ကို ခံစားလိုက်ရသည်။ ပုဖန်က နောက်တစ်ခုကို ဆက်ကြော်ထားလိ်ုက်ပြီး အေးနေပြီဖြစ်သော ပန်ကိတ်ကို ယူ၍ တစ်ကိုက်ကိုက်လိုက်သည်။ 

“ကြွပ်ရွတယ်….” မုန့်၏ကြွပ်ရွမှု ၊ မုန်လာဥ၏ နူးညံ့မှုနှင့် ကောင်းမွန်သော အရသာများက သူ၏ ပါးစပ်အတွင်းသို့ အတူတကွ၀င်ရောက်လာကြပေသည်။ ကောင်းမွန်သည့် အရသာက အာရုံကြောများကို လှုံ့ဆော်ပေးလိုက်သကဲ့သို ဖြစ်သွားပြီး ခန္ဒာကိုယ်အတွင်းရှိ အကြောပေါင်းတစ်ထောင် စိမ့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ 

တစ်ကိုက်စားလိုက်ပြီးနောက် သူ၏ ခေါင်းထဲတွင် ကြွပ်ရွမှု မွှေးပျံ့မှု အရသာရှိမှုဟူသော စကားစုသုံးခုမှလွဲ၍ အခြားဘာမှ မတွေးတောနိုင်တော့ပေ။ ပုဖန်က နောက်တစ်ကိုက်ထပ်ကိုက်လိုက်သည်။ ထိုအချိန်တွင် အသား၏ အရသာကိုခံစားလိုက်ရသည်။ အရသာကောင်းမွန်သော အသားက သူ၏ နှလုံးသားထဲထိပင် ကြေနပ်နှစ်သိမ့်မှုကို ခံစားလိုက်ရေစေသည်။

ဒုတိယတစ်ကိုက် ကိုက်လိုက်ချိန်တွင် နူးညံ့သည့် ကမာသား၏ အရသာကိုခံစားလိုက်ရသည်။ ပန်ကိတ်ကို ခပ်ကြာကြာကြော်ထားသော်လည်း ကမာသားများက မုန့်နှစ်များအတွင်း ဖုံးကွယ်သွားသောကြောင့် လတ်ဆတ်သည့် ပင်လယ်စာအရသာကို ခံစားလိုက်ရပေသည်။ ကမာသား၏အရသာ သာမက မုန်လာဥနှင့် မုန့်နှစ်တို့၏ အရသာကလဲ အလွန်ကောင်းမွန်သောကြောင့် ပုဖန်က သူ၏ လျှာကိုပင် မြိုချလုမတက် ဖြစ်သွားပေသည်။  

“ဒီကမာနှလုံးသားပန်ကိတ်ရဲ့အရသာက မျော်လင့်ထားတာထက်ကို ကောင်းလွန်းတာပဲ…” ပုဖန်က ပန်ကိတ်တစ်ခုကို ကုန်အောင်စားလိုက်ပြီးနောက် ဆီအိုးထဲတွင် ကြော်ထားသည့် နောက်တစ်ခုက အဆင်သင့်ဖြစ်နေပြီ ဖြစ်၍ ဆယ်ယူကာ ဆီစစ်ထားလိုက်သည်။ 

သူက ပန်ကိတ်သုံးခု ကြော်လိုက်ပြီးနောက် ဆက်မကြော်တော့ပေ။ ပန်ကိတ်က ပူနေတုန်းတွင် စားသောက်မှသာ အရသာပိ်ုမိုကောင်းမွန်ပေသည်။ အချိန်အနည်းငယ်ကြာသွားသည်နှင့် မုန်လာဥ၏ အစိုဓာတ်က ပျောက်ကွယ်သွားပြီး အနည်းငယ်မာလာကာနူးညံ့မှုများ လျော့ကျသွားစေပေလိမ့်မည်။ 
မုန်သားကလဲ ကြွပ်ရွမနေတော့ပဲ ပျောပြောင်းလာမည်ဖြစ်သည်။ ထိုအခြေအနေက အရသာကို လျော့ကျသွားနိုင်ပေသည်။

ပန်ကိတ်သုံးခုကိ်ု စားသောက်လိုက်ပြီးသော်လည်း ပုဖန်က တင်းတိမ်ရောင့်ရဲနေခြင်းမရှိပဲ ဆက်၍ စားသောက်ခြင်နေပေသည်။ သူ၏ ပါးစပ်ထဲတွင် ကမာနှလုံးသားပန်ကိတ်၏ အရသာများနှင့် ပြည့်နှက်နေပြီး ထိုအရသာကို ပို၍ လိုချင်နေသော ဆန္ဒက ဖြစ်ပေါ်လာသည်။ ပုဖန်က မီးဖိုခန်းကို သန့်ရှင်းရေးလုပ်လိုက်ပြီး သူ၏အခန်းသို့ပြန်၍ ပုံမှန်အတိုင်းပင် အိပ်စက်အနားယူလိုက်ပေသည်။

နောက်တစ်နေ့မနက်တွင် ရာသီဥတုသာယာနေပြီး နွေးထွေးသော နေရောင်ခြည်က ဖြာကျနေပေသည်။ ပုဖန်က အိပ်ယာမှ ရုတ်တရက်ခုန်ထလိုက်မိသည်။ သူကအချိန်အနည်းငယ်မျှ ပိုအိပ်လိုက်မိသောကြောင့် သန့်ရှင်းရေးကို အလျင်အမြန်လုပ်၍ ဆိုင်ဖွင့်ရန် ပြင်ဆင်လိုက်သည်။ ဆိုင်ဖွင့်လိုက်သည်နှင့် အပြင်ဘက်တွင် တန်းစီနေသော လူစုကို တွေ့လိုက်ရပေသည်။ ဖက်တီးဂျင်တို့လူစု ရောက်နေသည်မှာ အနည်းငယ်ကြာနေပြီဖြစ်သည်။

“အိုး… တော်သေးတာပေါ့ ပိုင်ရှင်ပု ဒီနေ့ဆိုင်ဖွင့်တာနည်းနည်းနောက်ကျတယ်နော်…." ဖက်တီးဂျင်က ညည်းတွားသကဲ့သို့ ပြောဆိုလိုက်သော်လည်း သူ၏ မျက်နှာပေါ်တွင် အပြုံးမပျက်ပေ။ မနက်စာကို ပုဖန်၏ ဆိုင်တွင် လာရောက်စားသောက်ရသည်ကပင် ဖက်တီးဂျင်၏အကျင့်တစ်ခုကဲ့သို့ ဖြစ်နေပေသည်။ ပုဖန်ဆိုင်က အစားအသောက်ကောင်းတွေကို နေ့တိုင်းစားရမှ ကြီးမားတဲ့ ပျော်ရွှင်မှုတွေက နောက်ကလိုက်လာနိုင်လိမ့်မည် ဟုပင် ဖက်တီးဂျင်က ခံယုထားလေသည်။

“ဟုတ်တယ်… ငါကဟင်းအသစ်ကို စမ်းသပ်ချက်ပြုတ်ကြည့်နေလို့ ဆိုင်ဖွင့်တာ နည်းနည်းနောက်ကျသွားတယ်…” ပုဖန်က ခပ်ပြတ်ပြတ်ပင် တုံ့ပြန်လိုက်သည်။ 

ဖက်တီးဂျင်က ပုဖန်ပြောလိုက်သည်ကို ကြားလိုက်ရသောအခါ ပျော်ရွှင်သွားပြီး မီနူးကို လှမ်းကြည့်လိုက်မိသည်။ မီနူး၏ အောက်ခြေတွင် ဟင်းပွဲအသစ် ရေးသားထားသည်ကို သူက တွေ့လိုက်ရသည်။

“ကမာနှလုံးသားပန်ကိတ်… တစ်ပွဲကို နှစ်ခု… သလင်းကျောက်တုံး… ငါးတုံး( ပါဆယ်ထုတ်ယူခွင့် ပြုသည်။)”

“ကမာနှလုံးသားပန်ကိတ်… ဒီလိုနာမည်မျိုးကို တစ်ခါမှ မကြားဖူးဘူး… နာမည်ကို နားထောင်လိုက်ရတာနဲ့ အရသာက အရမ်းကိုအံ့သြစရာကောင်းမယ်လို့ခံစားနေရတယ်…” ဖက်တီးဂျင်က အံ့သြတကြီး တွေးနေမိသည်။

“ပိုင်ရှင်ပု… ငါ့ကို အဲဒီဟင်းပွဲတစ်ပွဲပေး…” ဖက်တီးဂျင်က တုံ့ဆိုင်းခြင်းပင်မရှိပဲ ပန်ကိတ်ကို မှာယူလိုက်လေသည်။ သူ့အတွက်က သလင်းကျောက်တုံးများကို အရေးစိုက်စရာဟုတ်မနေပေ။

“မင်းအခုတစ်ခြားဟင်းပွဲတွေကို အရင်မှာစားလေ… ပြန်ခါနီးမှ ပန်ကိတ်ကို ယူသွားပေါ့… ဒါဆို အပြန်လမ်းမာ လမ်းလျောက်ရင်းစားသွားလို့ရတာပေါ့…” ပုဖန်က ဖက်တီးဂျင်ကို သတိပေးလိုက်သည်။ ဖက်တီးဂျင်က ခေါင်းညိမ့်ပြလိုက်ပြီး အခြားဟင်းပွဲတစ်ခုကို မှာယူလိုက်သည်။ 

ပုဖန်က အခြားသူများထံမှ မှာယူသည်များကို မှတ်သားလိုက်ပြီး ဟင်းပွဲများကိုပြင်ဆင်ရန် မီးဖိုခန်းအတွင်း ၀င်ရောက်သွားလိုက်သည်။ ထိုအချိန်တွင် ကွမ်းရှောင်ယီက ဆိုင်အတွင်းသို့ ၀င်ရောက်လာခဲ့သည်။ သူမက ပုဖန်၏ ဆိုင်တွင် စားပွဲထိုးလုပ်ရန် မလိုတော့သော်လည်း မနက်ခင်းတိုင်းတွင် စားသောက်ဆိုင်ငယ်လေးထံသို့ ရောက်ရှိလာတတ်ပေသည်။ ပုဖန်ကလည်း သူမကို တားဆီးခြင်းမရှိပေ။

“ရှောင်ယီ … ဒီနေ့က ကွမ်းမိသားစုရဲ့ အရေးကြီးတဲ့နေ့မဟုတ်ဘူးလား နင်ဘာလို့ အလုပ်လာနေတာလဲ…” ဖက်တီးဂျင်က ဟင်းပွဲများကို စောင်းဆိုင်းနေရာမှ ပျင်းရိလာသောကြောင့် ကွမ်းရှောင်ယီကို စကားစမည်ပြောဆိုရန် စတင်လိုက်သည်။ 

“အာ… ဒီနေ့ကဘာအရေးကြီးနေ့လဲ…” ကွမ်းရှောင်ယီက ကြောင်အသွားပြီး ပြန်လည်မေးမြန်းလိုက်သည်။

“အင်း … တစ်ကယ်တော့ အရမ်းအရေးကြီးတဲ့ နေ့တစ်နေ့လဲမဟုတ်ပါဘူး… အင်ပါယာမြို့တော်ထဲမှာ ပြောနေကြတာပဲ .. အင်ပါယာမင်းမြတ်က သုံ့ပန်းတွေကို ကွပ်မျက်ဖို့ စစ်သေနာပတိချုပ်ရှောင်နဲ့ စစ်သူကြီးကွမ်းတိ်ု့ကိုတာ၀န်ပေးထားတယ်ဆို… ဒီကွပ်မျက်မှုကို လျို့ဝှက်ကောင်းကင်ဘုံဂိတ်တံခါးနားမှာ ပြုလုပ်မယ်လို့ပြောနေတာကြားခဲ့ရတယ်…” ဖက်တီးဂျင်က ဆက်လက်ပြောဆိုလိုက်သည်။ 

“ငါသိထားတာဟုတ်တယ်မဟုတ်လား… ငါသိထားတာတော့ မရဏဝိဉာဉ်နန်းတော်က ဆဌမအဆင့် ခေါင်းဆောင်တွေကို ဒီနေ့ကွပ်မျက်မယ်တဲ့… ဒီသတင်းကြောင့် အင်ပါယာမြို့တော်ထဲက လူတွေတောင် တော်တော် တုန်လှုပ်နေကြတာ… ငါထင်တာတော့ ဒီတစ်ခေါက် အရှင်မင်းမြတ်ရဲ့ ဆုံးဖြတ်ချက်က အပြင်ဘက်က ဂိုဏ်းခွဲတွေကိုပါ တပ်လှန့်လိုက်သလို ဖြစ်သွားစေလိမ့်မယ်ထင်တယ်….” 

“ဖက်တီးဂျင် ငါမင်းကိုပြောပြမယ်… ဒီကွပ်မျက်မှုက အေးအေးဆေးဆေးမပီးဆုံးသွားမှာကို ငါကြောက်နေမိတယ်… ဘာလို့လဲဆိုတော့.. မနေ့ကတုန်းက စစ်သေနာပတိချုပ်ရှောင်နဲ့ နှလုံကွဲကြေဓါးဧကရာဇ်တို့ တိုက်ပွဲအကြီးအကျယ် ဖြစ်သွားကြတယ်လေ… ဘာဖြစ်သွားလဲဆိုတာ မင်းမသိလိုက်ဘူးလား .. ငါကြားတာတော့ နှလုံကွဲကြေ ဓါးဧကရာဇ်က ထွက်ပြေးလွှတ်မြောက်သွားတယ်တဲ့…”

“အဲဒါတွေထက်ပိုဆိုးတာက လျို့ဝှက်ဆန်းကျယ်တဲ့ အာကာသအာနန်ဂိုဏ်းကလွဲပြီး ကျန်တဲ့ ဂိုဏ်းကြိးကိုးခုလုံးက လူတွေစုနေကြပြီး ဒီနေ့ကျင်းပတဲ့ ကွပ်မျက်ပွဲကို ဟန့်တားဖို့ပြင်ဆင်နေကြတယ်… ငါထင်တာတော့ ဒီနေ့ ကမ္ဘာမြေတုန်လှုပ်လောက်တဲ့ တိုက်ပွဲတွေဖြစ်လာမယ်ထင်တယ်… အင်ပါယာမြို့တော်ထဲမှာ အရင်ကထက် လူတွေပိုများနေတာကို မင်းတို့ နည်းနည်းမှ သတိမပြုမိကြဘူးလား….”

ကွမ်းရှောင်ယီက စားသုံးသူများ အချင်းချင်း ဆွေးနွေးပြောဆိုနေကြသည်ကို ကြားနေရသောကြောင့် သတိလက်လွတ်နှင့် တွေးတောနေမိလိုက်သည်။ 

“အင်း… သူတို့ ပြောသလိုဆိုရင် အဖေနဲ့အကိုကြီးတို့က အန္တရာယ်ကြားထဲကို ရောက်နေတာပေါ့….”

“ရှောင်ယီ… ဟင်းပွဲတွေလာချပေးဦး…” မီးဖိုခန်းအတွင်းမှ ပုဖန်၏ အသံက ကွမ်းရှောင်ယီ၏ အတွေးများကို ဖြတ်တောက်လိုက်သည်။ ဖက်တီးဂျင်တို့က ဟင်းပွဲများကို စားသောက်လိုက်ကြပြီးချိန်တွင် ပုဖန်က ကမာနှလုံးသားပန်ကိတ်ကို ကြော်ပြီးနေပြီဖြစ်သည်။ လူဝြကီးအုပ်စုက ခြောက်ယောက်ရှိပြီး တစ်ဦးခြင်းစီက တစ်ပွဲစီမှာယူကြသောကြောင့် ပုဖန်က ပန်ကိတ် ဆယ့်နှစ်ခုကို ကြော်လိုက်ရသည်။

“ဒါက ကမာနှလုံးသားပန်ကိတ်ဆိုတာလား…. ကြည့်ပါဦး… အနံ့ကလဲ မွှေးပျံံ့နေတာပဲ …” ဖက်တီးဂျင်က သူ၏ လက်ထဲရှိ ဝါးရွက်ဖြင့် ထုတ်ပိုးထားသော ပန်ကိတ်ကို ကြည့်၍ တံတွေးမြိုချလိုက်ရသည်။ ရွှေညိုရောင်သမ်းနေသော ပန်ကိတ်က သူတို့၏ စားချင်စိတ်ကို အရူးအမူး ဖြစ်ပေါ်လာစေသည်။ ဖက်တီးဂျင်တို့လူစုက ပန်ကိတ်ထုပ်လေးများကို ကိုင်ဆောင်၍ ပုဖန်၏ ဆိုင်အတွင်းမှ ထွက်ခွာလာခဲ့ကြသည်။ 

“ဂျင်… ငါတို့က ဘာလို့ကွပ်မျက်ပွဲကို သွားမကြည့်ရမှာလဲ.. အင်ပါယာအဆင့်ခြောက်ယောက်ကို ကွပ်မျက်တယ်ဆိုတာ ထူးခြားတဲ့ပွဲပဲလေ… ငါတို့ သွားကြည့်ရမှာပေါ့…” ဖက်တီးတစ်ယောက်က ပြောဆိ်ုလိ်ုက်ပြီး အခြားသူများကလဲ ထောက်ခံလိ်ုက်ကြသည်။ ထို့နောက် သူတို့လူစုက ကွပ်မျက်ပွဲထံသို့ ဦးတည်လိုက်ကြပြီး လမ်းတစ်လျောက်တွင် ပန်ကိတ်ကို စားသောက်သွားကြသည်။ သူတို့အားလုံးက ပန်ကိတ်ကို အရူးအမူး ကြိုက်နှစ်သက်သူများ ဖြစ်လာကြသည်။