အပိုင်း ၅၄
Viewers 62k

အခန်း 54 ကမာနှလုံးသားပန်ကိတ်၏ ကြား၀င်နှောက်ယှက်မှု


အင်ပါယာနန်းတော်အပြင်ဘက်ရှိ တရားရုံးရှေ့တွင် များပြားလှသည့် လူအုပ်ကြီးက စီတန်းတိုးကြိတ်နေကြသည်။ ထိုလူအုပ်ကြီးက နန်းတော်အတွင်းရှိ လျို့ဝှက်ကောင်းကင်ဂိတ်တံခါး၀သို့ ၀င်ရန်စောင့်ဆိုင်းနေကြခြင်းပင် ဖြစ်သည်။ နန်းတော်အပေါက်၏ ဘေးတစ်ဖက်တစ်ချက်တွင် သံချပ်ကာ၀တ် စစ်သည်တော်များက စောင့်ကြပ်နေကြပြီး နန်တော်အတွင်း၀င်ရောက်ကြည့်ရှုရန် ကြိုစားနေသည့် လူအုပ်ကြီးကို စစ်ဆေးနေကြသည်။ 


အင်ပါယာပြည့်ရှင်မင်းမြတ်က မရဏဝိဉာဉ်နန်းတော်မှ သုံ့ပန်းများကို ကွပ်မျက်ရန် ရုတ်တရက် အမိန့်ချလိုက်ခြင်းက ပြည်သူများကို ဂယက်ထသွားစေရုံသာမက တရားရုံးတော်မှ အရာရှိ ၀န်ထမ်းများနှင့် မြို့တော်၏ အပြင်ဘက်ရှိ ဂိုဏ်းဂဏများကိုပါ အကြီးအကျယ် အံ့အားသင့်သွားစေခဲ့သည်။


ဖက်တီးဂျင်တို့လူစုလည်း နန်းတော်ရှေ့သို့ရောက်ရှိလာကြသည်။ သူတို့က တရားရုံး၀န်ထမ်းများ မဟုတ်သောကြောင့် အခြားသူများကဲ့သို့ နန်းတော်အတွင်းသို့ ၀င်ရန် တန်းစီကြရလေသည်။ ကံကောင်းထောက်မစွာဖြင့် ဖက်တီးဂျင်တို့ လူစုက ပထမဦးဆုံးအသုတ်တွင် ရောရောင်၍ ပါသွားကြလေသည်။


လျို့ဝှက်ကောင်းကင် ဂိတ်တခါးကို အင်ပါယာနန်းတော်က ဦးစီးတည်ဆောက်ထားခြင်းပင် ဖြစ်သည်။ မျက်နှာပြင် ဧရိယာက အလွန်ကြီးမားကျယ်ပြန့်ပြီး ထိုအထဲတွင် အင်ပါယာမြို့တော်၏ ဦးဆောင်သူများ… အရေးကြီးအခမ်းအနားများနှင့် မြို့တော်အတွက် အသက်ပေးလှူသွားကြသော သူရဲကောင်းတို့ ၏ နာမည်များကို ရေးထိုးမှတ်တမ်းတင်ထားပေသည်။ ယနေ့တွင် လျို့ဝှက်ကောင်းကင် ဂိတ်တခါးအတွင်းရှိ လေထုက အလွန်အမင်း အေးစက်နေပေသည်။


ကွပ်မျက်ရေးစင်မြင့်ကို မြေကွပ်လပ်၏ အလယ်တွင် တည်ဆောက်ထားပြီး ပတ်ပတ်လည်တွင် ရဲမတ်များ ၀န်းရံလျက်ရှိပြီး အမိန့်ကို စောင့်ဆိုင်းလျက်ရှိသည်။ ကွပ်မျက်ရေးစင်မြင့်ပေါ်တွင် တရားရေးရာ ခုံတစ်ခုံရှိပြီး ထိုင်ခုံနှစ်ခုံလည်း ပါရှိပေသည်။ ထိုင်ခုံပေါ်တွက် စစ်သေနာပတိချုပ်ရှောင်က သံချပ်ကာ အပြည့်အစုံကို ၀တ်ဆင်ထားပြီး ထိုင်နေခဲ့သည်။ သူ၏ အနီရောင်သံချပ်၀တ်ရုံက သွေးနီရောင်ပင်လယ်လှိုင်းလုံးများကဲ့သို့ ထင်ရပေသည်။


ကွမ်းဇောင်ဟန့်ကလည်း စစ်၀တ်စုံအပြည့် ၀တ်ဆင်ထားပြီး ဆံပင်ရှည်များကို သုံးမွှေးကြိုးဖြင့် စည်းနှောင်ထားသည်။ နဖူးပေါ်တွင် ကျနေသည့် ဆံပင်ရှည်နှစ်ချောင်းက လေတွင် တစ်ဖြတ်ဖြတ် လွင့်ပျံနေပြီး သူ၏အမူအယာက အေးဆေးတည်ငြိမ်နေပြီး အေးစက်နေပေသည်။ စင်မြင့်ပေါ်ရှိ နှစ်ယောက်မှာ ရုပ်တုများနှင့်ပင် တူညီနေပေသည်။ အေးစက်နေသော ဆောင်းဦးလေအေးကပင် သူတို့နှစ်ယောက်၏ အမူအယာလောက် အေးစက်နိုင်လိမ့်မည်မထင်ပေ။


ကွမ်းဇောင်ဟန့်က ကောင်းကင်ထက်သို့ ရုတ်တရက် လှမ်းကြည့်လိုက်သည်။ ဆောင်းဦးလေပြေတိုက်ခတ်နေပြီး တိမ်ထူထူများက ရွေ့လျားနေကြသော်လည်း ပေါ်ထွက်လာသော နေရောင်ခြည်ကို တားဆီးရန် မတတ်နိုင်ခဲ့ပေ။


“အချိန်ကျပြီ… အကျဉ်းသားတွေကို ကွပ်မျက်ရေးစင်မြင့်ပေါ် ခေါ်လာကြ….” ကွမ်းဇောင်ဟန့်၏ တည်ငြိမ်အေးစက်သည့် အသံက လျို့ဝှက်ကောင်းကင် ဂိတ်တခါး၀အတွင်း ပျံ့နှံ့သွားလေသည်။ ဆူညံနေသော လူအုပ်ကြီးက ချက်ချင်းပင် တိတ်ဆိတ်သွားပြီး ကွပ်မျက်ရေးစင်မြင့်ရှိရာသ်ို့ စိုက်ကြည့်နေကြသည်။


သံကြိုးလှုပ်ခတ်သံများ ကြားလိုက်ရပြီး အစောင့်တပ်သားများက အကျဉ်းသားများကို ခေါ်ဆောင်လာသည်ကို တွေ့လိုက်ရသည်။ အကျဉ်းသားများက အဖြူရောင်၀တ်ရုံကို ၀တ်ဆင်ထားကြပြီး သူတို့၏ ခြေလက်များကို သံကြိုးများဖြင့် ချည်နှောင်ထားလေသည်။ ဖက်တီးဂျင်က ခပ်နွေးနွေးအပူရှိန် ရှိနေသေးသည့် ကမာနှလုံးသားပန်ကိတ်ကို ဝါးရွက်အတွင်းမှ ထုတ်ယူလိုက်သည်။ 


မွှေးကြိုင်သင်းပျံ့သောရနံ့များက လေထုအတွင်း ပျံ့နှံ့သွားပြီး ပတ်၀န်းကျင်ရှိ လူများအားလုံးက နှာခေါင်းတစ်ရှုံ့ရှုံ့ဖြင့် ရှူရှိုက်မိလိုက်ကြသည်။ ဖက်တီးဂျင်က မွှေးကြိုင်သော ရနံ့ကို အားပါးတရ ရှူရှိုက်နေပြီး သူ၏ ပါးမို့မို့များပင် ပျော်ရွှင်မှုကြောင့် လှုပ်ခါနေပေသည်။


“ပိုင်ရှင်ပုဆိုင်က အစားသောက်တွေက အကောင်းဆုံးပဲ အနံ့နဲ့တင် ဒီလောက်ကောင်းနေပြီဆိုတော့ … အရသာကလဲ ပြောစရာမလိုလောက်အောင် ကောင်းမှာ အသေအချာပဲ…” ဖက်တီးဂျင်က တွေးတောနေလိုက်ပြီး မုန့်ကို တစ်ကိုက်ကိုက်လိုက်သည်။


ခရက်… 


ကျိုးကြေသွားသည့် အသံနှင့်အတူ ဖက်တီးဂျင်၏ မျက်၀န်းများက အလွန်အမင်း ပြူးကျယ်သွားလေသည်။ မုန့်၏ အပြင်ဘက်အလွှာက ကြွပ်ရွနေပြီး ကိုက်လိုက်သည်နှင့် အတွင်းမှ နူးညံ့မှုကို တစ်ပြိုင်တည်း ခံစားလိုက်ရသည်။ မုန်လာဥက ပါးစပ်အတွင်းရောက်သည်နှင့် အရည်ပျော်သွားပြီး အာရုံကြောများအထိပင် ပျံ့နှံ့သွားလေသည်။


“အိုး… အရမ်းအရသာရှိတာပဲ….” ဖက်တီးဂျင်က မြည်တမ်းလိုက်ပြီး မုန့်ကို ထပ်ကိုက်လိုက်သည်။ ထိုအချိန်တွင် သူက အသား၏ အရသာကို ခံစားလိုက်ရပြီး ပါစပ်အတွင်းမှ အရသာက ပို၍ နက်ရှိုင်းပြင်းထန်လာခဲ့သည်။


ဂလု… 


ကမာနှလုံးသားပန်ကိတ်၏ မွှေးရနံ့ကို ဆောင်းလေးညင်းလေးများက ကူညီသယ်ဆောင်ပေးသွားသောကြောင့် ဘေးပတ်၀န်းကျင်သို့ အလျင်အမြန် ပျံ့နှံ့သွားပြီး အနီးအနားမှ လူများက အငမ်းမရ ရှူရှိုက်လိုက်မိကြသည်။ အခြားလူဝကြီးများကလည်း မအောင့်နိုင်တော့ပဲ သူတို့လက်ထဲရှိ ဝါးရွက်အတွင်မှ ကမာနှလုံးသားပန်ကိတ်ကို ထုတ်၍ စားလိုက်ကြသည်။


တိတ်ဆိတ်ငြိမ်သက်နေသည့်အချိန်တွင် ဖက်တီးများ၏ ပန်ကိတ်ကို ကိုက်လိုက်သံက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ မုန်တစ်ခု၏ မွှေးရနံ့က မသိသာသော်လည်း ဖက်တီးအဖွဲတစ်ခုလုံးမှ ထွက်ပေါ်လာသော မွှေးရနံ့က လှိုင်းလုံးများကဲ့သို့ ပတ်၀န်းကျင်တစ်ခွင်သို့ သိသိသာသာ ပျံ့နှံ့သွားစေသည်။ ကမာနှလုံးသားပန်ကိတ်၏ ရနံ့က ဗုန်းတစ်လုံးပေါက်ကွဲလိုက်သကဲ့သို့ လျှို့ဝှက်ကောင်းကင် ဂိတ်တခါးတစ်ခုလုံးကိုပျံ့နှံ့သွားပြီး ထိုနေရာမှ လူများအားလုံးကို ဆူဆူညံညံ ဖြစ်ပွားလာစေသည်။


“ဘာလဲ …. ဒီအနံ့ကဘာလဲ…. သေဒဏ်ကွပ်မျက်မဲ့နေရာကို ဘယ်သူက အဆိပ်ကို သယ်ဆောင်လာတာလဲ…”


“ဒါကအဆိပ်မဖြစ်နိုင်ဘူး…. အရမ်းမွှေးလွန်းတယ်… ဒီလောက်မွှေးတဲ့ ရနံ့မျိုး ကမ္ဘာပေါ်မှာရှိနေတာလား…”


“ဘယ်သူလဲ… ဘယ်သူကများ သေဒဏ်ချမှတ်တဲ့နေရာကို ဒီလောက်မွှေးတဲ့မုန့်ကို ယူဆောင်လာရတာလဲ…. ငါလဲတစ်ခုလောက်စားချင်လိုက်တာ…”


လျို့ဝှက်ကောင်းကင်ဂိတ်တခါးအတွင်းမှ လူအုပ်ကြီးက ကြွပ်စီကြွပ်စီဖြင့် ဆူညံနေကြပြီး မွှေးကြိုင်သင့်ပျံ့သော ရနံ့ ထွက်ပေါ်လာသည့်ေ နရာကို ရှာဖွေနေကြသည်။ အစောင့်တပ်သားများက သတိကြီးကြီးထား၍ စစ်ဆေးလိုက်ကြသည်။ တပ်သားများကိုယ်တိ်ုင်ပင် မထိန်းချုပ်နိုင်ပဲ တံတွေးမျိုချမိလိုက်ကြသည်။ မွှေးရနံ့ကြောင့် လူအများ၏ ရိုးတွင်းချဉ်ဆီအတွင်းမှပင် ဆာလောင်တောင့်တမှုကို ခံစားနေကြရသည်။


ခရက်….


 ဖက်တီးဂျင်က နောက်တစ်ကိုက်ကိုက်လိုက်ပြီး ကမာသားနုနုလေးများ၏ အရသာတွင် မူးရစ်ပျော်၀င်သွားသောကြောင့် ပါးစပ်ကို ဖွင့်၍ လေများကိုမှုတ်ထုတ်လိုက်သည်။ မွှေးရနံ့များက ဖက်တီးဂျင်၏ ပါးစပ်အတွင်းမှ ပွတ်တိုက်ထွက်လာပြီး လေထုထဲသို့ ပျံ့နှံ့သွားလေသည်။


“သွားစမ်း… ငါ့အရှေ့မှာလာစားမနေနဲ့…” ဖက်တီးဂျင်၏ အနီးမှ အေးစက်စက်အသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။ ထိုအသံရှင်က ကမ္ဘာတစ်ခုလုံးကို တင်ကြွေးထားရသော လူတစ်ယောက်ကဲ့သို့ အေးစက်တင်းမာနေပေသည်။ ဖက်တီးဂျင်က ကြောင်အသွားပြီး ခေါင်းလှည့်ကြည့်လိုက်ရာ သူ၏ အနောက်တွင် ရပ်နေသည့် ရုပ်ဆိုးဆိုးလူတစ်ယောက်ကို တွေ့မြင်လိုက်ရသည်။ ထိုသူက တံတွေးမျိုချနေရာမှ ဖက်တီးဂျင်၏ လက်ထဲရှိ ကမာနှလုံးသားပန်ကိတ်ကို စိုက်ကြည့်နေလေသည်။


“မင်းကဘာကောင်လဲ… ငါ့ဟာငါ ဘယ်နေရာမှာစားစား… မင်စောက်ပူပါလား… ငါဆက်စားမယ်ဆိုရင်ရော မင်ဘာလုပ်နိုင်မှာမို့လဲ….” ဖက်တီးဂျင်က နှခေါင်းရှုံ့၍ ပြောဆိုလိုက်ပြီး လက်ထဲရှိပန်ကိတ်ကို နောက်တစ်ကိုက်ထပ်စားလိုက်သည်။ ရုပ်ဆိုးဆိုးလူက ဒေါသထွက်သွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ထားလိုက်လေသည်။ သူ၏ စိတ်ထဲတွင် ဖက်တီးဂျင်၏ မျက်နှာကို ကြေမွသွားအောင် ထိုးနှက်ချင်နေသော်လည်း သူတို့ဂိုဏ်း၏ အစီအစဉ်ကိုပြန်တွေးမိသွားသောကြောင့် ဒေါသက်ို ထိန်းချုပ်ထားလိုက်သည်။


“စောက်ဖက်တီးပုတ်… မင်းစောင့်နေလိုက်….” ထိုသူက ဖက်တီးဂျင်ကို အေးစက်စက် စိုက်ကြည့်၍ ခြမ်းခြောက်လိုက်သည်။


“အိုးဟိုး…. မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား… အခုငါမင်းရှေ့မှာပဲစားမယ်ကွာ… မင်းငါ့ကိုဘာလုပ်နိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့…” ဖက်တီးဂျင်က ပြောဆိုလိုက်ပြီး လက်ထဲရှိ ပန်ကိတ်ကို ပါးစပ်အတွင်းသို့ ထိုးထည့်လိုက်သည်။ ထို့နောက် ဝါးရွက်အတွင်းမှ ပန်ကိတ် နောက်တစ်ခုကို ထုတ်ယူလိုက်သည်။


ထိုသူက အသက်ပြင်းပြင်းရှူ၍ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်ထားရသောကြောင့် လက်ပေါ်တွင် သွေးကြောများပင် ထောင်ထနေပေသည်။ ထိုအချိန်တွင် အကျဉ်းသားခြောက်ယောက်က ကွပ်မျက်ရေးစင်မြင့်ပေါ်တွင် ဒူးထောက်လျက်ရှိနေပြီဖြစ်သည်။ သူတို့တစ်ယောက်ချင်းစီ၏ ဘေးတွင် အနီရောင်ပိတ်စကိုခေါင်းပေါင်းထားသော သေဒဏ်စီရင်သူတစ်ယောက်စီ ရပ်နေကြပေသည်။ သေဒဏ်စီရင်သူများ၏ ခန္ဒာကိုယ်မှ အေးစက်သည့် အငွေ့အသက်များ ထွက်ပေါ်နေကြပြီး သူတို့အားလုံးက စတုထ္တအဆင့် (ဝိဉာဉ်တည်အဆင့်) များ ဖြစ်ကြသည်။


ဆူညံပွက်လောရိုက်နေသော လူအုပ်ကြီးက နောက်တစ်ဖန် ပြန်လည်ငြိမ်သက်သွားကြသည်။ ကွပ်မျက်ရန် အချိန်ရောက်ပြီဖြစ်သောကြောင့် လျို့ဝှက်ကောင်းကင်ဂိတ်တခါးအတွင်းရှိ လေထုက ပိုမိုအေးစက်လာသည်ဟုပင် ထင်ရပေသည်။ ရှောင်မန်က ပူပြင်းလာသော နေရာင်ကို တစ်ချက်ကြည့်လိုက်ပြီး လက်ကို လှုပ်ရှားလိုက်ရာ တရားစီရင်ရေးခုံပေါ်တွင် သံအနက်ဖြင့် ပြုလုပ်ထားသော အမိန့်ပြားက ပေါ်ထွက်လာခဲ့သည်။ ထိုအမိန့်ပြားပေါ်တွင် ခေါင်းဖြတ်ကွပ်မျက်စေ ဟူသော စကားလုံးကို ရေးထွင်းထားပေသည်။ ရှောင်မန်က ထိုအမိန့်ပြားကို ပစ်လွင့်မည့်အချိန်တွင် တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး လူအုပ်ကြီးအတွင်းသို့ လှမ်းကြည့်လိုက်သည်။


“သေစမ်းဖက်တီးပုတ်… ငါမင်းကိုသတ်မယ်….” အာခေါင်ခြစ်အော်လိုက်သံနှင့်အတူ ကြောက်မက်ဖွယ်စွမ်းအင်များက လွင့်ပျံလာခဲ့သည်။


“ဟမ်… ဝိဉာဉ်တစ္ဆေဂိုဏ်ကး စွမ်းအင်ကျင့်စဉ်အငွေ့အသက်တွေပါလား…” ရှောင်မန်က တီးတိုးရေရွတ်လိုက်ပြီး မျက်၀န်းများကိုကျဉ်းးမြောင်းလိုက်မိသည်။ ထို့နောက် သူ၏ မျက်လုံးအတွင်းတွင် အလင်းရောင်တစ်ချက်လက်သွားပေသည်။


စွမ်းအင်ပေါက်ကွဲမှုအပြီးတွင် ဂိတ်တခါးအတွင်းရှိ လူများကြားမှ ကျောချမ်းဖွယ်ရာအော်သံများ ပေါ်ထွက်လာပြီး စွမ်းအင်များကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ဖော်လိုက်ကြသည်။ ထိုသူများက စွမ်းအင်များက အလွန်စွမ်းအားပြင်းကြပြီးတစ်ယောက်ခြင်းဆီက ပဉ္စမအဆင့်( ဘုရင်အဆင့်များ )ဖြစ်ကြသည်။ အချက်ပေးမှုတစ်စုံတစ်ရာမျှမရှိပဲ ဂိုဏ်းအဖွဲအသီးသီးမှ စတင်လှုပ်ရှားလာကြသည်။ ရှောင်မန်နှင့် ကွမ်းဇောင်ဟန့်က အနည်းငယ်မျှသာ စိတ်ရှုပ်သွားဟန် ရပြီး တိုင်ပင်ထားသကဲ့သို့ လှုပ်ရှားလာသည့် ကျွမ်းကြင်သူများကို တိုက်ခိုက်ရန်ပြင်ဆင်လိုက်ကြသည်။


ဘန်း…ဘန်း… ဘန်း… 


ရှောင်မိသားစု၏ ကျားအစောင့်တပ်ဖွဲ့များက ကွပ်မျက်ရေးစင်မြင့်အနီးတွင် ရပ်နေရာမှ စွမ်းအင်များထွက်ပေါ်လာရာသို့ ပြေးလွားသွားလိုက်ကြသည်။ ဖက်တီးဂျင်၏ မျက်နှာက သွေးမရှိတော့သကဲ့သို့ ဖြူဖျော့နေပြီး ပုအိုက်အိုက်ခန္ဒာကိ်ုယ်က တစ်ဆတ်ဆတ် တုန်လှုပ်နေပေသည်။သူ့အရှေ့ရှိ ရုပ်ဆ်ိုးဆိုးလူထံမှ ထွက်ပေါ်လာသော စွမ်းအင်များက တောင်ကြီးတစ်ခုနှင့် ဖိနှိပ်ခံရသကဲ့သို့ ဖက်တီးဂျင်က ခံစားနေရသည်။


“အ… အကိုကြီး… ငါ… ငါဘယ်လိုအမှားမျိုးကိုမှ ထပ်မလုပ်တော့ပါဘူး…. ရော့… ဒီမှာကမာနှလုံးသားပန်ကိတ်… စားလိုက်ပါ….”


“စားရမယ်… မင်းညီမကိ်ုသာ စားခိုင်းလိုက်… ခွေးမသားဖက်တီး…” ရုပ်ဆိုးဆိုးလူက မချိတင်ကဲ ခံစားလိုက်ရပေသည်။ စွမ်းအင်များကို ထုတ်ဖော်မိလိုက်သောကြောင့် စီစဉ်ထားသည်များက သဲထဲရေသွန်သကဲ့သို့ ဖြစ်သွားရပြီဖြစ်သည်ကို သူကနားလည်လိုက်သည်။ ဂိုဏ်းကြီး ဆယ်ဂိုဏ်းက ကွပ်မျက်ရေးအစီအစဉ်ကို ကြားဖြတ်နှောက်ယှက်ရန် စီစဉ်ထားမှုများက ကမာနှလုံးသားပန်ကိတ်ကြောင့် ပျက်စီးသွားရပြီဖြစ်သည်။


“ဘယ်လိုခွေးသားကများ… ဒီစောက်သုံးမကျတဲ့ ပန်ကိတ်ကို လုပ်ထားတာလဲ…..”