အပိုင်း ၅၅
Viewers 53k

အခန်း ၅၅ ဆိုင်ထဲမှာ ပြသနာဖြစ်ရင် ပိုင်ရှင်ပုက ၀င်ဖြန်ဖြေပေးမှာမဟုတ်လား


“အဲဒီမှာဘာတွေဖြစ်နေတာလဲ… ဘယ်သူက အစီအစဉ်အတိုင်မလှုပ်ရှားတာလဲ… ဟွန်းချွမ်သွမ့် မင်းရဲ့လူတွေကို ဘယ်လိုသင်ကြားထားတာလဲ…” လူအုပ်ကြီးအတွင်းမှ ပန်းထိုး၀တ်ရုံ၀တ်ဆင်ထားပြီး တည်ငြိမ်သောအမူအယာနှင့် ကုန်သည်တစ်ယောက်ကဲ့သို့ ၀တ်ဆင်ထားသည့် လူကြီးက မျက်နှာမည်းသည်းသွားကာသူ့နောက်နားရှိ ခါးကုန်းကုန်းလူတစ်ယောက်ကို ဒေါသတကြီးနှင့် မေးမြန်းလိုက်သည်။ ခါးကုန်းကုန်း လူကြီး၏ အမူအယာက ညို့မှိုင်းသွားပြီး ကိုယ်ကို ဆန့်၍ မတ်မတ်ရပ်လိုက်သည်။


“ရှောင်ယု… မင်းငါ့ကိုအဲလိုလေသံနဲ့လာမပြောနဲ့… ငါကမင်းရဲ့ လက်အောက်ငယ်သားမဟုတ်ဘူး…” ထိုသူက ပြေဆိုနေရာမှ သူ၏ မျက်နှာအမူအယာက ရေအေးအေးနှင် ဖြန်းပက်ခံလိုက်ရသကဲ့သို့ ဖြူဖျော့သွားသည်။ သူ၏ မျက်၀န်းများက နက်မှောင်နေပြီး ခန္ဒာကိုယ်အတွင်းတွင် မီးတောက်လောင်နေသကဲ့သို့ ခံစားလိုက်ရသည်။ 


“ကောင်းတယ်… အရမ်းကောင်းတယ်… ဝိဉာဉ်တစ္ဆေဂိုဏ်းရဲ့လုပ်ရပ်က အရမ်းကိုကောင်းတယ်… အစီအစဉ်သာကျရှုံးသွားရင် ဒီကိစ္စကို သူတို့ တာ၀န်ယူပေးရမယ်…” အသက်ကြီးကြီးနှင့် ကုန်သည်ကဲ့သို့ ၀တ်ဆင်ထားသော သူ၏ ပုံစံက ရုတ်တရက်ပြောင်းလဲသွားပြီး သူ့နေရာတွင် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးသဏ္ဍာန်တစ်ခု ပေါ်ထွက်လာခဲ့သည်။


နှစ်တစ်သောင်းခန့် အပူပေးလျင်ပင် မပျော်နိုင်သော ရေခဲတုံးကဲ့သို့ အေးစက်စက်အမူအယာနှင့် ရှောင်ယုက ဟွန်းချွမ်သွမ့်ကို စိုက်ကြည့်နေလေသည်။ သူ၏ ဓါးရှည်မှ စွမ်းအင်များထွက်ပေါ်လာပြီး ငိုကြွေးသံများက လဲ လေထဲသို့ ပျံ့လွင့်သွားကြသည်။ ကွပ်မျက်ရေးစင်မြင့်အနီးတွင် အစောင့်များ အားနည်းနေသည်ကို အခွင့်ကောင်းယူ၍ ရှောင်ယုက လျင်မြန်သွက်လက်စွာ လှုပ်ရှားလိုက်သည်။ ခါးကုန်းကုန်းလူကြီး ၏ အမူအယာက စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး နှာခေါင်းရှုံ့လိုက်သည်။ သူ၏ခြေဖျားများကို ထောက်ကန်လိုက်ပြီး လေထဲသို့ ပျံတက်သွားလိုက်သည်။ သူ၏ အနက်ရောင်၀တ်ရုံက လေထဲတွင် တစ်ဖျပ်ဖျပ် လွင့်ပျံနေပေသည်။


ကွပ်မျက်ရေးစင်မြင့်၏ အလယ်တွင် ထိုင်နေသည့် ရှောင်မန်က ခေါင်းကို မော့လိုက်၍ လေထဲမှ ပျံသန်းလာသော ပုံရိပ်နှစ်ခုက်ို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလိုက်သည်။ ထို့နောက် ရှောင်မန်က ခုံကို ရိုက်လိုက်ပြီး မိုးချုန်းသံကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏အသံက ပတ်၀န်းကျင်တစ်ခွင်သို့ ပျံ့လွင့်သွားလေသည်။


“အယုတ်တမာကောင်… မနေ့တုန်းကမင်းကိုငါမသတ်လိုက်နိုင်ဘူး… ဒီနေ့တော့ ဘယ်ကိုမှပြေးဖို့မစဉ်းစားနဲ့တော့….”


သူတော်စင်အဆင့်တစ်ယောက်၏ ကြောက်မက်ဖွယ် အရှိန်အဝါများက လျင်မြန်စွာ ပေါက်ကွဲထွက်လာခဲ့သည်။ ရှောင်မန်က ရှောင်ယုနှင့် ဟွန်းချွမ်သွမ့်ဆီသို့ အလင်းတန်းတစ်ခုဖြင့် ပစ်ခတ်တိုက်ခိုက်လိုက်သည်။ ကွမ်းဇောင်ဟန့်ကလဲ နှုတ်ခမ်းကိုတွန့်၍ ခပ်မဲ့မဲ့အမူအယာနှင့် ကွပ်မျက်ရေးစင်မြင့်ကို ဖနောင့်ဖြင့် ပြင်းထန်စွာ ဆောင့်ချလိုက်သည်။ ထို့နောက် သူက စင်မြင့်အလယ်သို့ ရွေ့လျားလိုက်ပြီး တိုက်ခိုက်ရန် ပြင်ဆင်နေသည့် ဂိုဏ်းသားနှဏ်ယောက်ကို ကန်ထုတ်လိုက်သည်။


“ငါ… ကွမ်းဇောင်ဟန့်က ဒီနေရာမှာရှိနေတယ်… ဘယ်သူကအတင့်ရဲပြီး တိုက်ခိုက်ရဲလဲဆိုတာကြည့်ဦးမယ်….”


လူအုပ်ကြီးအတွင်းတွင် ပြင်းထန်သော စွမ်းအားများက နေရာအနှံ့ထွက်ပေါ်နေပြီး ရှောင်မိသားစု၏ ကျားအစောင့်တပ်ဖွဲ့များက ဂိုဏ်းအသီးသီးမှ ကျွမ်းကျင်သူများနှင့် တိုက်ခိုက်နေကြသည်။ လျို့ဝှက်ကောင်းကင်ဂိတ်တခါးအတွင်းတွင် ဆူညံသော တိုက်ပွဲများက နေရာအနှံ့ ဖြစ်ပေါ်နေပြီး တခဏအတွင်းပင် သွေးလွမ်းသော နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။


အင်ပါယာနန်းတော်၏ အတွင်းပိုင်းတွင် ဆံပင်များဖြူဖွေးနေသည့် အသက်ကြီးကြီးလူတစ်ယောက်က နဂါးပုလ္လင်ပေါ်တွင်ထိုင်နေပြီး သူ၏ဘေးတွင် မိန်းမစိုးတစ်ယောက်က ခေါင်းငုံ့၍ တိတ်တဆိတ်ရပ်နေပေသည်။ အသက်ကြီးကြီး လူကြီးက ခရမ်းရောင်သရဖူက်ို ဆောင်းထားပြီး ဖြူဖွေးနေသော ဆံနွယ်များကို ရွှေရောင်ကြိုးနှင့် စည်းနှောင်ထားလေသည်။ သူ၏ ၀တ်ရုံပေါ်တွင် နဂါးနှစ်ကောင်ပျံသန်းနေပုံကို ရေးထိုးထားပေသည်။ ထိုသူက အိုမင်းရင့်ရော်မှုကို မဖုံးကွယ်နိုင်သော်လည်း အင်ပါယာတစ်ပါး၏ သြဇာလွမ်းမိုးမှု အရှိန်အဝါများက ထွက်ပေါ်နေဆဲပင် ဖြစ်သည်။


“လျို့ဝှက်ကောင်းကင်ဂိတ်တခါးထဲက ကိစ္စတွေက ချောချောမွေ့မွေ့မှပြီးဆုံးသွားနိုင်ပါ့မလား….” အင်ပါယာမင်းမြတ်၏ ပါးစပ်ဖြားမှ တိုးလျသော စကားသံက ထွက်ပေါ်လာခဲ့သည်။


“အရှင်မင်းမြတ်… စစ်သေနာပတိချုပ်ရှောင်မန်နဲ့… စစ်သူကြီးချုပ် ကွမ်းဇောင်ဟန့်တို့က ဒီကွပ်မျက်ရေးကို ကြီးကြပ်နေတယ်… တစ်ကယ်လို့ အင်ပါယာမြို့တော်ထဲမှာ ပုန်းအောင်းနေတဲ့ ဂီုဏ်းအသီးသီးက ကျွမ်းကျင်သူတွေ လှုပ်ရှားလာမယ်ဆိုရင်တောင် သူတို့ပဲ ရှုံးနိမ့်သွားရမှာ အသေအချာပဲ…” နံဘေးနားရှိ မိန်းမစိုးက နှုတ်ခမ်းထောင့်များကိုတွန့်ကွေးလိုက်ပြီး အနည်းငယ်အရိုအသေပေးကာ ခိုင်မာသေချာသော အသံဖြင့် ပြောဆိုလိုက်သည်။


“သူတို့မှာရွေးချယ်စရာမရှိတော့ဘူးလေ… သူတို့ဂိုဏ်းထဲက အဆင့်မြင့် အင်ပါယာခြောက်ယောက်ကို အလွယ်တကူ အဆုံးရှုံးခံမှာမဟုတ်ဘူး….ဒါကြောင့် ထောင်ခြောက်မှန်းသိရင်တောင် သူတို့လာကြမှာပဲ..” အင်ပါယာမင်းမြတ်း မျက်၀န်းများက ကျေနပ်မှုဖြင့် လင်းလက်နေပြီး ချောင်းအနည်းငယ်ဆိုး၍ ပြောဆိုလိုက်သည်။


“အရှင်မင်းမြတ်ရဲ့ ဘုန်းတန်ခိုးက အရမ်းကိုမြင့်မားပါတယ်… ဒီဂိုဏ်းဂဏတွေပြိုကွဲသွားပြီး နောက်ဆုံး လေအလင်းအင်ပါယာက အင်အားပြန်ခိုင်မာလာမှာပဲ…” မိန်းမစိုးက ဘုရင်မင်းမြတ်၏ နောက်ကျောကို ခပ်ဖွဖွပွတ်ပေးလိုက်ပြီး ညင်သာစွာ ပြောဆိုလိုက်သည်။ 


အင်ပါယာမင်းမြတ်က လက်ကိုဝေ့ရမ်း၍ အနားမှထွက်ခွာသွားရန် အချက်ပြလိုက်ပြီး သက်ပြင်းတစ်ချက်ချ၍ ပြောဆိုလိုက်သည်။


“ငါ့ရဲ့ခန္ဒာကိုယ်က ကောင်းကောင်း မကျန်းမာတော့ဘူးဆိုတာ ငါသိတယ်…. ငါကဒီဂိုဏ်းတွေ အကုန်ပြိုကွဲသွားတဲ့ အချိန်ထိ အသက်ရှင်နေဦးမှာလားဆိုတာတောင် မသေချာဘူး… ဒါကြောင့်လဲ ဒီလိုမျိုးထောင်ခြောက်ဆင်လိုက်ရတာပဲ… ငါတို့ရဲ့ အထောက်တော်တွေပြောတဲ့စကားတွေအရ ဂိုဏ်းကြီးဆယ်ဂီုဏ်းမှာ အာကသအာနန်ဂိုဏ်းက မြေခွေးအိုကြီးတွေကလွဲရင် ကျန်တဲ့ဂိုဏ်းတွေအကုန် ပူပေါင်းပါ၀င်ထားကြတယ်လို့သိရတယ်…”


“ရှောင်ဖု…. သူတို့ကို သွားကူညီလိုက်ပါ… ဂိုဏ်းတွေက ကျွမ်းကျင်သူအများအပြား စေလွတ်လိုက်မယ်လို့ငါမထင်ပေမယ့် ရှောင်မန်က ဒီကိစ္စတွေကို ကောင်းကောင်းမကိုင်တွယ်နိုင်မှာကို ငါစိုးရိမ်နေတယ်… ..” 


“ဘုရင်မင်းမြတ်ရဲ့အမိန့်တော်အတိုင်းပါ…” မိန်းမစိုးက ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီး အရိုအသေပြု၍ ပြောဆိုလိုက်သည်။ အင်ပါယာမင်းမြတ်က မိန်းမစိုးထွက်ခွာသွားသည်ကို ကြည့်နေမိသည်။ ကြီးမားသော အင်ပါယာနန်တော်ထဲတွင် သူတစ်ယောက်သာ ကျန်ရစ်နေပေသည်။


“ဒီကိစ္စတွေပြီးသွားရင်… ဂိုဏ်းကြီးတွေ အကုန်လုံးမပြိုကွဲသွားဘူးဆိုရင်တောင်… အနည်းနဲ့အများတော့ ထိခိုက်ပျက်စီးသွားကြမှာပဲ… အဟွတ်…အဟွတ်…အဟွတ်…”


လျို့ဝှက်ကောင်းကင်ဂိတ်တခါးအတွင်းတွင် တိုက်ပွဲသံများက ဆူညံပွက်လောရိုက်နေပေသည်။ ဂိုဏ်းအသီးသီးမှ ကျွမ်းကျင်သူများက ရှောင်မန်နှင့် ကွမ်းဇောင်ဟန့်တို့ရှိနေသည့် ကွပ်မျက်ရေးစင်မြင့်ပေါ်သို့ ထိုးဖောက်၀င်ရောက်လာကြသည်။ နန်းတော်တခါး၀တွင် စောင့်ကြပ်နေကြသည့် တပ်သားများပင် တိုက်ပွဲအတွင်း၀င်ရောက်တိုက်ခိုက်နေကြပေသည်။ ရှောင်မန်က အင်ပါယာအဆင့် ရှောင်ယုနှင့် အင်ပါယာအထွတ်အထိပ်အဆင့် ဟွန်းချွမ်သွမ့်တို့ကို ဖိနှိပ်တိုက်ခိုက်နေလေသည်။ ထိုနှစ်ယောက်က သူ၏ တိုက်ခိုက်မှုကို ခုခံရန်သာ တတ်နိုင်ပေသည်။


ကွမ်းဇောင်ဟန့်က ကွပ်မျက်ရေးစင်မြင့်ပေါ်သို့ ကျူးကျော်လာသည့် ကျွမ်းကျင်သူများကို တိုက်ခိုက်သတ်ဖြတ်နေပေသည်။ သူတစ်ယောက်တည်းကပင် ဂိုဏ်းသားများအကြားတွင် နတ်ဆိုးတစ်ကောင်ကဲ့သို့ ဖြစ်နေပေသည်။ မကြာခင်… အင်ပါယာ၏ အစောင့်တပ်သားများ ၀င်ရောက်လာကြပြီး တိုက်ပွဲက ပိုမိုပြင်းထန်လာလေတော့သည်။ 


တိ်ုက်ပွဲများက လျို့ဝှက်ကောင်းကင်ဂိတ်တခါး၏ နေရာအနှံ့တွင် ဖြစ်ပွားနေပြီး ပူနွေးသော သွေးများက ကျောက်တိုင်များအနှံ့တွင် ပျံ့ကျဲနေပေသည်။ 


“မကောင်းဆိုးဝါးဂိုဏ်းကကောင်းတွေ.. ဒီနေ့ကမင်းတို့ရဲ့သေနေ့ပဲ…” ဂိတ်တခါးအတွင်းရှိ လူများအားလုံး တိုက်ခိုက်နေကြချိန်တွင် ကျယ်လောင်သော အော်ဟစ်သံနှင့် ပုံရိပ်တစ်ခုက အင်ပါယာနန်းတော်အတွင်းမှ ပျံသန်းထွက်ပေါ်လာလေသည်။ ထိုသူက သူ့လက်ထဲရှိ သားမွှေးလက်နတ်ကို ဝေ့ယမ်းလိုက်ပြီး တိုက်ပွဲအတွင်းသို့ ၀င်ရောက်လာခဲ့လေသည်။ ရှောင်ယု၏ မျက်နှာပေါ်တွင် ထိတ်လန့်သွားသောအမူအယာတစ်ခု ပေါ်ထွက်လာခဲ့သည်။


“ဒါ…ဒါက မိန်းမစိုးချုပ်လျန်ဖု မဟုတ်လား…သူကအင်ပါယာမင်းမြတ်ကိုပဲ အမြဲတမ်းကာကွယ်စောင့်ရှောက်ရတာလေ… ဘယ်လိုဖြစ်လို့ တိုက်ပွဲထဲကို ၀င်ရောက်လာတာလဲ…”


ဟွန်းချွမ်သွမ့်၏ မျက်နှာအမူအယာကလဲ မည်းမှောင်သွားလေတော့သည်။ မိန်းမစိုးချုပ်၏ ကျင့်ကြံခြင်းအဆင့်က ရှောင်မန်နှင့် နှိုင်းယှဉ်နိုင်ပေသည်။ ထိုသူနှစ်ယောက် ပူးပေါင်းတိုက်ခိုက်မည်ဆိုလျင် သူတိ်ု့ဘက်တွင် အင်ပါယာအဆင့်များ အများအပြားရှိနေသော်လည်း အနိ်ုင်ရရှိနိုင်ရန် မဖြစ်နိုင်ပေ။ 


“ဒါက ဂျိချန်းဖန်ရဲ့ လှည့်ကွက်ပဲဖြစ်ရမယ်… ငါတို့တော့ ထောင်ခြောက်မိပြီ… ပြန်ဆုတ်ခွာကြစို့….”


……………………….

“စိတ်ပုပ်သူဌေး… ဒီနေ့စားသုံးသူတွေလဲမလာဘူး… ငါစောစောပြန်လို့ရမလား…” ကွမ်းရှောင်ယီက စူပုပ်ပုပ်မျက်နှာဖြင့် အပေါက်၀တွင် ပျင်းရိစွာထိုင်နေသော ပုဖန်ကို မေးမြန်းလိုက်သည်။ ယနေ့က ပုံမှန်နေ့ရက်များထက် စားသုံးသူများပိုမိုနည်းပါးနေပေသည်။ ဖက်တီးဂျင်တို့လူစု ပြန်သွားပြီးနောက် စားသုံးသူအနည်းငယ်မျှသာ ရောက်ရှိလာပြီး ပုံမှန်စားသုံးသူများဖြစ်သည့် ဂျိချန့်ရွဲ့နှင့် အခြားသူများက ရောက်ရှိလာခြင်းမရှိပေ။


“ကောင်းပြီလေ… ဒီနေ့စောစောပြန်ပေါ့…” ပုဖန်က ခပ်မြန်မြန်တုံ့ပြန်လိုက်သည်။ ဆောင်းဦးနေရောင်ခြည်က သူ့ကိုနွေးထွေးမှုပေးနေပြီး ငိုက်မြည်းစေပေသည်။ ကွမ်းရှောင်ယီက ပုဖန်၏ တုံ့ပြန်မှုကို ကြားလိုက်ရသောအခါ သူမ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ပြည့်နှက်သွားပြီး ဆိုင်အတွင်းမှအလျင်အမြန် ထွက်ခွာသွားလေတော့သည်။ ထို့နောက် လျို့ဝှက်ကောင်းကင်ဂိတ်တခါးဆီသို့ ပြေးလွှားသွားလေတော့သည်။


ဖက်တီးဂျင်တို့လူစု ဆွေးနွေးနေကြသည့် အချိန်ကပင် သူမက စိတ်မသက်မသာ ဖြစ်နေခဲ့ခြင်းဖြစ်သည်။ သူမ၏အဖေက ကွပ်မျက်ရေးစင်မြင့်ကို ကြီးကြပ်ရမည်ဖြစ်သည်။ ဖက်တီးဂျင်တို့လူစု၏ စကားများက အမှန်ဖြစ်နေလျင် သူမ၏အဖေတွင် အန္တရာယ်ရှိနေပေလိမ့်မည်။ ရှောင်ယီက သက်ပြင်းချလိုက်ပြီး လမ်းကြားလေးအတွင်းမှ ပြေးထွက်လာလိုက်သည်။ သို့သော်လမ်း၀သို့ ရောက်ရှိသွားသောအခါ သူမ၏ ရှေ့တွင် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ ရှောင်ယီ၏ အမူအယာက ပြောင်းလဲသွားပြီး နောက်ကြောင်းပြန်လှည့်၍ ပြေးလွှားလေတော့သည်။ သို့သော် သူမက နှစ်လှမ်းမျှ ပြေးလွားလိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော လူရိပ်က အနီးသို့ရောက်ရှိလာပြီး သန်မာသော လက်နှစ်ဖက်ဖြင့် ဆွဲယူဖမ်းဆီးလိုက်သည်ကို ခံစားလိုက်ရသည်။ 


“ရှောင်မန်… ရပ်လိုက်… မရပ်ဘူးဆိုရင် ကွမ်းမိသားစုက သခင်မလေးကို ငါသတ်လိုက်မယ်…” ရှောင်ယုက အက်ရှရှအသံဖြင့် အော်ပြောလိုက်သည်။ သူ၏ ခန္ဒာကိုယ်တစ်ခုလုံးတွင် သွေးများက ပေပွနေပြီး စကားပြောလိုက်သည်နှင့် သွေးနံ့များ ထွက်ပေါ်နေပေသည်။ 


သူက ကောက်ကျစ်စဉ်းလဲစွာဖြင့် ဖိအားလေးတိုက်ခိုက်နေသောရှောင်မန်နှင့် မိန်းမစိုးချုပ် လျန်ဖုကို ကြည့်လိုက်သည်။ ဟွန်းချွမ်သွမ့်၏ ရင်ဘက်ပေါ်တွင် ကြီးမားသော ပြတ်ရှရာတစ်ခု ဖြစ်ပေါ်နေပြီး သူ၏ မျက်နှာပေါ်တွင် သွေးရောင်များပင် မရှိတော့ပဲ ဖျော့တော့နေပေသည်။


“လမ်းကြားထဲကို ပြန်ဆုတ်… ဟိုမှာစားသောက်ဆိုင်ငယ်လေးတစ်ခုတွေ့လား… မင်းအဲထဲကို၀င်နေ…” ရှောင်ယုက ကွမ်းရှောင်ယီကို လက်တစ်ဖက်ဖြင့် ချုပ်ကိုင်ထားပြီး ဟွန်းချွမ်ဟွမ့်ကို လှမ်းပြောလိုက်သည်။


ကွမ်းရှောင်ယီ၏ ချစ်စရာကောင်းသော မျက်နှာလေးက နီရဲနေပြီး သူမ၏ခြေလက်များကို ယက်ကန်ယက်ကန်လှုပ်ရှား၍ ဒေါသတကြီးအော်ဟစ်နေလိုက်သည်။


“ရှောင်ယု… ငါ့ကိုလွှတ်စမ်း… ငါ့ကိ်ုအခုချက်ချင်းအောက်ချပေးစမ်း…” 


ရှောင်ယုက အော်ဟစ်နေသောကွမ်းရှောင်ယီကို ဂရုမစိုက်နိုင်ပဲ သူ့ရှေ့ရှိ ရှောင်မန်နှင့် လျန်ဖုတို့၏ လှုပ်ရှားမှုများကို စိုက်ကြည့်နေလိုက်ပြီး ဆိုင်ငယ်လေးအတွင်းသို့ ပြေးလွှား၀င်ရောက်လိုက်သည်။ ပုဖန်က မျက်လုံးများကို မှေးမှိတ်၍ အနားယူနေစဉ်တွင် ကွမ်းရှောင်ယီ၏ အော်သံကို ကြားလိုက်ရသောကြောင့် မျက်လုံးကို ဖွင့်ကြည့်လိုက်မိသည်။


 ဒဏ်ရာများ ပြည့်နှက်နေသော ကွမ်းရှောင်ယီကို လက်တစ်ဖက်နှင့်ပိုက်ထားသည့် ရှောင်ယုနှင့် သရဲမျက်နှာကဲ့သို့ ကြောက်မက်ဖွယ် လူတစ်ယောက်က ဆိုင်အတွင်းသို့ ၀င်ရောက်လာသည်ကို တွေ့လိုက်ရသည်။


“ဘာတွေဖြစ်ပျက်နေတာလဲ….” ပုဖန်က အနည်းငယ်ထိတ့်လန့်စွာ တွေးလိုက်မိသည်။


ရှောင်ယုက ကွမ်းရှောင်ယီကို တင်းကြပ်စွာ ဖမ်းချုပ်ထားရာမှ ဆိုင်အတွင်းသို့ရောက်သည်နှင့် အလျင်အမြန် လွှတ်ပေးလိုက်ပြီး အဆက်အပြတ် သွေးအန်လိုက်သည်။ ရှောင်ယုက ရင်ဘက်အတွင်းမှ သက်စောင့်ဆေးကို ထုတ်ယူသောက်သုံးလိုက်ပြီး ဒဏ်ရာများကို ပြန်လည်ကုစားလိုက်သည်။ ထို့နောက် ဖျော့တော့နေသော မျက်နှာဖြင့် ပုဖန်ကို ပြုံးပြလိုက်ပြီး ပြောဆိုလိုက်သည်။


“ပိုင်ရှင်ပု … မင်းရဲဆိုင်ထဲမှာ ပြသနာဖြစ်ကြမယ်ဆိုရင် မင်းက၀င်ပြီး ဖြန်ဖြေပေးမယ်မဟုတ်လား…”