အပိုင်း ၅၆
Viewers 53k

အခန်း ၅၆ မပြုံးနဲ့ ငါစိတ်တိုလာရင် မင်းကို အပြင်ပစ်ထုတ်လိုက်မယ်


ရှောင်ယု၏ နှုတ်ခမ်းထောင့်စွန်းမှ သွေးများ အဆက်မပြတ် စီးကျနေပြီး ချောမောလှပသော မျက်နှာက အနည်းငယ်ကြောက်စရာကောင်းနေပေသည်။ သို့သော်လည်း သူက ပုဖန်ကို အားတင်းပြုံးပြ၍ ပြောဆိုလိုက်သည်။


“ပိုင်ရှင်ပု မင်းရဲ့ဆိုင်ထဲမှာ ပြသနာဖြစ်မယ်ဆိုရင် မင်းက၀င်ပြီး ဖြန်ဖြေပေးမှာမဟုတ်လား…” 


ဟွန်းချွမ်သွမ့်၏ မျက်နှာက စက္ကူတစ်စကဲ့သို့ ဖြူဖျော့နေပြီး အရူးတစ်ယောက်ကဲ့သို့ ပြုံးဖြီးနေသည့် ရှောင်ယုကို ကြည့်၍ တွေးလိုက်မိသည်။ 


“ဒီအရူးကောင်က ခေါင်းကိုများထိသွားတာလား… ဘယ်လိုတောင်အဓိပ္ပါယ်မရှိတာတွေပြောနေတာလဲ… အပြင်မှာ သူတော်စင်အဆင့် နှစ်ယောက်တောင်ရှိနေတာလေ… အဲဒါကိ်ုတောင် ဒီစားသောက်ဆိုင်ငယ်လေးက ပိုင်ရှင်ကို အကူအညီတောင်းဖို့တွေးနေတာလား….”


“မင်းရူးနေတာလား… ဒီလူကအခုမှ တိုက်ခိုက်သူအဆင့်ပဲရှိသေးတယ်…. သူကငါတို့ကို ကူညီနိုင်လိမ့်မယ်လို့ ထင်နေတာလား…” ဟွန်းချွမ်သွမ့်က စိတ်ပျက်လက်ပျက် ခေါင်းရမ်း၍ ပြောလိုက်ပေသည်။ ယခုအချိန်တွင် ဂိုဏ်းကြီးကိုးခုလုံးက အကြီးအကျယ် နစ်နာဆုံးရှုံးသွားပြီဖြစ်သည်။ ဂိုဏ်းများအားလုံးမှ ကျွမ်းကျင်သူတစ်၀က်ကျော်ခန့်က အသတ်ခံလိုက်ရသောပေသည်။ ဂျိချန်းကန်၏ အစီအစဉ်က သူတို့မျော်လင့်ထားသည်ထက်ပင် ကြောက်မက်ဖွယ်ကောင်းနေပေသည်။


“ပါးစပ်ပိတ်ထား… မင်းရဲ့ သောက်သုံးမကျတဲ့လက်အောက်ငယ်သားတွေက သူတို့ကိုယ်သူတို့ မထုတ်ဖော်လိုက်ရင် ငါတို့ရဲ့အကြံအစည်ကု ဒီလိုရလာဒ်မျိုးနဲ့ ပြီးဆုံးသွားမှမဟုတ်ဘူး… အခုငါတို့ရဲ့အကြံအစည်ကျဆုံးသွားတဲ့ကိစ္စကို မင်းတို့ ဝိဉာဉ်တစ္တေဂိုဏ်းက တာ၀န်ယူရလိမ့်မယ်…” 


“မင်းအခုအသက်ဆက်ရှင်ချင်သေးတယ်ဆိုရင် ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်နေလိုက်… ဒီစားသောက်ဆိုင်က မင်းထင်နေသလိုမျိုး မရိုးရှင်းနေဘူး….” 


“မင်း…” ဟွန်းချွမ်သွမ့်က ဒေါသထွက်သွားသောကြောင့် တောင့်မခံနိုင်တော့ပဲ ပါးစပ်အပြည့် သွေးအန်လိုက်ရသည်။ သူက ရင်ဘက်အတွင်းမှ သက်စောင့်ဆေးကို ထုတ်၍ အလျင်အမြန် သောက်လိုက်ရသည်။


ရှောင်ယုက ပုဖန်ကို မျော်လင့်ချက်အပြည့်ဖြင့် ပြန်လှည့်ကြည့်လိုက်သည်။အန္တရယ်မှ လွတ်မြောက်ရန် အခွင့်အရေးမှ ပုဖန်အပေါ်တွင် မူတည်နေသည်ကို သူကသိရှိနေပေသည်။ ပုဖန်က ကုလားထိုင်ပေါ်တွင် ခွေခေါက်ထိုင်နေဆဲပင် ဖြစ်ပြီး သူ၏ မျက်နှာပေါ်သို့ နေအလင်းရောင်က ဖြာကျနေပေသည်။ သူ့ကိုတွေ့မြင်နေရေသည်မှာ နတ်ဘုရားတစ်ပါးကဲ့သို့ပင် ထင်မှတ်ရပေသည်။ ကွမ်းရှောင်ယီက ပုဖန်၏ နောက်တွင် ရပ်နေလိုက်ပြီး ရှောင်ယုကိုကြည့်၍ အလောတကြီးပြောဆိုလိုက်သည်။


“သူက လူဆိုးပဲ… ငါ့ကို ဖမ်းချုပ်ပြီး သတ်မယ်လို့ ခြိမ်းခြောက်ထားသေးတယ်… သူ့ကိုအလွယ်တကူနဲ့ ခွင့်လွှတ်ပေးလို့မရဘူး….”


ပုဖန်က မျက်နှာသေဖြင့် ရှောင်ယုကို စိုက်ကြည့်လိုက်သည်။ ရှောင်ယုကလည်း မတုန်မလှုပ် ပြန်စိုက်ကြည့်နေပေသည်။ ပုဖန်၏မှင်သေသေအကြည့်ကြောင့် ရှောင်ယုက မခံနိုင်တော့ပဲ နှလုံးသားထဲမှ တုန်လှုပ်လာသောကြောင့် အကြည့်လွဲလိုက်မိသည်။ 


“ဒီလိုပဲ ဖြစ်ရမယ်လေ… ဘယ်သူကများငါတဲ့ အကြည့်ခြင်းလာပြိုင်နိုင်မှာလဲ…” ပုဖန်က ကြေနပ်စွာ တွေးလိုက်မိသည်။


“ပိုင်ရှင်ပု…” အသံနက်နက်တစ်ခုက ဆိုင်ငယ်လေး၏ အပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ စစ်၀တ်စုံအပြည့်ဖြင့် ရှောင်မန်က တည်ငြိမ်သောအမူအယာနှင့် ဆိုင်အနီးသို့ ချဉ်းကပ်လာခဲ့သည်။


“မင်းကဘာလိုချင်လို့လဲ…” ပုဖန်က ဇဝေဇဝါပုံစံဖြင့် ရှောင်မန့်ကို လှမ်းကြည့်လိုက်ပြီး မေးမြန်းလိုက်သည်။ 


“ပိုင်ရှင်ပု… အင်ပါယာတရားရုံးက အလိုရှိနေတဲ့ ရာဇ၀တ်ကောင်တွေက မင်းဆိုင်ထဲကို ၀င်သွားတယ်… ငါဆိုင်ထဲ၀င်ပြီး သူတို့ကို ဖမ်းလို့ရမလား…” ရှောင်မန်က ဆန်းကျယ်သည့် စားသောက်ဆိုင်ငယ်လေးကို အနည်းငယ်ကြောက်ရွံ့နေပေသည်။


ဆိုင်ပိုင်ရှင်၏ နောက်ခံကို ရှောင်မန်က တိတိကျကျသိရှိခြင်းမရှိပေ။ ဆိုင်ရှင်ထံတွင် လျို့ဝှက်ဆန်းကျယ်၍ အင်အားကြီးမားသော ခွေးနက်ကြီးတစ်ကောင်နှင့် သူတော်စင်အဆင့်တစ်ယောက်နှင့်ပင် ယှဉ်ပြိုင်တိုက်ခိုင်နိုင်သော စက်ရုပ်တစ်ရုပ်လည်း ရှိနေပေသည်။ အကယ်၍ ရှောင်မန်သာ ဆိုင်အတွင်းသို့ အတင်းအကြပ် ၀င်ရောက်သွားပါက အဆုံးသတ်လှမည်မဟုတ်ပေ။ 


လျန်ဖုက စိတ်ရှုပ်ထွေးစွာဖြင့် ရှောင်မန့်ကို လှမ်းကြည့်လိုက်မိသည်။ထို့နောက် သူ၏လက်အတွင်းမှ သားမွှေးလတ်နတ်ကို ဝေ့ရမ်းလိုက်ပြီး လက်မနှင့် လက်ညိုးနှစ်ချောင်းကိုပူး၍ (လက်ဟန်အမူအယာလုပ်၍) ပြောဆိုလိုက်သည်။


“စစ်သေနာပတိရှောင်…မင်းက ဘာလို့ဆိုင်ထဲကို ၀င်ပြီး ကောက်ကျစ်တဲ့လူဆိုးကောင်တွေကို သွားမဖမ်းတာလဲ… သူက မင်းရဲ့သားဖြစ်နေလို့လို့တော့ မပြောနဲ့နော်…” လျန်ဖုက သူ၏ ခပ်အက်အက်အသံဖြင့် ပြောဆိုလိုက်သည်။ 


“ကုန်းကုန်း( မိန်းမစိုးများကိုခေါ်ဝေါ်သည့် အသုံးအနှုန်း) မင်းနားမလည်ပါဘူး… ဒီဆိုင်က မင်းထင်နေသလိုမရိုးရှင်းဘူး… ဒီဆိုင်ထဲကို အတင်းအကြပ်၀င်သွားမယ်ဆိုရင် အဆုံးသတ်မလှတာ ငါတို့ပဲဖြစ်သွားလိမ့်မယ်…” ရှောင်မန်က တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။


“စစ်သေနာပတိရှောင်… ဒီဆိုင်လေးက လေအလင်းအင်ပါယာထဲက လမ်းကြားတစ်ခုထဲမှာဖွင့်ထားတဲ့ ဆိုင်ငယ်လေးတစ်ဆိုင်ပါ… ဘယ်အရာတွေကများမင်းကို ဒီလောက်ကြောက်ရွံ့စေနိုင်တာလဲ… မင်းကို ကြည့်ရတာ လေအလင်းအင်ပါယာရဲ့ နာမည်ကြီး ပုဂ္ဂိုလ်တစ်ယောက်မဟုတ်သလိုပဲ…” လျန်ဖုက လက်မလက်ညိုး ပူးထားသော လက်ဖြင့် စစ်သေနာပတိချုပ်ရှောင်ကိုညွှန်ကာညွှန်ကာဖြင့် လှောင်ပြောင်နေလိုက်သည်။


“ဟွန့် ဘယ်သူ့ကိုလာလိမ်နေတာလဲ … အင်ပါယာမြို့တော်ထဲမှာ ဒီလိုစားသောက်ဆိုင်လေးတွေများ ပေါလို့…. ဆိုင်ရှင်ကိုတစ်ချက်ကြည့်လိုက်တာနဲ့ သူ့ရဲ့သိုင်းအဆင့်ကို တွေ့နေရတာပဲလေ… သူရဲ့သိုင်းအဆင့်က အခုမှ တိုက်ခိုက်သူအဆင့်ပဲရှိသေးတာ… သူတော်စင်အဆင့်တစ်ယောက်က ဒီလောက်ထိ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေစရာလိုလို့လား…” လျန်ဖုက မကျေမနပ်ဖြင့် တွေးတောနေမိသည်။ 


“မိန်းမစိုး… ဒါကမိန်းမစိုးလား… ဝါး… အံ့သြဖို့ကောင်းလိုက်တာ…” ပုဖန်၏ မျက်လုံးလေးများက မျက်တောင်တစ်ဖျပ်ဖျပ်ခတ်ရင်း တွေးတောနေမိသည်။ သူက မိန်းမစိုးတစ်ယောက်က ပထမဦးစွာ ဆုံတွေ့ဖူးခြင်းပင် ဖြစ်သည်။


“ဆိုင်ထဲကို၀င်လို့ရတယ်.. ဒါပေမယ့် ဆိုင်ထဲမှာမတိုက်ခိုက်ရဘူး… ဘယ်လိုအနှောက်အယှက်မျိုးမှ လုပ်တာကို မလိုချင်ဘူး… အဲလိုမှမဟုတ်ရင်တော့ ဆက်ဖြစ်လာမှာတွေကို မင်းသိပါတယ်…” ပုဖန်က ခပ်ရှင်းရှင်းပင် တုံ့ပြန်လိုက်သည်။ ရှောင်မန်က မျက်ခုံးပင့်လိုက်မိသည်။ သူက စားသောက်ဆိုင်အတွင်းတွင် လှုပ်ရှား၍ မရလျင် ရှောင်ယုကို ဖမ်းဆီးနိုင်မည်မဟုတ်ပေ။ ရှောင်ယုက ဒဏ်ရာရထားသောလည်း အလွယ်တကူ ဖမ်းဆီးရန် မဖြစ်နိုင်ပေ။


“ဘုရားရေ … ငါတို့ကမင်းကို တလေးတစားပြုမူနေလို့ မင်းက စိတ်ကြီး၀င်နေတာလား.. မင်းကအခုမှ တိုက်ခိုက်သူအဆင့်ပဲရှိသေးတယ်… ကိုယ့်ကိုကိ်ုယ် အဌမအဆင့်( စစ်နတ်ဘုရား) လို့များ ထင်နေတာလား… ကြောက်ဖို့ကောင်းလိုက်တာ… အမလေး…” ရှောင်မန်က ဘာမှပြန်မပြောသော်လည်း လျန်ဖုက အထင်တသေးဖြင့် ပုဖန်ကို အထင်တသေး လှမ်းပြောလိုက်သည်။ သူ၏လက်တစ်ဖက်က မေးစိအောက်တွင် ထောက်ထားပြီး နွဲ့နှောင်းသော အမူအယာဖြင့် ရှိနေပေသည်။


“ဘုရားရေ… အကိုကြီး.. ငါတို့စကားပြောဖို့ အချိန်ကောင်းမဟုတ်ဘူးထင်တယ်…” ပုဖန်က တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းများ ထသွားသည်ကို ခံစားလိုက်ရသည်။ စကားပြောနေသည့်အချိန်တွင် လမ်းကြားလေးထဲသို့ လူတစ်စု၀င်ရောက်လာသည့် အသံကို ကြားလိုက်ရသည်။


ကွမ်းဇောင်ဖန့်က ဒေါသတကြီးဖြင့် ရောက်ရှိလာခဲ့သည်။ သူ၏ ခန္ဒာကိုယ်မှ ပြင်းထန်သော အငွေ့အသက်များ ထွက်ပေါ်နေပြီး ဒေါသကြောင့် မျက်နှာတစ်ခုလုံး တုန်ယင်နေပေသည်။ သူက ကွပ်မျက်ရေးစင်မြင့်ပေါ်တွင် ဘုရင်အဆင့်များစွားကို သတ်ဖြတ်ခဲ့ပြီး အင်ပါယာအဆင့်များစွာလည်းပါ၀င်ခဲ့သည်။ သူက လူယောင်ဆောင်ထားသော သားရဲတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှပေသည်။ 


“ဒီနေရာမှာ ဘယ်ခွေးသားတွေရှိနေတာလဲ… ငါ့ကိ်ုပြောစမ်း ..” သူက ဒေါသတကြီးပြောဆိုလိုက်သောကြောင့် မုတ်ဆိတ်များပင် ရမ်းခါသွားပြီး သူ၏ မျက်နှာပေါ်တွင်ရက်စက်ကြမ်းကြုတ်မည့်အသွင် ဖြစ်ပေါ်နေပေသည်။


“အိုး…ဘုရားရေ… ငါ့ရဲ့သမီးဆိုးလေး… မင်းအဲဒီမှာဘာလုပ်နေတာလဲ… မြန်မြန်ထွက်လာခဲ့စမ်း… အဲဒီမှာအန္တရာယ်ရှိတယ်လေ….” ကွမ်းဇောင်ဟန့်က ဆိုင်အတွင်းရှိ ကွမ်းရှောင်ယီကို သတိပြုမိသွားပြီး နှလုံးသားတစ်ခုလုံး တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။ ဆိုင်အတွင်းတွင် ရက်စက်ကြမ်းကြုတ်သူနှစ်ဦး ရှိနေသောကြောင့် သူမကတစ်ခုခုဖြစ်သွားနိုင်ပေသည်။ ထိုသို့ဆိုလျင် သူပြသနာကြီးကြီးတက်ပြီဖြစ်သည်။


ကွမ်းရှောင်ယီက သူမ၏အဖေကို မြင်လိုက်ရသောကြောင့် ပျော်ရွှင်သွားပြီး လှမ်းအော်လိုက်သည်။ ကွမ်းဇောင်ဟန့်၏ မျက်နှာပေါ်တွင် ချစ်ခြင်းများဖြင့် နူးညံ့သိမ်မွေ့သွားပြီး ပြန်လည်တုံ့ပြန်လိုက်သည်။


“အိုး… ငါ့ရဲ့ချစ်သမီးဆိုးလေး..”


တခဏအတွင်းပင် ကြမ်းတမ်းရက်စက်သော ပုံစံရှိသည့် သားရဲကြီးက ပျောက်ကွယ်သွားသောကြောင့် ကွမ်းဇောင်ဟန့်၏ နောက်တွင် ကျောက်တိုင်များကဲ့သို့ ရပ်နေကြသည့် စစ်သည်များက တွေးလိုက်မိကြသည်။


“ငါတို့ရဲ့ ဂုဏ်သိက္ခာရှိတဲ့ စစ်သူကြီးက ဘာတွေဖြစ်သွားတာလဲ…”


ရှောင်ယုက နှုတ်ခမ်းထောင့်စွန်းများကို တွန့်ကွေး၍ ပြုံးလိုက်မိသည်။ သူတွေးထားခဲ့သည့် အတိုင်းပင် ရှောင်မန်က ဆိုင်အတွင်းသို့ တိုက်ရိုက်၀င်ရောက်၍ ဖမ်းဆီးရဲခြင်းမရှိပေ။ ရှောင်မန်က ဆန်းကျယ်သော ဆိုင်ငယ်လေးကို ကြောက်ရွံ့ထိတ်လန့်နေပေသည်။


“ငါ့ရဲ့ရွေးချယ်မှုက မှန်ကန်သွားပြီ…”


“ဒီပုရွက်ဆိတ်လိုမျိုး စားသောက်ဆိုင်ငယ်လေးရဲ့ပိုင်ရှင်က လေအလင်းအင်ပါယာရဲ့ နာပါတ်တစ်ပညာရှင်ကိုတောင်… ကြောက်ရွံ့ခြင်းမရှိပဲနဲ့ ပြောဆိုရဲတယ်… ဒီကမ္ဘာကြီးပေါ်မှာ ဘာတွေဖြစ်ကုန်တာလည်း…” ဟွန်းချွမ်သွမ့်ကလည်း ပုဖန်ကို ထိတ့်လန့်စွာစိုက်ကြည့်နေမိပေသည်။ 


ဟွန်းချွမ်သွမ့်နှင့် လျန်ဖုက ဖြစ်ပျက်နေသော အခြေအနေကို လုံး၀နားလည်နိုင်ခြင်းမရှိပေ။


“စစ်သေနာပတိရှောင်… စားသောက်ဆိုင်ထဲမှာပုန်းနေတဲ့ မကောင်းဆိုးဝါးဂိုဏ်းသားတွေကို သွားဖမ်းလိုက်လေ…” လျန်ဖုက ပြောဆိုလိုက်သည်။


“မလုပ်နိုင်ဘူး….”


“မလုပ်နိုင်ဘူး….”


ရှောင်မန်နှင့် ကွမ်းဇောင်ဟန့်တို့၏ အသံက ပြိုင်တူနီးပါးပင် ထွက်ပေါ်လာခဲ့သည်။ ကွမ်းဇောင်ဟန့်က စားသောက်ဆိုင်အတွင်းမှ ရှောင်ယုကို စိုးရိမ်နေပြီး ရှောင်မန်ကလည်း ကြောက်ရွံ့နေပေသည်။


“ရှောင်ယီ… ဒီကိုလာ… အဖေ့ဆီကိုလာခဲ့…” ကွမ်းဇောင်ဟန့်က အော်ဟစ်ငြင်းပယ်လိုက်ပြီး ရှောင်ယုကို ငြင်သာစွာဖြင့် လှမ်းခေါ်လိုက်သည်။ ကွမ်းရှောင်ယီက ပုဖန်နှင့် သူမ၏ အဖေကို တစ်လှည့်စီကြည့်လိုက်ပြီး ဝေခွဲမရဟန်ဖြင့် မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ် လုပ်နေပေသည်။ 


“ရှောင်ယီ… မင်းဟိုကိုသွားလိုက်…” ပုဖန်က ကွမ်းရှောင်ယီ၏ ခေါင်းကို ခပ်ဖွဖွ ပွတ်သတ်လိုက်ပြီး ပြောဆိုလိုက်သည်။ 


“ကောင်းပြီ… စိတ်ပုပ်သူဌေး.. နင်လဲဂရုစိုက်ရမယ်နော်…” ကွမ်းရှောင်ယီက ခြေဖျားထောက်လိုက်ပြီး ပုဖန်၏ ပုခုံးကို ပုတ်၍ အားပေးလိုက်ကာ သူမ၏ အဖေအနီးသို့ စိတ်အားထက်သန်စွာဖြင့် ပြေးလွားသွားလေတော့သည်။


“သေဖို့သာပြင်ပေတော့… လာကြစမ်း.. ဒီစားသောက်ဆိုင်ထဲမှာပုန်းနေတဲ့ မကောင်းဆိုးဝါးဂိုဏ်းသားတွေကိ်ု လာဖမ်းကြ…” ကွမ်းရှောင်ယီက သူ့အနားသို့ ရောက်ရှိလာသည်နှင့် ကွမ်းဇောင်ဟန့်၏ နူးညံ့သ်ိမ်မွေ့သော အမူအယာက ပျောက်ကွယ်သွားပြီး ရုတ်တရက် ကြမ်းတမ်းရက်စက်မှုအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။ သူက လက်တစ်ဖက်ကို ခါးတွင်ထောက်၍ နောက်တစ်ဖက်ဖြင့် ဆိုင်ကို ညွှန်ပြလိုက်ပြီး ဒေါသတကြီး အမိန့်ပေးလိုက်သည်။


ရှောင်မန်၏ မျက်နှာအမူအယာက ရုတ်တရက် ပြောင်းလဲသွားပေသည်။ လျန်ဖုက သူ၏ လက်မနှင့် လက်ခလယ်ကို ပူးထား၍ သူ၏ မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာပေသည်။ ကွမ်းဇောင်ဟန့်၏ လက်အောက်ငယ်သားများမှ ဘုရင်အဆင့် ငါးယောက်က အမိန့်ကို ကြားလိုက်သည်နှင့် သံပြိုင်ဟစ်ကြွေး၍ ဆိုင်အတွင်းမှ ဟွန်းချွမ်သွမ့်နှင့် ရှောင်ယုထံ ပြေး၀င်သွားကြသည်။ 


ရှောင်ယု၏ မျက်နှာက ဖြူဖျော့နေသော်လည်း ၀င်ရောက်လာသည့် ဘုရင်အဆင့် ငါးယောက်ကို ခပ်ပြုံးပြုံးနှင့် ကြည့်နေပေသည်။ ထိုအချိန်တွင် အပေါက်၀၌ကြီးမားသော ပုံရိပ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။ ဝှိုက်တီ၏ စက်ရုပ်မျက်လုံးများက တစ်ဖျပ်ဖျပ်တောက်ပနေပေသည်။ ဘုရင်အဆင့် ငါးယောက်က စွမ်းအင်များကို ထုတ်ဖော်နေစဉ်တွင် တားဆီးခံလိုက်ရပြီး သူတို့၏ လမ်းကြောင်းတွင် ကြီးမားသော စက်ရုပ်တစ်ရုပ် ပေါ်လာသောကြောင့် ထိတ့်လန့်သွားကြသည်။


ကျယ်လောင်သော ရိုက်ပုတ်သံထွက်ပေါ်လာပြီး ဘုရင်အဆင့် ငါးယောက်က အနောက်ဖက်သို့ လွင့်စင်ထွက်သွားကာ မြေပြင်ပေါ်တွင် လိမ့်ထွက်သွားလေသည်။ 


“ငါပြောပြီးပြီ… မင်းတို့ဆိုင်ထဲ၀င်လို့ရတယ်… ပြသနာရှာလို့မရဘူး… ဘာလဲ… မင်းတို့က ငါ့စကားကို ဂရုစိုက်စရာမလိုဘူးလို့ ထင်နေတာလား…” ပုဖန်က လက်ပိုက်လိုက်ပြီး တည်တည်ငြိမ်ငြိမ် အမူအယာနှင့် ပြောဆိုလိုက်သည်။


“ဒါ…ဒါကဘယ်လိုငရဲမျိုးလဲ…. ဘုရင်အဆင့်ငါးယောက်ကိုတောင် ရိုက်ချက်တစ်ချက်ထဲနဲ့ လွင့်စင်သွားစေတယ်… ဒီစက်ရုပ်က ဘယ်လိုစက်ရုပ်မျိုးလဲ… ဒီလူငယ်လေးကရော… သူတို့ရဲ့နောက်ကွယ်မှာ ဘယ်လောက်ကြောက်စရာကောင်းတဲ့သူတွေရှိနေတာလဲ…” ဆိုင်အပြင်ရှိလူအုပ်ကြီးက သူတို့ နှလုံးသားထဲမှ ကြောက်ရွံ့မှုများကို အေးစက်စွာ ခံစားလိုက်ရသည်။ ရှောင်ယု၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်ပေါက်နေပြီး ဟွန်းချွမ်သွမ့်က အေးခဲကြောင်တက်နေပေသည်။


“ငါအမုန်းဆုံးက ငါ့ကို အသုံးချခံအဖြစ် လုပ်တာပဲ… ဒါကြောင့် မင်းက အဲလိုပြုံးမနေနဲ့… ငါစိတ်တိုလာရင် မင်းကို ဆိုင်အပြင်ဘက်ကို ပစ်ထုတ်လိုက်မယ်….” ပုဖန်က ရှောင်ယုကို ရုတ်တရက် လှည့်ကြည့်လိုက်ပြီး ခပ်ပြတ်ပြတ်ပြောဆိုလိုက်သည်။ ရှောင်ယု၏ မျက်နှာအမူအယာက ချက်ချင်းပင် အေးခဲသွားလေတော့သည်။