အခန်း ၅၇ ဘလက်ကီက လူစကားပြောတတ်တယ်
ရှောင်ယု၏ မျက်နှာအမူအယာက အေးခဲသွားပြီး သူ၏မျက်နှာပေါ်ရှိအပြုံးက တဖြည်းဖြည်းခြင်း ပျောက်ကွယ်သွားလေသည်။ သူက ပုဖန်ကို စူးစိုက်ကြည့်လိုက်ရာ ပုဖန်ကလည်း သူ့ကို မျက်နှာသေဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ပုဖန်က သူ့ကို နောက်ပြောင်နေခြင်း မဟုတ်သည်ကို သိလိုက်ရသည်။
ပုဖန်ကရှောင်ယုကို တစ်ချက်မျှကြည့်လိုက်ပြီးနောက် ဆိုင်ရှေ့တွင်ရပ်နေကြသော အံ့သြနေကြသည့် လူအုပ်ကြီးကို လှမ်းကြည့်လိုက်သည်။ ဟွန်းချွမ်သွမ့်က စူပုပ်ပုပ်မျက်နှာသို့ ပြောင်းလဲသွားသည့် ရှောင်ယုကို ကြည့်နေပေသည်။ နှလုံးကွဲကြေဓါးဧကရာဇ် ရှောင်ယုက အခြားသူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။
“ငါ၀န်ခံတယ်… ငါ့ခန့်မှန်းချက်ကမှားသွားတယ်… ဒါပေမယ့် ဒီစက်ရုပ်တစ်ရုပ်က ရှောင်မန်နဲ့ မိန်းမစိုးချုပ် လျန်ဖုကို တားနိုင်မယ်လို့ ထင်နေတာလား…” ဟွန်းချွမ်သွမ့်က သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်စွန်းများကို တွန့်ကွေး၍ ပြောဆိုလိုက်သည်။ ရှောင်မန်နှင့် မိန်းမစိုးလျန်ဖုက အင်ပါယာမြို့တော်အတွင်းတွင် အသန်မာဆုံး ကျင့်ကြံသူများ ဖြစ်ကြပေသည်။ စက်ရုပ်တစ်ရုပ်မျှဖြင့် သူတို့နှစ်ယောက်ကို တားဆီးနိုင်မည်ဟု သူက ထင်မှတ်ထားခြင်းမရှိပေ။
ငါ့ရဲ့တစ်ဘ၀လုံးကို ဒီဆိုင်ထဲမှာပဲ ပုန်းအောင်းနေပြီး ကုန်ဆုံးသွားစေမယ်လို့ မင်းထင်နေတာလား…” ရှောင်ယုက ဟွန်းချွမ်သွမ့်ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး မဲ့ပြုံးပြုံး၍ မေးလိုက်သည်။ ဟွန်းချွမ်သွမ့်က မျက်မှောင်ကြုံ့၍ ကြည့်လိုက်ပြီး ရှောင်ယုက မည်သည့်အတွက်ကြောင့် ဤဆိုင်အတွင်းသို့ ဆုတ်ခွာလာသည်ကို သူက မတွေးတောနိုင်ချေ။ ဝိဉာဉ်တစ္ဆေဂိုဏ်းက ရှောင်ယု၏ အကြံအစည်များကို ဖျက်စီးခဲ့ခြင်းမရှိလျင် ထိုသို့ ပျက်စီးသွားမည်မဟုတ်ချေ။
“မင်းမှာလှည့်ကွက်တစ်ချို့ရှိနေတာပဲ… ဒါကြောင့်လည်း စစ်သေနာပတိချုပ်ရှောင်က တွန့်ဆုတ်နေတာပေါ့ အံ့သြစရာမရှိတော့ပါဘူး…” လျန်ဖုက သူ၏လက်မနှင့် လက်ခလယ်ကို ပူးလားလိုက်ပြီး ကနွဲ့ကလျပုံစံဖြင့် အရွယ်အစားကြီးမားသည့် ဝှိုက်တီိကို အသေအချာ စိုက်ကြည့်နေရင်းမှ ပြောဆိုလိုက်သည်။ ဝှိုက်တီ၏ ခွန်အားက အလွန်အံ့အားသင့်ဖွယ်ကောင်းနေပေသည်။ ဘုရင်အဆင့်ငါးယောက်ကို ရိုက်ချက်တစ်ချက်မျှဖြင့် လွင့်စင်သွားစေခြင်းက အံ့အားသင့်ဖွယ်ခွန်အားရှိကြောင်းကို ထုတ်ဖော်ပြသနေပေသည်။
ကွမ်းဇောင်ဟန့်ကလည်း ဝှိုက်တီကို စိုက်ကြည့်နေမိလေသည်။ ကွမ်းရှောင်ယီက စက်ရုပ်အကြောင်းကို ပြောဆိုခဲ့စဉ်က သူက ယုံကြည်နိုင်ခြင်းမရှိ်ပေ။ ဝှိုက်တီက သူ့ထက်ပင် စွမ်းအားကြီးနေပြီး ပိုမိုသန်မာပေသည်။
“အဖေ…အဖေဝှိုက်တီနဲ့မတိုက်ရဘူးနော်… စိတ်ပုပ်သူဌေးရဲ့ အတွေးအခေါ်တွေက ခောတ်နောက်ကျနေပြီဆိုပေမယ့် သူကအရမ်းဆိုးဝါးနေတာဟုတ်ဘူး…” ကွမ်းရှောင်ယီက သူ့အဖေက စစ်၀တ်စုံအနားစကို ဆွဲလိုက်ပြီး စိုးရီမ်စွာဖြင့် ပြောဆိုလိုက်သည်။
“ငါ့ရဲ့လိမ္မာတဲ့ကလေးလေး… ငါကမင်းပြောတာကိုလက်ခံရမှာပေါ့…” ကွမ်းဇောင်ဟန့်က မျက်လုံးများမှိတ်သွားသည်အထိ ပြုံး၍ ကွမ်းရှောင်ယီ၏ ခေါင်းကိုပုတ်၍ ပြောဆိုလိုက်သည်။
“ငါကအဲစက်ရုပ်ကိုသွာတိုက်ချင်တယ်ဆိုရင်တောင်ဖြစ်နိုင်မှာမှမဟုတ်တာ…. သူက ဘုရင်အဆင့်ငါးယောက်ကိုတောင် တစ်ချက်ထဲနဲ့ လွင့်ထွက်သွားအောင်လုပ်နိုင်တာလေ… ငါကအခုမှ အင်ပါယာအဆင့်ပဲ ရှိနေသေးတာကို သွားတိုက်ရင်လဲ သူတို့ငါးယောက်လိုခံလိုက်ရမှာပါ့… အဲစက်ရုပ်ကို အဖိုးကြီးရှောင်နဲ့ မိန်းမစိုးလျန်ဖုတို့နဲ့ပဲ လွှတ်ပေးထားလိုက်တော့မယ်… ငါ့ကိုယ်ငါတော့ ဒုက္ခရှာမနေတော့ဘူး…” ကွမ်းဇောင်ဟန့်က တွေးတောလိုက်ပြီး သူ၏မျက်နှာပေါ်တွင် သူ့သမီးကြောင့် မတိုက်ခိုက်ရသည်ကို သိသာစေရန် ပြောဆိုလိုက်သည်။
“ငါ့ရဲ့သမီးက မတိုက်ခိုက်စေချင်တဲ့အတွက် ငါမတိုက်ခိုက်တော့ဘူး…”
“ ပိုင်ရှင်ပု… မင်းကတစ်ကယ်ပဲ မကောင်းဆိုးဝါးဂိုဏ်းထဲက လူတွေကို မင်းရဲ့ဆိုင်ထဲမှာ ကာကွယ်ပေးထားမှာလား….” ရှောင်မန်က အသံတိုးတိုးနှင့် တည်ငြိမ်စွာ လှမ်းမေးလိုက်သည်။ ပုဖန်က ထိုသူများကို ကာကွယ်မည်ဆိုလျင် သူက ရွေးချယ်စရာမရှိပဲ တိုက်ခိုက်ရတော့မည်သာ ဖြစ်သည်။
“သူတို့ကိုကာကွယ်ပေးနေတာမဟုတ်ဘူး…. မင်းတို့က ဆိုင်ထဲ၀င်မယ်ဆိုရင် ၀င်လာနိုင်တယ်… ဒါပေမယ့် ဆိုင်ထဲမှာပြသနာရှာပြီး တိုက်ခိုက်ခွင့်မရှိ်ဘူး…” ပုဖန်က အပြောင်းအလဲမရှိပဲ ပြန်ပြောလိုက်သည်။
“အိုး… ဘုရားရေ မင်းကဘာတွေတွေးနေတာလဲ… ဘာလဲ မင်းမှာဒီစက်ရုပ်ရှိနေတာလဲ အကုန်လုံးကို လွမ်းမိုးချယ်လှယ်နိုင်ပြီ ထင်နေတာလား… မင်းမှာ ဘယ်လိုလှည့်ကွက်တွေများထပ်ရှိသေးလဲဆိုတာ ငါ့ကိ်ု ပြစမ်းပါဦး….” မိန်းမစိုးချုပ် လျန်ဖု၏ စူးရှကျယ်လောင်သော အသံက လမ်းကြားတစ်ခုလုံးကိုပျံ့နှံ့သွားပြီး သူ၏ခန္ဒာကိုယ်မှ ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။
“စစ်သေနာပတိရှောင်… မင်းကဒီစက်ရုပ်ကို တားထားလိုက်… ငါက မကောင်းဆိုးဝါးဂိုဏ်းကကောင်တွေကို သွားဖမ်းလိုက်မယ်…” မိန်းမစိုးလျန်ဖုက သူ၏လက်မနှင့် လက်ခလယ်ကို စု၍ ပြာအက်အက်အသံဖြင့် ပြောဆိုလိုက်ပြီး သူ၏ သားမွှေးလတ်နတ်ကို ထုတ်၍ ရှောင်ယုတို့ကို ဖမ်းဆီးရန် တိုး၀င်သွားလေတော့သည်။
သူ၏လှုပ်ရှားမှုများက မျက်စိဖြင့် မမြင်နိုင်လောက်အောင် အလွန်လျင်မြန်နေပေသည်။ ပထမဦးစွာ သူက ဝှိုက်တီကို သားမွှေးလက်နတ်ဖြင့် တိုက်ခိုက်လိုက်သည်။ သူ၏ သားမွှေးလက်နက်က သံမဏိဖြင့် ပြုလုပ်ထားသကဲ့သို့ မာကျောလာပြီး ဝှိုက်တီထံသို့ ရောက်ရှိသွားလေတော့သည်။ ရှောင်မန်ကလည်း ရွေးချယ်စရာမရှိတော့ပဲ ဝှိုက်တီကို တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
ရှောင်မန်က ဝှိုက်တီကို ဟန့်တားတိုက်ခိုက်လိုက်ချိန်တွင် မိန်းမစိုးလျန်ဖုက ဝှိုက်တီ၏ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်ပြီး စားသောက်ဆိုင်ငယ်လေးအတွင်းရှိ ရှောင်ယုနှင့် ဟွန်းချွမ်သွမ့်တို့ရှိရာသို့ ဦးတည်လိုက်သည်။ ရှောင်ယုနှင့် ဟွန်းချွမ်သွမ့်တို့၏ မျက်နှာအမူအယာများက ပြောင်းလဲသွားလေသည်။ ဝှိုက်တီက အလွန်သန်မာသော်လည်း သူတော်စင်အဆင့် စက်ရုပ်တစ်ရုပ်မျှသာ ဖြစ်နေပေသည်။
ရှောင်မန်က ဝှိုက်တီကို ဟန့်တားတိုက်ခိုက်ထားသောကြောင့် အခြားသူတော်စင်အဆင့်တစ်ယောက်ဖြစ်သည့် မိန်းမစိုးလျန်ဖုက သူတို့နှစ်ယောက်ကို အလွယ်တကူ ဖမ်းဆီးနိုင်ပေလိမ့်မည်။ ပုဖန်က မတုန်မလှုပ်အမူအယာဖြင့် လက်ပိုက်လျက်သားပင် မိန်းမစိုးလျန်ဖုကို စိုက်ကြည့်နေပေသည်။ သူက အေးအေးသက်သာပုံစံဖြင့် လှုပ်ရှားမည့်ဟန်မပေါ်ပေ။ ရှောင်ယု၏နှလုံးသားတွင်းတွင် အေးစက်သွားလေသည်။သူကအလွယ်တကူ ရှုံးနိမ့်သွားလိုခြင်းမရှိပေ။ သူက ကျင့်ကြံခြင်းအဆင့် မြင့်တက်လာစေရန် များစွာ ရင်းနှီးထားရပေသည်။
အကယ်၍ မိန်းမစိုးလျန်ဖု၏ ဖမ်းဆီးခြင်းကိုခံလိုက်ရပြီး အင်ပါယာတရားရုံးသို့ ရောက်ရှိသွားခဲ့လျင် သေဆုံးရမည်မှာ အသေအချာပင် ဖြစ်သည်။ ဟွန်းချွမ်သွမ့်၏ မျက်၀န်းများအတွင်းတွင် မျော်လင့်ချက်မဲ့မှုများကို မြင်တွေ့နေရပေသည်။ ယခုအချိန်တွင် သူက ဒဏ်ရာပြင်းထန်စွာ ရရှိထားပေသည်။ ဒဏ်ရာမရရှိထားချိန်တွင်ပင် မိန်းမစိုးလျန်ဖုကို ရင်ဆိုင်နိုင်စွမ်းမရှိသောကြောင့် ယခုအခြေအနေတွင် သေဖို့သာ အားသာနေပေသည်။ သူက ဤကဲ့သို့ သေဆုံသွားရမည်ကို လုံး၀လက်မခံနိုင်ပေ။
လျန်ဖု၏ သားမွှေးလက်နက်က ထက်မြိနေသည့် ဓါးများကဲ့သို့ ရှောင်ယုထံသို့ တိုး၀င်လာခဲ့သည်။ သူ၏ ကြောက်မက်ဖွယ်ရာစွမ်းအင်များက ပတ်၀န်းကျင်ရှိ အရာ၀တ္ထုပစ္စည်းများကို စုတ်ဖြဲဖျက်ဆီးပစ်လိုက်မည်ဟုပင် ထင်ရပေသည်။
“ငါဒီလိုတော့ မသေလိုက်နိုင်ဘူး… ငါမသေချင်သေးဘူး….” ရှောင်ယု၏ မျက်၀န်းများက သွေးရောင်တောက်ပလာပြီး သူ၏ ချောမောလှပသော မျက်နှာက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ရှုံ့မဲ့နေလေသည်။ သူကနောက်ဆုံးအနေဖြင့် ပုဖန်ကို လှည့်ကြည့်လိုက်ရာ ပုဖန်က နေရာတွင်ပင် ရပ်တန့်နေပြီး လှုပ်ရှားမှုမရှိသည်ကို တွေ့လိုက်ရသည်။
“သေစမ်း… အရာရာတိုင်းကငါ့အပေါ်မှာပဲ မူတည်နေတာပေါ့….” ရှောင်ယုက တွေးတောလိုက်ပြီး ကျယ်လောင်စွာအော်ဟစ်ငိုယိုချင်စိတ်ကို ထိန်းချုပ်ထားလိုက်လေသည်။ ထို့နောက် သူ၏ပါးစပ်ကို ဟလိုက်ပြီး လည်ချောင်းအတွင်းမှ အလွန်ထက်မြသည့် ဓါးလှိုင်းတစ်ခုက ထွက်ပေါ်လာလေတော့သည်။ အံ့အားသင့်ဖွယ် ထက်မြနေသည့် ဓါးအလင်းက ဆိုင်အတွင်းမှ အရာ၀တ္ထုများအားလုံးကို ဖြတ်တောက်ပစ်လိုက်သည်ဟုပင် ထင်နေရပေသည်။
ဘုန်း…..
ရှောင်ယု၏ ပါးစပါအတွင်းမှ ထွက်ပေါ်လာသည့် စွမ်းအင်များနှင့် မိန်းမစိုးလျန်ဖု၏ တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော စွမ်းအင်များက အချင်းချင်းထိခိုက်မိသွားပြီး အလွန်ကျယ်လောင်သည့် ပေါက်ကွဲသံကြီးတစ်ခု ဖြစ်ပေါ်လာလေသည်။ သူ၏ ခန္ဒာကိုယ်အပြင်ဘက်တွင် မျက်စီဖြင့် မမြင်နိုင်သော အကာအကွယ်လွာတစ်ခုထွက်ပေါ်လာပြီး လွင့်စင်လာသည့် ပေါက်ကွဲမှုအရှိန်အဝါများကို တားဆီးလိုက်သည်ကို ခံစားလိုက်ရသောကြောင့် ပုဖန်က မျက်မှောင်ကြုံ့လိုက်မိသည်။
ထိုသူနှစ်ယောက် တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် ပေါက်ကွဲမှုက ဆိုင်ငယ်လေးတစ်ခုလုံးက ဖုန်များဖြင့် ဖုန်းလွမ်းသွားစေသည်။ အင်ပါယာအဆင့်တစ်ယောက်၏ စွမ်းအားကုန်တိုက်ခိုက်မှုနှင့် သူတော်စင်အဆင့်တစ်ယောက်၏ အပြင်းအထန်တိုက်ခိုက်မှုတို့၏ ပေါက်ကွဲမှုက ဆယ်မိုင်အတွင်းရှိ အရာ၀တ္ထုအားလုံးကို ပျက်စီးသွားစေနိုင်သည်။
အပြင်ဘက်တွင် ရပ်နေသည့် လူအုပ်ကြီးက တံတွေးမြိုချလိုက်ပြီး တိုက်ပွဲကို ပြူးကြည့်နေကြပေသည်။ ဆိုင်ငယ်လေးက ပုံမှန်အတိုင်းပင် ရှိနေဆဲပင်ဖြစ်သည်။ ပြင်းထန်သော တိုက်ခိုက်မှုက ဆိုင်ငယလေးကို မသက်ရောက်စေနိုင်ပေ။ ဖုန်မှုန့်များ ပျောက်ကွယ်သွာေးသာအခါ လျန်ဖုက ပတ်၀န်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။
“ဟမ်… ဘာတွေဖြစ်နေတာလဲ…” လျန်ဖုက အံ့အားသင့်စွာ တွေးလိုက်မိသည်။
ဆိုင်အတွင်းမှ ပစ္စည်းများက တစ်စုံတစ်ရာမျှပင် ထိခိုက်ပျက်စီးခြင်းမရှိပဲ ပုံမှန်အတိုင်းပင် ရှိနေသောသောကြောင့် သူ၏ မျက်ခွံများပင် တစ်ဆတ်ဆတ်တုန်ရင်သွားလေသည်။ ရှောင်ယု၏ ခန္ဒာကိုယ်တစ်ခုလုံးကို သွေးများဖြင့် ဖုံးလွမ်းနေပြီး ခါးသက်စွာ ရယ်မောမိလိုက်သည်။ သို့သော် သူ၏မျက်၀န်းများက ပိုမိုတောက်ပလာကြသည်။
“ဆိုင်ထဲမှာဘယ်လိုတိုက်ခိုက်မှုမျိုးမှ လုပ်လို့မရဘူးလို့ ငါပြောနေတာကို မင်းတို့နားမလည်ကြဘူးလား…” ပုဖန်က မကျေမနပ်အမူအရာနှင့် ရှောင်ယုနှင့် လျန်ဖုတို့ကို ကြည့်၍ ပြောဆိုလိုက်သည်။ သူ၏ ခန္ဒာကိုယ်ပေါ်ရှိ အကာအကွယ်အလွှာက ပြန်လည်ပျောက်ဆုံးသွားပြီး ပုဖန်၏ သန့်ရှင်းသပ်ရပ်နေသည့် အမူအရာက ပေါ်ထွက်လာခဲ့သည်။ ရှောင်မန်က ဝှိုက်တီ၏ နောက်ကျောကို လက်သီးဖြင့် တစ်ချက်ထိုးလိုက်ပြီး နောက်ပြန်ဆုတ်လိုက်သည်။ သူက ဆိုင်အတွင်းမှ အခြေအနေကို ကြည့်၍ အလွန်အံ့သြနေပေသည်။
ရှောင်မန်၏ နှလုံးသားအတွင်းမှ ကြောက်ရွံံ့တုန်လှုပ်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။ ထိုခံစားချက်က သူ၏နှလုံးခုန်နှုန်းများကို မြန်ဆန်လာစေပြီး မသိစိတ်၏ လှုံံ့ဆော်မှုအရ ခွေးနက်ကြီး လဲလျောင်းနေသည့် နေရာထံသို့ ခေါင်းကို လှည့်၍ ကြည့်လိုက်မိသည်။ ထိုအချိန်တွင် ခွေးနက်ကြီးက နောက်ခြေနှစ်ချောင်းနှင့် မတ်တပ်ရပ် လိုက်သည်ကို တွေ့လိုက်ရသည်။
“ဟမ်… ဘလက်ကီ က မတ်တပ်ရပ်နေတာလား…” ပုဖန်က သူ့၏ရှေ့မှ ဘလက်ကီကို ကြည့်၍ အံ့အားသင့်သွားခဲ့သည်။ သူက ထိုအချင်းအရာကို ယခုမှသာ သိရှိခြင်းဖြစ်သည်။
“ဒီခွေးငပျင်းက အစာစားတဲ့အချိ်ိန်ကလွဲပြီး မလှုပ်ရှားတော့ဘူးထင်တာ…..”
ဘလက်ကီက လှုပ်လီလှုပ်လဲဖြင့် မိန်းမစိုးလျန်ဖု၏ အနီးသို့ ရောက်လာခဲ့သည်။ ဘလက်ကီက သူ၏မျက်ခွံများကို အနည်းငယ်ပင့်၍ မိန်းမစိုးလျန်ဖုကို ပျင်းရိစွာ ကြည့်လိုက်မိသည်။
“ဒီခွေးကဘယ်ကရောက်လာတာလဲ…. ဘယ်လိုဖြစ်လို့ ငါ့နားမှာ ရုတ်တရက် ပေါ်လာရတာလဲ… သွားသွား… ရှူးရှူး… အဝေးကိုသွားစမ်း… အနားကိုမလာနဲ့…” လျန်ဖုလည်း ကြောင်အသွားကာ ခွေးနက်ကြီးကို ကြည့်လိုက်ပြီး သူ၏ နှာခေါင်းများကို လက်ဖြင့်ကိုင်လိုက်ပြီး ဘလက်ကီကို မောင်းထုတ်နေလေတော့သည်။ လျန်ဖုက ခွေးများကို အလွန်မုန်းပေသည်။
“ဒီခွေးဘုရင်ကလဲ မိန်းမစိုးတွေကိုအမုန်းဆုံးပဲ….” ဘလက်ကီက မျက်လုံးများကို ကျယ်ကျယ်ဖွင့်လိုက်ပြီး တွေးလိုက်မိသည်။ သူက မိန်းမစိုးလျန်ကို အထင်တသေးဖြင့် တစ်ချက်ကြည့်လိုက်ပြီး ပုဖန်၏ ဘေးသို့ ကြောင်တစ်ကောင်ကဲ့သို့ ခြေလှမ်းများဖြင့် လျောက်သွားလိုက်လေသည်။
“သူကဆိုင်ထဲမှာဘယ်လိုတိုက်ခိုက်မှုမျိုးမှ မလုပ်ရဘူးလို့ပြောနေတာကို မင်းတို့နားမလည်ဘူးလား…” ဘလက်ကီက ရှောင်ယုနှင့် လျန်ဖုတို့ကို စိုက်ကြည့်လိုက်ပြီး လူတစ်ယောက်ကဲ့သို့ ပြောဆိုလိုက်သည်။ ပုဖန်က မှင်သက်အံ့သြသွားပြီး အလန့်တကြား ထခုန်လိုက်မိသည်။ သူက မျက်လုံးပြူးမျက်ဆန်ပြူးနှင့် ဘလက်ကီကို စိုက်ကြည့်နေလေသည်။
“ဒါကကောင်းကင်ဘုံရဲ့ ချီးမြှောက်ခြင်းပဲ ဒီခွေးငပျင်းက လူစကားပြောတတ်တယ်လေ…” ဘလက်ကီက ပုဖန်၏ အမူအယာကိ်ု အနှောက်အယှက်မဖြစ်ပဲ ပြန်ပြောလိုက်သည်။ ထို့နောက် သူ့ရှေ့ရှိ သုံးယောက်ဘက်သို့ ပြန်လှည့်လ်ိုက်ပြီး သမာသမတ်ကျသော ပုံစံဖြင့် ပြောဆိုလိုက်သည်။
“အခုတော့ ဒီခွေးဘုရင်က ဝှိုက်တီရဲ့စကားကို ယူသုံးရတော့မှာပဲ…. ပြသနာကောင်တွေ… ဆိုင်ထဲမှာ ပြသနာရှာရင် တစ်ခြားသူတွေကို ဥပမာပေးဖို့ မင်းတို့ရဲ့ အ၀တ်တွေကို ချွတ်ပစ်ရမယ်…”
လျန်ဖု ရှောင်ယုနှင့် ဟွန်းချွမ်သွမ့်တို့က သူတို့ရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် မှင်သက်ကြောင်အနေဆဲပင် ဖြစ်သည်။ သူတို့ ကြည့်ရှုနေစဉ်တွင် ခွေးနက်ကြီးက သူ၏ ပါးစပ်ကို ဟလိုက်ရာ တစ်ဖြည်းဖြည်းကြီးမားလားပြီးနောက်ဆုံးတွင် ကြမ်းတမ်းရိုင်းစိုင်းသော သားရဲတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
ဝေါင်း….
အလွန်အန္တရာယ်ကြီးမားသည့် ရှေးဦးသားရဲတစ်ကောင်၏ အော်သံကဲ့သို့ ကြောက်မက်ဖွယ်ရာ အသံက ခွေးနက်ကြီး၏ ပါးစပ်အတွင်းမှ ထွက်ပေါ်လာပြီး ဆိုင်တစ်ခုလုံးကိုဖုံးလွမ်းသွားလေတော့သည်။