အပိုင်း ၅၈
Viewers 61k

အခန်း ၅၈ “ အရှင်မင်းမြတ်… ရိုးသားတဲ့ဒီအစေခံအတွက် တရားမျှတမှု ရှာပေးပါ ”


ကွမ်းဇောင်ဟန့်က ဆိုင်အတွင်းမှ ဆိုင်အတွင်းမှ အခြေအနေများကို မျက်မှောင်ကြုံ့၍ လှမ်းကြည့်လိုက်သည်။ လျန်ဖုက သူတော့စင်အဆင့်တစ်ယောက် ဖြစ်သောကြောင့် ဆိုင်အတွင်းမှ အခြေအနေများကို ကောင်းစွာ ကိုင်တွယ်နီုင်သင့်ပေသည်။ သူက မိန်းမစိုးတစ်ယောက်ဖြစ်သော်လည်း သူ၏ ကျင့်ကြံဖြင်းအဆင့်က အလွန်မြင့်မားပေသည်။


“လျန်ဖုက သူတော်စင်အဆင့် ဆိုပေမယ့် ရှောင်မန်ထက်အားနည်းပြီး ငါ့ထက်နည်းနည်းပဲ သာတာဆိုတော့ ရှောင်ယုကို ဖမ်းဆီးဖို့အတွက် တော်တော်အားစိုက်ရမယ်ထင်တယ်…” ကွမ်းးဇောင်ဟန့်က နှုတ်ခမ်းများကို တွန့်ကွေး၍ တွေးတောလိုက်မိသည်။


ကွမ်းဇောင်ဟန့်၏ အနောက်တွင် ရပ်နေကြသည့် တပ်သားများကလည်း ရှောင်ယုကို ဖမ်းဆီးရန် ကြိုးစားလိုနေကြသည်။ ရှောင်ယုကို ဖမ်းဆီးနိုင်ပါက အင်ပါယာမြို့တော်အတွင်းတွင် အလွန်အမင်း နာမည်ကြီးသွားနိုင်ပေသည်။ ထိုကဲ့သို့သော သမိုင်း၀င်နိုင်သည့် အခွင့်အရေးကို တပ်သားများက အဆုံးရှုံးမခံလိုကြပေ။


 ရှောင်မန်ကလဲ မျက်မှောင်ကြုံ့၍ စူးစိုက်ကြည့်နေလိုက်ပြီး သူ၏ မျက်နှာအမူအယာက ပြောင်းလဲသွားကာ အစစ်အမှန်စွမ်းအင်များကို ထုတ်လွင့်လိုက်ကာ စစ်၀တ်စုံအပြင်ဘက်မှ ကာရံထားလိုက်သည်။ စားသောက်ဆိုင်အတွင်းတွင် မုန်တိုင်းအသေးစားတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ လေပြင်းများ ရုတ်တရက် တိုက်ခတ်လာပြီး ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါနှင့် ကျယ်လောင်သော အော်ဟစ်သံတစ်ခုက ဆိုင်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။ လည်ပင်းကို ဆန့်ထုတ်၍ ဆိုင်အတွင်းသို့ လှမ်းမျော်ကြည့်နေသော ကွမ်းဇောင်ဟန့်၏ မျက်လုံးများက အေးခဲသွားပြီး မျက်လုံးများ ဝိုင်းကျယ်ပြူးစက်လာခဲ့သည်။ 


“သေစမ်း …” ကွမ်းဇောင်ဟန့်က ရှောင်ယုဘက်သို့ လှည့်၍ သူမ၏ ခန္ဒာကိုယ်ကို ကာကွယ်ထားလိုက်သည်။ ပြင်းထန်သောလေပြင်းတစ်ခုက ကွမ်းဇောင်ဟန့်၏ နောက်ကျောကို တိုက်ရိုက်တိုက်ခိုက်မိသွားပြီး လေထဲသို့ လွင့်စင်သွားစေသည်။ လေထုက အလွန်အမင်းအေးစက်နေပြီး ကြောက်မက်ဖွယ်ရာအရှိန်အဝါများကြောင့် အသက်ရှူရပင် ခက်ခဲလာကြသည်။ ကွမ်းဇောင်ဟန့်က အင်ပါယာအဆင့် အထွတ်အထိပ်တစ်ယောက်ဖြစ်သောကြောင့် လေထုဖိအားကို အတော်အတန် ခံနိုင်ရည်ရှိ်ပေသည်။ သူက မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ပြန်ကျလာပြီး သူ၏ ရင်ခွင်ထဲမှ ရှောင်ယုကို ကြည့်၍ သူ၏မခေါင်းကိုပုတ်လိုက်ကာ ညင်သာစွာ ပြောဆိုလိုသည်။ 


“ငါ့ရဲ့ အဖိုးတန်လေး…. ဖေဖေက လုံလောက်အောင်အစွမ်းမထက်သေးဘူး…”    


ကွမ်းရှောင်ယီက ပြောစရာစကားမဲ့သွားသောကြောင့် မျက်လုံးလှန်၍ နှာခေါင်းရှုံ့ပြလိုက်သည်။


ရွှီး…ရွှီး… ရွှီး….


ကြောက်မက်ဖွယ်ကောင်းသည့် ရှေးဦးသားရဲတစ်ကောင်၏ အသံကဲ့သို့ ကျယ်လောင်သော ခွေးဟောင်သံ ထွက်ပေါ်လာပြီးနောက် မုန်တိုင်းတစ်ခုအစပျိုးတော့မည်ကဲ့သို့ လေချွန်သံများ ထွက်ပေါ်လာခဲ့သည်။ လေတိုးသံနှင့်အတူ ဆိုင်အတွင်းမှ ပုံရိပ်သုံးခုက လွင့်စင်ထွက်လာပြီး ကြောက်မက်ဖွယ်ရာ အော်မည်သံများကို ကြားလိုက်ရသည်။ ရှောင်မန်က ပြင်းထန်သော အရှိန်အဝါများကြောင့် မထိခိုက်နိုင်သကဲ့သို့ မြေပြင်ပေါ်တွင် မြဲမြံစွာ ရပ်တန့်နေသော်လည်း သူ၏ ဆံပင်များက လေထုအတွင်းသို့ လွင့်ပျံ့နေပေသည်။ 


“ဟမ်… ငါ့လက်ထဲက ဘာပါလိမ့် နူးညံ့နေတာပဲ…” လေထဲတွင် ပျံ့ဝဲလာသည့် ပုံရိပ်တစ်ခုက သူ့လက်ထဲသို့ ရောက်ရှိလာသောကြောင့် ရှောင်မန်က ဖမ်းထားလိုက်မိသည်။


“အို…ဘုရားရေ… စစ်သေနာပတိရှောင် ငါ့ကို အောက်ချပေးပါဦး…” ရှက်ရွံံ့နေပုံပေါက်သည့် စူးရှရှအသံက ရှောင်မန်၏ လက်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။ 


ရှောင်မန်က သူ့လက်ထဲမှ နံငယ်ပိုင်းလေးမျှသာကျန်တော့သည့် မိန်းမစိုးလျန်ဖုကို အံ့သြတစ်ကြီး စိုက်ကြည့်လိုက်မိသည်။


“အဟွတ်..အဟွတ်… မင်းရဲ့အသားအရည်က ကောင်းလိုက်တာနော်… နူးညံ့နေတာပဲ…” ရှောင်မန်က ရှက်ရွံ့သွားသောကြောင့် ပြောမိပြောရာပြောဆိုလိုက်ပြီး လျန်ဖုကို အောက်သို့ ချပေးလိုက်သည်။ 


လျန်ဖုက မကျေမချမ်းနှင့် ရှောင်မန့်ကို တစ်ချက်ကြည့်လိုက်ပြီး ဆိုင်အတွင်းသို လှမ်းကြည့်လိုက်မိသည်။ သူ၏ မျက်၀န်းများအတွင်းတွင် ရှက်ရွံ့ဒေါကထွက်မှုများကို တွေ့မြင်နေရပေသည်။ 


“ဒီ…ဒီခွေးက တစ်ကယ်ကိုပဲ သာမာန်မဟုတ်ဘူး…”


ဘုန်း…ဘုန်း….


ရှောင်ယုနှင့် ဟွန်းချွမ်သွမ့်တို့က ပြင်းထန်သော လေဖိအားကြောင့် ဆိုင်နံရံသို့ လွင့်စင်ထိခိုက်မိသွားပြီး နမြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ လေလှိုင်းများက အလွန်ပြင်းထန်သောကြောင့် သူတိုပ၏ ခန္ဒာကိုယ်ပေါ်ရှိ အ၀တ်များက စုတ်ပြဲလွင့်စင်သွားကြပြီး နံငယ်ပိုင်းမျှသာ ကျန်ရစ်ခဲ့သည်။


ရှောင်မန်က ပြုတ်ကျလာသည့် ရှောင်ယုကို သတိပြုမိသွားသောကြောင့် သူ၏ မျက်၀န်းများအတွင်းတွင် သတ်ဖြတ်ချင်သော အငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။ သူ၏ အားမာန်အပြည်နှင့် ခြေတစ်လှမ်းလှမ်းလိုက်ရာသူ၏ ခြေထောက်အောက်ရှိ အုတ်ခဲများပင် ကြေမွသွားရသည်။ ရှောင်ယုက မြေပြင်ပေါ်တွင် မတုန်မလှုပ်ရပ်တန့်နေပြီး သူ၏ ခန္ဒာကိုယ်ပေါ်တွင် သွေးများဖြင့် ပြည့်နှက်နေပေသည်။ သူကထူးဆန်းသောအပြုံးတစ်ခုကို ပြုံးလိုက်ပြီး ပြောဆိုလိုက်သည်။


“မင်းငါ့ကိ်ု မဖမ်းနိုင်ပါဘူး…. မနေ့ကတောင်ငါ့ကိ်ုမဖမ်းနိုင်တာ .. ဒီနေ့ရောဖမ်းနိုင်မယ်လို့ထင်နေတာလား…” ရှောင်ယုက ပြောဆိုလိုက်သည်နှင့် ဓါးထုတ်လိုက်သံအချို့ကို ကြားလိုက်ရပြီး သူ၏ ရှေ့သို့ ပုံရိပ်လေးခုက လျပ်တပျက် ကျရောက်လာခဲ့လေသည်။ ပုံရိပ်များက မြေပြင်ပေါ်သို့ ရောက်ရှိလာသည်နှင့် လေထုအတွင်းတွင် ဓါးရိပ်များလွင့်ပျံလာပြီး ကြောက်မက်ဖွယ်စွမ်းအင်များက ရုတ်တရက်ပေါက်ကွဲထွက်သွားလေသည်။


“လေဟာနယ်ဓါးဥယျာဉ်ခြံနဲ့ ကြယ်ကိုးပွင့်ဘုံကျောင်း…” 


ရှောင်မန်၏ မျက်၀န်းများက ကျဉ်းမြောင်းသွားသော်လည်း သူ၏ လှုပ်ရှားမှုများကို မရပ်တန့်လိုက်ပဲ ရှေ့သို့ ဆက်လက်တိုး၀င်သွားလေသည်။ သူက လက်သီးထဲတွင် အားအပြည့်ထည့်၍ ရှောင်ယုကို တိုက်ခိုက်လိုက်သည်။ သူ၏ ကြောက်မက်ဖွယ်ရာစွမ်းအင်များက လေထုကို စုတ်ဖြဲပစ်လိုက်သည်ဟုပင် ထင်ရပေသည်။ 


ဓါးသမားသုံးယောက်က သူတို့၏လက်ချောင်းများကို ဝေ့ရမ်းလိုက်ပြီး ဓါးရိပ်များဖြစ်ပေါ်လာစေကာ ရှောင်မန်၏ တိုက်ခိုက်မှုကို ကာကွယ်လိုက်သည်။ တစ်ယောက်က စွမ်းအင်များကို စုစည်းလိုက်ပြီး ရှောင်မန်၏ လက်သီးကို တိုက်ရိုက်ရင်ဆိုင်လိုက်သည်။ သူ့တို့နှစ်ယောက်၏ ထိပ်တိုက်တွေ့ဆုံမှုက ပြင်းထန်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာစေသည်။


ရှောင်ယု၏ ရှေ့တွင် ပိတ်ကာထားသည့် လူလေးဦးအတွင်းမှ တစ်ဦးက စွမ်းအင်လှိုင်းများကြောင့် သွေးအန်လိုက်ရလေသည်။ ထို့နောက် သူတို့က ဟွန်းချွမ်သွမ့်နှင့် ရှောင်ယုတို့ကို ဆွဲခေါ်သွားလိုက်ပြီး ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားကြလေသည်။


ရှောင်မန်က တုန်လှုပ်နေပြီး သူ၏ အစစ်အမှန်စွမ်းအင်များ ကစဉ့်ကလျားမဖြစ်သွားစေရန် ထိန်းချုပ်နေရပေသည်။ ထိုအချိန်တွင် ရှောင်ယုက ထွက်ပြေးလွတ်မြောက်သွားပြီ ဖြစ်သည်။ 


“သေစမ်း… သေလိုက်စမ်း…. ဒီကောင်ရှောင်ယုမှာ နောက်ထပ်အစီအစဉ်တွေ ရှိနေဦးမှာကို ငါသိနေသင့်တာ…” ရှောင်မန်က စိတ်ဆိုးမာန်ဆိုးဖြင့် ရေရွတ်နေသော်လည်း မည်သို့မှ မပြုလုပ်နိုင်တော့ချေ။ သူက စိတ်ဆိုးမာန်ဆိုးဖြင့် သူ၏ရှေ့က နံရံကို ထိုးလိုက်လေရာ အက်ကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။


“ဒါတွေအားလုံးက ခွေးနက်ကြီးကြောင့်ပဲ… ငါတို့က ရှောင်ယုကို ဝိုင်းထားပြီးပြီ သူ့ကို ဖမ်းမိတော့မှာကို …. ဒင်းက သူ့ကို အပြင်ပစ်ထုတ်လိုက်တယ်…” လျန်ဖုက စိတ်ဆိုးဆိုးဖြင့် သူ၏ လက်မနှင့် လက်ခလယ်ကိုပူးထားလိုက်ပြီး စားသောက်ဆိုင်ဘက်သို့ ညွှန်ပြလျက် ကနွဲ့ကလျ ပြောဆိုလိုက်သည်။


“မင်းရဲ့ အဲဒီလက်က … ငါ့ကို ထိုးနေတာလား…” ဘလက်ကီက ပြောပြောဆိုဆိုနှင့် အနီးသို့ လျောက်လာခဲ့ပြီး လျန်ဖုကို အထင်တသေးဖြင့် ကြည့်လိုက်လေသည်။ 


“ဟုတ်တယ်… ငါနင့်အကြောင်းပြောနေတာ… ဘာလဲ… ငါက စကားပြောတဲ့ ခွေးတစ်ကောင်ကို ကြောက်နေရမှာလား… ငါ့ကို လျက်တပျက်တိုက်ခိုက်လိုက်လို့သာ နင်က ငါ့ကို ထိခိုက်အောင် လုပ်လိုက်နိုင်တာ… ဟွန့်…” လျန်ဖုက သူ၏ ခန္ဒာကိုယ်ကို လှုပ်ရမ်းနေရင်းဖြင့် ဘလက်ကီကို ပြန်လည်ပြောဆိုလိ်ုက်သည်။ ဘလက်ကီ၏ နှုတ်ခမ်းများက အဓိပ္ပါယ်ပါပါ ပြုံးသွားလေသည်။


ထို့နောက် ကောင်းကင်ဘုံကိုးခုမှ ကျလာသကဲ့သို့ သန့်စင်၍ အင်အားကြီးမားသော အရှိန်အဝါများက လျန်ဖုအပေါ်သို့ ကျရောက်လာခဲ့သည်။ သူ၏ ၀မ်းဗိုက်ပေါ်တွင် ကြီးမားးလေးလံသော တောင်ကြီးတစ်တောင် တင်ထားသကဲ့သို့ ခံစားလိုက်ရပြီး အနည်းငယ်မျှပင် မလှုပ်နိုင်တော့ချေ။ သူ၏ အဖြူရောင်ဆံနွယ်များကလည်း မျက်နှာပေါ်တွင် ပျံ့ကြဲနေပေသည်။ 


“ဒီကြောက်စရာကောင်းတဲ့ အရှိန်အဝါအငွေ့အသက်က…. ဒီခွေးက တစ်ကယ့်ကို အဆင့်ကိုးသားရဲကောင် ဖြစ်နေတာပဲ…” ရှောင်မန်၏ မျက်လုံးများက ပြူးကျယ်ဝိုင်းစက်သွားခဲသည်။


“ပိုင်ရှင်ပု… ဒီအချိန်မှာ.. မင်းကို စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်မိလို့ တောင်းပန်ပါတယ်…. ဒီခွေးဘုရင်ကို နောက်ဆုတ်ခိုင်းလို့ ရမလား….” ရှောင်မန်က လက်ဝါးတစ်ဖက်နှင့် လက်သီးကိုဆုတ်ကိုင်လိုက်ပြီး ခေါင်းအနည်းငယ် ငုံ့လိုက်ကာ စားသောက်ဆိုင်ဘက်သို့ လှည့်၍ တလေးတစားပြောဆိုလိုက်သည်။


ပုဖန်က ဆိုင်အပြင်ဘက်သို့ ဖြည်းညင်းစွာ လျောက်ထွက်လာလေသည်။ သူ၏ ဆံပင်များကို သေသပ်စွာ စည်းနှောင်ထားသောကြောင့် သန့်ရှင်းသပ်ရပ်နေပေသည်။ 


“ဒီခွေးငပျင်းက အရမ်းစိတ်ဆိုးနေတာ… အခုတစ်ခါတော့ ဒီမိန်းမစိုးကို သင်ခန်းစာလောက်ပဲ ပေးလိုက်မယ်… နောက်တစ်ခါ ငါ့ဆိုင်ကို လာမယ်ဆိုရင် ငါ့ဆိုင်က စည်းကမ်းတွေကို လိုက်နာဖို့ မမေ့ပါနဲ့…” ပုဖန်က ခပ်ပြတ်ပြတ်ပြောဆိုလိုက်ပြီး ဘလက်ကီ၏ နူးညံ့သော အမွှေးများကို ခပ်ဖွဖွသပ်လိုက်သည်။


“ဘလက်ကီ… ဒီမိန်းမစိုးကို သင်ခန်းစာ နည်းနည်းပေးလိုက်ပြီးပြီဆိုတော့ လွှတ်ပေးလိုက်တော့…” 


“ငါက နားမထောင်ဘူးဆိုရင်ရော…” ဘလက်ကီက ပုဖန်ကိုလှည့်ကြည့်၍ ပြောဆိုလိုက်သည်။


“ဒါဆို … ငါကလဲ မနက်ဖြန်ကျရင် အိပ်ယာက နောက်ကျမှထပြီး လေ့ကျင့်ချက်ပြုတ်တာကို ကျော်လိုက်တာပေါ့…” ပုဖန်က ထူးမခြားနားပင် ပြန်ပြောလိုက်သည်။


“ကောင်းပြီ.. ကောင်းပြီ… ငါသူ့ကို လွှတ်ပေးလိုက်မယ်…” ဘလက်ကီက ပုဖန်ကို မကျေမချမ်း စိုက်ကြည့်လိုက်ပြီး သူအိပ်နေကြနေရာသို့ ပေါ့ပါးသောခြေလှမ်းများဖြင့် လျောက်သွားလိ်ုက်ပြီး လှဲချလိုက်သည်။


“ ဒါဆို စနစ်က ပြောထားတဲ့ နောက်ဆုံးစည်းဆိုတာ… ဘလက်ကီပေါ့… ဒါကြောင့်လဲ ကပ်စီးနဲ စနစ်က ဒီခွေးကို ၀က်တစ်ကောင်လို ကြွေးမွေးနေတာပေါ့…” ပုဖန်က နှုတ်ခမ်းထောင့်စွန်းများကို တွန့်ကွေး၍ တွေးတောလိုက်မိသည်။


“အား… ငါ့ရဲ့ခါး…..” လျန်ဖုက သူ့ကို မြေပြင်ပေါ်တွင် ဖိနှိပ်ထားသည့် ကြောက်မက်ဖွယ်အရှိန်အဝါများ ပျောက်ကွယ်သွားသောကြောင့် မတ်တပ်ထရပ်လိုက်ပြီး ဘလက်ကီကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်လိုက်မိသည်။ သူက ဘာစကားမှ ဆက်မပြောရဲတော့ပဲ အောက်ခံ အ၀တ်စတစ်ခုသာ ၀တ်ဆင်ထားသည့် သူ၏ ခန္ဒာကိုယ်ကို သယ်ဆောင်၍ ပြေးထွက်သွားလေတော့သည်။


“ဘလက်ကီက အရမ်းတော်တာပဲ… သူက အဖေ့ထက်တောင်မှ စွမ်းအားကြီးသေးတယ်…” ရှောင်ယီက လက်ခုပ်လက်ဝါးတီး၍ ပျော်ရွှင်စွာ အော်ဟစ်ပြောဆိုလိုက်သည်။ သူမ၏ ချစ်ရာကောင်းသည့် မျက်နှာလေးပေါ်မှ မျက်လုံးဝိုင်းဝိုင်းလေးများပင် လခြမ်းကွေးသဏ္ဍာန် ဖြစ်ပေါ်နေပေသည်။


ကွမ်းဇောင်ဟန့်က ခွေးတစ်ကောင်နှင့် နှိုင်းယှဉ်ခံလိုက်ရသောကြောင့် သူ၏ ရင်၀ကို မြှားစိုက်လိုက်သကဲ့သို့ခံစားလိုက်ရသည်။ ထို့နောက် သူ့သမီး အလိမ္မာတုံးကိုစိုက်ကြည့်လိုက်သည်။


“ကျေးဇူးတင်ပါတယ်…ပိုင်ရှင်ပု…” ရှောင်မန်က ပုဖန်ကို လေးလေးနက်နက် ပြောဆိုလိုက်ပြီး ဘလက်ကီကို တစ်ချက်စိုက်ကြည့်၍ ထွက်ခွာသွားလေတော့သည်။ သူက ရှောင်ယုနှင့် ဟွန်းချွမ်သွမ့်တို့ကို ဖမ်းဆီးရန် အစီအစဉ် ပျက်စီးသွားသည်ကို အင်ပါယာမင်းမြတ်ထံ လျောက်တင်ရမည်ဖြစ်သည်။ 


ရှောင်မန်ထွက်ခွာသွားသည်နှင့် လမ်းကြားလေးအတွင်းရှိ သိုင်းပညာရှင်များက တစ်ယောက်ပြီးတစ်ယောက် အလျင်အမြန် ထွက်ခွာသွားလေတော့သည်။ ကွမ်းရှောင်ယီက ပုဖန်ကို လက်ဝှေးရမ်း နှုတ်ဆက်လိုက်ပြီး သူ့ဖခင်နောက်သို့ လိုက်ပါသွားသည်။ လမ်းကြားလေးထဲမှ လူများအားလုံး ပျေက်ကွယ်သွားသောအခါ ပုဖန်က အိပ်မောကျနေသော ဘလက်ကီကို တစ်ချက်ကြည့်လိုက်ပြီး ဆိုင်အတွင်းသို့ ၀င်၍ တံခါးပိတ်လိုက်လေသည်။


“အရှင်မင်းမြတ် ကျွန်တော်မျိုးအတွက် တရားမျှတမှုကို ရှာဖွေပေးပါ.. ဒီဆိုင်ငယ်လေးက မရိုးရှင်းဘူးဆိုပေမယ့် အရမ်းကို မိုက်ရိုင်းစော်ကားလွန်းတယ်… ပီးတော့ သူတို့က ဥပဒေကိုလည်း ဂရုမစိုက်ဘူး… မကောင်းဆိုးဝါးဂိုဏ်းက ရာဇ၀တ်ကောင်တွေကိုလည်း ကာကွယ်ပေးထားတယ်… ကျွန်တော်မျိုးက ဆိုင်ထဲကို ၀င်ဖမ်းတော့ အ၀တ်အစားတွေကို ချွတ်ခံလိုက်ရပြီး အပြင်ကို ပစ်ထုတ်ခံလိုက်ရတယ်…” မိန်းမစိုးလျန်က မျက်ရည်အပြည့်ဖြင့် ငိုကြွေးနေပြီး အင်ပါယာမင်းမြတ်ကိုလျောက်တင်လိုက်သည်။


အင်ပါယာမင်းမြတ်က ခပ်ဖွဖွရယ်မောလိုက်ပြီး လျန်ဖုကို နှစ်သိမ့်လိုက်သည်။ ထို့နောက် မတ်တပ်ရပ်နေသည့် ရှောင်မန်ကို လှမ်းကြည့်လိုက်ပြီး မေးမြန်းလိုက်သည်။


“စစ်သေနာပတိရှောင်.. ဒီဆိုင်က မင်းပြောသလိုပဲ တစ်ကယ်ကို အံ့သြစရာကောင်းနေတာလား… န၀မအဆင့် သားရဲက အစောင့်အရှောက်အဖြစ် ရှိနေတယ်ဆိုတာ တစ်ကယ်ပဲလား…” 


“အရှင့်ရဲ့အစေခံပြောတာတွေအားလုံးက အမှန်ပါပဲ…” ရှောင်မန်က ပြန်လည်လျောက်တင်လိုက်သည်။


အင်ပါယာမင်းမြတ်၏ မျက်၀န်းများက ကျဉ်းမြောင်းသွားပြီး မုတ်ဆိတ်များကို ပွတ်သပ်၍ ပြောဆိုလိုက်သည်။


“အင်း… ဒီဆိုင်မှာရနိုင်တဲ့ ဟင်းပွဲတွေက အရမ်းကို အရသာရှိတယ်လို့ ငါကိုယ်တော်ကြားထားတယ်… ပြီးတော့ အဲဒီဆိုင်မှာ ရတဲ့ဝိုင်က ရတနာစီခြယ်မက်မွန်ဝိုင်ထက် ကောင်းတယ်လို့ ကောလဟာလတွေ ကြားနေရတယ်… ငါကိုယ်တော်တောင်…. ဒိဆိုင်အကြောင်းကို အရမ်းသိချင်လာပြီ…..”