အပိုင်း ၅၉
Viewers 62k

အခန်း ၅၉ “အရှင်မင်းမြတ်က ဒီဆိုင်က အစားအသောက်တွေကို ယူလာဖို့ အမိန့်ထုတ်လိုက်တယ် ”


ဆောင်းဦးမိုးရွာသွန်းပြီးသည့် အချိန်တွင် အအေးဓာတ်က တစ်ဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ ဆောင်းဦးမိုးဆယ်ကြိမ်မျှ ရွာသွန်းပြီးသည်နှင့် ဆောင်းရာသီသို့ လုံးလုံးလျားလျား ၀င်ရောက်လာပြီဖြစ်သည်။ အင်ပါယာမြို့တော်အတွင်းတွင် အကြိမ်အနည်းငယ်မျှရွားသွန်းပြီးသောကြောင့် ခပ်အေးအေးသာ ဖြစ်သည့် ဆောင်းလေညှင်းက အရိုးခိုက်လောက်အောင် အေးသည့် ဆောင်းလေအဖြစ်သို့ ပြောင်းလဲနေပြီဖြစ်သည်။


ပုဖန်က အိပ်ယာမှ စောစီးစွာ နိုးလာသော်လည်း အေးစက်နေသောကြောင့် အိပ်ယာမှ မထနိုင်ပဲ ဖြစ်နေပေသည်။ တခဏမျှအကြာတွင် ပုဖန်က ကိ်ုယ်လက်သန့်စင်လိုက်ပြီး ထူထူထဲထဲရှိသော ကုတ်အင်္ကျီတစ်ထည်ကို ၀တ်ဆင်၍ တံခါးသွားဖွင့်လိုက်သည်။ တံခါးဖွင့်လိုက်သည်နှင့် အေးစိမ့်နေသည့် လေများက ၀င်ရောက်လာသောကြောင့် ပုဖန်က အနောက်သို့ ဆုတ်လိုက်မိသည်။ ထို့နောက် ကုတ်အင်္ကျီကို လည်ပင်းစိလိုက်ပြီး သူ၏လက်များကို ပွတ်တိုက်လိုက်ပြီး အေးမြသည့် လေကို အနည်းငယ် ရှူရှိုက်လိုက်သည်။


“ဒီခွေးငပျင်းကတော့ တစ်နေ့လုံးဘယ်လိုအိပ်ရမလဲဆိုတာပဲသိတယ်… ဘာကြောင့်များ နိုးနိုးကြားကြားရှိတဲ့ အဆင့်မြင့် ရှေးဦးသားရဲ တစ်ကောင် မဟုတ်ရတာလဲ…. အဲလိုသားရဲမျိုး ငါရသင့်တယ်မဟုတ်ဘူးလား… ဒါမှ ဆိုင်ရဲ့ရှေ့မှာ ခန့်ခန့်ညားညားနဲ့ အေးအေးဆေးဆေးနေနေရင်တောင်… လူတွေကပြသနာမရှာရဲမှာလေ…..” ပုဖန်က လှဲလျောင်နေသည့် ဘလက်ကီကိုကြည့်၍ တွေးလိုက်မိသည်။


“လူငယ်လေး… ဒီခွေးဘုရင်က ဒီနေ့ ၀က်နံရိုးချိုချဉ်ကြော်စားချင်တယ်…” ဘလက်ကီက ပုဖန်ကို တစ်ချက်ကြည့်လိုက်ပြီး ပျင်းတိပျင်းတွဲလေသံဖြင့် ပြောဆိုလိုက်သည်။သို့သော် သူ၏ အသံက အားအင်ချိနဲ့နေခြင်းမရှိပဲ အာမာန်အပြည့်ဖြင့် ဖြစ်နေပေသည်။


“မင်းကခွေးငပျင်းတစ်ကောင်ပဲ… နေ့တိုင်းအလကားစားနေရတာတောင်… အားမရနိုင်ပဲ အော်ဒါမှာစားချင်နေတာလား….” ပုဖန်က ဘလက်ကီကို ပြန်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။ 


ဘလက်ကီက ပုဖန်ကို ပြန်မပြောတော့ပဲ မျက်လုံးများကို မှိတ်၍ လျစ်လျူရှုလိုက်သည်။ ထို့နောက် သူ၏ခေါင်းကို လက်သည်းများဖြင့် ကုတ်လိုက်ပြီး ပုံစံမပျက် ပြန်အိပ်နေလိုက်သည်။ ထိုအမူအယာက သူစားးချင်သည့် ဟင်းပွဲကို ပုဖန်က မချက်ပေးလျင်ပင် စားချိန်ရောက်လျင် သူ့ကို လာနှိုးရမည်ဟု ပြောဆိုနေသကဲ့သို့ ဖြစ်နေပေသည်။ 


“ဒီခွေးငပျင်းက ငါ့ကို လျစ်လျူရှုရဲတယ်လား… သူစားမယ့် ဟင်းပွဲထဲကို အရမ်းစပ်တဲ့ ငရုပ်သီးတွေ ထည့်ပေးလိုက်မှ မကြောက်ဘူးလား မသိဘူး… သူက ငရုပ်သီးစားချင်လို့ ဉာဏ်ဆင်နေတာဖြစ်ရမယ်…” ပုဖန်က ဒေါသထွက်စွာ တွေးလိုက်မိသည်။ 


ပုဖန်က ဆိုင်အတွင်းသို့ ပြန်၀င်လာပြီး မီးဖိုခန်းဘက်သို့ လျောက်သွားလိုက်သည်။ သူက ဘလက်ကီကို ၀က်နံရိုးချိုချဉ်ကြော် မချက်ပေးနိုင်ဟု ပြောခဲ့ခြင်းမရှိပေ။ ဘလက်ကီက ယမနေ့က အဖြစ်အပျက်တွင် များစွာ အကူအညီပေးခဲ့ပေသည်။ ထို့ကြောင့် သူက ဘလက်ကီကို ၀က်နံရိုးချိုချဉ်ကြော် ချက်ပြုတ်ပေရန် ဆုံးဖြတ်လိုက်သည်။


ပုဖန်က ၀က်နံရိုးချိုချဉ်ကြော် ချက်ရန်အတွက် ပါ၀င်ပစ္စည်းများကို အအေးခံအခန်းအတွင်းမှ ထုတ်ယူလိုက်သည်။ သူက ၀က်နံရိုးကို စဉ့်နှီတုံးပေါ်တင်လိုက်ပြီး မီးဖိုချောင်သုံးဓါးကို ယူ၍ အနည်းငယ် သွေးလိုက်သည်။ ထို့နောက် ဓါးအပြားနှင့် ၀က်နံရိုးများကို ခပ်မြန်မြန် ရိုက်လိုက်သည်။ ၀က်နံရိုးများကို ထုရိုက်ထားမှသာ ဖြတ်တောက်ရာတွင် ပိုမိုလွယ်ကူမည်ဖြစ်သည်။ ထို့နောက် ၀က်နံရိုးများကို သေးငယ်သော အပိုင်းလေးများအဖြစ် ဖြတ်တောက်လိုက်သည်။ ကြယ်ပျံဖြတ်တောက်ခြင်းနည်းပညာကို အကြိမ်များစွာ လေ့ကျင့် ချက်ပြုတ်ထားပြီးနောက် သူ၏ အဖြတ်အတောက်စွမ်းရည်များက အံ့သြစရာကောင်းလောက်အောင် တိုးတက်နေပြီဖြစ်သည်။ 


၀က်နံရိုးချိုချဉ်ကြော်က စတင်ချက်ပြုတ်ခဲ့စဉ်က ၀က်နံရိုးများကို ဖြတ်တောက်ရသည်မှာအလွန်ခက်ခဲသည်ဟု ခံစားခဲ့ရသော်လည်း ယခုအခါ နံရိုးများကို ဖြတ်တောက်ရသည်မှာ အလွန်လွယ်ကူနေပေသည်။ ဝိဉာဉ်စွမ်းအင်များပြည့်ဝနေသည့် ၀က်နံရိုးများကို ဓါးတစ်ချက်ဝေ့ရမ်းလိုက်ယုံမျှဖြင့်ပင် အလွယ်တကူ ဖြတ်တောက်နိုင်ပြီဖြစ်သည်။ သူက ၀က်နံရိုးများကို ကော်မှုန့်သုတ်လိုက်ပြီး ဒယ်အိုးအတွင်းသို့ ဆီတစ်၀က်မျှ ဖြည့်ထားလိုက်သည်။ ဆီများ ပွက်ပွက်ဆူလာသောအခါ နံရိုးများကို ဆီအိုးအတွင်းသို့ ထည့်လိုက်လေသည်။


နံရိုးများက ဆီအိုးအတွင်းရောက်ရှိသွားသည်နှင့် မွှေးကြိုင်သင်းပျံ့သော ရနံ့က စတင် ပျံ့လွင့်လာခဲ့သည်။ ပုဖန်က နံရိုးတစ်ခုချင်းစီကို သေချာစွာ ကျက်အောင်ကြော်၍ ပန်ကန်လုံးကြီးတစ်ခုထဲသို့ ထည့်ထားလိုက်လေသည်။ ထို့နောက် ချိုချဉ်ရည်များကို လောင်းထည့်လိုက်ပြီး သမမျှတအောင် နယ်လိုက်ပြီး ပန်ကန်ပြားအတွင်း ပြောင်းထည့်လိုက်သည်။


“ဘလက်ကီ… စားချိန်ရောက်ပြီ….” ပုဖန်က ၀က်နံရိုးချိုချဉ်ကြော်ပန်းကန်ကို ယူ၍ မီးဖိုခန်းအတွင်းမှ ထွက်လာပြီး ဘလက်ကီကို ခပ်တိုးတိုးပြောလိုက်သည်။ ဘလက်ကီက မျက်လုံးများကို တစ်၀က်ခန့် ဖွင့်ကြည့်လိုက်သည်။ လေထဲမှ လွင့်ပျံလာသေ မွှေးရနံ့များကို အနံ့ခံလိုက်မိသောအခါ လျှာကိုတန်းလန်းထုတ်လိုက်ပြီး ပုဖန်၏ လက်ထဲမှ ပန်းကန်ကို မျှော်ကြည့်နေလေသည်။ 


ပုဖန်က ဘလက်ကီ၏ ရှေ့သို့ ၀က်နံရိုးချိုချဉ်ကြော်ကို ချပေးလိုက်သည်နှင့် ဘလက်ကီက အမြီးတစ်ရမ်းရမ်းနှင့် အငမ်းမရ စားသောက်လေတော့သည်။ ပုဖန်က ပြုံးလိုက်မိပြီး ဘလက်ကီ၏ အမွှေးများကို ပွတ်သတ်လိုက်သည်။ ထို့နောက် သူက မတ်တပ်ရပ်လိုက်ပြီး အပေါက်၀အနီးရှိ ခုံတစ်လုံးကို ဆွဲယူလိုက်သည်။ ခုံပေါတွင် အေးအေးသက်သာထိုင်ချလိုက်ပြီး နေပူဆာလှုံနေလေတော့သည်။


စားသောက်ဆိုင်ငယ်လေးအတွင်းတွင် အင်ပါယာမြို့တော်အတွင်းမှ ထိပ်သီးပညာရှင်များ တိုက်ခိုက်ခဲ့သော်လည်း ပုဖန်၏ နေ့စဉ်လှုပ်ရှားမှုများကို ပြောင်းလဲနိုင်စွမ်းမရှိပေ။ ဆောင်းဦး၏ နေရောင်ခြည်က နောက်ကျမှ ထွက်ပေါ်လာသောလည်း သူ၏ နွေးထွေးမှုက သက်တောင့်သက်သာ ရှိစေပေသည်။


“နေသာတဲ့နေ့တစ်နေ့ပဲ…”


အဝေးတစ်နေရာတွင် ဖက်တီးတစ်အုပ်က သူ၏ ဆိုင်ငယ်လေးထံသို့ ချီတက်လာကြပေသည်။ ဖက်တီးဂျင်က ထိုလူအုပ်ကို ဦးဆောင်လာပြီး သူ၏ နှုတ်ခမ်းများနှင့် ပြည့်ဖောင်းနေသော မျက်နှာက အနည်းငယ် ဖူးယောင်နေပေသည်။


“မင်္ဂလာမနက်ခင်းပါ ပိုင်ရှင်ပု… နေပူဆာလှုံနေတာလား… ဒီနေ့တော့အေးအေးဆေးဆေးဖြစ်နေတာပေါ့….” ဖက်တီးဂျင်က ပုဖန်ကို နှုတ်ဆက်စကား ပြောဆိုလိုက်သည်။


“မင်းမျက်နှာက ဘာဖြစ်တာလဲ… မင်းက ဝပြီးသားပဲလေ… ထပ်ပြီးတော့ ယောင်ကိုင်းအောင် လုပ်ဖို့ လိုသေးလို့လား….” ပုဖန်က ခေါင်းညိမ့်ပြလိုက်ပြီး အံ့အားတသင့် အမူအယာဖြင့် ဖက်တီးဂျင်ကို လှမ်းမေးလိုက်သည်။


“ပိုင်ရှင်ပု… စကားကောင်းကောင်းပြောလို့မရဘူးလား… ဒါတွေအကုန်ဖြစ်တာကလဲ မင်းကြောင့်ပဲ …” ဖက်တီးဂျင်က သူ၏မျက်နှာကို လက်ညိုးထိုးပြလိုက်ပြီး ပုဖန်ကို အပြစ်ပုံချလိုက်သည်။ သူ၏ မျက်၀န်းများထဲတွင် မကျေနပ်မှုများနှင့် ပြည့်နေပေသည်။ 


“ကမာနှလုံးသားပန်ကိတ်က အရမ်းကိုမွှေးလွန်းနေတယ်လေ…” ဖက်တီးဂျင်က ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြလိုက်သည်။ ပုဖန်က ဖက်တီးဂျင်ပြောဆိုလိုက်သည်ကို ကြားလိုက်ရသောကြောင့် ကြောင်အနေပေသည်။


“ဒါဆို… မနေ့ကဖြစ်တဲ့ အဖြစ်အပျက်တွေက ကမာနှလုံးသာပန်ကိတ် မွှေတာပေါ့လေ…”


“မင်းရဲ့အပြုအမူက လူမှမဆန်တာ…. ဘာကြောင့်များ အဲဒီလူက မင်းကို သေအောင်မသတ်သွားတာလဲ….” ပုဖန်က ခပ်ရှင်းရှင်းပြောလိုက်ပြီး ထိုင်ခုံမှ ထ၍ ပျင်းကြောဆန့်လိုက်သည်။ ပုဖန်က ပျက်ရယ်ပြုလိမ့်မည်ဟု မထင်မှတ်ထားသောကြောင့် ဖက်တီးဂျင်၏ အမူအယာက ကိုးယို့ကားရား ဖြစ်သွားပေသည်။


“ပိုင်ရှင်ပု… ငါ့ကို ပုံမှန်အတိုင်းပဲပေးနော်…” 


ပုဖန်က သူကြားသိသည့်အကြောင်းကို လက်ဝေ့ရမ်းပြလိုက်ပြီး မီးဖိုခန်းအတွင်း ၀င်ရောက်သွားလေတော့သည်။ တခဏမျှအကြာတွင် မီးဖိုခန်းအတွင်းမှ မွှေးပျံ့သောရနံံများ ထွက်ပေါ်လာလေတော့သည်။ 


ထိုအချိန်တွင် ကွမ်းရှောင်ယီက ဆိုင်အတွင်းသို့ ခုန်ပေါက်၀င်ရောက်လာခဲ့သည်။ 


“အို… ဘုရားရေ… ဖက်တီးဂျင်… မင်းမျက်နှာက ဘယ်လိုဖြစ်လို့ ဖူးယောင်နေတာလဲ….” ကွမ်းရှောင်ယီက ဆိုင်အတွင်းသို့ ရောက်သည်နှင့် ဖက်တီးဂျင်ကို သတ်ိပြုမိသွားပြီး ကျယ်လောင်စွာ မေးမြန်းလိုက်ပြီး ရယ်မောနေလိုက်သည်။ ဖက်တီးဂျင်က ခါးသီးစွာပြုံးလိုက်ပြီး ရယ်မောနေသော ကွမ်းရှောင်ယီကို ကမာနှလုံးသားပန်ကိတ်ကြောင့် ဖြစ်ပျက်ခဲ့သည်များကို ထပ်မံပြောပြလိုက်သည်။


“ဒါဆိုရင် ကမာနှလုံးသားပန်ကိတ်က အရမ်းအရသာရှိတယ်ပေါ့… စိတ်ပုပ်သူဌေးကိုပြောပြီး ငါ့အတွက် လုပ်ခိုင်းရမယ်… ဒီကမာနှလုံးသားပန်ကိတ်ကို အိမ်ကိုယူသွားပြီး အဖေရယ် အမေရယ် အဖိုးရယ်ကို မြည်းစမ်းခိုင်းရမယ်…” ကွမ်းရှောင်ယီက တိတ်တဆိတ် တွေးတောနေမိသည်။


“ရှောင်ယီ… ဟင်းပွဲတွေလာချပေး…” ကွမ်းရှောင်ယီ၏ ရယ်သံက မီးဖိုခန်းထိပင် ရောက်ရှိလာသောကြာင့် သူမရောက်ရှိနေပြီကို ပုဖန်က သိရှိလိုက်သည်။ 


“အင်းလာပြီ…လာပြီ…” ကွမ်းရှောင်ယီ၏ စိတ်အားထက်သန်စွာဖြင့် မီးဖိုခန်း၏ အပေါက်တွင် တင်ထားသည့် ဟင်းပွဲများကို ယူ၍ ဖက်တီးဂျင်တို့ထံသို့ ချပေးလိုက်သည်။ ဖက်တီးတစ်အုပ်က စားသောက်ဖွယ်ရာများကို စားသောက်ပြီးနောက် ကျသင့်ငွေများ ရှင်းပြီးသည်နှင် ပြန်လည်ထွက်ခွာသွားကြသည်။ သူတို့၏ လက်များထဲတွင် ကမာနှလုံးသားပန်ကိတ်များကို ထပ်မံသယ်ဆောင်သွားကြပေသည်။


အဖြူရောင်၀တ်ရုံနှင့် မင်းသားဂျိချန်းရွဲ့က မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဆင်မြန်းထားပြီး စားသောက်ဆိုင်အတွင်း ၀င်ရောက်လာခဲ့ပေသည်။ သူက စားသောက်ဆိုင်ငယ်လေး၏ ပုံမှန် ဖောက်သည်တစ်ယောက်ပင် ဖြစ်နေပြီဖြစ်သည်။


“အကိုတော် တတိယမင်းသား… ဘာများသုံးဆောင်မလဲရှင့်…” ကွမ်းရှောင်ယီက တရိုတသေ မေးမြန်းလိုက်သည်။


“အင်း… ငါ့အတွက် ငါးမူးပျံဟင်းနဲ့ အေးခဲကျောက်စိမ်းနှလုံးသားဝိုင်တစ်ကရား ပေးပါ…” ဂျိချန်းရွဲ့က သဘောကျစွာ ရယ်မောလိုက်ပြီး ပြောဆိုလိုက်သည်။


တခဏအကြာတွင် မှာထားသော ဟင်းပွဲများ ရောက်ရှိလာသောကြောင့် ဂျိချန်းရွဲ့က အေးခဲကျောက်စိမ်းနှလုံးသားဝိုင်နှင့် ငါးမူးပျံဟင်းကို စားလိုက်သောက်လိုက်နှင့် ဇိမ်ကျနေပေသည်။ လမ်းကြားလေး၏ အ၀င်၀တွင် ရှည်လျားသောဆံနွယ်များနှင့် ပုံရိပ်လေးတစ်ခုက ညင်သာသောခြေလှမ်းများနှင့် ၀င်ရောက်လာခဲ့ပေသည်။


“အမလေး… ဘုရားရေ… ငါတော့ နှလုံးရောဂါရတော့မှာပဲ… ဒီခွေးက ဘယ်လိုဖြစ်လို့ အဲနားမှာလဲလျောင်းနေတာလဲ…. သူက အဆင့်မြင့် ရှေးဦးသားရဲကောင်ကြီးလေ…မနေ့ကတောင် မင်းရဲ့ အရှိန်အဝါတွေကို ထုတ်ဖော်ပြလိုက်သေးတယ် ဟုတ်ဘူးလား….” လျန်ဖုက အထိတ်တလန့်နှင့် တွေးလိုက်မိသည်။


လျန်ဖု၏ အသားအရည်က ကြည်လင်တောက်ပနေပြီး ရိုးရိုးရှင်းရှင်းအ၀တ်များကိုသာ ၀တ်ဆင်ထားလေသည်။ ဘလက်ကီကို မြင်လိုက်သည်နှင့် လျန်ဖုက သူ၏ နှလုံးသားထဲအထိ ကြောက်ရွံ့တုန်လှုပ်လာလေသည်။ ဘလက်ကီက လျန်ဖုကို ဂရုစိုက်ခြင်းမရှ်ိပဲ ၀က်နံရိုးချိုချဉ်ကြော်ကိုအာ တဖြည်းဖြည်းနှင့် အရသာခံ စားသောက်နေလေသည်။ မွှေးပျံ့သော ရနံ့များက ပတ်၀န်းကျင်သို့ ပျံ့လွင့်နေပေသည်။


“ဒီ….ဒီအနံ့က မွှေးလိုက်တာ…” လျန်ဖုက သူ၏လက်ကို ဝေ့ကာရမ်းကာဖြင့် ကနွဲ့ကလျ ပြောဆိုလိုက်သည်။ ဘလက်ကီ၏ ခန္ဒာကိုယ်က တောင့်တင်းသွားပြီး မိန်းမစိုးကို မကျေမနပ်နှင့် ကြည့်လိုက်သည်။ ထို့နောက် သူ၏ ခန္ဒာကိုယ်ကို လှည့်၍ လျန်ဖုဘက်ကို ဖင်ပေးထားလိုက်ပြီး ၀က်နံရိုးချိုချဉ်ကြော်ကို ဆက်လက်စားသောက်နေလိုက်သည်။


“ဘယ်သူက သူ့ဆီကလုစားမှာမို့လဲ…ဟွန့် ..” လျန်ဖုက စိတ်ဆိုးမာန်ဆိ်ုး တွေးလိုက်မိသည်။ ဂုဏ်သရေရှိသည့် မိန်းမစိုးခေါင်းဆောင်တစ်ယောက်ဖြစ်သည့်အတွက် သူ့ကို စော်ကားလိုက်သည်ကဲ့သို့ ခံစားလိုက်ရသည်။ လျန်ဖုက နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး ဆိုင်အတွင်းသို့ တင်ပါးများကို ရမ်းခါလိုက်ပြီး ၀င်ရောက်သွားလေတော့သည်။ သူက ပြသနာလာရှာခြင်းလည်းမဟုတ် ဘယ်သူ့ကိုမှလဲ လာရောက်ဖမ်းဆီးရန် ရောက်ရှိလာခြင်းမဟုတ်ပဲ စားစရာများ၀ယ်ယူရန်သာ လာရောက်ခြင်းဖြစ်သည်။


အင်ပါယာမင်းမြတ်က ဆိုင်ငယ်လေးထံမှ ဟင်းပွဲများ၏ အရသာကို မြည်းစမ်းလိုသောကြောင့် သူ့ကို ဟင်းပွဲများ သယ်ဆောင်လာရန် အမိန့်ပေးလိုက်ခြင်းဖြစ်သည်။ ဟင်းပွဲများ၏ အရသာက ကြားရသကဲ့သို့ ကောင်းမွန်နေလျင် ပုဖန်ကို ဖျားယောင်းသွေးဆောင်၍ အင်ပါယာနန်းတော်နှင့် ဆက်သွယ်ခိုင်းမည်ဖြစ်သည်။ 


“ဒီဆိုင်လေးက လမ်းကြားထဲက သေးငယ်တဲ့ ဆိုင်လေးတစ်ဆိုင်ပဲလေ.. နန်းတော်ထဲက တော်၀င်စားဖိုမှုးတွေရဲ့ လက်ရာနဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ….” လျန်ဖုက တွေးလိုက်မိသည်။ ထိုသို့တွေးနေမိသော်လည်း အမိန့်အရ တာ၀န်ကို ကျေပြွန်အောင် ထမ်းဆောင်ရမည်သာဖြစ်သည်။


“ဘုရားရေ.. တတိယမင်းသား… ဒီမှာဘာလုပ်နေတာလဲ… အိုဘုရားရေ… သူမက ..ငါတို့ စစ်သူကြီးအိမ်က မင်းသမီးလေးမဟုတ်လား….” လျန်ဖုက ဆိုင်အတွင်းသို့ ရောက်ရှ်ိသည်နှင့် စားလိုက်သောက်လိ်ုက်လုပ်နေသော ဂျိချန်းရွဲ့နှင့် အနီးနားရှိ ကွမ်းရှောင်ယီတို့ကို သတိထားမိသွားပြီး မျက်လုံးများ ပြူးကျယ်သွားလေတော့သည်။


“ဟမ်… လျန်ကုန်းကုန်း… ဒီကိုဘယ်လိုဖြစ်လို့ရောက်လာတာလဲ….” ဂျိချန်းရွဲ့လည်း အလွန်အံ့အားသင့်သွားလေသည်။ လျန်ကုန်းကုန်းက သူ့ဖခင်၏ အနီးတွင် အမြဲလိုလိုခစားနေတတ်ပြီး အလွန်သန်မာပေသည်။ 


“သူကဘယ်လိုဖြစ်လို့ ဒီကိုရောက်လာတာလဲ….”


“အရှင်မင်းသား… ကျွန်ုပ်က ဒီဆိုင်ကို တာ၀န်တစ်ခု ထမ်းဆောင်စရာရှိတဲ့အတွက် ရောက်လာတာပါ.. အရှင်မင်းမြတ်က ဒီဆိုင်က အစားအသောက်တွေကို နန်းတော်ထဲကို သယ်ဆောင်လာရမယ်လို့ အမိန့်ထုတ်လိုက်လို့ပါ… ကျွန်တော်မျိုးကလဲ အမိန့်ကို မနာခံပဲ မနေရဲဘူးလေ…ဒါကြောင့် ဒီမှာရောက်နေရတာပဲ….”


“ဟမ်… ပါဆယ်ထုတ်သွားမှာလား…” ဂျိချန်းရွဲ့က ခေါင်းညိမ့်လိုက်ပြီး သူ၏ အမူအယာက ပြောင်းလဲသွားက လျန်ဖုကို ထူးဆန်းသော အကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။