အခန်း ၆၀ “ ရှောင်ယီ ဟင်းပွဲချပေး ”
“ဒီဆိုင်က အစားအသောက်တွေကို ပါဆယ်ထုတ်သွားချင်တာလား….” ဂျိချန်းရွဲ့က လျန်ဖုကို စိုက်ကြည့်လိုက်ပြီး မေးမြန်းလိုက်သည်။
“ဟုတ်တယ်လေ… အင်ပါယာမင်းမြတ်က ဒီဆိုင်ကအစားအသောက်တွေကို စားချင်တယ်ဆိုလို့ ငါလာခဲ့တာ… ဒီဆိုင်ကအစားအသောက်တွေကောင်းတယ်လို့တော့ ငါမထင်ပါဘူး… ထာ၀ရရှင်သန်သော ဖီးနစ်ငှက် စားသောက်ဆိုင်နဲ့ တော်၀င်စားဖိုဆောင်က စားသောက်ဖွယ်ရာတွေထက်ကောင်းမယ်ဆိုတာ ငါတော့ မယုံဘူး…” လျန်ဖုက သူ၏ နဖူးတွင် စည်းထားသည့်ကြိုးစလေးကို လက်ဖြင့် ဆော့ကစားနေရင်း ပြောဆိုလိုက်သည်။
ထိုအချိန်တွင် ဂျိချန်းရွဲ့က စားသောက်ပြီးစီးသွားပြီဖြစ်သောကြောင့် ခုံပေါ်မှ မတ်တပ်ရပ်လိုက်ပြီး ပြောဆိ်ုလိုက်သည်။
“ကုန်းကုန်း… မင်းပြောတာတွေ အကုန်လုံးက မှားနေတယ်… ပိုင်ရှင်ပုရဲ့ အချက်အပြုတ် စွမ်းရည်က အကောင်းဆုံးပဲ သူ့ရဲ့ဟင်းပွဲတွေက စျေးများပေမယ့် ပါ၀င်ပစ္စည်းတွေကို ပြန်ကြည့်မယ်ဆိုရင် တန်လွန်းတယ်ဆိုတာ မင်းသိလာလိမ့်မယ်…”
“အင်း… တတိယမင်းသားကတောင်မှ ဒီဆိုင်ကို အဆင့်အတန်းမြင့်တယ်လို့ သတ်မှတ်ထားတာ ဆိုတော့ ဒီဆိုင်ရှင်မှာ ကောင်းမွန်တဲ့ အရည်အချင်းတော့ ရှိလိမ့်မယ်ထင်တယ်….” လျန်ဖုလည်း အနည်းငယ်အံ့အားသင့်သွားပြီး တွေးလိုက်မိသည်။
“ဒါက အမှန်ဖြစ်ပါစေလို့ မျော်လင့်ရတာပဲ… ဒါနဲ့စကားမစပ် အင်ပါယာမင်းမြတ်က အရှင်မင်းသားကို စစ်တပ်ကို ဦးဆောင်စေပြီး အစည်းပြေသွားတဲ့ ဂိုဏ်းတွေကိ်ု သွားပြီးတိုက်ခိုက်ခိုင်းထားတယ်ဆို…. အဲဒါဘယ်တော့သွားမှာလဲ…” လျန်ဖုက ရုတ်တရက် သတိရသွားသကဲ့သို့ ဂျိချန်းရွဲ့ကို ကြည့်၍ မေးလိုက်လေသည်။
“အင်း … နောက်ထပ် ရက်နည်းနည်းတော့ကြာဦးမယ်ထင်တယ်…” ဂျိချန်းရွဲ့က သက်ပြင်းတစ်ချက်ချ၍ စိတ်မပါတစ်ပါ ဖြေလိုက်လေသည်။ ထို့နောက် ကျသင့်ငွေကို ရှင်း၍ ကမာနှလုံးသားပန်ကိတ်ကို ပါဆယ်ယူဆောင်သွားပြီး ဆိုင်အတွင်းမှ ထွက်ခွာသွားလေတော့သည်။
“ဟို…. ကုန်းကုန်း… ဘာမှာ မှာလဲ …” ကွမ်းရှောင်ယီက နှစ်လိုဖွယ်ရာ ပြုံး၍ မေးမြန်းလိုက်သည်။ လျန်ဖုက ရှေ့သို့ အနည်းငယ်လျောက်လာလိုက်ပြီး သူ၏ တင်ပါးများကိုရမ်းခါ၍ ထိုင်ခုံတစ်ခုံတွင် ၀င်ထိုင်လိုက်သည်။ ထို့နောက်ည ခြေချင်းချိတ်ထိုင်လိုက်ပြီး ဟန်ပါပါပြုံး၍ မေးမြန်းလိုက်သည်။
“ဒီဆိုင်မှာ အကောင်းဆုံးဟင်းပွဲက ဘာလဲ…”
“ကုန်းကုန်း… မီနူးက အနောက်က တိုင်မှာချိတ်ထားပါတယ်… လှမ်းကြည့်လိုက်ပါ…” ကွမ်းရှောင်ယီက ပြန်လည်ပြောဆိုလိုက်သည်။
လျန်ဖုက အနည်းငယ်အံ့အားသင့်သွားသော်လည်း ခေါင်းကို လှည့်၍ ကြည့်လိုက်လေသည်။ မီနူးပေါ်မှ စျေးနှုန်းများကို မြင်လိုက်သည်နှင့် သူက အလွန်အံ့အားသင့်သွားလေသည်။
“အို… ဘုရားရေ … ကြားရတဲ့ သတင်းတွေအတိုင်းပါပဲလား… အင်ပါယာမြို့တော်ထဲမှာ ဒီလိုအမြတ်ကြီးစားပြီး ကလိမ်ကကျစ်ကျတဲ့ စားသောက်ဆိုင်က တစ်ကယ်ပဲ ရှိနေတာလား… ဥထမင်းကြော်တစ်ပွဲကို သလင်းကျောက်ဆယ်တုံး… ဓါးမြတိုက်တာထက်တောင် ငွေရှာရတာ ပိုလွယ်နေသေးတယ်…” လျန်ဖုက သူ၏ မျက်ခုံးများကို ပင့်တင်လိုက်ပြီး လှောင်ပြောင်ပြောဆိုလိုက်သည်။
ပုဖန်က သူ၏လက်မှ ရေများကို သုတ်လိုက်ပြီးနောက် မီးဖိုခန်းအတွင်းမှ ထွက်လာခဲ့သည်။ ထို့နောက် သူက လျန်ဖုကို စိုက်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။
“ဒီစျေးနှုန်းတွေက သင့်တော်တဲ့စျေးနှုန်းတွေဆိုတာကို ငါ့ရဲ့စားသုံးသူတွေက လက်ခံပြီးသားပဲ မင်းဟာမင်း .. စားချင်စား မစားချင်နေ…”
“ဟေ့... မင်းက ဒေါသအရမ်းထွက်လွယ်ပါလား… ဘာလဲ ငါ့မှာ ပိုက်ဆံမရှိလို့ မင်းရဲ့ဟင်းပွဲတွေကို မစားနိုင်ဘူးလို့ ထင်နေတာလား… ငါ့မှာ တစ်ခြားဘာမှမရှိရင်သာနေမယ် … ပိုက်ဆံကတော့ အလျံပယ်ပဲ… ဒီလိုဆိုင်မျိုး ဆယ်ဆိုင်လောက်တောင် ၀ယ်လို့ရတယ်…” လျန်ဖုက နှာခေါင်းရှုံ့လိုက်ပြီးမဲ့မဲ့ရွဲ့ရွဲ့ဖြင့် ပုဖန်ကို ပြန်ပြောလိုက်လေသည်။
“မင်းမှာ ဘယ်လောက်ပဲ ပိုက်ဆံရှိရှိ ငါ့ဆိုင်ကို ၀ယ်လို့မရဘူး…” ပုဖန်က မှင်သေသေမျက်နှာဖြင့် ပြန်လည်တုံ့ပြန် ပြောဆိုလိုက်သည်။
“တော်ပြီ… ငါမင်းလို တောသားလူနုံနဲ့ ပြိုင်ငြင်းမနေနိုင်ဘူး… ငါ့မှာ ပစ္စည်းဥစ္စာ ဘယ်လောက်များများ ပိုင်ဆိုင်ထားလဲဆိုတာကို မင်းမသိနိုင်ပါဘူး… ငါ့ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ဆို မင်းလိုကောင် အယောက်တစ်ရာလောက်ကို ဖို့သတ်ရင်တောင် မကုန်နိုင်သေးဘူး…” လျန်ဖုက သူ၏ လက်မနှင့် လက်ခလယ်ကို ပူးထားပြီး လက်သည်းများကို ကုတ်ခြစ်ဆော့ကစားနေရာမှ မာနထောင်လွှားစွာဖြင့် ပြောဆိုလိုက်သည်။
“ထားလိုက်ပါတော့ ငါမင်းကိုဘာမှထပ်မပြောတော့ဘူး… ငါ့ကို ဟင်းပွဲတွေအကုန်ချပေး… ငါကဟင်းပွဲတိုင်းကို မြည်းကြည့်ပြီး အဲဒီဟင်းပွဲတွေက အရသာရှိတယ်ဆိုတာ သေချာတာနဲ့ အကုန်လုံးကို ပါဆယ်ထုတ်သွားမယ်…”
“ငါ့ဆိုင်မှာပန်ကိတ်တစ်မျိူးကလွဲရင် ကျန်တဲ့ဟင်းပွဲတွေအကုန် ပါဆယ်ထုတ်ခွင့်မရှိဘူး….” ပုဖန်က တည်တည်ငြိမ်ငြိမ် ပြောဆိုလိုက်သည်။
လျန်ဖုက အံ့အားသင့်သွားပြီး ပုဖန်ကို ဂရုတစိုက်ဖြင့် အကဲခတ်ကြည်လိုက်သည်။ ပုဖန်၏ မျက်နှာက အလွန်တည်ငြိမ်နေပြီး နောက်ပြောင်ပြောဆိုသည့် အမူအယာမျိုးမတွေ့ရသောကြောင့် ဒေါသထွက်လာပြီး အော်ဟစ်ပြောဆိုလေတော့သည်။
“မင်းကိုငါက စားစရာတွေ ထုတ်ပေးလိုက်လို့ ပြောရင် ထုတ်ပေးလိုက်လေ… ဘာလို့ အဓိပ္ပါယ်မရှိတာတွေ ပြောပြီး စောဒက တက်နေတာလဲ…” လျန်ဖုက လက်တစ်ဖက်ကို ခါးတွင်ထောက်၍ နောက်တစ်ဖက်က ပုဖန်ကို လက်ညိုးထိုးလိုက်ပြီး ရှုံ့ရှုံ့မဲ့မဲ့ ပြောဆိုလိုက်သည်။
“မင်းက ငါ့ဆိုင်မှာလာပြီး ပြသနာရှာချင်ပြန်တာလား…” ပုဖန်က မျက်မှောင်ကြုံ့၍ ပြောဆိုလိုက်သည်။ လျန်ဖုက တစ်ကိုယ်လုံးတောင့်တင်းသွားသည်ကို ခံစားလိုက်ရပြီး အပေါက်၀တွင် လှဲလျောင်း၍ ၀က်နံရိုးများကို ကိုက်ဝါးနေသော ဘလက်ကီကို ခိုးကြောင်ခိုးဝှက် လှမ်းကြည့်လိုက်သည်။ အသက်တစ်ရှိုက်စာအတွင်းပင် သူ၏ အ၀တ်များကို ချွတ်ပစ်လိုက်နိုင်သည့် ဘလက်ကီ၏ ကြောက်မက်ဖွယ်ရာ စွမ်းအားများကို ပြန်တွေးမိလိုက်ပြီး တစ်ကိုယ်လုံး တုန်ယင်လာလေတော့သည်။
“မဟုတ်ပါဘူး…. ငါဘယ်လိုပြသနာမှ မရှာပါဘူး… ငါ့ကို ဟင်းပွဲတွေအရင်ချပေးပါ…အရသာကိုပဲ … မြည်းစမ်းသွားတော့မယ်…” လျန်ဖုက မချိုမချဉ် ပြုံလိုက်ပြီးနောက် အလျော့ပေး ပြောဆိုလိုက်သည်။
“မင်းဘာမှာ မှာလဲ…”
“ငါပြောပြီးပြီလေ… ငါ့ကို ဟင်းပွဲတွေ အကုန်ချပေး… ငါဟင်းပွဲတိုင်းကို မြည်းကြည့်မယ်…” လျန်ဖုက စိတ်မရှည်စွာဖြင့် ထပ်မံပြောဆိုလိုက်သည်။ ပုဖန်၏ မျက်နှာက မပြောင်းမလဲ အမူအယာနှင့်ပင် ထပ်မံမေးမြန်းလိုက်သည်။
“မင်းဒီဟင်းပွဲတွေ အကုန်မှာ မှာ သေချာပါတယ်နော်…”
လျန်ဖုက ဘာမှပြန်မပြောတော့သောကြောင့် ခေါင်းတစ်ချက်ငြိမ့်လိုက်ပြီး မီးဖိုခန်းအတွင်းသို့ ၀င်ရောက်သွားလေတော့သည်။ တခဏမျှအကြာတွင် မီးဖိုခန်းဖက်ဆီမှ မွှေးပျံ့သော ရနံ့များက လေထုအတွင်း လွင့်ပျံလာလေတော့သည်။
“ပထမဆုံးဟင်းပွဲ… ဥထမင်းကြော် ရပြီ… ရှောင်ယီ… ဟင်းပွဲလာချပေးလိုက်ပါဦး…” ပုဖန်၏ အသံက မီးဖိုခန်းဘက်မှ ထွက်ပေါ်လာခဲ့သည်။ ရှောင်ယီက မီးဖိုခန်းဘက်ဆီသို့ သွားလိုက်ပြီး ဥထမင်းကြော်၏ မွှေးရနံ့ကို ကြံ့ကြံ့ခံ၍ သယ်ဆောင်လာလိုက်ပြီး လျန်ဖု၏ ရှေ့တွင် ချပေးလိုက်သည်။
“ဒီမှာ… မင်းရဲ့ ဥထမင်းကြော်ရပြီ… ကောင်းကောင်းသုံးဆောင်ပါ….”
လျန်ဖုက ခေါင်းငြိမ့်လိုက်ပြီး သူ၏ ရှေ့မှ အငွေ့တစ်ထောင်းထောင်း ထနေသော ဥထမင်းကြော်ကို စူးစမ်းကြည့် ရှုနေလိုက်သည်။ ထမင်းကြော်ပန်းကန်မှ အလင်းရောင်ထွက်နေသကဲ့သို့ ထင်ရသောကြောင့် အနည်းငယ် အံ့အားသင့်သွားလေသည်။ ထို့နောက် သူက ကြွေဇွန်းကိုကောက်ယူလိုက်ပြီး ထမင်းနှင့် ဥအနှစ်များကို ရောနယ်လိုက်လေသည်။ သင်းပျံ့သော ရနံ့များက သူ၏ နှာခေါင်းအတွင်း တိုး၀င်သွားသောကြောင့် အကူအညီမဲ့စွာဖြင့် အသက်ပြင်းပြင် တစ်ချက် ရှိုက်လိုက်မိသည်။
“ဘယ်လိုတောင် မွှေးလိုက်တဲ့ အနံ့လဲ…ကြည့်ရတာတော့ သူ့မှာ အရည်အချင်းတစ်ချိ်ု့ရှိပုံရတယ်…” လျန်ဖုက တတွတ်တွတ် ရေရွတ်လိ်ုက်ပြီး ထမင်းကို ခပ်လိုက်ပြီး ပါးစပ်အတွင်းသို့ ထည့်လိုက်လေတော့သည်။ ဥထမင်းကြော်၏ အရသာက သူ၏ ပါးစပ်အတွင်းတွင် ပေါက်ကွဲထွက်သွားပြီး ဥအနှစ်များကလည်း ရုန်းကြွလာပြီး အရသာခံ အာရုံကြောများကို ထုနှက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ လျန်ဖုက အရသာ၏ ဆွဲဆောင်မှုအောက်တွင် လုံး၀ ကျရှုံးသွားလေတော့သည်။
“ကောင်း… ကောင်းလိုက်တာ…” လျန်ဖုက တစ်ဇွန်း စားလိုက်ပြီးနောက် မရပ်တန့်နိုင်တော့ပဲ တစ်ဇွန်းပြီး တစ်ဇွန်းအဆက်မပြတ် စားလေတော့သည်။ ကွမ်းရှောင်ယီကလျန်ဖု၏ အမူအယာကို တွေ့မြင်ရသောအခါ သူမ၏ ပါးစပ်ကို လက်ဖြင့်ကာ၍ ရယ်မောလိုက်ပြီး ပြောဆိုလိုက်သည်။
“ကုန်းကုန်း… ဖြေးဖြေးစားပါ… ဘယ်သူမှလုမစားပါဘူး… နောက်ထပ်ဟင်းပွဲတွေလဲ ရောက်လာတော့မှာပါ….”
“ကောင်းတယ်.. အရမ်းကောင်းတာပဲ…” လျန်ဖုက ရှောင်ယီ၏ စကားများကို ခေါင်းငြိမ့်ယုံသာ တုံ့ပြန်လိုက်ပြီး ဆက်စားနေလိုက်သည်။ရွှေဝါရောင်ထမင်းစိတစ်ချို့က စားပွဲပေါ်သို့ ပြုတ်ကျသွားသောကြောင့် သူ၏ မျက်လုံးများက ပြူးကျယ်သွားပြီး အလျင်အမြန် ပြန်ကောက်၍ ပါးစပ်အတွင်းသို့ ထည့်လိုက်လေသည်။
“ဒုတိယဟင်းပွဲ အဆင့်မြင့် ဥထမင်းကြော် ရပြီ…. ရှောင်ယီ … ဟင်းပွဲလာချပေး…” နောက်ထပ်အစားအစာ တစ်မျိုးကို ချက်ပြုတ်လိုက်ပြီးသည်နှင့် မီးဖိုခန်းအတွင်းမှ ပုဖန်၏ အသ့က ထွက်ပေါ်လာလေတော့သည်။ လျန်ဖုက အဆင့်မြင့် ဥထမင်းကြော်ကို တစ်ဇွန်းစားလိုက်ပြီးနောက် သူ၏ မျက်နှာအမူအယာက လုံး၀ ပြောင်းလဲသွားလေတော့သည်။ ထမင်းကြော်အတွင်းတွင် ဝိဉာဉ်စွမ်းအင်များ အမြောက်အများ ပါ၀င်နေသောကြောင့် သူက အံ့အားသင့်နေပေသည်။ ဥထမင်းကြော်ကို စားသောက်နေရသည်ဟုပင် မထင်မှတ်တော့ပဲ သက်စောင့်ဆေးလုံးများကို စားသောက်နေရသည်ဟုပင် လျန်ဖုက ထင်မြင်လာလေတော့သည်။
“တတိယဟင်းပွဲ…. လက်လုပ်ခေါက်ဆွဲနဲ့ ဟင်းရွက်ကြော်…”
“စတုထ္တဟင်းပွဲ… ငါးခေါင်းတို့ဟူးစွပ်ပြုတ်… ရှောင်ယီ ဟင်းပွဲလာချပေး…”
“ဒါက ရှစ်ပွဲမြောက်… ၀က်နံရိုးချိုချဉ်ကြော်… ရှောင်ယီ… ဟင်းပွဲလာချပေးဦး….” ပုဖန်၏အသံက မီးဖိုခန်းအတွင်းမှ ထွက်ပေါ်လာတိုင်းတွင် ရှောင်ယီက ရွှင်ပြသည့် အမူအယာနှင့် ဟင်းပွဲများကို သွားရောက်ယူဆောင်လိုက်ပြီး လျန်ဖု၏ ရှေ့သို့ ချပေးလိုက်သည်။
“အေ့.. ဘယ်လိုဖြစ်လို့ ဟင်းပွဲတိုင်းက အရမ်း အရသာကောင်းနေတာလဲ… အေ့…” လျန်ဖု၏ ဗိုက်က ပြည့်အင့်နေသော်လည်း ပါးစပ်က ဆက်စားချင်နေဆဲပင် ဖြစ်နေပေသည်။ သူ၏ ရှေ့ရှိ ရွှေဝါရောင် အသားပေါင်းဖက်ထုပ်နှင့် ၀က်နံရိုးချိုချဉ်ကြော်တို့၏ မွှေးပျံ့သော ရနံ့များက ပန်းကန်လိုက်မြိုချရန် အားပေးအားမြှောက်ပြုနေပေသည်။
လျန်ဖုက ဟင်းပွဲများကို အများအပြား စားသောက်ထားသောကြောင့် ပြည့်အင့်နေသော်လည်း ရွှေညိုရောင်သမ်းနေသည့် ၀က်နံရိုးချိုချဉ်ကြော်က သူ့ကို စားသောက်လှည့်ပါဟု ဆွဲဆောင်နေသကဲ့သို့ ဖြစ်နေသောကြောင့် စိတ်မထိန်းနိုင်တော့ပဲ တူဖြင့် ကောက်ယူ၍ ပါးစပ်အတွင်းသို့ ထည့်လိုက်လေသည်။ အသားက သူ၏ ပါးစပ်အတွင်းသို့ ရောက်ရှိသွားသည်နှင့် မွှေးပျံ့ကောင်းမွန်သည့် ချိုချဉ်အရသာနှင့် အရသာရှိသော အသား၏ ဆွဲဆောင်မှုအောက်တွင် ကျရှုံးသွားလေတော့သည်။
“အရမ်းအရမ်းကိုကောင်းလွန်းတယ်…” လျန်ဖုက ဟင်းပွဲများ၏ ဆွဲဆောင်မှုအောက်တွင် မြောပါလျက်ရှိပြီး သတိလက်လွတ် ရေရွတ်နေလေတော့သည်။
“စိတ်ပုတ်သူဌေးရဲ့ ဟင်းပွဲတွေက ထာ၀ရရှင်သန်သောဖီးနစ် စားသောက်ဆိုင်က ဟင်းပွဲတွေကို မယှဉ်နိုင်ဘူးလို့ ထင်နေတုန်းပဲလား…” ရှောင်ယီက ၀င့်ကြွားသော အမူအယာနှင့် ဟင်းပွဲများ၏ ဆွဲဆောင်မှုကြောင့် သတိလက်လွတ် ရေရွတ်နေသည့် လျန်ဖုကို မေးမြန်းလိုက်သည်။
လျန်ဖုက ၀က်နံရိုးချိုချဉ်ကြော်ကို ကုန်အောင်စားလိုက်ပြီးနောက် လက်ကိုင်ပဝါကို ထုတ်၍ နှုတ်ခမ်းကိုတို့ထိတို့ထိ သုတ်လိုက်ပြီး နှုတ်ခမ်းတစ်ချက်သပ်လိုက်သည်။
“ငါ၀န်ခံပါတယ်… ဒီဆိုင်က ဟင်းပွဲတွေက အရမ်းကို စားရတာ အဆင်ပြေပြီးတော့ ပေးရတဲ့စျေးကလဲ တန်လွန်းတယ်… ပြောရမယ်ဆိုရင် ဟင်းပွဲတိုင်းမှာ ဝိဉာဉ်စွမ်းအင်အမြောက်အများပါ၀င်နေပြီး ကျင့်ကြံခြင်းအဆင့်ကို တိုးတက်စေတာကြောင့် စျေးနှုန်းတွေက တန်တာထက်ကို ပိုလွန်းတယ်…”
လျန်ဖုက သူ၏ နှုတ်ခမ်းများကို အသံမြည်အောင် လျက်လိုက်ပြီး ထပ်မံပြောဆိုလိုက်သည်။
“ဒါက တစ်ကယ်ပဲ အရသာရှိတာထက်ကို ပိုတယ်… ဒီစားဖိုမှုးငယ်လေးမှာ ကောင်းမွန်တဲ့ အရည်အချင်းတွေ ရှိ်နေတာကို ငါက သတိမထားမိဘူးဖြစ်သွားတယ်…” လျန်ဖုက မီးဖိုခန်းအတွင်းမှ ခန့်ညားသော အမူအယာဖြင့် ထွက်လာသည့် ပုဖန်ကို တစ်ချက်ကြည့်လိုက်ပြီး လှိုက်လှိုက်လှဲလှဲ ချီးမွန်းပြောဆိုလိုက်သည်။
ပုဖန်က သူ့ကို ချီးမွန်းပြောဆိုနေသည်ကို ၀မ်းသာအားရ လက်ခံလိုက်သည်။
“ကောင်းပြီ… စာဖိုမှုးလေး ငါ့ကို ဟင်းပွဲတွေအကုန်လုံးပါဆယ်ထုတ်ပေးလိုက်…” လျန်ဖုက ပြောပြောဆိုဆိုနှင့် သူ၏ ခါးတွင် ချိတ်ထားသော ရတနာထည့်သည့် အိတ်အတွင်းမှ သလင်းကျောက်အမြားအပြားကို ယူ၍ စားပွဲခုံပေါ်သို့ တင်ပေးလိုက်လေသည်။
“ဒီဆိုင်မှာစားတဲ့ စားသုံးသူတွေက တစ်ရက်မှာ ဟင်းပွဲတစ်ပွဲကို တစ်ခါပဲ မှာယူခွင့်ရှိပြီး ဆိုင်အပြင်ကို ယူဆောင်သွားခွင့်မရှ်ိဘူး… အိုး… ပါဆယ်ထုတ်လို့ရတာ တစ်ခုတော့ရှိတယ် အဲဒါကမာနှလုံးသားပန်ကိတ်ပဲ…” ပုဖန်က စားပွဲပေါ်မှ သလင်းကျောက်များကို လှမ်းကြည့်လိုက်ပြီး ပုံမှန်လေသံဖြင့် ခပ်တည်တည်ပြန်ပြောလိုက်သည်။