အပိုင်း ၆၁
Viewers 53k

အခန်း ၆၁ “ကမာနှလုံးသားပန်ကိတ် အများကြီးစားလိုက်ရင် စွမ်းအင်တွေ စုပုံနေလိမ့်မယ်.”


“ငါ့ကို ဘယ်သူက ပါဆယ်ထုတ်ခိုင်းလိုက်တာလဲဆိုတာ မင်းသိလား…” ပုဖန်က နောက်တစ်ကြိမ် ထပ်မံငြင်းဆန်းလိုက်သောကြောင့် လျန်ဖုက ဒေါသထွက်စွာဖြင့် ပြောဆိုလိုက်သည်။


“အရှင်မင်းမြတ်က မင်းရဲ့ဟင်းပွဲတွေကို မြည်းကြည့်ချင်တယ်ဆိုတာ… မင်းကိုချီးမြှောက်လိုက်တာဆိုတာ မင်းသိလား….”


ပုဖန်က မျက်မှောင်ကြုံ့လိုက်ပြီး မောက်မာစွာ ပြောဆိုနေသည့် လျန်ဖုကို မကျေမနပ်နှင့် စိုက်ကြည့်လိုက်သည်။ သူ့ဆိုင်မှ စည်းမျဉ်းများအကြောင်းကို သေချာစွာ ရှင်းပြထားသော်လည်း လျန်ဖုက ဆက်ပြောနေဆဲပင် ဖြစ်သည်။


“ဒီငတုံးက ဒါလေးတောင် နားမလည်တာလား….”


“ပိုက်ဆံဘယ်လောက်ပေးမှ ပါဆယ်ထုတ်လို့ရမှာလဲ… ကျသင့်တဲ့ စျေးနှုန်းကိုသာ ပြောလိုက်…” လျန်ဖုက သူ၏ လက်ချောင်းများကိုဝေ့ရမ်း၍ ဆက်လက်ပြောဆိုနေသောကြောင့် တည်ငြိမ်နေသော ပုဖန်ကို စိတ်ဆိုးဒေါသထွက်လာစေသည်။


“မင်းငါပြောနေတာကို အခုထိ သဘောမပေါက်နိုင်သေးဘူးလား…..” ပုဖန်က ဆက်လက်ပြောဆိုလိုခြင်း မရှိတော့သောကြောင့် မီးဖိုခန်းဘက်ဆီသို့ လှည့်ထွက်သွားလိုက်ပြီး နောက်ဆုံးကျန်ရှိနေသည့် ဟင်းပွဲကို ယူဆောင်လာလိုက်သည်။


ရွှေညိုရောင် ကမာနှလုံးသားပန်ကိတ်ကို ဝါးရွက်ကြီးကြီးဖြင့် ထုပ်ထားသောကြောင့် သူ၏ ရနံ့များကို ဖုံးကွယ်ထားသကဲ့သို့ ဖြစ်နေပေသည်။


:ဒါက နောက်ဆုံးဟင်းပွဲ .. ကမာနှလုံးသားပန်ကိတ်ပဲ… ဒါကတော့ အပြင်ကို ပါဆယ်ယူသွားလို့ရတယ်… ဒါကြောင့် မင်းက ဒါကိုယူသွားပြီးတော့ အင်ပါယာမင်းမြတ်ကို ကြွေးလိုက်ပေါ့….” ပုဖန်က လျန်ဖုကို လှမ်းပေးလိုက်ပြီး ခပ်ရှင်းရှင်းပြောဆိုလိုက်သည်။


လျန်ဖုက အနည်းငယ် အံ့သြမှင်သက်သွားပြီး ယောင်တောင် ပေါင်တောင်နှင့် ကမာနှလုံးသားပန်ကိတ်ကို ယူလိုက်ပြီး စိုက်ကြည့်နေမိသည်။ ကမာနှလုံးသားပန်ကိတ်၏ ရနံ့က မွှေးပျံ့နေသော်လည်း သားသားနားနား ပြင်ဆင်ထားသည့် ဟင်းပွဲများနှင့် နှိုင်းယှဉ်လိုက်လျင် နိမ့်ကျနေပေသည်။သူက သားသားနားနား ဟင်းပွဲမျများကို စားသောက်ခဲ့ပြီး ဘုရင်မင်းမြတ်အတွက် ကမာနှလုံးသားပန်ကိတ်သာ ယူဆောင်သွားမည်ဆိုပါက ဘုရင်မင်းမြတ်၏ အမျက်တော်ရှခံရမည် မှာမလွဲပေ။


“စားဖိုမှုးလေး… ဒီတစ်ခေါက်လောက် ငါ့ကို မျက်နှာသာပေးလိုက်လို့မရဘူးလား… ဒါမှမဟုတ် ငါသလင်းကျောက်တွေအများကြီး ပိုပေးမယ်လေ…” လျန်ဖုကသူ၏နှုတ်ခမ်းများကို ကိုက်၍ ပုဖန်ကို စိုက်ကြည့်လိုက်ပြီး နူးညံ့ပျော့ပြောင်းစွာ ပြောဆိုလိုက်သည်။ လျန်ဖု၏ အကြည့်ကြောင့် ပုဖန်က တုန်လှုပ်သွားပြီး ကြက်သီးမွှေးညင်းများ ထလာသောကြောင့် ခေါင်းကို လှည့်၍ မီးဖိုချောင်ဘက်သို့ ပြေးလေတော့သည်။


လျန်ဖုက မသိကျေးကျွန်ပြု၍ ပြေးထွက်သွားသော ပုဖန်ကို အကူအညီမဲ့စွာ ကြည့်နေမိလေသည်။ ထို့နောက် သူ၏ လက်ထဲမှ ဝါးရွက်ဖြင့် ထုပ်ထားသော ကမာနှလုံးသားပန်ကိတ်ကို ကြည့်၍ သက်ပြင်းတစ်ချက် ချလိုက်မိပြီး ဆောင့်ကြီး အောင့်ကြီးဖြင့် ဆိုင်အတွင်းမှ ထွက်ခွာသွားလေတော့သည်။ ဆိုင်အတွင်းမှ ထွက်ခွာသွားသော လျန်ဖုကို ကွမ်းရှောင်ယီက စိတ်လှုပ်ရှားစွာ ကြည့်နေလိုက်ပြီပုဖန်ကို လှမ်းပြောလိုက်သည်။


“စိတ်ပုပ်သူဌေး… ငါ့ကိ်ုလဲ ကမာနှလုံးသားပန်ကိတ်ပေးပါ…”


“ဟမ်… နင်ကအခုစားမလို့လား…” ကမာနှလုံးသားပန်ကိတ်ကို အိမ်သို့ ယူဆောင်သွားပြီး သူမ၏ မိဘများကို ကြွေးမည်ဟု ပြောဆိုထားသည့် ကွမ်းရှောင်ယီ၏ စကားများကို သတ်ိရမိလိုက်သောကြောင့် ပုဖန်က အံ့အားသင့်သွားပြီး မေးမြန်းလိုက်မိသည်။ 


“ဟီး… ငါထပ်ပြီးတော့ မစောင့်နိုင်တော့ဘူး… ငါပဲ အရင်မြည်းကြည့်လိုက်တော့မယ်လေ…” ရှောင်ယီက စပ်ဖြဲဖြဲရယ်ပြလိုက်ပြီး ပြောဆိုလိုက်သည်။


ပုဖန်က အစားမက်သော ကွမ်းရှောင်ယီ၏ အကျင့်ကို သိရှိနေသောကြောင့် ထပ်မပြောတော့ပဲ မီးဖိုခန်းအတွင်း ၀င်ရောက်လိုက်ပြီး ကမာနှလုံးသားပန်က်ိတ် နှစ်ယောက်စာကို ကြော်လိုက်လေသည်။ ထို့နောက် သူတို့နှစ်ယောက်က အပေါက်၀နားတွင် ခုံများကိုဆွဲ၍ ထိုင်လိုက်ပြီး ကမာနှလုံးသားပန်ကိတ်ကို စားသောက်နေလေတော့သည်။ ရှောင်ယီက ဝါးရွက်ကို ခပ်မြန်မြန်ဖယ်လိုက်ပြီး အလောတကြီးအမူအယာနှင့် ပန်ကိတ်ကို တစ်ကိ်ုက်ကိုက်လိုက်လေသည်။ ကြွပ်ရွသည့် အသံက ထွက်ပေါ်လာပြီး ချိုမြနူးညံ့သည့် မုန်လာဥ အရည်လေးက သူမ၏ ပါးစပ်အတွင်းသို့ စီး၀င်သွားလေသည်။


ပန်ကိတ်၏ မွှေးပျံ့သော ရနံ့များက သူမ၏ ပတ်၀န်းကျင်နှင့် သူမတစ်ကိုယ်လုံးကို ပျံ့နှံ့ဖုံးလွမ်းနေပြီး သူမ၏ မျက်နှာပေါ်တွင် ကျေနပ်ပီတိဖြစ်မှုကြောင့် ကြီးမားသော အပြုံးတစ်ခု ပေါ်ထွက်နေပေသည်။ ထို့နောက် သူမက ခေါင်းမဖော်တမ်း တစ်ကိုက်ပြီးတစ်ကိုက် စားလေတော့သည်။ သူတို့နှစ်ယောက်က ပန်ကိတ်စားပြီးနောက် ခုံပေါ်တွင် ခွေခေါက်၍ သက်တောင့်သက်သာ ထိုင်နေကြလေသည်။ ပန်ကိတ်မှ ကျန်ရစ်ခဲ့သော မွှေးရနံ့များက လမ်းကြားလေးထဲတွင် တစ်ရစ်ဝဲဝဲနှင့် ပျံ့လွင့်နေပေသည်။


“အရှင်မင်းကြီး ဒီအစေခံက ကလိန်ကကျစ်ဆိုင်ကနေ… အရှင်မင်းကြီးအတွက် စားစရာသယ်လာပါတယ်… ဒါကတော့ ကမာနှလုံးသားပန်ကိတ်ပါ…” လျန်ဖုက ငွေရောင်ပန်ကန်ပြားတစ်ချပ်ကို သယ်ဆောင်လာပြီး လျောက်တင်တိုက်လေသည်။ ပန်းကန်ပြားပေါ်တွင် စက်ဝိုင်းပုံသဏ္ဍာန် ရွှေညိုရောင် ပန်ကိတ်နှစ်ခု ရှိနေပေသည်။ ပန်ကိတ်များက ခပ်နွေးနွေးပူနေဆဲဖြစ်သော်လည်း အနံ့က ခပ်ဖျော့ဖျော့သာ ရှိနေပေတော့သည်။


“ရှောင်ဖု… ငါကိုယ်တော်က မင်းကို စားစရာတွေ အကုန်သယ်လာဖို့ပြောလိုက်တာလေ… ဘယ်လိုဖြစ်လို့ ဒီလိုသေးသေးမွှားမွှား စားစေရာတစ်ခုပဲ ပါလာတာလဲ…” အင်ပါယာမင်းမြတ် ဂျိချန်းဖန်က သူ၏ မုတ်ဆိတ်များကို သပ်နေရာမှ လျန်ဖုကို ကြည့်၍ မေးမြန်းလိုက်သည်။ ပန်ကန်ပြားထဲမှ ပန်ကိတ်ကိုကြည့်၍ အင်ပါယာမင်းမြတ်က မခံချိ မခံသာ ဖြစ်နေပေသည်။ သာမာန်စားသောက်ဖွယ်ရာတစ်ခုကဲ့သို့ ပုံသဏ္ဍာန်ရှိသည့် ပန်ကိတ်ကို အင်ပါယာမင်းမြတ်က ပွဲတော်တည်လိုခြင်းမရှိ်ပေ။


အင်ပါယာမင်းမြတ်၏ စကားကိုကြားလိုက်ရသောကြောင့် လျန်ဖု၏ နှလုံးသားများက တစ်ဒိုင်းဒိုင်းခုန်လာပြီး အလျင်အမြန် လျောက်တင်လိုက်သည်။ 


“အရှင်မင်းမြတ်… အဲဒီဆိုင်မှာ စည်းမျဉ်းတစ်ချို့ရှိနေပါတယ်… သူက တစ်ခြားစားသောက်ဖွယ်ရာတွေကို အပြင်ကို ဆောင်ယူခွင့် မရှိပါဘူး… သူ့ဆိုင်မှာ အပြင်သယ်လို့ရတာက ဒီ ကမာနှလုံးသားပန်ကိတ်တစ်မျိုးပဲ ရှိနေလို့ပါ…” 


“အိုး… အဲဒါဆို ..မင်းက တစ်ခြားစားသောက်ဖွယ်ရာတွေကို မြည်းစမ်းကြည့်ခဲ့ပြီးပြီပေါ့လေ…” အင်ပါယာမင်းမြတ်က လျန်ဖုကို စွေစောင်းကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။


“ဟုတ်ပါတယ်… အဲဒီဆိုင်က အစားအသောက်တွေက အရမ်းကိုကောင်းလွန်းပါတယ်… အထူးသဖြင့် ၀က်နံရိုးချိုချဉ်ကြော်ပဲ…” လျန်ဖုက သတိလက်လွတ်နှင့် ပုဖန်၏ ဟင်းပွဲများအကြောင်းကို ချီးကြူးပြောဆိုနေလိုက်ပြီး အင်ပါယာမင်းမြတ်၏ စူးရှသည့် အကြည့်များကို သတိထားမိလိုက်သောကြောင့် ကြောက်ရွံ့စွာဖြင့် နောက်သို့ ဆုတ်လိုက်မိသည်။ ထို့နောက် ကိုယ်ကို ကိုင်းညွှတ်လိုက်ပြီး ပြောဆိုလိုက်သည်။


“အရှင်မင်းမြတ်… ကျွန်တော်မျိုးမှားသွားပါတယ်…”


“အဲဒီဆိုင်သေးသေးလေးက စားဖိုမှုးရဲ့ ဟင်းချက်စွမ်းရည်တွေက ကောင်းရင်ကောင်းနေလိမ့်မယ်…. ဒါပေမယ့် မင်းအဲလောက်အမွှန်းတင်နေစရာလိုနေလို့လား…. ကောင်းပြီလေ.. အဲဒီပန်ကိတ်ကို ငါမြည်းကြည့်စမ်းမယ်…” 


ဘုရင်မင်းမြတ်က သူ့ကို အပြစ်မတင်သောကြောင့်လျန်ဖုက ပျော်ရွှင်သွားလေသည်။ အင်ပါယာမင်းမြတ်က သူ၏ အင်္ကျီလက်ကို ပင့်တင်လိုက်ပြီး ငွေရောင်ဓါးလေးဖြင့် လှီးဖြတ်လိုက်သည်။ အနည်းငယ်မျှသာ သင်းပျံ့နေသည့် ပန်ကိတ်၏ရနံ့က လှီးဖြတ်လိုက်သည်နှင့် ဗုံးတစ်လုံးပေါက်ကွဲသွားသကဲ့သို့ သင်းပျံ့မွှေးကြိုင်စွာ ထွက်ပေါ်လာလေတော့သည်။ ပန်ကိတ်၏ အတွင်းမှအသားနှစ်ဖြူဖြူလေးများက ထွက်ပေါ်လာပြီး ပန်းကန်အတွင်းတွင် ပြည့်နှက်သွားစေလေသည်။ ဂျိချန်းဖန်က အံ့အားသင့်သွားပြီး မျက်ခုံးများကို ပင့်တင်လိုက်မိသည်။


“ဒီအနံ့က တော်တော်မွှေးတာပဲ… အနံ့က လေထဲမှာရင်ဝဲနေပြီး ရှူရှိုက်မိလိုက်တာနဲ့ အရသာရှိမယ်ဆိုတာကို ခံစားမိနေတယ်… ကောင်းတယ်ကောင်းတယ်….” 


ပန်ကိတ်က ထိုမျှမွှေးပျံ့သင်းကြိုင်နေမည်ဟု မတွေးထင်ထားသောကြောင့် လျန်ဖုကလည် အလွန်အံ့အားသင့်သွားခဲ့သည်။ အနံ့က အလွန်မွှေးပျံ့နေသောကြောင့် အရသာကလည်း အလွန်ကောင်းမွန် မည်ကို ပြောနိုင်ပေသည်။ ဂျိချန်းဖန်က လှီးထားသော ပန်ကိတ်ကို ယူဆောင်လိုက်ပြီး အသေအချာကြည့်၍ ညင်သာစွာ တစ်ကိုက်ကိုက်လိုက်သည်။


ကမာသားနုနုလေးများ၏ အရသာကို ပြည့်ပြည့်၀၀ ခံစားလိုက်ရပြီး ထိုအရသာက သူ၏ ပါးစပ်အတွင်းမက သူ၏ နှာခေါင်းပေါက်များ ၊ ခန္ဒာကိုယ်အတွင်းမှ သွေးကြောပေါက်များနှင့် အရိုးအဆစ်များအထိ တိုး၀င်သွားသည်ကို ခံစားလိုက်ရသည်။


“ကောင်းလိုက်တာ…. ဘယ်လောက်တောင်ကောင်းလိုက်တဲ့.. ပန်ကိတ်လဲ…”


“အရှင်မင်းကြီး နှစ်သက်တာကို သိရတဲ့အတွက် ၀မ်းသာပါတယ်… တစ်ကယ်လို့ မကြိုက်ရင် ပြသနာတက်ပြီဆိုပြီး ကျွန်တော်မျိုးကြီးက စိုးရိမ်နေတာ…” လျန်ဖုက တံတွေးမျိုချလိ်ုက်ပြီး သူ၏ စိတ်ထဲတွင်မနာလိုဖြစ်နေသည်ကို ဖုံးကွယ်လိုက်ပြီး ပြောဆိုလိုက်သည်။ 


ပန်ကိတ်တစ်၀က်ကိုကုန်အောင်စားလိုက်ပြီးနောက် ဂျိချန်းဖန်က အကူအညီမဲ့စွာဖြင့် နှုတ်ခမ်းသပ်လိုက်ပြီး မုတ်ဆိတ်မွှေးတွင် တင်နေသော ဆီများကို သုတ်လိုက်လေသည်။ ထိုနောက် ပန်ကိတ်တစ်၀က်ကို ထပ်ယူလိုက်ပြီး အလျင်အမြန် စားသောက်လိုက်လေတော့သည်။ တခဏတွင်းတွင် ပန်ကိတ်နှစ်ခုလုံး ကုန်သွားပြီးနောက် ဂျိချန်းဖန်က ပျော်ရွှင်စွာဖြင့် သက်ပြင်းချလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် စိတ်ကျေနပ်မှုများ ပေါ်ထွက်လာလေသည်။


“ဒီလိုကောင်းမွန်တဲ့ အစားအသောက်မျိုးကိုငါကိုယ်တော် မစားရတာတော်တော်ကြာပြီ အဲဒီက စားဖိုမှုးက အရည်အချင်းရှိတာပဲ … ဒါကိုစားပြီးတော့ တစ်ခြားဟင်းပွဲတွေရဲ့ အရသာကို တောင် မြည်းကြည့်ချင်လာပြီ…”


“အရှင်မင်းကြီး အဲဒီဆိုင်မှာက စားဖစ်နေသောသောက်ဖွယ်ရာတွေကို အပြင်ကို သယ်ယူခွင့် မပြုဘူးဆိုတဲ့ စည်းကမ်းတွေ ရှိနေပါတယ်.. အရှင်မင်းကြီးက အဲဒီဆိုင်က ဟင်းပွဲတွေကို မြည်းကြည့်ချင်တယ်ဆိုရင် ကိုယ်တိုင်သွားရောက်မှပဲ ရပါလိမ့်မယ်…” လျန်ဖုက စိတ်ထဲတွင် မခံချိ မခံသာဖြစ်နေသော်လည်း ပြန်လည်လျောက်တင်လိုက်ပေသည်။ 


“အိုး… ဒါဆိုလဲ အဲဒီကို ငါကိုယ်တော်ကိုယ်တိုင် သွားရမှာပေါ့… အရသာရှိတဲ့ ဟင်းပွဲတွေအတွက် အဲဒီနေရာကို ငါကိုယ်တိုင်သွားတာက သင့်တော်ပါတယ်… ဒါ့အပြင် အဲဒီဆိုင်မှာငါ့နန်းတော်ထဲက အကောင်းဆုံးဖြစ်တဲ့ ရတနာစီချယ်မက်မွန်ဝိုင်ထက်ကောင်းတဲ့ ဝိုင်ရှိတယ်ဆိုတာကို ငါကြားထားသေးတယ်… ငါကိုယ်တော်က ဝိုင်ကောင်းကောင်းတွေကို တမ်းတနေတာလေ… ကဲ ရှောင်ဖု… မနက်ဖြန်ကျရင် ငါကိ်ုယ်တော် အဲဒီကို သွားဖို့အတွက် ပြင်ဆင်ထားလိုက်…”


“ဘုရားရေ… အရှင်မင်းကြီး… အဲဒီဆိုင်လေးကို အရှင်မင်းကြီးကိုယ်တိုင်သွားဖို့မလိုပါဘူး… မနက်ဖြန်ကျရင် ဒီကျိုးနွံတဲ့အစေခံက အဲဒီဆိုင်ကို သွားပြီးတော့ ဟင်းပွဲတွေအကုန်လုံးကို သေချာပေါက် သယ်ဆောင်လာခဲ့ပေးပါမယ်…” လျန်ဖုက စိုးရိမ်တကြီးနှင့် လျောက်တင်လိုက်သည်။ ဘုရင်မင်းမြတ်၏ ကျန်းမာရေးအခြေအနေနှင့် ထိုဆိုင်ကို ကိုယ်တိုင်သွားရောက်ရန် သူက ခွင့်မပြုနိုင်ပေ။


“ရှောင်ဖု… ငါကိ်ုယ်တော်က ဆာကေးဘဲကင်စားဖို့အတွက်တောင် ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်ကို သွားခဲ့သေးတာပဲလေ… အဲလိုဆိုမှတော့ ဒီဆိုင်ကိုလည်း အရသာရှိတဲ့ အစားအသောက်တွေ စားဖို့အတွက် သွားနိုင်ရမှာပေါ့… မနက်ဖြန်ကျရင်သာ ငါတို့ ရုပ်ဖျက်သွားဖို့မမေ့နဲ့ …” ဂျိချန်းဖန်က လျန်ဖုကို စိုက်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။


လျန်ဖုက အကူအညီမဲ့စွာခံစားလိုက်ရပြီး အင်ပါယာမင်းမြတ်ကို လျို့ဝှက်စွာ သွားလာနိုင်ရန် ရုပ်ပြောင်းရုပ်လွဲ ပစ္စည်းများကို ပြင်ဆင်လိုက်ရပေတော့သည်။ တစ်ချိန်ထဲမှာပင် ပုဖန်၏ ဆိုင်ငယ်လေးအတွင်းတွင် ကွမ်းရှောင်ယီက ကမာနှလုံးသားပန်ကိတ်နှစ်ခုကို စားသောက်ပြီးဆီးသွားသောကြောင့် ပုဖန်ကို သနားစဖွယ် မျက်နှာလေးနှင့် ကြည့်နေလေသည်။


“စိတ်ပုပ်သူဌေး… ရှောင်ယီ့ကို နောက်ထပ်တစ်ပွဲလောက်ထပ်ရောင်းပါလား… ရှောင်ယီစားလို့ မဝသေးဘူး…” ကွမ်းရှောင်ယီက သူမ၏ လှပသော မျက်လုံးဝိုင်းလေးများကို ပုတ်ခတ်ပုတ်ခတ်နှင့် ပြောဆိုလိုက်သည်။ ထိုသို့ သော အမူအယာမျိုးကိုမည်သူက မျှ ငြင်းဆန်နိုင်လိမ့်မည် မဟုတ်ပေ။ 


ပုဖန်က ကွမ်းရှောင်ယီကို တစ်ချက်မျှ စောင်းငဲ့ကြည့်လိုက်ပြီး ခပ်အေးအေးအမူအယာဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။


“မရဘူး… တစ်ကယ်လို့ မင်းသာ ကမာနှလုံးသားပန်ကိတ် ထပ်စားမယ်ဆိုရင် စွမ်းအင်တွေက မင်းရဲ့ ခန္ဒာကိုယ်ထဲမှာ စုပုံနေပြီး မချေဖျက်နိုင်ပဲ ဖြစ်နေလိမ့်မယ်…”