အခန်း ၆၂ “ဂျိချန်းရွဲ့၏ နှုတ်ဆက်ပွဲ”
ပိုင်ရှင် ပုဖန်
အသက် ၂၀
အစစ်အမှန်စွမ်းအင်ကျင့်ကြံခြင်းအဆင့် တတိယအဆင့် ( ခန္ဒာကိုယ်၏ အပြင်ဘက်တွင့် ဖွဲ့စည့်နိုင်သည့် စွမ်းအင်အကာအကွယ်ကို ရရှိပြီး ဖြစ်သည်။ ဤဆန်းကျယ်သော ကမ္ဘာထဲမှာ အချက်ပြုတ်နတ်ဘုရား ဖြစ်လာရန်အတွက် ဟင်းပွဲတွေမှာ သင့်ရဲ့ အစစ်အမှန်စွမ်းအင်တွေကို အသုံးပြုရပါမယ်… အလုပ်ကို ကြိုးစားပါ… လူငယ်လေး… )
အချက်အပြုတ် စွမ်းရည် မသိသေး
အခြားကျွမ်းကျင်မှုများ ကြယ်ပျံ ဖြတ်တောက်ခြင်းနည်းပညာ
ကျွမ်းကျင်မှုများ အဆင့်တစ် ကြယ်ပျံဖြတ်တောက်ခြင်းနည်းပညာ (၅၂/၁၀၀)
ကိရိယာများ နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်းအပိုင်းအစ( ၃/၄)
ချက်ပြုတ်ခြင်းနတ်ဘုရား အဆင့်သတ်မှတ်ချက် အလုပ်သင် စားဖိုမှုး
အစစ်အမှန်စွမ်းအင်များကို သုံး၍ ဟင်းပွဲများကို ချက်ပြုတ်လာနိုင်ပြီ ဖြစ်သည်။ သင့်ရဲ့ ကြယ်ပျံဖြတ်တောက်ခြင်းနည်းပညာကို တိုးတက်အောင် ကြိုးစားလေ့ကျင့်ပြီး ချက်ပြုတ်ခြင်းနတ်ဘုရားဖြစ်လာဖို့ ကြိုးစားပါ လူငယ်လေး
လက်ရှိပိုင်ဆိုင်မှု သလင်းကျောက် ၂၈၈၀
အစစ်အမှန်စွမ်းအင်သို ပြောင်းလဲနိုင်မှုအဆင့် ၇၂၀/၁၀၀၀
စနစ်၏ အဆင့် ကြယ်သုံးပွင့် ( ပြောင်းလဲနိုင်မှုအချိုး ၂၅%.. စားသုံးသူများကို စတုထ္တအဆင့် ထက်နိမ့်သည့် ပါ၀င်ပစ္စည်းများ ယူဆောင်လာခွင့်ပြုသည်။)
နောက်တစ်နေ့မနက်တွင် ပုဖန်က အိပ်ချင်မူးတူးဖြင့် ထလာပြီးနောက် သန့်ရှင်းရေးလုပ်နေစဉ်တွင် စနစ်၏ ဖော်ပြချက်များကို ၀င်ဖန်နေလိုက်သည်။ အစစ်အမှန်စွမ်းအင် ပြောင်းလဲမှုအဆင့်ကို ဖတ်လိုက်ရသောကြောင့် မကြာခင်တွင် အဆင့်တက်ရောက်တော့မည်ကို သတိပြုမိလိုက်သည်။ သူ၏ လက်ရှိအဆင့်က တိုက်ခိုက်သူအဆင့်ဖြစ်ပြီး အစစ်အမှန်စွမ်းအင် ပြောင်းလဲနိုင်မှုအဆင့်တွင် သလင်းကျောက်တစ်ထောင် ပြည့်ပါက ဝိဉာဉ်တည်အဆင့်သို့ ရောက်ရှိသွားမည်ဖြစ်သည်။
ထိုအချိန်တွင် သူ၏ အစစ်အမှန်စွမ်းအင်များကို ပို၍ တိတိကျကျ ထိန်းချုပ်လ်ာနိုမည်ဖြစ်သည်။
“ဟိုပစ္စည်းတစ်စုံက ဘာများလဲ ငါသိချင်လိ်ုက်တာ… ငါ့မှာ အပိုင်းအစ သုံးခုတောင်ရှိနေပြီဆိုတော့ နောက်အဆင့် တက်ရင်တော့ တစ်စုံလုံး ပြည့်သွားလောက်ပါတယ်…” ပုဖန်က တစ်တွတ်တွတ် ရေရွတ်နေလိုက်ပြီး ပြန်ထွက်လာလိုက်သည်။ ပုဖန်က မုန်လာဥများကို လေ့ကျင့်လှီးဖြတ်လိုက်ပြီးနောက် ဆိုင်၀သို့ လျောက်သွားလိုက်ပြီး တံခါးဖွင့်လိုက်လေသည်။
အေးစက်သော လေညင်းများက တံခါးဖွင့်လိုက်သည်နှင့် သူ၏ မျက်နှာထ့သို့ တိုက်ခတ်လာပြီး မျက်နှာကို ရေခဲရိုက်လိုက်သကဲ့သို့ အေးခဲသွားစေလေသည်။ ပုဖန်က အိပ်မောကျနေသော ဘလက်ကီကို စောင်းငဲ့ကြည့်လိုက်ပြီး လေ့ကျင့်ချက်ပြုတ်ရန် မီးဖိုခန်းဘက်သို့ လှည့်ထွက်လာလိုက်သည်။တခဏအကြာတွင် မီးဖိုခန်းဘက်ဆီမှ ၀က်နံရိုးချိုချဉ်ကြော်၏ သင်းပျံ့သော ရနံများက လွင့်ပျံလာလေတော့သည်။
“အစာစားချိန်ရောက်ပြီ… ဘလက်ကီ…” ပုဖန်က ၀က်နံရိုးချိုချဉ်ကြော်ပန်းကန်ကို ဘလက်ကီ၏ ရှေ့သို့ ချပေးလိုက်သည်။ ထိုအချိန်တွင် ဖက်တီးဂျင်တို့ လူစုက ရောက်ရှိလာလေတော့သည်။ စားသောက်ပြီးစီးသွားသည်နှင့် သူတို့က ပြန်လည်ထွက်ခွာသွားလေတော့သည်။ ပုဖန်၏ စားသောက်ဆိုင်မှ ဟင်းပွဲများက အလွန်စျေးကြီးသော်လည်း ဖက်တီးဂျင်တို့လူက က နေ့စဉ်လာရောက် စားသောက်နေကြဆဲပင် ဖြစ်သည်။ သူတို့က သူဌေးလက်သစ်များဖြစ်သောကြောင့် သလင်းကျောက်များစွာ ပိုင်ဆိုင်ထားကြပေသည်။
ဘလက်ကီ၏ ဆိုင်အပြင်သို့ ပစ်ထုတ်ခံလိုက်ရသည့် ရက်မှစ၍ ရှောင်ယုက စားသောက်ဆိုင်ငယ်လေးသို့ ရောက်ရှိလာခြင်းမရှိသကဲ့သို့ အင်ပါယာမြို့တော်အတွင်းတွင်လည်း ပေါ်ပေါက်လာခြင်းမရှ်ိပေ။ သို့သော် ပုဖန်အတွက် ဆိုင်တွင် စားသောက်နေသည့် လူတစ်ယောက် လျော့သွားသည်ဟုသာ တွေးတောလိုက်မိပြီး အခြားခံစားချက်များရှိမနေပေ။
လမ်းကြားလေးထဲတွင် တိုက်ခတ်နေသော ဆောင်ဦးလေများက အရိုးကွဲမတတ် အေးစက်နေပေသည်။ အဖြူရောင်၀တ်ရုံကို ၀တ်ဆင်ထားသည့် ဂျိချန်းရွဲ့က ဆိုင်အတွင်းသို့ ဖြည်းညင်းစွာ ၀င်ရောက်လာခဲ့သည်။ သူ၏ ချောမော ခန့်ညားသည့် မျက်နှာပေါ်တွင် မျက်လုံးလေးများကို မှေးကျဉ်းထားပုံက တစ်စုံတစ်ခုကို အလွန်သဘောကျသည့် အသွင် ဖြစ်ပေါ်နေပေသည်။
“ပိုင်ရှင်ပု… မင်္ဂလာ မနက်ခင်းပါ…” သူက ပုဖန်ကို ချိုသာစွာ နှုတ်ဆက်လိုက်သောကြောင့် ပုဖန်က ခေါင်းကို ငြိမ့်၍သာ အသိအမှတ်ပြုလိုက်ပေသည်။
“အကိ်ုကြီး အရှင်မင်းသား… ဒီကိုအစောကြီးဘာလာလုပ်တာလဲ…” ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည့် ဂျိချန်းရွဲ့ကို ရှောင်ယီက မေးမြန်းလိုက်သည်။
“ငါက ဒီကိုလာမှတော့ ပိုင်ရှင်ပုရဲ့ လက်ရာကို လာစားတာပေါ့…” သူက ခပ်ဖွဖွရယ်မောလိုက်ပြီး ရှောင်ယီ၏ ခေါင်းကို အသာအယာ ပွတ်ပေးလိုက်ပြီး ပြောဆိုလိုက်သည်။
“မင်းဒီနေ့ဘာမှာ မှာလဲ….” ပုဖန်က ခပ်ပြတ်ပြတ်သာ မေးမြန်းလိုက်သည်။
“ငါ့ကို ဟင်းပွဲတိုင်း ချပေး… ဒီနေ့ပြီးရင် ဘယ်လောက်ကြာမှ ပိုင်ရှင်ပုရဲ့ လက်ရာကို ပြန်စားရမလဲ မသိသေးဘူး….” ဂျိချန်းရွဲ့က သက်ပြင်းတစ်ချက်ချ၍ ပြောဆိုလိုက်သည်။
“ဟမ်… ဘာဖြစ်လို့လဲ…” ပုဖန်က အံ့သြတစ်ကြီး မေးလိုက်သကဲ့သို့ ကွမ်းရှောင်ယီကလည်း စပ်စုလိုသော အကြည့်ဖြင့် ဂျိချန်းရွဲ့ကို ကြည့်နေလေသည်။
ဂျိချန်းရွဲ့က ၀မ်းနဲနေသော အမူအယာဖြင့် တခဏမျှ တိတ်ဆိတ်သွားပြီး ပြောဆိုလိုက်သည်။
“ဘာမှတော့မဟုတ်ပါဘူး… မိသားစုအရေးကိစ္စတွေပါ… မနက်ဖြန်ကျရင် … ငါက အင်ပါယာမြို့တော်ကနေ ထွက်သွားရမယ်.. ဘယ်အချိန်မှ ပြန်လာရမလဲဆိုတာတော့ မပြောတတ်သေးဘူး…”
“ငါနားလည်ပြီ… ခဏလောက်စောင့်ပေးပါ….” ပုဖန်က ခေါင်းငြိမ့်၍ ပြောဆိုလိုက်ပြီး မီးဖိုခန်းအတွင်း၀င်ရောက်၍ အေးခဲကျောက်စိမ်းနှလုံးသားဝိုင် တစ်ကရားကို ယူဆောင်လာလိုက်ပြီး ဂျိချန်းရွဲ့ထံ ပစ်ပေးလိုက်သည်။
ဂျိချန်းရွဲ့က အလန့်လန့်အဖြန့်ဖြန့်ဖြင့် ဝိုင်ကရားကို ဖမ်းယူလိုက်ပြီး အဖုံးကို လှပ်၍ ခပ်ပြုံးပြုံးအမူအယာဖြင့် ခွက်ထဲသို့ လောင်းထည့်လိုက်သည်။ ပုဖန်ကလည်း သူ၏ ခွက်ထဲသို့ လောင်းထည့်လိုက်ပြီး သူတို့နှစ်ယောက် ခွက်ခြင်းတိုက်လိုက်သည်။
“အန္တရာယ်ကင်းတဲ့ ခရီးဖြစ်ပါစေလို့ ငါဆုတောင်းပေးပါတယ်….”
“ဟားဟား… ကျေးဇူးတင်ပါတယ်…. ဒီနေ့ငါ့ကို ပြုစုလိုက်ပါလား…. ဒါမှမဟုတ် စျေးလျော့ပေးလိုက်လေ… ဘယ်လိုသဘောရလဲ….” ဂျိချန်းရွဲ့က ခွက်ကို တစ်ကြိုက်တည်း မော့သောက်လိုက်ပြီး ရယ်မော၍ ပြောဆိုလိုက်သည်။
“မရဘူး….” ပုဖန်က တစ်ချက်စိုက်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။ ထို့နောက် သူက မီးဖိုခန်းအတွင်းသို့ ၀င်ရောက်သွားလေတော့သည်။
ထိုအချိန်တွင် လမ်းကြားလေးထံမှ ခြေသံအချို့ ကြားလိုက်ရပြီး ဆိုင်အတွင်းသို့ လူသုံးယောက် ၀င်လာသည်ကို တွေ့လိုက်ရသည်။
“မြင့်မြတ်လှတဲ့ အရှင်မင်းသား… ဒီနေ့ အစောကြီးရောက်နေတာပါလား…” ရှောင်မန်က အံ့အားသင့်နေသည့် အမူအယာနှင့် ဂျိချန်းရွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး အရိုအသေပေး၍ ပြောဆိုလိုက်သည်။ သူ၏ နောက်တွင် ရှောင်ရှောင်လုံနှင့် ရှောင်ယန်ယုတို့က မတ်တပ်ရပ်နေပေသည်။ ရှောင်ယန်ယု၏ အသွင်အပြင်က ပို၍ သက်သာလာပုံရပေသည်။ ပြန်လည်ရှင်သန်ခြင်းစွပ်ပြုတ်က သူမကို အထောက်အကူ အလွန်ဖြစ်စေသည်ဟု သိသာနေပေသည်။
“စစ်သေနာပတိရှောင်… ငါလဲ အရူးလို လုပ်နေမိတယ်ထင်တာပါပဲ… မနက်ဖြန် မြို့က ထွက်သွားတော့မှာဆိုတော့ နောက်ဆုံးအနေနဲ့ ပိုင်ရှင်ပုရဲ့ ဟင်းပွဲတွေကို လာပြီး စားသောက်တာလေ… ဒါမှလဲ တိုက်ပွဲထဲမှာ ပိုင်ရှင်ပုရဲ့ ဟင်းပွဲတွေကို တောင့်တမနေမိမှာပေါ့…” ဂျိချန်းရွဲ့က ရယ်ရယ်မောမော ပြောဆိုလိုက်ကာ သူ့အတွက်နှင့် ရှောင်မန့်အတွက် ပါ ဝိုင်ကို ထပ်ငှဲ့လိုက်သည်။ ရှောင်မန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး အနည်းငယ်တိတ်ဆိတ်သွားလေသည်။ ထို့နောက် ဝိုင်ခွက်ကို လှမ်းယူလိုက်ပြီး ဂျိချန်းရွဲ့နှင့် အတူထိုင်၍ သောက်လိုက်လေတော့သည်။
ကွမ်းရှောင်ယီက ရှောင်မိသားစု မှာလိုက်သည့် ဟင်းပွဲများကို ပုဖန်ထံ ပြောပြလိုက်ပြီး ဂျိချန်း ရွဲ့၏ ဟင်းပွဲများကို တစ်ပွဲပြီး တစ်ပွဲ ယူဆောင်လာပြီး ဂျိချန်းရွဲ့၏ ရှေ့သို့ ချပေးလိုက်သည်။ ဟင်းပွဲများ၏ မွှေးရနံ့များက ဆိုင်အတွင်းတွင် လွမ်းခြုံနေလေတော့သည်။ ဂျိချန်းရွဲ့က ပျော်ရွင်စွာဖြင့် ဟင်းပွဲများကို စားလိုက်သောက်လိုက် လုပ်နေလေသည်။
“စစ်သေနာပတိရှောင်… အခုတစ်လော ငါ့အမကြီးရဲ့ အခြေအနေက ဘယ်လိုရှိလဲ…” ဂျိချန်းရွဲ့က ဝိုင်ကို တစ်ငုံငုံလိုက်ပြီး ရှောင်မန့်ကို စူးစိုက်ကြည့်၍ မေးမြန်းလိုက်သည်။
ရှောင်မန်က အနည်းငယ် မျက်ခုံးကျုံ့လိုက်ပြီး ဝိုင်ခွက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
“သူမက အခုထိ မေ့မျောနေတုန်းပဲ အင်ပါယာမြို့တော်ထဲက သမားတော်တွေလည်း ဒီအခြေအနေကို ဘာမှမပြောနိုင်ကြဘူး… အခုဆို သုံးနှစ်တောင်ရှိလာပြီ … ရုအာက ဘယ်အချိန်မှ နိုးထလာနိုင်မလဲဆိုတာ မသိတော့ပါဘူး….” သူက ၀မ်းနဲအားငယ်စွာဖြင့် သက်ပြင်းချ၍ ပြောဆိုလိုက်သည်။
“အမက ကြင်နာတတ်တဲ့သူပါ… သူမကို ကောင်းကင်ဘုံက စောင့်ရှောက်ပါလိမ့်မယ်… တစ်နေ့နေ့မှာတော့ သူမ ပြန်လည်နိုးထလာနိုင်မယ်ဆိုတာကို ငါယုံကြည်တယ်….” ဂျိချန်းရွဲ့က ရှောင်မန့်ကို နှစ်သိမ့်အားပေးလိုက်သည်။
ရှောင်မန်၏ ဇနီးဖြစ်သော ဂျိရုအာက ဂျိချန်းရွဲ့၏ အမကြီးဖြစ်ပြီး ရှောင်ယု၏ အမေလည်း ဖြစ်သည်။ ရှောင်ယုက ဓါးသခင်တစ်ယောက် ဖြစ်လာစေရန် သူမ၏ နှလုံးသွေးကို ဖောက်ယူအသုံးပြုလိုက်သောကြောင့် သတိလစ်မေ့မျောသည့် အခြေအနေသို့ ရောက်ရှိသွားလေသည်။ သူမ သတ်ိလစ်မေ့မျောနေသည်မှာ သုံးနှစ်ကျော်လာပြီဖြစ်သော်လည်း သတိလစ်မေ့မျောနေဆဲပင် ဖြစ်သည်။
ဤသုံးနှစ်အတောအတွင်းတွင် ရှောင်မန်က လေအလင်းအင်ပါယာတစ်ခုလုံးရှိ သမားတော်များကို ရှာဖွေခေါ်ဆောင်လာပြီး သူတို့၏ ထူးခြားဆန်းကျယ်သော နည်းလမ်းများနှင့် ဂျိရုအာကို ကုသပေးစေခဲ့သည်။ သို့သော် ထူးခြားလာခြင်းမရှိခဲ့ပေ။ ထိုစိုးရိမ်ပူပန်မှုကြောင့် သူ၏ ဆံပင်များက အဖြူရောင်အဖြစ်သို့ လုံး၀ ပြောင်းလဲသွားရလေသည်။ သူတော်စင်အဆင့်တစ်ယောက်က ဆံပင်ဖြူလာသည်မှာ ယုံကြည်နိုင်ဖွယ်ရာ မဟုတ်ပေ။
“ပြောရမယ်ဆိုရင်တော့… ငါမမျော်လင့်ရဲတော့ဘူး… သူမက သတိလစ်မေ့မျောနေတယ်ဆိုပေမယ့် အသက်ရှင်နေတာပါလားဆိုတဲ့ အတွေးနဲ့ပဲ ငါ့စိတ်ကို ဖြေသိမ့်ထားခဲ့တာ.. ဒီနေ့ ပိုင်ရှင်ပုဆီကို လာတာကလဲ… ရုအာကို ကုသနိုင်မယ့် နည်းလမ်းရှိမရှိ လာမေးချင်လို့ လာခဲ့တာ… ဒါက ငါ့ရဲ့ နောက်ဆုံးဆွဲစရာ ကောက်ရိုးတစ်မျှင်ပဲလေ…” ရှောင်မန်က ဆိုင်ငယ်လေးသို့ လာခဲ့သည့် အကြောင်းအရင်းကို ဂျိချန်းရွဲ့ထံ အမှန်အတိုင်း ပြောဆိုလိုက်သည်။
ဂျိချန်းရွဲ့က သဘောတူသည့် အမူအယာနှင့် ခေါင့်ညိမ့်ပြလိုက်သည်။ ပုဖန်၏ ဆေးဘက်၀င်ဟင်းပွဲတစ်ပွဲက သေခါနီးဆဲဆဲ ဖြစ်နေသည့် ရှောင်ယန်ယုကိုပင် သက်သာလာနိုင်စေရာ ဂျိရုအာကိုလည်း ကယ်တင်နိုင်ရန် ဖြစ်နိုင်ပေသည်။ ဤသည်က မျော်လင့်ချက် တစ်ခုမျှသာဖြစ်နေပေသည်။ သူတို့နှစ်ယောက်က စကားထပ်မပြောတော့ပဲ ဝိုင်ကိုသာ ထပ်သောက်နေပေသည်။
ဂျိချန်းရွဲ့က မင်းသားတစ်ပါးဖြစ်သော်လည်း အိမ်ရှေ့စံမင်းသား ဂျိချန်းကန်နှင့် ဘုရင်ခံယုတို့နှင့် မယှဉ်ပြိုင်နိုင်ယုံသာမက အင်ပါယာမင်းမြတ်၏ အခွင့်အရေးပေးခြင်းကိုပင် မရရှိခဲ့ပေ။ သူက ရှောင်မန်နှင့် ယောက်ဖမတော်စပ်လျင် အိမ်ရှေ့စံမင်းသားနှင့် ဂျိချန်းယုတို့က သူ့ကို မင်းသားအဖြစ်ကပင် ပယ်ဖျက်လိုက်ပြီဖြစ်သည်။ မင်းသားများ၏ လက်သုံးစကားမှာ တော်၀င်မျိုးနွယ်များတွင် ဆွေမျိုးမရှိဟူ၍ ပင် ဖြစ်သည်။
“မင်း..တိ်ုက်ပွဲထဲမှာ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ… ကိုယ်အသက်က ပိုအရေးကြီးတယ်… အင်ပါယာမင်းမြတ်က မင်းကို အခွင့်အရေးမပေးဘူးဆိုပေမယ့် မင်းက မင်းသားတစ်ပါးဖြစ်နေတုန်းပဲ…” ရှောင်မန်က ဂျိချန်းရွဲ့ကို သတိပေး ပြောဆိုလိုက်သည်။
ဂျိချန်းရွဲ့က လေးလေးနက်နက် ခေါင်းညိမ့်ပြလိုက်ပြီး ဝိုင်ခွက်ကို တရှိန်တိုးမော့သောက်လိုက်သည်။ သူတို့နှစ်ယောက် သောက်နေရင်းဖြင့် စကားပြောဆိုနေစဉ်တွင် ဆိုင်အပြင်ဘက်မှ ချောင်းဆိုးသံတစ်ချက် ကြားလိူုက်ရပြီး အသက်အရွယ်ကြီးသည့် လူတစ်ယောက်က ဆိုင်အတွင်းသို့ ဖြည်းညင်းစွာ လျောက်၀င်လာခဲ့လေသည်။ ရှောင်မန်နှင့် ဂျိချန်းရွဲ့က ၀င်ရောက်လားသောသူကို ရုတ်တရက် ပြိုင်တူလှည့်ကြည့်လိုက်ကြပြီး သူတို့နှစ်ယောက်သား အေးခဲ တောင့်တင်းသွားကာ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်လာလေတော့သည်။