အပိုင်း ၆၃
Viewers 53k

အခန်း ၆၃ “ဟယ်လို ဧကရာဇ်”


ရှောင်မန်နှင့် ဂျိချန်းရွဲ့တို့ နှစ်ယောက်လုံးက ဆိုင်အတွင်းသို့ ၀င်ရောက်လာသော သူကို ကြည့်၍ မယုံကြည်နိုင်စွာဖြင့် အံ့အားသင့်နေကြသည်။


“အရှင်မင်းကြီး… ဒီကို ဘာကြောင့် ရောက်လာတာပါလဲ….” ရှောင်မန်က အလျင်အမြန်ထရပ်လိုက်ပြီး အင်ပါယာမင်းမြတ်၏ ရှေ့သို့ သွား၍ နှုတ်ဆက်စကားပြောဆိုလိုက်သည်။ ထိုအချိန်ထိပင် သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုက မပျောက်ကွယ်သွားနိုင်သေးပေ။ လမ်းကြားလေးထဲမှ သေးငယ်သော စားသောက်ဆိုင်လေးထံသို့ ဘုရင်မင်းမြတ်ကိုယ်တိုင် ရောက်ရှိလာလိမ့်မည်ဟု မမျော်လင့်ထားခဲ့ပေ။


“ခမည်းတော်မင်းမြတ်ကို သားတော် နှုတ်ခွန်းဆက်ပါတယ်….” ဂျိချန်းရွဲ့ကလဲ မတ်တပ်ထရပ်လိုက်ပြီး နှုတ်ဆက်လိုက်သည်။


သက်ကြီးပိုင်းလူကြီး၏ ဆံပင်များက ဖြူဖွေးနေသော်လည်း သူ၏ ပုံသဏ္ဍာန်က ကြည့်ကောင်းနေဆဲ ပင် ဖြစ်သည်။ သူက လှပသော ၀တ်ရုံကို ခြုံထားပြီး ဆံပင်ရှည်များကို ကျောက်စီမ်းကြိုးဖြင့် စည်းနှောင်ထားသည်။ လက်နှစ်ဖက်ကို နောက်တွင် ပစ်၍ ရပ်နေရုံနှင့်ပင် ခန့်ညားကြီးကျယ်သော အမူအယာက ပေါ်ထွက်နေပေသည်။


“စစ်သေနာပတိရှောင်… ချန်းရွဲ့ … မင်းတို့လဲ ဒီမှာလာစားကြာတာလား… ကြည့်ရတာတော့ ဒီဆိုင်က အစားအသောက်တွေက တော်တော်လေးကောင်းမယ့်ပုံပဲ….” ဂျိချန်းဖန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောဆိုလိုက်ပြီး ဆိုင်အတွင်းသို့ လျောက်၀င်သွားလေတော့သည်။ သူ၏ ခြေလှမ်းတစ်လှမ်းလှမ်းလိုက်သည်နှင့် ချောင်းဆိုးနေပြီး သူ၏ ခြေလှမ်းများက ယိုင်နဲ့နဲ့ ဖြစ်နေသည်မှာ မြင်ရသူများကို စိုးရိမ်စေသည်။ ရှောင်မန်က ဘုရင်မင်းမြတ် ထိခိုက်သွားမည်ကို စိုးရိမ်သောကြောင့် အလျင်အမြန်ပင် တွဲလိုက်လေသည်။


“အရှင်မင်းမြတ်… ဘာကြောင့်ဒီနေရာကို တစ်ယောက်တည်းကြွလာတာလဲ… ဒါက မလုံခြုံဘူးလေ.. အင်ပါယာမြို့တော်ထဲမှာ ပုန်းအောင်းနေတဲ့ ရာဇ၀တ်သားတွေက်ို နှိမ်နင်းပြီးပြီဆိုပေမယ့်.. ဒီနေရာမှာ နောက်ထပ် တစ်စုံတစ်ယောက် ပုန်းအောင်းမနေဘူးလို့ ဘယ်သူမှ တပ်အပ်မပြောနိုင်ဘူးလေ…” ရှောင်မန်က စိုးရိမ်တကြီး ပြောဆိုလိုက်သည်။


“ကိစ္စမရှိပါဘူး… ငါကအရင်ထဲက ဒီကမ္ဘာကြီးပေါ်မှာ အံ့သြစရာအကောင်းဆုံး သူအဖြစ် သတ်မှတ်ခံထားရတာလေ ဘယ်သူမှ ငါ့အနားကိုအလွယ်တကူ ကပ်မလာနိုင်ပါဘူး… ပြီးတော့ ငါဒီကိုလာတာ တစ်ခြားကိစ္စတွေ ပြောဖို့မဟုတ်ဘူး …. အစားအသောက်ကိစ္စပဲ ပြောကြတာပေါ့…” အင်ပါယာမင်းမြတ်က ရှောင်မန်ကို နောက်ဆုတ်စေလိုက်ကာ ခုံတစ်ခုံတွင် ၀င်ထိုင်လိုက်သည်။ ထို့နောက် သူက ဆိုင်အတွင်းကို ဝေ့ဝဲကြည့်လိုက်ပြီး သေးငယ်သော ဆိုင်ငယ်လေး၏ သပ်ရပ်မှုမှ နွေးထွေးမှုကိုခံစားလိုက်ရသည်။


“အင်း… ဒီဆိုင်ကို ကြည့်လိုက်တာနဲ့ အဓိပ္ပါယ်တစ်ခုကို ခံစားရစေတယ်…”


အင်ပါယာမင်းမြတ်က နှာခေါင်းတစ်ရှုံ့ရှုံ့နှင့် ရှူရှိုက်လိုက်ပြီး သူ၏ အမူအယာက မှင်သက်သွားကာ စားပွဲပေါ်သို့ ကြည့်လိုက်မိသည်။ 


“ဒီဝိုင်ရဲ့ ရနံ့က မွှေးပျံ့နေတာပဲ… ဒါက အကောင်းဆုံးဝိုင်ပဲ ဖြစ်ရမယ်… ဒီဝိုင်က ရတနာစီချယ် မက်မွန်ဝိုင်ထက် ကောင်းလား..” 


“အင်ပါယာမင်းမြတ်.. ဒီဝိုင်က တစ်ကယ်ကိုပဲ ကောင်းလွန်းပါတယ်… ဒါက ဒီဆိုင်မှာရနိုင်တဲ့ တစ်ခုတည်းသော ဝိုင်ပါ… ဒါကိုတော့ အေးခဲကျောက်စိမ်းနှလုံးသားဝိုင်လို့ ခေါ်တယ်… သူ့ရဲ့တန်ဖိုးက သလင်းကျောက်တုံး ၁၅ တုံးတောင် ကျသင့်တယ်..” ရှောင်မန်က ခေါင်းညိမ့်လိုက်ပြီး ပြန်ဖြေလိုက်သည်။


“သလင်းကျောက်တုံး ၁၅ တုံးတောင်လား… အင်း ဒါက တော်တော်စျေးကြီးတာပဲ… အင်း… ဒါပေမယ့် ငါက ဒီဝိုင်ကို ပိုပြီးတော့တောင် မြည်းစမ်းခြင်လာပြီ… ဆိုင်ပိုင်ရှင်က ဘယ်မှာလဲ ….ငါသူ့ကိုတွေ့ပြီးတော့ စားသောက်ဖွယ်ရာတွေကို မှာချင်တယ်….” အင်ပါယာမင်းမြတ်က ပြောဆိုလိုက်သည်။ 


ရှောင်ယီက အင်ပါယာမင်းမြတ်ကို ငေးမောကြည့်နေရာမှ စကားသံကြောင့် သတိ၀ငိလာပြီး မီးဖိုခန်းဖက်သို့ လှည့်၍ အော်ဟစ်လိုက်သည်။


“စိတ်ပုပ်သူဌေး … အဖိုးအင်ပါယာမင်းမြတ်က နင့်ကို တွေ့ချင်လို့တဲ့….”


“ဘယ်သူလဲ… ဘယ်သူက ငါ့ကိ်ု တွေ့ချင်တာလဲ…” ပုဖန်၏ အသံက မီးဖိုခန်းအတွင်းမှ ကြော်လှော်ချက်ပြုတ်နေသံ နှင့်အတူ ထွက်ပေါ်လာခဲ့သည်။


“အဖိုး အင်ပါယာမင်းမြတ်….” ရှောင်ယီက စိတ်အားတက်ကြွစွာဖြင့် ထပ်မံအော်ပြောလိုက်သည်။


“အိုး… သူ့ကို ခဏစောင့်ခိုင်းလိုက်ပါ…”


ပုဖန်၏ သာမာန်ကဲ့သို့ ပြန်လည်ပြောဆိုလိုက်သော အသံက ကွမ်းရှောင်ယီကို ကြက်သေသေသွားစေသည်။ သူမ၏သူဌေးနှင့် စကားပြောသည့် အချိန်တိုင်းတွင် ရှောင်ယီက သွေးအန်ချင်စိတ်ပေါက်အောင်ပင် ဒေါသအလွန်ထွက်ရပေသည်။


“ဒါက အင်ပါယာမင်းမြတ်လေ… လေအလင်းအင်ပါယာတစ်ခုလုံးရဲ့ထိပ်တန်းမှာ ထိုင်နေတဲ့ နာပါတ်တစ် ပုဂ္ဂိုလ်လေ… ဒီလိုလူမျိုးက တွေ့ချင်တယ်ပြောတာတောင် … သူက စောင့်ခိုင်းသေးတာလား…” 


ပုဖန်နှင့် ကွမ်းရှောင်ယီတို့၏ အပြန်အလှန် စကားများကို ဂျိချန်းဖန်တို့က ကြားလိုက်ရပေသည်။ သူတို့၏ အမူအယာများကလည်း အံ့သြတစ်ကြီး ဖြစ်နေကြသည်။ ရှောင်မန်နှင့် ဂျိချန်းရွဲ့တို့ကလည်း ပုဖန်၏ စကားများကြောင့် မည်သို့ တုံ့ပြန်ရမည်ကို မသိတော့ပဲ တွေးတောနေမိကြသည်။


“ဒီပိုင်ရှင်ပုက ဘယ်လိုလူမျိုးလဲတော့ မသ်ဘူး… သူ့ရဲ့အမူအယာတွေက အရမ်းထူးဆန်းလွန်းတယ်…. သူက ဧကရာဇ်ကိုတောင်မှ မျက်နှာသာ မပေးချင်ဘူး….”


အခြားတစ်ဖက်တွင် ဂျိချန်းဖန်က အလွန်အမင်း စိတ်၀င်စားနေခဲ့သည်။ အခြားသာမာန် စားဖိုမှုးများသာ သူလာသည်ကို ကြားလိုက်မည်ဆိုပါက အလျင်အမြန် ထွက်လာ၍ သူ့ကို အရိုအသေ ပြုမည်သာ ဖြစ်သည်။ သို့သော် ဆိုင်ငယ်လေး၏ ပိုင်ရှင်က သူ့ကို အရိုအသေမပြုရုံသာမက လျစ်လျူရှုထားပေသည်။


“ဒီဆိုင်ရဲ့ ပိုင်ရှင်…. အင်း … သူ့ရဲ့အမူအယာက တော်တော်စိတ်၀င်စားဖို့ ကောင်းတာပဲ ….” ဂျိချန်းဖန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောဆိုလိုက်သည်။ 


ရှောင်မန်နှင့် ဂျိချန်းရွဲ့တို့က ကိုးရို့ကားယား အမူအယာနှင့် လိုက်ပြုံးလိုက်ရုံသာ တတ်နိုင်ပေသည်။ တခဏမှ ကြာပြီးနောက် ပုဖန်က ၀က်နံရိုးချိုချဉ်ကြော် ပန်းကန်ကို ကိုင်၍ မီးဖိုခန်းအတွင်းမှ ထွက်လာလေသည်။ ဟင်းပွဲမှ ထွက်ပေါ်လာသော မွှေးရနံ့များက ဆိုင်တစ်ခုလုံးကို ပျံ့နှံ့ သွားပြီး အသား၏ အရောင်က ရွှေညိုရောင် တောက်ပနေပေသည်။ 


“ဒီမှာ မင်းရဲ့ ၀က်နံရိုးချိုချဉ်ကြော် ရပြီ… ကောင်းကောင်းသုံးဆောင်ပါ…” ပုဖန်က ၀က်နံရိုးချိုချဉ်ကြော် ပန်းကန်ကို ဂျိချန်းရွဲ့၏ ခုံပေါ်သို့ တင်ထားလိုက်ပြီး အမူအယာမပျက် ပြောဆိုလိုက်သည်။


“အင်း…. သူက ရှောင်ယီခုဏက ပြောတဲ့ အဖိုးအင်ပါယာမင်းမြတ် ဆိုတာပဲ ဖြစ်ရမယ်…” သူက နောက်သို့လှည့်လိုက်ပြီး ခုံပေါ်ရှိ လူကြီးကိုကြည့်၍ တွေးလိုက်မိသည်။


“ဟယ်လို….အင်ပါယာမင်းမြတ်….” ပုဖန်၏ ပုံမှန်ကဲ့သို့သော နှုတ်ဆက်သံကို ကြားလိုက်ရသောကြောင့် ကျန်ရှိနေသည့် လူများအားလုံးက ထိန့်လန့် အံ့သြသွားကြသည်။ အင်ပါယာမင်းမြတ်လည်း တခဏမျှ မှင်သက်သွားပြီး သူ၏ မုတ်ဆိတ်များကို သပ်၍ ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။


“ဟားဟားဟား….. ဟယ်လို…လူငယ်လေး… မင်က ဒီဆိုင်ရဲ့ ပိုင်ရှင်လား… ခုဏက သယ်လာတဲ့ ဟင်းပွဲရဲ့ နာမည်က ဘယ်လိုခေါ်လဲ… အနံ့က တော်တော်လေးကို သင်းပျံ့နေတာပဲ….” အင်ပါယာမင်းမြတ်က ပုဖန်က ခပ်ပြုံးပြုံးအမူအယာဖြင့် စိုက်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။


“အိုး… အဲဒါက ၀က်နံရိုးချိုချဉ်ကြော်လေ… ဒီဆိုင်က စျေးအကြီးဆုံး ဟင်းပွဲပဲ…” ပုဖန်က သာမာန်အတိုင်းပင် ရှင်းပြလိုက်သည်။


“၀က်နံရိုးချိုချဉ်ကြော်တဲ့လား… အင်း…. သူ့ရဲ့အနံ့က အရမ်းကို မက်မောစရာကောင်းလောက်အောင် စွဲဆောင်နိုင်လွန်းတယ်… ငါအဲဒါပဲ စားလိုက်ရင်ကောင်းမလား…” အင်ပါယာမင်းမြတ်က ခေါင်းတညိမ့်ညိမ့်နှင့် တွေ့တောနေလိုက်သည်။


“မီနူးက မင်းရဲ့နောက်မှာပါ…. အဲဒီမှာကြည့်ပြီး စားချင်တာကို ပြောပါ… အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ကို တစ်ရက်မှာ သုံးအိုးပဲ ရောက်ဖို့ သတ်မှတ်ထားတယ်… ဒီနေ့အတွက် တစ်အိုးကျန်ပါသေးတယ်…” ပုဖန်က မီနူးကို ညွှန်ပြလိုက်ပြီး ပြောဆိုလိုက်သည်။


အင်ပါယာမင်းမြတ်က အံ့သြရလွန်းသောကြောင့် သွေးအန်လုမတက်ပင် ဖြစ်နေပေသည်။ သူက နောက်လှည့်ကြည့်လိုက်ရာ အလွန်စျေးနှုန်းမြင့်မားသော ဟင်းပွဲများကို တွေ့လိုက်ရပေသည်။ သူက မျက်မှောင်တစ်ချက်ကြုံ့လိုက်ပြီး ချောင်းအနည်းငယ်ဆိုးနေရာမှ ပြောဆိုလိုက်သည်။


“စိတ်၀င်စားစရာပဲ… အဆင့်မြင့် ဥထမင်းကြော်က သလင်းကျောက်ဆယ်တုံး… ၀က်နံရိုးချုချဉ်ကြော်က သလင်းကျော်တုံး ၅၀ … ဒီဟင်းပွဲတွေက ဘာလို့အဲလောက်စျေးကြီးနေရတာလဲ…”


“ဘာကြောင့် ဟင်းပွဲတွေက စျေးကြီးရလဲဆိုတဲ့ အကြောင်းပြချက်ကတော့ ရိုးရှင်းပါတယ်… ငါ့ဆိုင်မှာရှိတဲ့ ပါ၀င်ပစ္စည်းတွေအားလုံးက အရည်အသွေးမှီပြီး အဆင့် အတန်းမြင့်တယ်… သူတို့ကို ချက်ပြုတ်တဲ့ နေရာမှာလဲ စနစ်ကျတယ်… ပီးတော့ ငါ့ဆိုင်က ဟင်းပွဲတွေက အရသာရှိရုံတင်မကဘူး… သိုင်းသမားတွေရဲ့ အစစ်အမှန်စွမ်းအင်တွေကိုလည်း တိုးမြင့်ပေးနိုင်ပြီး သွေးလည်ပတ်မှု ကောင်းမွန်စေတယ်… ဒါကြောင့် ဒီစျေးနှုန်းတွေကို တန်တယ်လို့ ပြောလို့ရတယ်…” ပုဖန်က အေးအေးဆေးဆေးပင် ပြန်လည်ရှင်းပြလိုက်သည်။


“မင်းရဲ့ဟင်းပွဲတွေက အစစ်အမှန်စွမ်းအင်တွေကို တို့မြင့်စေနိုင်တယ်…. ဟုတ်လား .. ဝိဉာဉ်သားရဲတွေတောင် ချက်ပြုတ်လိုက်ပြီဆိုရင် စွမ်းအင်အမြောက်အများ ဆုံးရှုံးသွားတာလေ… မင်းရဲ့ဟင်းပွဲတွေကို ဘယ်လို စီမံချက်ပြုတ်ထားလို့ သိုင်းသမားတွေရဲ့ အစစ်အမှန်စွမ်းအင်တွေကို တိုးမြှင့်ပေးနိုင်ရတာလဲ…” အင်ပါယာမင်းမြန်က သိချင်စိတ် ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။


“ဒါက လျို့ဝှက်ချက်…” ပုဖန်က အင်ပါယာမင်းမြတ်ကို ကြည့်၍ ပြောဆိုလိုက်သည်။


“အဟွတ်… ဟွတ်…”


 ရှောင်မန်က ချောင်းအနည်းငယ်ဆိုးလိုက်သည်။ ပုဖန်၏ စကားကြောင့် သူက အနည်းငယ် စိတ်အနှောက်အယှက် ဖြစ်သွားသည်မှာ သိသာပေသည်။ သို့သော် အင်ပါယာမင်းမြတ်က သူနှင့် ခြားနာစွာပင် ခေါင်းတစ်ဆတ်ဆတ် ညိမ့်၍ ပြောဆိုလိုက်သည်။


“အင်း မင်းရဲ့ ချက်ပြုတ်တဲ့ နည်းလမ်းတွေနဲ့ စီမံကိုင်တွယ်တဲ့ နည်းလမ်းတွေကတော့ ထူးခြားဆန်းပြားနေမှာ အမှန်ပဲ… ဟုတ်တာပေါ့… ဒါမျိုးက လျို့ဝှက်ချက်အဖြစ် ထားသင့်တယ်… လွယ်လွယ်ကူကူနဲ့ ထုတ်မပြောသင့်ဘူး… ငါ့ကို ဒီမှာရှိတဲ့ ဟင်းပွဲတိုင်းချပေး… ငါအဲဒီ ဟင်းပွဲတွေကို အရင်မြည်းကြည့်မယ်… ဒါမှပဲ ဘာကြောင့်သိုင်းသမားတွေရဲ့ အစစ်အမှန်စွမ်းအင်တွေကိ်ု တိုးမြှင့်ပေးနိုင်လဲဆိုတာ သိရမှာပေါ့…”


“ကောင်းပြီလေ… ခစလောက်စောင့်ပေးပါ… သူတို့မှာထားတာတွေ ချက်ပြီးတာနဲ့… ငါမင်းအတွက် ချက်ပေးမယ်…” ပုဖန်က ပြောဆိုလိုက်ပြီး မီးဖိုခန်းဘက်သို့ လှည့်ထွက်သွားလိုက်သည်။


“ဘာလို့ငါ့ဟင်းပွဲကို အရင်မချက်ပေးရတာလဲ…” အင်ပါယာမင်းမြတ်က စိတ်မပျော်မရွှင်ဖြစ်သွားပြီး မျက်မှောင်ကြုံ့၍ မေးမြန်းလိုက်သည်။


“ငါ့ဆိုင်မှာ စည်းမျဉ်းတစ်ချို့ရှိတယ်… အရင်မှာရင် အရင်ရမယ်…” ပုဖန်က ခပ်တည်တည်ပြန်ပြောလိုက်ပြီး မီးဖိုခန်းဆီသို့ ဆက်လျောက်သွားလိုက်သည်။ 


“အဟွတ်…အဟွတ်… ပိုင်ရှင်ပု… ငါတို့ရဲ့ ဟင်းပွဲတွေကို နောက်မှ ချက်ပေးလိ်ု့ ရပါတယ်… အရှင်မင်းကြီးအတွက် အရင်ချက်ပေးလိုက်ပါ…” ရှောင်မန်က ကိုးရို့ကားယား အမူအယာနှင့် ဟန်လုပ်ချောင်းဆိုးလိုက်ပြီး ၀င်ရောက်ပြောဆိုလိုက်သည်။ 


“ငါပြောပြီးပြီ မဟုတ်လား…. ငါ့ဆိုင်မှာ စည်းမျဉ်းတွေ သတ်မှတ်ထားတယ်…. အရင်မှာတဲ့သူ အရင်ရမယ်.. အခုလဲ မင်းရဲ့ဟင်းပွဲက အရင်မှာထားတဲ့အတွက် မင်းရဲ့ဟင်းပွဲကို ငါအရင် ချက်ရလိမ့်မယ်…” ပုဖန်က သူ့ကို မျက်မှောင်ကြုံ့၍ လှမ်းကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။


ပုဖန်က ပြောဆိုလိုက်ပြီး မီးဖိုခန်းအတွင်းသို့ ၀င်၍ ဟင်းပွဲများကို ဆက်လက်ချက်ပြုတ်လိုက်သည်။ ရှောင်မန်က ပုဖန်၏ စကားကို ကြားလိုက်ရသောကြောင့် ကြောင်အ မှင်သက်နေပေသည်။ ပုဖန်က ထိုသို့ တုံ့ပြန်ပြောဆိုမည်ဟု မမျော်လင့်ထားသောကြောင့် အကူအညီမဲ့စွာဖြင့် ပုဖန်ကို ကြောင်တောင်တောင် စိုက်ကြည့်နေမိပေသည်။ ထိုအချိန်တွင် အင်ပါယာမင်းမြတ်၏ မျက်နှာပေါ်မှ နူးညံ့သော အပြုံးမှာပျောက်ကွယ်သွားလေတော့သည်။ သူက သူ၏ လက်ချောင်းလေးများဖြင့် စားပွဲကို တစ်ဒေါက်ဒေါက်ခေါက်နေပြီး ပုဖန်၏ အမူအယာကို တွေးတောနေလေသည်။


“သူ့ရဲ့အမူအကျင့်က တော်တော်စိတ်၀င်စားဖို့ ကောင်းတာပဲ … ငါသူ့ကို အခွင့်အရေးတစ်ခုလောက် ပေးလိုက်မယ် သူ့ရဲ့ ဟင်းပွဲတွေက ငါ့ကို စိတ်ကျေနပ်မှု ကောင်းကောင်းမပေးနိုင်ရင် ဒီဆိုင်ရဲ့ အနာဂတ်က ဒီနေ့ပဲ အဆုံးသတ်သွားရမယ်… အင်ပါယာမြို့တော်ထဲမှာ ဆက်ရှိနေဖို့ မစဉ်းစားနဲ့တော့ ..” သူက တွေးတောနေလိုက်သည်။


သူက လေအလင်းအင်ပါယာ၏ ဧကရာဇ်တစ်ပါးဖြစ်ပြီး စည်းမျဉ်းများ၏ အထက်တွင် ထိုင်နေသည့် လူတစ်ယောက်ဖြစ်သည်။ သူ့ကို မည်သူကမျှ ပုဖန်ကဲ့သို့ လျစ်လျူရှုရဲကြမည် မဟုတ်ချေ။ ပုဖန်က သူ၏ အေးတိအေးစက် အမူအယာနှင့် ဧကရာဇ်၏ ဒေါသကို လှုံ့ဆော်သွားခဲ့ပေသည်။ ရှောင်မန်နှင့် ဂျိချန်းရွဲ့တို့က ပျားအုံကို တုတ်ဖြင့် ထိုးလိုက်သော ပုဖန်ကြောင့် သူတို့၏ ရင်ဘက်ထဲတွင် ဘင်ခရာတီးနေသကဲ့သို့ တစ်ဒုံးဒုံး တစ်ဒိုင်းဒိုင်း ဖြစ်နေကြပေသည်။