အပိုင်း ၆၄
Viewers 52k

အခန်း ၆၄ “ဥထမင်းကြော်နဲ့ ငါးခေါင်းတို့ဟူး စွပ်ပြုတ်က လိုက်ဖက်တယ်”


ဆိုင်အတွင်းမှ လေထုက အေးစက် ငြိမ်သက်နေပေသည်။ အင်ပါယာမင်းမြတ်ဆီမှ ထွက်ပေါ်နေသော ဖိနှိပ်နိုင်သည့် အရှိန်အဝါများကြောင့် ရှောင်မန်နှင့် ဂျိချန်းရွဲ့တို့က အသက်ပင် ရဲရဲ မရှူရဲကြချေ။ အင်ပါယာ ချန်းဖန်က ကျော်ကြားသော ဘုရင်တစ်ပါဖြစ်ပြီး ငယ်ရွယ်စဉ်အချိန်က တိုင်းပြည်၏ အစွန်အဖြားဒေသများရှိ မရေမတွက်နိုင်သော ဂိုဏ်းပေါင်းများစွာကို နှိမ်နင်းဖျက်စီးခဲ့သောကြောင့် သတ်ဖြတ်ခြင်းနတ်ဘုရားအဖြစ် ထင်ရှားကျော်ကြားခဲ့ပြီး ယခုထက်တိုင်ပင် သူ၏ ခန္ဒာကိုယ်မှ သေဆုံးခြင်းအငွေ့အသက်များ ပျံ့လွင့်လျက်ရှိနေဆဲပင် ဖြစ်သည်။


“အရှင်မင်းမြတ် ဒီဆိုင်ရဲ့ နောက်ခံက လုံး၀မရိုးရှင်းဘူး…. အရှေ့မှာလှဲနေတဲ့ ခွေးနက်ကြီးက အလွန်ကြောက်စရာကောင်းတဲ့ အဆင့်မြင့်သားရဲကောင်ဖြစ်တယ်… ဒါကြောင့် ဒီဆိုင်ကို ဖျက်ဆီးချင်ရင်တော့ လွယ်ကူမှာမဟုတ်ဘူး… အခက်အခဲတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်…..” ရှောင်မန်က မျက်မှောင်ကြုံ့လိုက်ပြီး အင်ပါယာမင်းမြတ်အနီးသို့ တိုးကပ်လိုက်ကာ လေသံတိုးတိုးနှင့် ပြောဆိုလိုက်သည်။


“စစ်သေနာပတိချုပ်ရှောင်… မနေ့က မင်းလျောက်တင်ထားတာအားလုံးကို ငါမှတ်မိပါတယ်… တစ်ယောက်ယောက်က ဆိုင်ထဲမှာ ပြသနာရှာမယ်ဆိုရင် အဲဒီ နတ်ဆိုးသားရဲက ၀င်ရောက်ဖြေရှင်းလိမ့်မယ်… ငါပြောတာမှန်တယ်မဟုတ်လား…” ရှောင်မန်၏ သတိပေးစကားကို ကြားလိုက်ရသောအခါ အင်ပါယာမင်းမြတ်က နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်သွားအောင် ပြုံးလိုက်ပြီး ပြောဆိုလိုက်သည်။


“ဟုတ်ပါတယ် အရှင်မင်းမြတ် …” ရှောင်မန်က တခဏမျှ ကြောင်အသွားပြီး ပြန်ဖြေလိုက်သည်။


“ဒီလိုဆိုမှတော့ အရမ်းကို လွယ်ကူသွားပြီလေ…ဆိုင်ထဲမှာ ပြသနာမရှာရင် သူက ၀င်ပြီး မနှောက်ယှက်ဘူးလေ… ဆိုင်ကို ဖြိုချရုံပဲဆိုရင် နည်းလမ်းများစွာရှိတယ်… ဆိုင်ကိုလဲဖြိုချမယ်.. နတ်ဆိုးသားရဲကိုလည်း မနှောက်ယှက်အောင်ဆိုရင်တော့ နည်းလမ်းမရှိဘူး… ဒါပေမယ့် နည်းလမ်းမရှိဘူးဆိုတာက တစ်ခြားသူတွေအတွက်ပဲ .. ငါ့မှာနည်းလမ်းမရှိဘူးလို့ မဆိုလိုဘူး…” အင်ပါယာမင်းမြတ်က ခုံကို တစ်ဒေါက်ဒေါက် ခေါက်နေရာမှ ပြောဆိုလိုက်သည်။


“အရှင်မင်းမြတ်က ဒီဆိုင်ကို ဖျက်ဆီးဖို့ စိတ်ကူးနေတယ်ဆိုတော့ ဒီ နတ်ဆိုးလိုမျိုး သားရဲကောင်ကို နှိမ်နင်းနိုင်မယ့် လူမျိုး မြို့တော်ထဲမှာရှိနေလို့လား…..” ရှောင်မန်က ကြောင်တောင်တောင်နှင့် စဉ်းစားနေမိသည်။


“စစ်သေနာပတိရှောင်… မင်းက မြို့ပြင်မှာပဲ နေတာများတော့ စီးပွားရေး နည်းဗျူဟာတွေကိ်ု နားမလည်ဘူးပဲ… ဒီဆိုင်မှာ နတ်ဆိုးသားရဲရှိတော့ရော လာဖြစ်လဲ.. ဒီစားသောက်ဆိုင်ငယ်လေးမှာ စားသုံးသူတွေမရှိဘူးဆိုရင် သူ့ရဲ့ စီးပွားရေးကို ဆက်လုပ်လို့ ရနိုင်ပါဥိးမလား…” အင်ပါယာမင်းမြတ်က ခပ်ပြုံးပြုံးနှင့် ထပ်မံရှင်းပြလိုက်သည်။


“ဟုတ်တာပေါ့… ဒီနတ်ဆိုးသားရဲက စားသောက်ဆိုင်ထဲမှာ ပြသနာမရှာဘူးဆိုရင် ၀င်ရောက်စွတ်ဖက်မှာ မဟုတ်ဘူးလေ…” ရှောင်မန်က သဘောပေါက်သွားပြီး တွေးလိုက်မိသည်။ 


“စားသောက်ဆိုင်ထဲမှာ ပြသနာမရှာရင် သူက ၀င်ရောက်စွတ်ဖက်မှာမဟုတ်ဘူး ဆိုတော့ စီးပွားရေးအရ တိုက်ခိုက်မယ်ဆိုရင် ဒီဆိုင်က ချွတ်ခြုံကျသွားမှာပဲ …”


“ဒီကိစ္စကို စစ်သေနာပတိရှောင်က စိုးရိမ်နေစရာမလိုပါဘူး.. ငါက မစဉ်းစားမဆင်ခြင်ပဲနဲ့ စကားကို လက်လွတ်စပယ် ပြောလိုက်မှာ မဟုတ်ဘူးလေ… ဒါပေမယ့်လဲ … ပိုင်ရှင်ပုရဲ့ ဟင်းပွဲတွေက ငါ့ကို စိတ်ကျေနပ်စေတယ်ဆိုရင် သူ့ရဲ့စီးပွားရေးကို ဖျက်လိုဖျက်စီးလုပ်စရာ အကြောင်း မရှိဘူးလေ…” ဂျိချန်းဖန်က ရယ်ရယ်မောမောနှင့် သူ၏ မုတ်ဆ်ိတ်များကိုသပ်၍ ပြောဆိုလိုက်သည်။


“ရှောင်ယီ… ဟင်းပွဲရပြီ…” သူတို့ စကားပြောနေစဉ်တွင် ပုဖန်၏ အော်ခေါ်သံက ထွက်ပေါ်လာခဲ့သည်။


“စိတ်ပုပ်သူဌေး…နင့်ရဲ့ ဟင်းပွဲတွေက သူ့ကို စိတ်ကျေနပ်မှု မပေးနိုင်ဘူးဆိုရင် နင့်ဆိုင်ကို တစ်ခြားစားသုံးသူတွေ မလာနိုင်အောင် လုပ်ပစ်မယ်လို့ အင်ပါယာမင်းမြတ်က ပြောနေတာကြားတယ်…” ရှောင်ယီက ဟင်းပွဲကို လာယူနေရင်းဖြင့် ပုဖန်အနီးသို့ တိုးကပ်လိုက်ပြီး တီးတိုးပြောဆိုလိုက်သည်။


“အိုး… ဟုတ်လား…” ပုဖန်က မထူးဆန်းသလိုပင် ခပ်အေးအေးအမူအယာနှင့် ပြောဆိုလိုက်သည်။


“အာ…. စိတ်ပုပ်သူဌေး… နင်က မစိုးရိမ်ဘူးလား…” ကွမ်းရှောင်ယီက စူပုပ်ပုပ်ဖြင့် မေးလိုက်မိသည်။ သူမက စေတနာဖြင့် ပြောပြလိုက်သော်လည်း ပုဖန်က အရေးထားခြင်းပင် မရှိပေ။ 


“စိုးရီမ်စရာ ဘာမှမရှိဘူး… ငါကဘယ်သူမို့လဲ ချက်ပြုတ်ခြင်း နတ်ဘုရားတစ်ပါးလေ… ငါချက်ပြုတ်လိုက်တဲ့ ဟင်းပွဲတွေကို စားပြီးတော့ စိတ်မကျေမနပ် ဖြစ်နေတဲ့သူ တွေ့ဖူးလို့လား….” ပုဖန်က ရှောင်ယီ၏ ခေါင်းကိုခပ်ဖွဖွ ပုတ်ပေးလိုက်ပြီး မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။


ကွမ်းရှောင်ယီက ယုံကြည်ချက်အပြည့် ရှိနေသော ပုဖန်ကို ကြည့်၍ မှင်သက်နေမိသည်။ သူမ၏ မျက်၀န်းများက တောက်ပနေပြီး တွေးတောမိလိုက်သည်။


“အား… စိတ်ပုပ်သူဌေးရဲ့ ယုံကြည်မှုအပြည့်နဲ့ ပြောနေတဲ့ ပုံက ကြည့်ကောင်းလိုက်တာ…”


“ရှောင်ယီ … ဟင်းပွဲသွားချပေးလိုက်လေ… စားသုံးသူကို မစောင့်ရစေနဲ့…” ပုဖန်က သတိပေးလိုက်မှ ကွမ်းရှောင်ယီက သတိ၀င်လာပြီး ခေါင်းညိမ့်ပြလိုက်ကာ စိတ်အားထက်သန်စွာဖြင့် ဂျိချန်းရွဲ့၏ စားပွဲထံသို့ လျောက်သွားလိုက်သည်။


“အရှင့်သားအကိုကြီး… ဒီမှာနင့်ရဲ့ ငါးမူးပျံဟင်းရပါပြီ… ကောင်းကောင်းသုံးဆောင်ပါ…” ရှောင်ယီက နှစ်လိုဖွယ်ကောင်းစွာ ပြုံးပြလိုက်ပြီး ဟင်းပွဲကို ချပေးလိုက်သည်။ ဂျိချန်းရွဲ့က ရှောင်ယီကို ခေါင်းညိမ့်ပြလိုက်ပြီး ငါးမူးပျံဟင်းမှ ငါး၏ နှစ်လိုဖွယ်ရာ ရနံ့နှင့် ဝိုင်၏ဆွဲဆောင်မှုကို ခံလိုက်ရသော သူ၏ ခမည်းတော်ကို လှမ်းကြည့်လိုက်မိသည်။


ဂျိချန်းဖန်၏ အကြည့်များက ငါးမူးပျံဟင်းပေါ်တွင်သာ တစ်ရစ်ဝဲဝဲ ဖြစ်နေပြီး တံတွေူမြိုချမိလိုက်သောကြောင့် သူ၏ တွဲကျနေသော ပါးရည်များပင် တုန်ခါနေလေသည်။ 


“ခမည်းတော်… ဒီဟင်းပွဲကို မြည်းကြည့်ချင်ပါလား….” ဂျိချန်းရွဲ့က တရိုတသေနှင့် ဟင်းပွဲကို ကမ်း၍ ပြောဆိုလိုက်သည်။


“မလိုပါဘူး… မင်းရဲ့ ဟင်းပွဲကို မင်းပဲစားပါ…ငါ့အတွက်စားစရာတွေမှာထားပြီးပြီ…. ဒါနဲ့ ဒီဟင်းပွဲရဲ့ နာမည်က ဘာလဲ…”


“ငါးမူးပျံဟင်းလို့ခေါ်ပါတယ်….” ဂျိချန်းရွဲ့က တရိုတသေအမူအယာနှင့် ပြန်ဖြေလိုက်သည်။ ဂျိချန်းဖန်က ခေါင်းညိမ့်ပြလိုက်ပြီး သူ၏ မျက်လုံးများကိုမှိတ်၍ တိတ်ဆိတ်သွားလေသည်။


“ဘာကြောင့်သူက ငါ့ကို အလေးမထားတာလဲ…. ငါက သူ့သားပဲလေ… တိုက်ပွဲတွေလည်း မရေမတွက်နိုင်အောင် တိုက်ခိုက်ပေးခဲ့တယ်…. ဒါတောင်မှ ငါ့ကို အလေးအနက်မထားဘူးလား…” ဂျိချန်းရွဲ့က သက်ပြင်းတစ်ချက်ချလိုက်ပြီး စိတ်ဓာတ်ကျစွာ တွေးတောနေလိုက်သည်။


ရှောင်မန်က ကူရာကယ်ရာမဲ့စွာ ခံစားလိုက်ရသည်။ သူက ဂျိချန်းရွဲ့၏ စားပွဲဆီသို့ လျောက်သွားလိုက်ပြီး ဝိုင်ခွက်ကို ငှဲ့၍ အတူသောက်နေလိုက်သည်။ ထိုအချန်တွင် မီးဖိုခန်းဘက်ဆီမှ သင်းပျံ့မွှေးကြိုင်သော ရနဲ့များက နောက်ထပ်တစ်ကြိမ် ထွက်ပေါ်လာကြသည်။ အင်ပါယာမင်းမြတ်က မျက်လုံးများကို ထပ်မံဖွင့်လှစ်လိုက်သည်။


“ခမည်းတော်… သားတော်က ဒီနေ့ စစ်ချီအခမ်းအနားကို တက်ရောက်ရမှာမို့ အရင်သွားနှင့်ပါမယ်….” ဂျိချန်းရွဲ့က သူ၏ ဟင်းပွဲများကို စားသောက်ပြီးစီးသွားသောကြောင့် ထိုင်ရာမှထလိုက်ပြီး တရိုတသေဖြင့် ပြောဆိုလိုက်သည်။


အင်ပါယာမင်းမြတ်က ခေါင်းတစ်ချက်သာ ညိမ့်ပြလိုက်ပြီး ထွက်သွားနိုင်ပြီဖြစ်ကြောင်း လက်ကို ဝေ့ရမ်း၍ အချက်ပြလိုက်သည်။ ဂျိချန်းရွဲ့က အင်ပါယာမင်းမြတ်၏ ပုံရိပ်ကို အဓိပ္ပါယ်ပြည့်၀စွာနှင့် တစ်ကြည့်လိုက်ပြီး လေအလျင်ကဲ့သို့ လျင်မြန်စွာဖြင့် ထွက်ခွာသွားလေတော့သည်။


“ရှောင်ယီ… ဟင်းပွဲလာချပေး…” ထိုအချိန်တွင် မီးဖိုခန်းအတွင်းမှ ပုဖန်၏ အသံက ထွက်ပေါ်လာလေတော့သည်။


ယခု သွားရောက်ဆောင်ယူပေးရမည်မှာ အင်ပါယာမင်းမြတ်၏ ဟင်းပွဲ ဖြစ်ကြောင်းကို သိရှိလိုက်သောကြောင့် ရှောင်ယီ၏ မျက်ခုံးများ မြင့်တက်သွားကြသည်။ ပုဖန်၏ ဟင်းပွဲများအပေါ်မှ အင်ပါယာမင်းမြတ်၏ ထင်မြင်ချက်ကို အလွန်သိချင်နေသောကြောင့် ကွမ်းရှောင်ယီက စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ ကွမ်းရှောင်ယီက ပုလဲရောင်တောက်ပနေသော ထမင်းစ်ိလေးများပေါတွင် ရွှေအိုရောင်သမ်းနေသော ဥကြော်တစ်လုံးဖုံးအုပ်ထားသော သင်းပျံ့မွှေးကြိုင်နေသော ပန်းကန်ကို သယ်ဆောင်လာခဲ့လိုက်သည်။


“အဖိုးအင်ပါယာမင်းမြတ်… ဒီမှာ ဥထမင်းကြော်ရပါပြီ… ကောင်းကောင်းသုံးဆောင်ပါ…” ရှောင်ယီက စားပွဲပေါ်တွင် ချပေးလိုက်ပြီး ပြောဆိုလိုက်သည်။ သူမက မျော်လင့်ချက်အပြည့်ဖြင့် အင်ပါယာမင်းမြတ်ကို စိုက်ကြည့်နေလိုက်သည်။


“ကောင်းပြီ… ကောင်းပြီ… ရှောင်ယီ… နင်ကဘာလို့ ဒီမှာ စားပွဲထိုးလုပ်နေတာလဲ… နင့်အဖိုးကရော ဒါကို ခွင့်ပြုထားတာလား…” အင်ပါယာမင်းမြတ်က ရှောင်ယီ၏ ခေါင်းကို ညင်သာစွာပုတ်လိုက်ပြီး နူးညံ့ချိုသာစွာ ပြောဆိုလိုက်သည်။


“ဟုတ်… အဖိုးက သမီးဒီလိုလာတာကို မတားရဲဘူးလေ.. တားရဲရင် သူ့ရဲ့ မုတ်ဆိတ်မွှေးတွေအကုန် ဆွဲနှုတ်လိုက်မှာပေါ့…” ရှောင်ယီက သူမ၏ မျက်၀န်းလေးများကို မှေးကျဉ်းလိုက်ပြီး ပြန်လည်ပြောဆိုလိုက်သည်။


အင်ပါယာမင်းမြတ်က ရယ်မောလိုက်ပြီး သူ၏ အကြည့်များကို ထမင်းကြော်ပန်ကန်ထံသို့ ရွေ့လိုက်လေသည်။ ဘုရင်မင်းမြတ်တစ်ပါး ဖြစ်နေသောကြောင့် သူ၏ အစားအသောက်ဟင်းပွဲများ၏ လိုအပ်ချက်များကို တင်းကြပ်ထားပေသည်။ အင်ပါယာနန်းတော်အတွင်းမှ တော်၀င်စားဖိုဆောင်အတွင်းရှိ စားဖိုမှုးများက လေအလင်းအင်ပါယာအတွင်းရှိ အတော်ဆုံး၊ အကောင်းဆုံး စားဖိုမှုးများအတွင်းမှ စိတ်ကြိုက်ရွေးချယ်ထားခြင်း ဖြစ်ပေသည်။ ထိုစားဖိုမှုးများ၏ လက်ရာက အင်ပါယာတစ်ခုလုံးတွင် အကောင်းဆုံးပင် ဖြစ်သည်။


သူမြည်းစမ်းခဲ့ဖူးသော ဟင်းလျာများက အလွန်အမင်း များပြားလှသောကြောင့် အစားအသောက်အပေါ်တွင် အကဲဖြတ်နိုင်စွမ်းက သာမာန်လူများနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။ ဥထမင်းကြော်ကိုကြည့်လိုက်သည်နှင့် အနံ့ မရှိ်လျင်ပင် သူ့ကို အလွန်အမင်း စွဲဆောင်နေပေသည်။ ဆန်စိလေးများက လုံး၀န်းလှပနေပြီး ဥကို ၈၀% ခန့် ကျက်အောင် ကြော်ထားပြီး လက်ရာမြောက်လှပေသည်။


မြင်နေကြ သာမာန်ဥထမင်းကြော်များနှင့် လုံး၀ကို မသက်ဆိုင်နေပေ။ သူက ထမင်းကြော်၏ အရသာကို မြည်းကြည့်ရန်အတွက် ကြွေဇွန်းကို အသုံးပြု၍ တစ်ဇွန်းခပ်လိုက်သည်။ ထမင်းကြော်ကိုခပ်လိုက်သည်နှင့် ဥအနှစ်လေးက မိုးကောင်းကင်ကို ကြိုးဖြင့် သွယ်တန်းတော့မည်ကဲ့သို့ အမျှင်တန်း၍ ပါလာပေသည်။ အနံ့ကလည်း ပို၍ ပြင်းထန်စွာ ပေါက်ကွဲထွက်ပါလာပြီး တစ်ကိ်ုယ်လုံးက အနံ့ပင်လယ်ထဲတွင် မျောပါသွားသကဲ့သို့ ခံစားလိုက်ရသည်။


ဇွန်းကိုပါးစပ်အတွင်းထည့်လိုက်သည်နှင့် ဥအနှစ်လေးများက ပါးစပ်အတွင်းတွင် အရည်ပျော်၍ လည်ချောင်းအတွင်းသို့ ၀င်ရောက်သွားလေတော့သည်။ ထိုအရသာက တစ်မူထူးခြားသော ခံစားမှုကို ပေးစွမ်းနိုင်သောကြောင့် လျှာကိုပင် မြိုချလုမတက် ဖြစ်သွားစေသည်။ အင်ပါယာမင်းမြတ်က တစ်ဇွန်းစားလိုက်ပြီးနောက် သူ့ကိုသူ မထိန်းချုပ်နိုင်ပဲ နောက်တစ်ဇွန်း ထပ်စားလိုက်မိသည်။ ထိုလှုပ်ရှားမှုက မျက်စိဖြင့် မမြင်နိုင်လောက်အောင်ပင် အလွန်လျင်မြန်နေပေသည်။


“အရမ်းကိုမွှေးကြိုင်နေပြီးတော့ အရသာကလဲ ကောင်းလွန်းတယ်….” အင်ပါယာမင်းမြတ်၏ မျက်၀န်းများက တောက်ပနေပြီး တစ်တွတ်တွတ် ရေရွတ်နေမိသည်။ သူက ထိုမျှ အရသာ ကောင်းမွန်သော အစားအသောက်များကို မစားသောက်ရသည်မှာ အလွန်ကြာမြင့်နေပြီ ဖြစ်သည်။ ထို့ကြောင် ထိုအရသာကို သူ၏ အရိုးများအတွင်းမှပင် တောင့်တနေသကဲ့သို့ ခံစားနေရသည်။ သူက ဥထမင်းကြော်ကို ပျော်ရွှင်စွာ စားသောက်နေသည့်အချိန်တွင် ရှောင်ယီက ငါးခေါင်းတို့ဟူး စွပ်ပြုတ်ကို ကြီးမားသည့် ကြွေပန်းကန်လုံးတစ်ခုနှင့် သယ်ဆောင်လာခဲ့သည်။


နို့နှစ်ရောင် စွပ်ပြုတ်လေးများက ပန်းကန်လုံးအတွင်းတွင် ဘောင်ဘင်ခတ်နေပြီး သလင်းကြည်ရောင်တို့ဟူးနှင့် လတ်ဆတ်သော ငါ့၏ ရနံ့များက အတူတကွ ပေါင်းစပ်နေသည်။


“အဖိုအင်ပါယာမင်းမြတ် … ဥထမင်းကြော်နဲ့ ငါးခေါင်းတို့ဟူးစွပ်ပြုတ်ကို တွဲဖက်စားသောက်ကြည့်ပါ… ဒီငါးခေါင်းတို့ဟူး စွပ်ပြုတ်က ရှောင်ယီ့ရဲ့ အကြိုက်ဆုံး အစားအစာပဲ….” 


ကွမ်းရှောင်ယီက အစားအသောက်တွင် ယဇ်မူးပျော်ရွှင်နေသော အင်ပါယာမင်းမြတ်၏ အမူအယာကို မြင်လိုက်ရသည်နှင့် သူမ၏ နှလုံးသားထဲတွင် ပန်းပေါင်းတစ်ထောင် ပွင့်လန်းလာသကဲ့သို့ စိတ်ကျေနပ်မှုကို ခံစားလိုက်ရသည်။ သူမက စွပ်ပြုတ်ကို ပန်ကန်အသေးဖြင့် မထည့်ပေးတော့ပဲ ချပေးလိုက်လေသည်။


မွှေးပျံ့သင်းကြိုင်နေသော နို့နှစ်ရောင်စွပ်ပြုတ်က ဥထမင်းကြော်နှင့် တွဲဖက်စားသုံးပါက ကောင်းမွန်သော အရသာကို ဖြစ်ပေါ်စေနိ်ုင်ကြောင်းကို ကြားလိုက်ရသောကြောင့် အင်ပါယာမင်းမြတ်၏ စားခြင်စိတ်ကို ဆွဲဆောင်သွားပြီး ဗိုက်အတွင်းမှ သံစုံတီးဝိုင်း တီးခတ်နေသကဲ့သို့ အသံများ ထွက်ပေါ်လာခဲ့သည်။


သူက စွပ်ပြုတ်ကို မြည်းကြည်လိုက်လေသည်။ ပြီးပြည့်စုံသော အရသာက သူ၏ လျှာပေါ်တွင် ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရပြီး အရသာခံအာရုံကြောများ အားလုံးကို လွမ်းမိုးသွားလေသည်။


“အိုး … ဒီစွပ်ပြုတ်က အရမ်းအရမ်းကို ကောင်းမွန်လွန်းတယ်…” 


“အရှင်မင်းမြတ် … ဒီစွပ်ပြုတ်ကို စိတ်ကျေနပ်တာ တစ်ကယ်ကိုကောင်းလွန်းတယ်… အရှင်မင်းမြတ်စိတ်ကျေနပ်တယ်ဆိုမှတော့ ဒီဆိုင်ကို နှောက်ယှက်ဖျက်စီးစရာမလိုတော့ဘူး… နတ်ဆိုးသားရဲနဲ့လဲ မျက်နှာချင်းဆိုင် တိုက်ခိုက်နေစရာ မလိုတော့ဘူး… အရှင်မင်းကြီးပျော်ရင် အကုန်လုံးပျော်ရတယ်….” ရှောင်မန်က သက်ပြင်းတစ်ချက်ချ၍ ပြောဆိုလိုက်သည်။