အပိုင်း ၆၅
Viewers 52k

အခန်း ၆၅ “လူငယ်လေး ငါ့ဆီမှာအလုပ်လာလုပ်”


လမ်းကြားလေး၏ အ၀င်၀တွင် သံချပ်ကာအပြည့် ၀တ်ဆင်ထားသော အင်ပါယာနန်းတော်မှ အစောင့် တပ်စားများက တည်ငြိမ်စွာနှင့် စီတန်းရပ်နေကြသောကြောင့် လမ်း၀ကိုပင် ပိတ်နေပေသည်။ သူတို့၏ ရှေ့တွင် ပိုးထည်၀တ်ရုံကို ၀တ်ဆင်ထားသော လျန်ဖုက စိုးရိမ်သောက ရောက်နေသော အမူအယာနှင်သူ၏ သားမွှေး လတ်နတ်ိကု ဝေ့ရမ်းလျက် ခေါက်တုံ့ခေါက်ပြန် လျောက်နေပေသည်။ တခဏအကြာတွင် သူက ရပ်တန့်လိုက်ပြီး သူ့ရှေ့တည့်တည့်မှ စားသောက်ဆိုင်ငယ်လေးကို စိုက်ကြည့်နေလိုက်သည်။


“အရှင်မင်းမြတ်က ဒီလိုတော့ မလုပ်သင့်ပါဘူး… ငါက သူ့ရဲ့ အစားအသောက်တွေကို နှိုက်စားမှာလဲ မဟုတ်ပဲနဲ့ ငါ့ကို ဆိုင်ထဲကို မလိုက်ခိုင်းဘူး…” လျန်ဖုက မကျေမနပ် ရေရွတ်နေလိုက်ပြီး ပတ်၀န်းကျင်ကို သတိမပြတ် စောင့်ကြည့် အကဲခတ်နေလိုက်သည်။ အင်ပါယာမင်းမြတ်က နန်းတော်မှ ထွက်ခွာလာသည်မှာ သာမာန်ကိစ္စမဧုတ်နေပေ။ ဂိုဏ်း အသီးသီးမှ ကျွမ်းကျင်ပညာရှင်များက ထိုအကြောင်းကို သိရှိသွားပါက လုပ်ကြံသတ်ဖြတ်သူ အစုအဝေးလိုက် ရောက်ရှိလာနိုင်ပေသည်။ ပုံရိပ်လေးတစ်ခုက စီတန်းထားသော တပ်သားများအကြားမှ ဖြတ်လျောက်လာသောကြောင့် ကို့ရို့ကားယား ဖြစ်သွားကြသည်။


“အရှင့်သားလဲ ဒီမှာရှိနေတာလား.. ဘယ်လောက်တိုက်ဆိုင်လိုက်လဲ…” လျန်ဖုက သူ၏ လက်မနှင့် လက်ခလယ်ကို စု၍ လက်ဟန်အမူအယာနှင့် ပြောဆိုလိုက်သည်။


ဂျိချန်းရွဲ့၏ အမူအယာက အနည်းငယ်ပြောင်းလဲသွားပြီး အဝေးသို့ လျောက်ထွက်သွားလိုက်သည်။ သူ၏ ၀တ်ရုံစများက လေထဲတွင် တစ်ဖြတ်ဖြတ် လွင့်ခါနေပေသည်။ လျန်ဖုက ထွက်ခွာသွားသော ဂျိချန်းရွဲ့ကိုကြည့်၍ တွေးလိုက်မိသည်။


“အင်း ..ကြည့်ရတာတော့ အရှင်မင်းကြီးနဲ့ အရှင့်သားနဲ့က ဆိုင်ထဲမှာ တွေ့ကြပြီးပြီ ထင်တယ်… သူတို့နှစ်ယောက် အဆင်ပြေတဲ့ပုံမရဘူး…”


“တော်၀င်မျိုးနွယ်တွေဆိုတာလဲ ဆွေမျိုးမရှိဘူးလို့ ပြောလို့ရတယ် … တော်၀င်သွေးပါတဲ့ မိသားစုတိုင်းက နန်းတော်ထဲက အရှုပ်အထွေးတွေကို ရင်ဆိုင်ရမှာပဲ… ပြီးတော့ အရှင်မင်းကြီးကလဲ တတိယမင်းသားကိုမနှစ်သက်ဘူး…သူဘယ်လောက်ပဲ လုံ့လ၀ရိယရှိရှိ ဘယ်လောက်ထူးချွန်ထူးချွန်… အရှင်မင်းကြီးက နှစ်သက်မှာမဟုတ်ဘူး….”


“ဟေး … အာရုံစိုက်ကြစမ်း… ဒီနေရာမှာ အရှင်မင်းကြီး ရှိနေတယ်… အကယ်၍ အရှင်မင်းကြီးသာ တစ်စုံတစ်ခု ဖြစ်သွားမယ်ဆိုရင် ဘာတွေ ဆက်ဖြစ်လာမယ်ဆိုတာ… မင်းတို့ သိကြတယ်မဟုတ်လား….” လျန်ဖုက အစောင့်တပ်သားများကို သတိပေးလိုက်သည်။


“အိုး… ဒါက မိန်းမစိုးခေါင်းဆောင် လျန်မဟုတ်လား.. မတွေ့ရတာတောင် တော်တော်ကြာပြီပဲ…” ထိုအချိန်တွင် အသံတစ်ခုက ထွက်ပ်ါလာခဲ့သည်။


လျန်ဖုက ဇဝေဇဝါဖြင့် သူ့အနားသို့ ရောက်ရှိလာသော သူကို ကြည့်လိုက်မိသည်။ ထိုသူက ပိန်ပိန်ပါးပါးနှင့် ရုပ်အလွန်ဆိုးပြီး အောက်တန်းကျမည့် သွင်ပြင်လက္ခဏာမျိုးရှိသော်လည်း ခါးတွင် စိမ်းစိုလဲ့နေဝေသာ ကျောက်စိမ်းပါသည့် ခါးပတ်ကို ၀တ်ဆင်ထားပေသည်။ လက်ချောင်းများတွင်လည်း လက်စွပ်များ အပြည့် ၀တ်ဆင်ထားပြီး တန်ဖိုးကြီးသော ပိုးထည်ကို ၀တ်ဆင်ထားသောကြောင့် သူဌေးတစ်ယောက်နှင့် တူနေပေသည်။


“မင်းက …” လျန်ဖုက မမှတ်မိဟန်နှင့် ပြောဆိုလိုက်သည်။ 


“ဒီလို ရုပ်ဆိုးဆိုး… အသက်ကြီးကြီးနဲ့ ကြမ်းကြုတ်တဲ့ပုံပေါ်တဲ့သူမျိုး… ငါ့အသိထဲမှာရှိလို့လား….”


“မိန်းမစိုး အကြီးအကဲ လျန်က မမှတ်မိဘူးထင်တယ်… ငါက ထာ၀ရ ရှင်သန်သော ဖီးနစ် စားသောက်ဆိုင် ပိုင်ရှင်လေ… အရှင်မင်းကြီးနဲ့ မိန်းမစိုးလျံတို့တောင်မှ ကျွန်တော့်ဆိုင်မှာ လာစားကြသေးတယ်လေ… အဲဒီတုန်းက ငါကိုယ်တိုင်ပဲ ဧည့်၀တ်ပြုခဲ့တာလေ…” ထိုသူက သူ့ကို မမှတ်မိသော လျန်ဖုကို စိတ်ထဲမထားပဲ ပြန်လည်ရှင်းပြလိုက်သည်။


“အိုး… ဟိုးဟိုး… မင်းရဲ့နံမည်က ချမ်…. ချမ်း…” လျန်ဖုက မျက်မှောင်ကြုံ့နေပြီး အသဲအသန် တွေးတောနေရဟန်ဖြင့် လက်ညိုးတစ်ထိုးထိုး ဖြစ်နေပေသည်။ 


“ကုန်းကုန်း… ဒီနိမ့်ပါးတဲ့ လူနံမည်က ချမ့်ပေါင်ပါ…” ထိုသူက သူ၏နံမည်ကို ပြန်လည်ပြောပြလိုက်သည်။ လျန်ဖုက ပြန်လည်သတိရသွားပြီး ပြောဆိုလိုက်သည်။


“အာ.. ဟုတ်သားပဲ… မင်းက ချမ့်ပေါင်ပဲ… ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင် ပိုင်ရှင်က ဒီမှာဘာလုပ်နေတာလဲ…”


“ဒီနိမ့်ပါးတဲ့သူက ဒီနေရာကို ဖြတ်လျောက်လာရင်းနဲ့ ကုန်းကုန်းကို တွေ့လို့ ၀င်နှုတ်ဆက်တာပါ…. ကုန်းကုန်းက ကျွန်တော်မျိုးဆိုင်ကို မလာတာလဲ ကြာနေပြီလေ…. တစ်ကယ်လ်ို့ ကုန်းကုန်းမှာသာ အချိန်ရှိမယ်ဆိုရင် ဆိုင်ကို တစ်ခေါက်လောက် လာပါဦးလား… ဆိုင်ကို ကုန်းကုန်းအလည်လာတာက ဆုလာဒ်ကြီးတစ်ခု ချီးမြင့်ပေးသလိုပါပဲ…” ထိုသူက ကျိုးကျိုးနွံနွံ ပုံစံဖြင့် ပြောဆိ်ုလိုက်သည်။


ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်မှ အစားအသောက်များက အလွန်ကောင်းမွန်သောကြောင့် လေအလင်း အင်ပါယာအတွင်းတွင် နံပါတ်တစ် စားသောက်ဆိုင်အဖြစ် ရပ်တည်နေနိုင်ခြင်း ဖြစ်သည်။ သို့သော် လျန်ဖုက ပုဖန်၏ ဟင်းပွဲများကို မြည်းစမ်းစားသောက်ပြီးနောက် ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်မှ အစားအသောက်များကို မဆိုနှင့် အင်ပါယာနန်းတော်အတွင်းမှ စားသောက်ဖွယ်ရာများကိုပင် အရသာ မတွေ့တော့ပေ။ ထို့ကြောင့် သူက ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်ကို သွားရောက်စားသောက်လိုခြင်း မရှိတော့ပေ။


“အိုး.. ဟုတ်တာပေါ့…. ငါအားတဲ့အချိန်ကျရင် လာခဲ့ပါ့မယ်…” လျန်ဖုက သူ၏ စိတ်ထဲမှ အတွေးများကို ဖုံးကွယ်လိုက်ပြီး ပြန်လည်ပြောဆိုလိုက်သည်။ 


“ကုန်းကုန်းလာမယ့်နေ့ကို ဒီနိမ့်ပါးတဲ့သူက မျှော်နေပါ့မယ်…” ချမ့်ပေါင်က လျန်ဖု၏ သဘောထားအမှန်ကို မသိသောကြောင့် ပျော်ရွှင်၀မ်းမြောက်စွာ ပြောဆိုလိုက်သည်။ 


“ကုန်းကုန်း ဒီလမ်းကြားထဲမှာ အရှင်မင်းကြီး ရှိ်နေတာလား…” တခဏအကြာတွင် ချမ့်ပေါင်က လျန်ဖုကို အလေးအနက် အမူအယာနှင့် မေးမြန်းလိုက်သည်။ 


“မင်းက ဘာကြောင့် ဒီမေးခွန်းကို မေးတာလဲ… မင်းစိတ်ထဲမှာဘာတွေတွေးနေတာလဲ...” ချမ့်ပေါင်၏ မေးခွန်းကို ကြားလိုက်ရသောအခါ လျန်ဖုက မျက်မှောင်ကြုံ့လိုက်ပြီး ပြောဆိုလိုက်သည်။


“အာ…. အဲလိုသဘောမျိုးမဟုတ်ပါဘူး…. ဒီနိမ့်ကျတဲ့သူက အရှင်မင်းကြီးကိုလဲ စားသောက်ဆိုင်ကို ဖိတ်ခေါ်ချင်လို့ပါ… အရင်တုန်းက ဆိုင်မှာလာစားတုန်းက အရှင်မင်းကြီးက အင်ပါယာမြို့တော်ထဲမှာ နံပါတ်တစ် အရသာပဲလို့ ပြောဆိုခဲ့တယ်လေ… ဒါကြောင့် ကျွန်တော်မျိုးက အရှင်မင်းကြီးနဲ့ ကုန်းကုန်းကို ဆိုင်မှာလာရောက်ချီးမြှင့် စားသောက်ဖို့အတွက် ဖိတ်ခေါ်ချင်တာပါ…” ချမ့်ပေါင်က အလျင်အမြန်ပင် ရှင်းလင်းပြောဆိုလိုက်သည်။


“ဘုရင်မင်းမြတ်က စားဖို့ စိတ်ဆန္ဒရှိမယ်ဆိုရင် မင်းရဲ့ဆိုင်ကို တစ်ယောက်ယောက်လွှတ်လိုက်မှာပေါ့ မင်းရဲ့ဦးနှောက်က အကျိုးမရှိတာတွေကို စဉ်းစားနေတာပဲ… ဟမ့်…” လျန်ဖုက ချမ့်ပေါင်ကို နှာခေါင်းတစ်ချက်ရှုံ့၍ ပြောဆိုလိုက်သည်။


သို့သော် ချမ့်ပေါင်၏ မျက်နှာပေါ်မှ အပြုံးမျက်နှာက ပျောက်ကွယ်သွားခြင်းမရှိပဲ ခေါင်းညိမ့်လိုက်ပြီး လှည့်ထွက်သွားလိုက်သည်။ အတန်ငယ်ဝေးသည့် နေရာသို့ ရောက်ရှိသွားသောအခါ သူ၏ မျက်နှာပေါ်မှ အပြုံးများက ပျောက်ကွယ်သွားပြီး အေးစက်စက် အမူအယာက ပေါ်ထွက်လာလေတော့သည်။


“လမ်းကြားလေးထဲက သေးနုပ်ပြီး နံမည်ပျက်ရှိတဲ့ ဆိုင်ကို ဘုရင်မင်းမြတ်တောင် ရောက်လာခဲ့တာလား… ငါရဲ့ဆိုင်က ဖောက်သည်တွေ ပျောက်သွားတာကလဲ ဒီဆိုင်ငယ်လေးကြောင့်ပဲလား…” ချမ့်ပေါင်က တစ်တွတ်တွတ် ရေရွတ်နေမိသည်။


“ဟမ့်… ဒင်းက ငါ့ရဲ့ စီးပွားရေးကို ဘယ်ိလိုတောင် ဖျက်စီးနိုင်ရတာလဲ .. သူဆိုင်က အကျော်ကြားဆုံး ဟင်းပွဲရဲ့ အရသာကို အရင် စုံစမ်းရမယ်… နောက်မှ ငါ့ရဲ့ ဖောက်သည်တွေကို ပြန်စွဲဆောင်ရမယ်….”


“အဖိုး အင်ပါယာမင်းမြတ်… ဒါက ငါးမူးပျံဟင်းပါ…” ရှောင်ယီက ချိုသာယဉ်ကျေးစွာ ပြောဆိုလိုက်ပြီး ငါးမူးပျံဟင်းပန်းကန်ကို စားပွဲပေါ်သို့ ချပေးလိုက်သည်။ ငါးမူးပျံဟင်း၏ သင်းပျံံ့သော မွှေးရနံ့များကြောင့် အင်ပါယာမင်းမြတ်က အသက်ပြင်းပြင်း ရှူရှိုက်လိုက်မိသည်။


“ဒီငါးဟင်းရဲ့ အနံ့က နှိုင်းယှဉ်စရာမရှိအောင်ကို မွှေးပျံ့လွန်းတာပဲ…” အင်ပါယာမင်းမြတ်က ဟန်ပင် မဆောင်နိုင်တော့ပဲ တူဖြင့် ငါးအသားတစ်ဖက်ကို ကောက်ယူလိုက်ပြီး ပါးစပ်အတွင်းသို့ ထည့်လိုက်လေသည်။ ဝိုင်အရသာနှင့် ငါး၏ အရသာများက ကောင်းမွန်စွာ ပေါင်းစပ်နေပြီး သူ၏လျာပေါ်သို့ ရောက်ရှိသွားသည်နှင့် အရသာခံ အာရုံကြောအားလုံးကို ပျံ့နှံ့သွားပြီး သွေးကြောများအထိ တိုး၀င်သွားသည်ကို ခံစားလိုက်ရသည်။ှ


“အဖိုးအင်ပါယာမင်းမြတ်… ဒါကတော့ ရွှေဝါရောင် အသားပေါင်းဖက်ထုပ်ပါ … ကောင်းကောင်းသုံးဆောင်ပါ…” 


ဟင်းပွဲများက တစ်ပွဲပြီးတစ်ပွဲ ရောက်ရှိလာပြီး ဆိုင်အတွင်းတွင် မွှေးပျံ့သော ရနံ့များက နေရာလွတ်မရှိအောင် ဖုံးလွှမ်းနေတော့သည်။ ဘုရင်မင်းမြတ်က ဟင်းပွဲများကို တစ်ပွဲပြီးတစ်ပွဲ မရပ်မနား စားသောက်နေပေသည်။ အရသာရှိသော ဟင်းပွဲများက သူ့ကို စွဲဆောင်ထားပေသည်။ သူ၏ မုတ်ဆိတ်များတွင်ပင် ဆီများ ပေကြံနေပြီး မျက်နှာပေါ်တွင် အလွန်အမင်း ပျော်ရွှင်နေသော အမူအယာက ပေါ်ပေါက် နေပေသည်။ အစားအသောက်ကို ချစ်မြတ်နိုးပြီး အကဲဖြတ်နိုင်သော လူတစ်ယောက်အနေဖြင့် ဟင်းပွဲတိုင်းကို ကြယ်ပွင့် အမြင့်ဆုံးအထိ ပေးရန်ပင် ထိုက်တန်သည်ကို သိရှိနေပေသည်။


“ရှောင်ယီ… ဒီမှာ အင်ပါယာနန်တော်ထဲက ရတနာစီခြယ် မက်မွန်ဝိ်ုင်ထက် ကောင်းတဲ့ဝိုင်ရှိတယ်ဆို… ဘာလို့ငါမတွေ့တာလဲ…” အင်ပါယာမင်းမြတ်က နောက်ဆုံးလက်ကျန် ၀က်နံရိုးချိုချဉ်ကြော်ကို မျိူချလိုက်ပြီး လှမ်းမေးလိုက်သည်။


“ရှိပါတယ်.. အဖိုးအင်ပါယာမင်းမြတ်… ခဏလောက်စောင့်ပါ…” ရှောင်ယီက တက်ကြွ ပျော်ရွင်စွာဖြင့် မီးဖိုခန်းအနီးမှ အပေါက်ဆီသို့ သွားလိုက်လေသည်။


“စိတ်ပုပ်သူဌေး… ဝိုင်အိုးကို ယူလာတော့ ဒီမှာ အဖိုးအင်ပါယာမင်းမြတ်က ဝိုင်ကို မြည်းစမ်းချင်နေပြီ…” ကွမ်းရှောင်ယီက ပုဖန်ကို လှမ်းပြောလိုက်သည်။ 


နောက်ဆုံးဟင်းပွဲကို ချက်ပြုတ်ပြင်ဆင်ပြီးသွားသည့် ပုဖန်က ရှောင်ယီ့ကို ခေါင်းညိမ့်ပြလိုက်ပြီး ဟင်းပွဲကို သယ်ဆောင်သွား ရန် အချက်ပြလိုက်သည်။ ထို့နောက် သူက ကြောင်အိမ်အတွင်းမှ အေးခဲကျောက်စိမ်း နှလုံးသားဝိုင်ကိုထုတ်ယူလိုက်ပြီး အပြင်ဘက်သို့ ထွက်လာလိုက်သည်။ ဝိုင်ကရားကို အင်ပါယာမင်းမြတ်၏ ရှေ့တွင် ချပေးလိုက်ပြီး ခုံတစ်လုံးကိုဆွဲယူလိုက်ပြီး ထိုင်လိုက်လေသည်။


“အခုရော ဘယ်လိုလဲ… ဟင်းပွဲတွေရဲ့ အရသာကိုကြိုက်နှစ်သက်ရဲ့လား… ငါ့ရဲ့ဆိုင်ကို ပိတ်ချင်နေတုန်းပဲလား ..” ပုဖန်က ခပ်အေးအေးသာ မေးမြန်းလိုက်သည်။


အင်ပါယာမင်းမြတ်က မချက်ပြုတ်ထားပဲ ချပေးထားသကဲ့သို့ စိမ်းစိုနေသည့် အရွက်ကြော်ကို စူးစမ်းနေရာမှ ပုဖန်၏ မေးခွန်းကို ကြားလိုက်ရသောကြောင့် သူ၏ မျက်နှာပေါ်တွင် ရှက်ကိုးရှက်ကန်း အမူအယာတစ်ခု ပေါ်ပေါက်လာပြီး ချက်ချင်းပင် ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။ သူက အရွက်ကြော်ကို ပါးစပ် အတွင်းထည့်၍ ဝါးလိုက်သည်နှင့် နွေးထွေးသော စွမ်းအင်များက ချိမြမြအရသာဖြင့် ထွက်ပေါ်လာပြီး သူ၏ လည်ချောင်းအတွင်းသို့ စီး၀င်သွားသည်ကို ခံစားလိုက်ရသည်။ 


“ဒါက အရွက်ကြော်လား…” အင်ပါယာမင်းမြတ်က စားသောက်နေရာမှာထပ်မေးလိုက်သည်။


“အင်း… မြင်တဲ့အတိုင်းပဲလေ… ဒါက အရွက်ကြော် ငါက ထူးဆန်းတဲ့ နည်းလမ်းနဲ့ ကြော်ချက်ထားလို့ စ်ိမ်းစိုနေတာ…..”


ပုဖန်က ပြောဆိုနေရင်းဖြင့် ဝိုင်ကရားမှ အ၀တ်စလေးကို ဖယ်ထုတ်လိုက်ပြီး ခွက်ထဲသို့ ငှဲ့လိုက်သည်။ ထို့နောက် ခွက်ကို ညွှန်ပြလိုက်ပြီး သောက်ရန် အမူအယာ လုပ်ပြလိုက်သည်။ အင်ပါယာမင်းမြတ်က အေးခဲကျောက်စိမ်း နှလုံးသားဝိုင်၏ မွှေးရနံ့ကို ရလိုက်သည်နှင့် သောက်ခြင်စိတ်များက အသွေးအသားထဲမှ အာသာပြင်းပြင်း ဖြစ်ပေါ်လာလေတော့သည်။ အင်ပါယာမင်းမြတ်က အဖြူအပြာ ရောစပ်ထားသော ဝိုင်ခွက်ကို မြှောက်လိုက်ပြီး တစ်ဖြည်းဖြည်းခြင်း စုပ်သောက်လိုက်သည်။


ဝိုင်က သူ၏ နှုတ်ခမ်းမှ လျာပေါ်သို့ စီး၀င်လာသည်နှင့် ပျော်ရွင်စွာ ခံစားလိုက်ရသည်။ သူ၏ ခန္ဒာကိုယ်တစ်ခုလုံးက တုန်လှုပ်နေပြီး သူ၏ မျက်နှာပေါ်မှ ပါးရေများပင် တဆတ်ဆတ် တုန်နေပေသည်။ သူက ဝိုင်ခွက်ကို ကုန်အောင် သောက်ချလိုက်ပြီး ပြန်ချလိုက်ချိန်တွင် သူ၏မျက်နှာပေါ်တွင် ဝိုင်၏ စွဲဆောင်မှုအောက်တွင် ကျရှုံးသွားသည့် အမူအယာက အထင်းသား ပေါ်ထွက်နေပေသည်။


“ကောလဟာလတွေက တစ်ကယ့်ကို အမှန်တရားပဲ… ဒီအေးခဲကျောက်စိမ်းနှလုံးသားဝိုင်က ငါ့ရဲ့ ရတနာစီခြယ် မက်မွန်ဝိုင်ထက် အများကြီး ပိုကောင်းနေတယ်… ငါဒီလောက်အကြာကြီး အသက်ရှင်လာပြီးတော့မှ ငါ့ကို ကျရှုံးသွားစေတဲ့ ဝိုင်ကို ရှာတွေ့ခဲ့ပြီ… ဒါက ငါ့က်ို ကောင်းကင်ဘုံက ပေးတဲ့ ပစ်ဒဏ်လား ဆုလာဒ်ပဲလား…” အင်ပါယာမင်းမြတ်က နှုတ်ခမ်းများကို လျာနှင့် သပ်လိုက်ပြီး တမ်းတမ်းတတ အမူအယာနှင့် ရေရွတ်ပြောဆိုနေမိသည်။


“ဒီလောက်ကောင်းမွန်တဲ့ ဝိုင်ရယ်… အရမ်းအရမ်းကို အရသာရှိတဲ့ အစားအသောက်တွေရယ် ရှိနေတဲ့ ပိုင်ရှင်ပုရဲ့ ဆိုင်ကို ပိတ်ချင်တယ်ဆိုရင် ငါက အမှန်တကယ်ကို ရူးနေလို့ပဲ ဖြစ်ရမယ်…” အင်ပါယာမင်းမြတ်က သူ၏ မုတ်ဆိတ်များကို ပွတ်သပ်လိုက်ပြီး ပြောဆိုနေလိုက်သည်။ ပုဖန်က ဝိုင်ခွက်ကို ထပ်မံဖြည့်ပေးလိုက်သောကြောင့် သူက တစ်ရှိန်တိုး မော့ချလိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်လေတော့သည်။


ပုဖန်က မျက်နှာသေ အမူအယာနှင့်ပင် အင်ပါယာမင်းမြတ်ကို စိုက်ကြည့်နေလိုက်သည်။ သူမျှော်လင့်ထားသကဲ့သို့ပင် အရာရာတိ်ုင်းက ဖြစ်ပေါ်လာပေသည်။ 


အင်ပါယာမင်းမြတ်က သုံးခွက်ဆက်တိုက် သောက်လိုက်ပြီးနောက် ဝိုင်၏ အာနိသင်က စတင်ပြလာပြီဖြစ်သည်။ သို့သော် သူ၏ မျက်၀န်းများက တောက်ပနေဆဲ့ပင် ဖြစ်သည်။ အင်ပါယာမင်းမြတ်က ဝိုင်ခွက်ကို စားပွဲပေါ်သို့ အသံမြည်အောင် ဆောင့်ချလိုက်ပြီး ပုဖန်ကို စိုက်ကြည့်၍ စိတ်အားထက်သန်စွာနှင့် ပြောဆိုလိုက်သည်။


“ပိုင်ရှင်ပု… မင်း ငါ့ရဲ့ တော်၀င်စားဖိုဆောင်မှာ လာပြီး အလုပ်လုပ်လှည့်… ငါမင်းကို သလင်းကျောက် တစ်သောင်းပေးမယ်….”