အခန်း ၆၆ “ငါကမင်းရဲ့ဆိုင်ကို နံမည်ပေးလိုက်မယ်ဆိုရင်ရော”
“ငါ့ရဲ့လက်အောက်မှာ အလုပ်လာလုပ်လိုက်… မင်းကို တစ်လစီတိုင်းအတွက် သလင်းကျောက်တုံး တစ်သောင်းပေးမယ်..” အင်ပါယာမင်းမြတ်က ပုဖန်ကို ခပ်ပြုံးပြုံး စိုက်ကြည့်နေပြီး သူ၏ လက်ညိုးကို ရမ်း၍ ပြောဆိုလိုက်သည်။
ပုဖန်က မှင်သက်စွာဖြင့် အင်ပါယာမင်းမြတ်ကို ပြူးကြောင်ကြည့်နေပြီး သူ၏ မျက်လုံးများက ရမ်းခါနေသည့် လက်ညိုးကိုပင် မမြင်နိုင်ပဲ တွေးတောနေမိသည်။
“ဟမ်… သူက ဘယ်လောက်လို့ပြောလိုက်တာ… တစ်သောင်း… သလင်းကျောက်တစ်သောင်း… ဟုတ်လား…”
“ ချက်ပြုတ်ခြင်းနတ်ဘုရားဖြစ်ဖို့ ရည်ရွယ်ထားတဲ့ သင်က သင့်ရဲ့ပန်းတိုင်ကို ရုပ်၀တ္ထုပစ္စည်းတွေကြောင့် ပျက်စီးသွားစေခြင်တာလား…. ချမ်းသာမှုတွေရဲ့ စွဲဆောင်မှုကနေ သင်ကြံ့ကြံ့ခံနိုင်ရမယ်… ကိုယ့်ရဲ့ လှပတဲ့အနာဂတ်ကို ကိုယ်ပိုင်လက်တွေနဲ့ပဲ ထုဆစ်ပုံဖော်တာ အကောင်းဆုံးပါပဲ…” စနစ်မှ တည်ငြိမ်လေးနက်သော အားပေးစကားက ပုဖန်၏ ဝေ၀ဝါးဝါး ဖြစ်နေသော စိတ်များကို ရှင်းလင်းသွားစေသည်။ ပုဖန်က ပါးစပ်အဟောင်းသားဖြစ်နေရာမှ ပြုံးလိုက်လေသည်။
“ဘာကြောင့်ငါက မင်းရဲ့လက်အောက်မှာ အလုပ်လုပ်ရမှာလဲ….” ပုဖန်က အင်ပါယာမင်းမြတ်ကို တည်ငြိမ်သော အမူအယာနှင့် စိုက်ကြည့်လိုက်ပြီး မေးမြန်းလိုက်သည်။
အင်ပါယာမင်းမြတ်၏ မျက်နှာပေါ်မှ ယုံကြည်ချက်ရှိသည့် အပြုံးက ချက်ချင်းပင် အေးခဲသွားပြီး မျက်မှောင်ကြုံ့၍ ပြန်လည်ပြောဆို လိုက်သည်။
“ဘာလို့လဲဆိုတော့ ငါက လေအလင်းအင်ပါယာရဲ့ ဘုရင်မင်းမြတ်ဖြစ်နေလို့ပေါ့… ငါက စည်းမျဉ်းတွေရဲ့ အထက်မှာထိုင်နေတဲ့ လူတစ်ယောက်ဖြစ်နေလို့ပဲ မင်းကို ငါက တော်၀င်စားဖိုမှုးအဖြစ် ခန့်အပ်နိုင်တဲ့ အရည်အချင်းမရှိသေးဘူးလား… ဒီတစ်နိုင်ငံလုံးက မရေမတွက်နိုင်တဲ့ စားဖိုမှုးတွေက အင်ပါယာနန်းတော်ထဲက တော်၀င်စားဖိုဆောင်မှာ အလုပ်လုပ်လိုကြတယ်… ဘာကြောင့်လဲ သိလား…. သူတို့တွေက ငါ့အတွက် ဟင်းပွဲတွေ ချက်ပြုတ်ပေးရင်းနဲ့ ကျော်ကြားချင်ကြလို့ပဲ…”
“အိုး… ဘုရင်တစ်ပါးရဲ့ စွမ်းဆောင်ရည်တွေက မယုံနိုင်စရာပါလား… သူတို့က သွားချင်နေတာဆိုတော့ သူတို့ကိုပဲ ခေါ်ထားလိုက်လေ…” ပုဖန်က သာမာန်မျှပင် ပြန်လည်ပြောဆိုလိုက်သည်။ သူ၏ အမူအယာက တက်ကြွမှု ၊စိတ်လှုပ်ရှားမှုများ မရှိသည့်အပြင် သူ၏ အကြည့်များကပါ အေးစက်တည်ငြိမ်နေပေသည်။
အင်ပါယာမင်းမြတ်က အံ့သြတကြီးဖြစ်သွားသကဲ့သို့ မလှမ်းမကမ်းတွင် ထိုင်နေသည့် ရှောင်မန်ပင် သူကြားလိုက်ရသည်များကြောင့် ခပ်ကြောင်ကြောင် ဖြစ်နေပေသည်။ အင်ပါယာမင်းမြတ်က ကြက်သေသေနေရာမှ ပြန်သတိရလာပြီးနောက် သူ၏ နှုတ်ခမ်းများကို တွန့်၍ မဲ့ပြုံးပြုံးလိုက် လေသည်။ လေအလင်းအင်ပါယာတစ်ခုလုံးတွင် ပုဖန်တစ်ယောက်ကသာ သူ့ကို မလေးမစား ပြောဝံ့ပေသည်။ သို့သော် ဆိုင်ငယ်လေးအတွင်းတွင် သူက ပုဖန်ကို အနည်းငယ်မျှပင် ထိခိုက်နိုင်လိမ့်မည်မဟုတ်ချေ။
“မင်းရဲ့ အချိန်တွေကို ဒီမှာလာဖြုန်းမနေပါနဲ့တော့…ငါက ဘယ်သူတစ်ဦးတစ်ယောက်အတွက်မှ အလုပ်လုပ်ပေးမှာမဟုတ်ဘူး… အကယ်၍ မင်းက ငါ့ရဲ့ ဟင်းပွဲတွေကိ်ု စားချင်တယ်ဆိုရင် ဒီဆိုင်ကို လာပြီး စားသောက်နိုင်တယ်… ဒီလိုဆိုရင် မင်းက ငါ့ကို အင်ပါယာနန်းတော်ထဲက တော်၀င်စားဖိုဆောင်ကို ခေါ်သွားစရာမလိုတော့ဘူးလေ… ဟုတ်တယ်မဟုတ်လား….” ပုဖန်က ပြောပြောဆိုဆိုဖြင့် မတ်တပ်ထရပ်လိုက်သည်။ သူ၏အသံကလည်း အလွန်တည်ငြိမ်နေပေသည်။
“စားဖိုမှုးတစ်ယောက်ရဲ့ ရည်မှန်းချက် ပန်းတိုင်က ဘာလဲ….” အင်ပါယာမင်းမြတ်က တွေးတောနေမိသည်။
အင်ပါယာမင်းမြတ်က ပုဖန်ကို အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်လိုက်ပြီး ထပ်မံပြောဆိုခြင်းမပြုတော့ချေ။ အချိန်အနည်းငယ်မျှ တိတ်ဆိတ်နေပြီးနောက် အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ကို ထပ်သောက်လိုက်ပြီး ပျော်ရွင်သော ခံစားချက်များက ပြန်လည်ဖြစ်ပေါ် လာခဲ့သည်။ ဟင်းပွဲများအားလုံးကို စားသောက်ပြီးစီးသွားသောအခါ အင်ပါယာမင်းမြတ်က သူ၏မုတ်ဆိတ်များတွင် ပေကျံနေသည့် ဆီများကို သန့်ရှင်းရေးလုပ်လိုက်လေသည်။ သူ၏ မျက်နှာပေါ်မှ အရေးအကြောင်းများက အသက်ဓာတ်များ ပြန်လည်ပြည့်၀လာသည်ကို ခံစားလိုက်ရသည်။
“အရမ်းကို ပြီးပြည့်စုံတယ်… အရမ်းကို အရသာရှိလွန်းတယ်…. ငါက ဒီလိုအရသာရှိတဲ့ အစားအသောက်တွေကို မစားရတာ တော်တော်ကြာနေပြီ…ဒါကြောင့် မင်းကို ဆုပေးသင့်တယ်…” အင်ပါယာမင်းမြတ်က သူ၏ မုတ်ဆိတ်များကိ ပွတ်သပ်နေရင်းမှ ပြောဆိုလိုက်သည်။
ပုဖန်က အင်ပါယာမင်းမြတ်၏ ပြောစကားကို ကြားလိုက်ရသောအခါ ကြောင်အ မှင်သက်နေပေသည်။ သူက ထိုသို့ ဖြစ်လာမည်ဟု မျှော်လင့်ထားခြင်းမရှိ်ပေ။
“အင်း… ဘယ်လိုဆုမျိုးပေးသင့်လဲ…ဒါက အရမ်းဆုံးဖြတ်ရခက်တာပဲ….” အင်ပါယာမင်းမြတ်က သူ၏ လက်နှစ်ဖက်ကို နောက်ပစ်၍ ဆိုင်ပတ်ပတ်လည်ကို လျောက်ကြည့်နေလိုက်ပြီး နက်နဲသော အပြံးတစ်ခုက သူ၏ မျက်နှာပေါ်တွင် ရုတ်တရက်ပေါ်ပေါက်လာခဲ့လေသည်။
“ပိုင်ရှင်ပု.. ငါမင်းအတွက် ဆုကို စဉ်းစားပြီးသွားပြီ… မင်းကို သလင်းကျောက်တွေပေးလိုက်မယ်ဆိုရင် သာမာန်လောက်ပဲ ဖြစ်နေလိမ့်မယ်.. ပြီးတော့ မင်းက တန်ဖိုးကြီးတဲ့ သက်စောင့်ဆေးတွေလဲ မလိုအပ်ဘူးလေ… အခု မင်းရဲ့ဆိုင်မှာ ဆိုင်းဘုတ်မရှိသေးတာကို ငါတွေ့လိုက်တော့ မင်းရဲ့ဆိုင်ကို နံမည်ပေးပေးမို့ ငါရွေးချယ်ပေးလိုက်မယ်… ဘယ်လိုသဘောရလဲ…” အင်ပါယာမင်းမြတ်က အလွန်သဘောကောင်းသော ဟန်ပန်နှင့် ပြောဆိုလိုက်သည်။
ပုဖန်က သူ၏ စကားကို ငြင်းပယ်လိမ့်မည်မဟုတ်ဟု တွေးတောနေမိသည်။ အင်ပါယာမင်းမြတ်တစ်ပါး၏ နံမည်ပေးခြင်းခံရသော ဆိုင်တစ်ဆိုင်အနေဖြင့် အင်ပါယာတစ်ခုလုံးတွင် ပုဖန်၏ စားသောက်ဆိုင်ကို မသိသူမရှိလောက်အောင် ဖြစ်သွားနိုင်ပေသည်။ ထိုဆုက သလင်းကျောက်များ ပေးခြင်းထက်ပင် ပ်ို၍ တန်ဖိုးရှိပေသည်။
“သတိပြုပါ လူငယ်လေး… ဒီဆိုင်က ပစ္စည်းမှန်သမျှကို စနစ်ကပဲ ဖြည့်ဆည်းထားတာဖြစ်တယ်… ဒီဆိုင်ရဲ့ ဆိုင်းဘုတ်အတွက် စနစ်က ပြင်ဆင်ပေးပြီးပါပြီ… ဒါကြောင့် အခြားသူတစ်ယောက်က ပေးတဲ့ ဘယ်အရာကိုမှ လက်ခံလို့ မရပါဘူး…”
ပုဖန်က စနစ်၏ အကြောင်းကို ကောင်းကောင်းသိနေပေသည်။ စနစ်က ပုဖန်ကို မည်သည့် ကမ်းလှမ်းမှုမျိုးကိုမျှ လက်ခံစေခဲ့ခြင်း မရှိပေ။
“မင်းရဲ့ကြင်နာမှုကို ကျေးဇူးတင်ပါတယ်… ငါ့ရဲ့ ဟင်းပွဲတွေက်ိုနှစ်သက်တယ် ဆိုရင် ဆိုင်ကို မကြာခဏလာပြီးတော့ အားပေးနိုင်ပါတယ် ငါက ၀မ်းမြောက်၀မ်းသာ ကြိုဆိုနေမှာပါ… နံမည်ဆိုင်ဘုတ်ရေးပေးဖို့က ငါ့အတွက်မလိုအပ်ဘူးလို့ပဲ အားနာနာနဲ့ပြောပါရစေ… ငါ့ရဲ့ဆိုင်မှာ ပရိဘောဂတွေ အပြင်အဆင်တွေက ပြည့်စုံနေပါပြီ…ဒီထက်ပိုပြီး ထပ်ဖြည့်စရာ မလိုအပ်သေးပါဘူး…” ပုဖန်က အေးဆေးတည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။ သူက အင်ပါယာမင်းမြတ်၏ ကမ်းလှမ်းချက်ကို နောက်တစ်ကြိမ် ငြင်းပယ်မိလိုက်သည်ကို သတိမမူမိပဲ ပြောဆိုနေလိုက်သည်။
အင်ပါယာမင်းမြတ်က အလွန် စိတ်ကသိကအောင့် ဖြစ်သွားပေသည်။ ပုဖန်က ပထမဦးစွာ သူ၏ လက်အောက်တွင် အလုပ်လုပ်ရန် ငြင်းဆိုခဲ့ပြီး ယခုအခါ နံမည်ပေးဆိုင်းဘုတ် ရေးပေးမည်ကို နောက်ထပ် တစ်ကြိမ် ထပ်မံ ငြင်းဆန်နေပေသည်။
“ကောင်းတယ်… အရမ်းကောင်းတယ်… ဒီလိုဆိုမှတော့ ငါကလဲ ပိုင်ရှင်ပုရဲ့ ဧည့်၀တ်ကျေပြွန်မှုကို ကျေးဇူးတင်ပါတယ်….” အင်ပါယာမင်းမြတ်၏ မျက်နှာက အေးစက်နေပြီး ပုဖန်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် ကျသင့်သည့် သလင်းကျောက်များကို စားပွဲပေါ်သို့ တင်ပေးလိုက်ပြီး ရှောင်မန်၏ စောင့်ရှောက်မှုအောက်တွင် ဆိုင်အပြင်သို့ ထွက်ခွာသွားလေတော့သည်။
အင်ပါယာမင်းမြတ်ကိုယ်တိုင် စားသောက်ဆိုင်ငယ်လေးသို့ လာရောက်စားသောက်နေခြင်းကြောင့် အခြား ပုံမှန်စားသောက်နေသူများအနေဖြင့် ဆိုင်အတွင်းသို့ ၀င်ရောက်လာရန် ခက်ခဲပေသည်။ ရှုရှီက ငါးပေါင်းစားရန် ဆိုင်ငယ်လေးသို့ ရောက်လာခဲ့သော်လည်း လမ်းကြားထိပ်တွင် လူအုပ်ကြီးက လမ်းကိုပိတ်ဆို့နေသည်ကို တွေ့လိုက်ရသည်။ သူက အနီးပတ်၀န်းကျင်ကို စပ်စုလိုက်ပြီးသည်နှင့် အကြောင်းအရာအားလုံးကို သိရှိလိုက်လေသည်။
“ဘုရားရေ… အရှင်မင်းကြီးက ဒီမှာလာစားတာလား… ဒါက ကိစ္စကြီးတစ်ခုပဲ… ဒီအကြောင်းကို အိမ်ရှေ့စံမင်းသားကို မြန်မြန် လျောက်တင်ရမယ်…” ရှုရှီက အစားအသောက်အကြောင်းပင် မတွေးတောနိုင်တော့ပဲ အလျင်အမြန် ပြေးထွက်သွားလေတော့သည်။
တစ်ချိန်တည်းမှာပင် လမ်းကြားလေးထဲမှ စားသောက်ဆိုင်ငယ်လေးထံသို့ အင်ပါယာမင်းမြတ်ကိုယ်တိုင် လာရောက်စားသောက်သည်ဟူသော သတင်းက မြို့တော်တစ်ခုလုံးကို အလျင်အမြန် ပျံ့နှံ့သွားလေတော့သည်။ အင်ပါယာမင်းမြတ်က ကမ္ဘာမြေပေါ်မှ နံမည်ကြီး သရုပ်ဆောင်များကဲ့သို့ပင် ကျော်ကြားလှသောကြောင့် ပုဖန်၏ ဆိုင်ငယ်လေးက အင်ပါယာမြို့တော်အတွင်းတွင် နံမည်ကြီး လူသိများလာလေတော့သည်။ အထူးသဖြင့် ချမ်းသာသော မိသားစုများနှင့် ရုံးပိုင်ဆိုင်ရာ အရာရှိအရာခံ မိသားစုများအကြားတွင် ပိုမိုကျော်ကြားလာခဲ့သည်။
“ဘာ… ဘာပြောလိုက်တယ်… ခမည်းတော်က တစ်ကယ်ပဲ အဲဒီဆိုင်ကို ကိ်ုယ်တိုင် သွားရောက်ခဲ့တာလား…” လျို့ဝှက်ကောင်းကင် ဂိတ်တခါး၏ လက်ယာဘက်ရှိ အိမ်ရှေ့စံမင်းသား၏ အိမ်တော်အတွင်းတွင် ရှုရှီက ဖြစ်ပျက်ခဲ့သည်များကို လျောက်တင်လိုက်သည်နှင့် အိမ်ရှေ့စံမင်းသား၏ မျက်လုံးများတွင် မယုံနိုင်မှုများနှင့် ပြည့်နှက်သွားပြီး ရုတ်တရက် မတ်တပ်ထရပ်လိုက်ကာ ပြောဆိ်ုလိုက်လေသည်။
“ဟုတ်ပါတယ် အရှင်မင်းသား… အဲဒီလမ်းကြားလေးရဲ့ အ၀ကို မိန်းမစိုးလျန်နဲ့ တပ်သားတွေက ပိတ်ဆို့ထားပါတယ်…” ရှုရှီက ပြန်လည်ပြောဆိုလိုက်သည်။
အိမ်ရှေ့စံမင်းသားက လက်နှစ်ဖက်ကို နောက်ပစ်၍ ခေါင်းငိုက်စိုက်ချကာ လမ်းအနည်းငယ် လျောက်နေလိုက်သည်။ ထို့နောက် ခေါင်းကို ပြန်မော့လိုက်ပြီး မေးမြန်းလိုက်သည်။
“ရှုရှီ … ငါမင်းကို သွေးနီရောင် ဖီးနစ်ငှက်ပေါက် အကြောင်း စုံစမ်းခိုင်းထားတာ ဘာထူးသေးလဲ…”
“အရှင်မင်းသား အဲဒီအကြောင်းကို သတင်းရထားပါတယ်… နောက်ရက်အနည်းငယ်ကြာရင် အင်ပါယာမြို့တော်ကို ရောက်လာပါလိမ့်မယ်..” ရှုရှီက အရိုအသေပြုလိုက်ပြီး ပြောဆိုလိုက်သည်။
ဂျိချန်းကန်က ခေါင်းငြိမ့်လိုက်ပြီး အလေးအနက် အမူအယာနှင့် ပြောဆိုလိုက်သည်။
“ခမည်းတော်က ဒီဆိုင်ကို သွားလည်တဲ့အချိန်မှာ ပြန်လည်ရှင်သန်ခြင်းစွပ်ပြုတ်ရဲ့ အကြောင်းကို သိသွားမလားဆိုတာတော့ ငါလဲ မပြောတတ်ဘူး… ခမည်းတော်က သ်ိသွားတယ်ဆိုရင်လည်း ငါက သွေးနီရောင် ဖီးနစ်ငှက်ပေါက်ကို အလျင်အမြန် ဆက်သရမယ်.. မသိသေးဘူးဆိုရင်တော့ ပါ၀င်ပစ္စည်းတွေကို အမြန်ယူသွားပြီး ပိုင်ရှင်ပုကို ချက်ခိုင်းရမယ်…”
ဘုရင်ခံယု၏ စံအိမ်အတွင်းရှိ ဥယျဉ်တော်အတွင်းတွင် ဘုရင်ခံယုက ပေါ့ပါးသော သာမာန်အ၀တ်များကို ၀တ်ဆင်ထားပြီး သူ၏ ဆံပင်များကို ဖြန့်ချထားလေသည်။ သူ၏ လက်ထဲတွင် သလင်းကျောက်အမှုန်လေးများကို ကိုင်ဆောင်ထားပြီး ဥယျာဉ်တော်အတွင်းရှိ ရေကန်အနီးတွင် လမ်းလျောက်နေလေသည်။သလင်းကျောက်မှုန်များကို ရေကန်အတွင်းသို့ အနည်းငယ် ချပေးလိုက်သောအခါ ရေကန်အတွင်းမှ အရောင်အသွေးစုံလင်လှသော ငါးများက အလုအယက် စားသောက်ကြလေတော့သည်။
သလင်းကျောက်မှုန်များ ကုန်ခမ်းသွားသောအခါ မရရှိလိုက်သော အနီရောင်ငါးတစ်ကောင်က ရေကန်ထဲတွင် ရုန့်ရင်းဆန်ခတ် လှုပ်ရှားလာလေတော့သည်။ ထိုငါးက သူ၏ ချွန်မြသည့် သွားများနှင့် ပြည့်နှက်နေသည့် ပါးစပ်ကို ဖွင့်ဟလိုက်ပြီး အများဆုံး စားသောက်ထားသည့် ငါ့ကို ကိုက်ဝါးမြိုချလိုက်သည်။ ရေကန်အတွင်းတွင် သွေးရောင်များ ပြန့်ကြဲသွားပြီး လတ်ဆတ်သော သွေးညှီနံ့များက လေထုထဲတွင် ပျံ့လွင့်နေတော့သည်။
ဘုရင်ခံယု၏ မျက်နှာပေါ်တွင် ပျော်ရွှင်နေပုံ ပေါက်နေသော်လည်း သူ၏ မျက်လုံးအကြည့်များက အနည်းငယ် အေးစက်နေပေသည်။ သူ၏ အခြားငါးတစ်ကောင်ကို အငမ်းမရ စားသောက်နေသည့် အနီရောင်ငါးကို စိုက်ကြည့်နေလိုက်သည်။
“ငါးတစ်ကောင်တောင်မှပဲ… ကိုယ့်အတွက်ကိုယ် ဘယ်လိုမျိုး ပြုမူရမလဲဆိုတာ သိနေတာပဲလေ… တော်၀င်သွေးဆက်ပါတဲ့ လူတိုင်းကလဲ တစ်ယောက်အပေါ်တစ်ယောက် မေတ္တာထားနေလို့မရဘူးလေ… တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်လာပြီဆိုတာနဲ့ သွေးလွှမ်းတဲ့ တိုက်ပွဲတွေက ပါလာမှာပဲလေ…” ဘုရင်ခံယုက တီးတိုးရေရွတ်လိုက်သည်။
ထိုအချိန်တွင် သူ၏ နောက်ကျောဘက်ဆီမှ ခြေသံအချို့ ကြားလိုက်ရပြီး လူတစ်စု ထွက်ပေါ်လာလေသည်။ ထိုသူများက အနက်ရောင် ၀တ်စုံကို ၀တ်ဆင်ထားကြပြီး ပတ်ပတ်လည်တွင် သိပ်သည်းသော စွမ်းအင်အငွေ့အသက်များက ထွက်ပေါ်နေပေသည်။
“နောက်ဆုံးတော့ မင်းတို့ ရောက်လာပြီပဲ …” ဘုရင်ခံယုက နှုတ်ခမ်းထောင့်စွန်းများကို တွန့်ကွေး၍ ပြောဆိုလိုက်ပြီး သူ၏ လက်ထဲမှ သလင်းကျောက်အမှုန်များကို ရေကန်ထဲသို့ ချပေးလိုက်ပြီး နောက်သို့ လှည့်လိုက်လေသည်။
ထိုလူအုပ်ထဲမှ လူတစ်ယောက်က သူ၏ လက်ကို မြှောက်၍ ခေါင်းဆောင်းကို ချွတ်လိုက်လေရာ ရှည်၍ ပိန်သွယ်သော မျက်နှာတစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုသူ၏ မျက်၀န်းများက နက်မှောင်နေပြီး အတွင်းတွင် ဝိဉာဉ်များ ကခုန်နေသည်ဟုပက် ထင်မြင်နေရပေသည်။
“ဝိဉာဉ်တစ္ဆေဂိုဏ်းရဲ့ အကြီးအကဲ ဟွန်းချွမ်ယွမ်က ဘုရင်ခံယုကို နှုတ်ခွန်းဆက်သပါတယ်…”