အပိုင်း ၆၇
Viewers 53k

အခန်း ၆၇ “လူငယ်လေး မင်းရဲ့ လျှာကို သုံးပြီးတော့ အမှားရှာပါ”


ဆောင်းဦးရာသီမှ ဆောင်းရာသီသို့ ရောက်ရှိလာသည်နှင့် ရာသီဥတုကလည်း ပိုမိုအေးမြလာခဲ့သည်။ အင်ပါယာမြို့တော်အတွင်းတွင် လှုပ်ရှားသွားလာနေကြသူများက နွေးထွေးစေရန် အ၀တ်ထူထူများကို ၀တ်ဆင်နေရပြီ ဖြစ်သည်။ မနက်စောစောတွင် လမ်းလျောက်နေကြသူများက ပါးစပ်ဟလိုက်သည်နှင့် အဖြူရောင်အခိုးအငွေ့လေးများ ထွက်ပေါ်လာသည်ကို တွေ့မြင်နေရပေသည်။


ဒုန်း…ဒုန်း.. ဒုန်း…


ဆိုင်ပေါက်၀ဆီမှ တံခါးရွက်ကို ထုရိုက်သံ ကြားလိုက်ရသောကြောင့် မီးဖိုခန်းအတွင်းတွင် ကြယ်ပျံဖြတ်တောက်ခြင်း နည်းပညာကို လေ့ကျင့်နေသော ပုဖန်က မျက်မှောင်ကြုံ့လိုက်မိသည်။


“ဒီလောက်အစောကြီး ဘယ်သူက တံခါးလာခေါက်နေတာလဲ..” ပုဖန်က ရေရွတ်လိုက်သည်။ ထို့နောက် မီးဖိုခန်းသုံးဓါးကို ချထားလိုက်ပြီး တံခါးဆီသို့ အလျင်အမြန်သွား၍ ဖွင့်လိုက်လေရာ ပန်းရောင်အနွေးထည်ထူထူကို ၀တ်ဆင်ထားသော ကွမ်းရှောင်ယီကို တွေ့လိုက်ရလေသည်။ သူမက တက်တက်ကြွကြွအမူအယာနှင့် ကြီးမားဝိုင်းစက်နေသည့် မျက်၀န်းလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်၍ ပုဖန်ကို ကြည့်နေလေသည်။


“ရှောင်ယီ… ဒီနေ့ဘာလို့ အစောကြီးရောက်လာတာလဲ…” ပုဖန်က မေးလိုက်မိသည်။


“သူမက ပုံမှန်ဆိုရင် ဖက်တီးဂျင်တို့လူစု စားသောက်ပြီးမှ ရောက်လာတာပါ…” ပုဖန်က တွေးတောလိုက်မိသည်။


ကွမ်းရှောင်ယီက ဆိုင်ငယ်လေးထံသို့ ရောက်အောင် ပြေးလွှားလာခဲ့ရသောကြောင့် အနည်းငယ် မောပန်းနေပြီး အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်လေသည်။ သူမ၏ ချောမောလှပသော မျက်နှာလေးက အအေးဒဏ်ကြောင့် နှင်းဆီရောင်သမ်းနေပြီး နှခေါင်းထိပ်လေးများပင် နီမြန်းနေသည်မှာ ချစ်စရာအလွန်ကောင်းနေပေသည်။


“စိတ်ပုပ်သူဌေး… အရှင့်သားအကိုကြီးက ဒီနေ့ အင်ပါယာမြို့တော်က ထွက်ခွာသွားမှာဆိုတာ့ သူ့ကို လိုက်ပို့ကြရအောင်…” ရှောင်ယီက မျော်လင့်ချက်အပြည့်နှင့် ပြောဆိုလိုက်သည်။


ပုဖန်က တခဏမျှ မှင်သက်သွားပြီး ထကြွသောင်းကျန်းနေသော ဂိုဏ်းဂဏများကို တိုက်ခိုက်ရန် မြို့တော်မှ ထွက်ခွာရမည်ဟု ဂျိချန်းရွဲ့က ပြောဆိုခဲ့သည်ကို အမှတ်ရသွားလိုက်သည်။ ဂျိချန်းရွဲ့က သူ၏ ဆိုင်ငယ်လေးတွင် အားပေးနေကျ ဖောက်သည်ဖြစ်သောကြောင့် လိုက်ပို့လိုက်မည်ဟု ဆုံးဖြတ်လိုက်ပြီး ရှောင်ယီ၏ ကမ်းလှမ်းချက်ကို မငြင်းပယ်တော့ပဲ ပြောဆိုလိုက်သည်။


“ငါ့ကို ခဏစောင့်ဦး..”


ပြောဆိုလိုက်ပြီးသည်နှင့် ပုဖန်က ဆိုင်အတွင်းသို့ လှည့်၀င်သွားလိုက်သည်။ တခဏမျှ ကြာသောအခါ ပုဖန်က သစ်သားဘုတ်ပြား အသေးလေးကို ကိုင်၍ ထွက်လာလေသည်။ ထိုဘုတ်ပြားလေးပေါ်တွင် ဆိုင်ခဏပိတ်သည်ဟု ရေးသားထားလေသည်။ ထိုဘုတ်ပြားလေးကို ဆိုင်၀တွင် ချိတ်ဆွဲလိုက်ပြီး ပုဖန်က ဆောင့်ဆောင့်ထိုင်ချလိုက်ကာ အိပ်ပျော်နေသော ဘလက်ကီ၏ အမွှေးများကို ပွတ်သပ်လိုက်သည်။ ထို့နောက် သူက ဆိုင်ကို ပိတ်လိုက်ပြီး ကွမ်းရှောင်ယီနှင့် အတူထွက်ခွာသွားလေတော့သည်။


ပုဖန်က သိုးမွှေးကုတ်အင်္ကျီအထူကို ၀တ်ဆင်ထားပြီး လည်ပင်းသို့ လေအေးများ မထိတွေ့နိုင်စေရန် မီးခိုးရောင် ပုဝါတစ်ထည်ကို ပတ်ထားလေသည်။ သူမ၏ ဖိတ်ခေါ်ချက်ကို ပုဖန်က လက်ခံလိမ့်မည်ဟု ကွမ်းရှောင်ယီက တွေးတောထားခြင်းပင် မရှိ်ခဲ့ချေ။ သူမက ပုဖန်ကို ဖိတ်ခေါ်မည်ဟု ကြံစည်လိုက်စဉ်ကပင် ငြင်းပယ်မှုကို လက်ခံနိုင်ရန် ကြိ်ုတင်ပြင်ဆင်လာခဲ့သည်။ သို့သော် ပုဖန်က မျော်လင့်ထားသည့်အတိုင်း ငြင်းပယ်ခြင်းမရှ်ိပဲ လိုက်ပါလာခဲ့ပေသည်။


သူတို့နှစ်ယောက်က လမ်း၀ကို လျောက်လာခဲ့လိုက်သည်။ ရှောင်မောင်နှမက လမ်းကြားထိမ်တွင် ရပ်နေပေသည်။ ရှောင်ယန်ယုက သူမ၏ မျက်နှာကို ပဝါပါးတစ်ထည်ဖြင့် ကွယ်ထားသော်လည်း သူမ၏ လှပသောမျက်နှာကို အလုံးစုံ မဖုံးကွယ်နိုင်သည့်အပြင် သူမ၏ ခန္ဒာကိုယ်မှ ကျက်သရေရှိသော အရှိန်အဝါများ ထွက်ပေါ်နေပြီး နတ်သမီးတစ်ပါးဟုပင် ထင်ရပေသည်။ သူမ၏ ဒဏ်ရာများက အလုံးစုံ ပြန်လည်သက်သာ လာသောကြောင့် လှုပ်ရှားမှုမျး ပြုလုပ်ရာတွင် အဟန့်အတားဖြစ်နေခြင်း မရှိ်တော့ပေ။


ရှောင်ရှောင်လုံက လမ်းကြားလေးထဲမှ ပုဖန်နှင့် ကွမ်းရှောင်ယီကို မြင်လိုက်ရသောကြောင့် လက်ကို ဝှေ့ရမ်း၍ နှုတ်ဆက်လိုက်သည်။ ရှောင်မောင်နှမ နှစ်ယောက်လုံက အဖြူရောင် ကုတ်အင်္ကျီကို ၀တ်ဆင်ထားသောကြောင့် သူတို့၏ ကျက်သရေရှိသော ပုံပန်းသွင်ပြင်ကို အပြည့်အ၀ ဖော်ကြူးထားသကဲ့သို့ ဖြစ်နေပေသည်။ လှပသည့် ရှုခင်းနောက်ခံနှင့် ပစ်ပျိုးမှည့်မထင်သည့် အလှတရားက လိုက်ဖက်ညီစွာ တည်ရှိနေပေသည်။


“ပိုင်ရှင်ပု… အရှင်မင်းသားကို ငါတို့နဲ့ အတူတူ လိုက်ပိုဖို့ကို မင်းက တစ်ကယ်ပဲ သဘောတူလိုက်တာလား….” ရှောင်ရှောင်လုံက တအံ့တသြနှင့် မေးမြန်းလိုက်သည်။ သူ၏ မျက်နှာပေါ်တွင်လည်း မယုံကြည်နိုင်မှုများက အထင်းသား ပေါ်ထွက်နေပေသည်။ ကွမ်းရှောင်ယီက သူမ၏ စိတ်ပုပ်သူဌေးကို သွားရောက်ဖိတ်ခေါ်မည်ဟု ပြောဆိုခဲ့စဉ်က ပိုင်ရှင်ပုက ငြင်းပယ်လိုက်မည်ဟုသာ သူက တွေးတောထားခဲ့လေသည်။


“ဘာဖြစ်လို့လဲ… ဒါက ထူးဆန်းလို့လား…” ပုဖန်က မျက်နှာသေနှင့်ပင် ရှောင်ရှောင်လုံကို ကြည့်၍ ပြောဆိုလိုက်သည်။ ရှောင်ရှောင်လုံက အောင့်သီးအောင့်သက် ရယ်မောလိုက်ပြီး ထပ်မံပြောဆိုခြင်း မရှိတော့ချေ။သူ၏ ဘေးမှ ရှောင်ယန်ယုက ပုဖန်ကို စိုက်ကြည့်လိုက်ပြီး အနည်းငယ် ဦးညွှတ်လိုက်ကာ ချိုသာသော အသံနှင့် ပြောဆိုလိုက်သည်။


“ကျမကိုကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်….”


ပုဖန်က ခေါင်းကို ညိမ့်ပြလိုက်ပြီး တိတ်ဆိတ်သွားလေတော့သည်။ သူတို့လေးယောက်က လမ်းကြားလေးအတွင်းမှ ထွက်လာကြပြီး အင်ပါယာမြို့တော်၏ အဓိကလမ်းမကြီးဆီသို့ လျောက်လာခဲ့ကြလေသည်။ မနက်စောစော တွင် တိုက်ခတ်နေသော လေအေးများက အရိုးကွဲလောက်အောင်ပင် အေးမြနေသောကြောင့် ပုဖန်က သူ၏ ပဝါက်ို ခပ်တင်းတင်း ဆွဲစိလိုက်ပြီး ပတ်၀န်းကျင်ကို လှည့်ပတ်ကြည့်ရှုနေလေသည်။


ပုဖန်က ဆိုင်အတွင်းမှ ထွက်ခဲသောကြောင့် အင်ပါယာမြို့တော်အတွင်းတွင် ယောင်တောင်တောင် ဖြစ်နေပေသည်။ သူက အင်ပါယာမြို့တော်တွင် နေထိုင်လာသည်မှာ နှစ်လမျှကြာမြင့်ပြီ ဖြစ်သော်လည်း မြို့တော်အတွင်းမှ လမ်းများနှင့် ရင်းနှီးနေခြင်းမရှ်ိပေ။ လမ်းတစ်ဖက်သို့ရောက်သောအခါ ကောင်းကင်က အနဲငယ် လင်းလာပြီဖြစ်သောကြောင့် စားသောက်ဆိုင်အချို့က ဖွင့်လှစ်နေပြီဖြစ်သည်။ ထိုဆိုင်များမှ စားသုံးသူများကို အော်ခေါ်နေစဉ်တွင် ရာသီဥတု၏ အအေးဒဏ်ကြောင့် သူတို့၏ ပါးစပ်မှ အခိုးအငွေ့များပင် ထွက်ပေါ်နေပေသည်။


လမ်းမကြီး၏ ဘေးတစ်ဖက်တစ်ချက်ဆီမှ ဆိုင်များမှ ဆိုင်အကူများက သမ်းဝေငိုက်မြည်းနေရင်းဖြင့် သူတို့၏ စီးပွားရေးကို စတင်လုပ်ကိုင်ရန် ပြင်ဆင်နေကြပေသည်။ တစ်ညလုံး အိပ်စက်အနားယူပြီးနောက်တွင် အင်ပါယာမြို့တော်က လှုပ်ရှားသွားလာသံများနှင့် ပြန်လည်အသက်၀င်လာခဲ့သည်။ ပုဖန်က သူ၏ သိချင်စိတ်ကို မသိုဝှက်ထားသောကြောင့် ရှောင်ယီက ဘေးတစ်ဖက်တစ်ချက်ဆီမှ အဆောက်အဦးများ အကြောင်းကို တက်တက်ကြွကြွနှင့် ရှင်းပြနေပေသည်။


“ဒါက ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်လား.. ဒီဆိုင်က အင်ပါယာမြို့တော်ထဲမှာ နံပါတ်တစ်ဆိုတဲ့ ဆိုင်ပေါ့…” ပုဖန်က လှပစွာ ပြင်ဆင်ထားသည့် သုံးထပ်အဆောက်အဦးတစ်ခုကို ရုတ်တရက် လက်ညိုးထိုးပြလိုက်ပြီး မေးမြန်းလိုက်သည်။


ရှောင်ယီနှင့် အခြားနှစ်ယောက်က ခေါင်း ညိမ့်ပြလိုက်လေသည်။ရှောင်ယီက အ၀င်၀၏ အပေါ်တွင် ချိတ်ဆွဲထားသော ထာ၀ရရှင်သန်သော ဖီးနစ် ဟူသော ဆိုင်းဘုတ်ကို လက်ညိုးညွှန်ပြလိုက်ပြီး ချိုသာစွာနှင့် ပြောဆိုလိုက်သည်။


“စိတ်ပုပ်သူဌေး… ဒီထာ၀ရရှင်သန်သော ဖီးနစ်ဆိုတဲ့ စကားလုံးတွေကို အဖိုးအင်ပါယာမင်းမြတ်ကိုယ်တိုင် ရေးပေးထားခဲ့တာ….”


ပုဖန်က ထိုစာလုံးများကို လှမ်းကြည့်လိုက်ရာ နက်ရှိုင်းလှသော အဓိပ္ပါယ်များကို မြင်တွေ့လိုက်ရပေသည်။ အင်ပါယာမင်းမြတ်၏ လက်ရေးလက်သားက အလွန်ကောင်းမွန်လှပေသည်။ သူ့ဆိုင်အတွက် ဆိုင်းဘုတ်တစ်ခုကို အလျင်အမြန် လိုချင်နေသောကြောင့် အင်ပါယာမင်းမြတ်၏ ကမ်းလှမ်းချက်ကို လက်ခံလိုခဲ့သော်လည်း စနစ်၏ ပြောဆိုမှုကြောင့် ငြင်းပယ်ခဲ့ရပေသည်။


“ကြားဖြတ် မစ်ရှင်… ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်က ဟင်းပွဲဆယ့်သုံးပွဲကို ဒီနေ့ပဲ မြည်းကြည့်လိုက်ပါ…. ပြီးတော့ သူတို့ရဲ့ချို့ယွင်းချက် အားနည်းချက်တွေကို ရှာဖွေပါ… ဟင်းပွဲတစ်ပွဲစီတိုင်းအတွက် ပြစ်ချက် သုံးချက်ကို ရှာပေးရပါမယ်… ( လူတွေကသူတို့ရဲ့ အားနည်းချက်တွေကို ဘယ်လိုဖုံးကွယ်ထားလဲဆိုတာ သိနိုင်အောင် ကြိုးစားရပါမယ်.. မင်းရဲ့ အကောင်းကြိုက်တဲ့ လျှာကို အသုံးပြုပြီးတော့ ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်က ဟင်းပွဲတွေရဲ့ အားနည်းချက်တွေကို ရှာဖွေပါ )…”


“မစ်ရှင်မှရမည့်ဆု… ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်မှ ဟင်းပွဲများ၏ ချက်ပြုတ်ခြင်းနည်းလမ်းကို မှန်မှန်ကန်ကန် အကဲဖြတ်နိုင်လျင် စွမ်းအင်အဆင့် ၁၀% တိုးတက်ပါမည်….”


ပုဖန်က ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်ကို ကြည့်ရှုနေစဉ်တွင် စနစ်၏ တည်ငြိမ်သော အသံက သူ၏ စိတ်ထဲမှ ထွက်ပေါ်လာခဲ့သည်။


“နောက်ထပ် ကြားဖြတ် မစ်ရှင်လား… ဒီတစ်ခါက ငါ့ရဲ့ လျှာကိုသုံးပြီး အမှားရှာရမှာပေါ့…. ကောင်းပြီလေ… ကြည့်ရတာတော့ ဒီမစ်ရှင်မှာ ငါ့ကိုစနစ်က တစ်ခုခု သတိပေးချင်နေပုံရတယ်… အင်း…. ကိုယ့်ရဲ့အားသာချက်တွေ ချို့ယွင်းချက်တွေကို ဖုံးကွယ်ထားရတာကလဲ ကောင်းတဲ့အချက်တစ်ချက်ပဲ …” ပုဖန်က စနစ်၏ အမူအညီကို ရရှိထားသော်လည်း ချက်ပြုတ်ခြင်း နတ်ဘုရား ဖြစ်လာလိုသော လူတစ်ယောက်အနေဖြင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရန် ကြိုးစားရပေမည်။


ထို့အပြင် ရရှိမည့်ဆုက သူ၏ ကျင့်ကြံခြင်းအဆင့်ကို ၁၀% တိုးပေးနိုင်ပြီး အကဲဖြတ်နိုင်သည့် ဟင်းပွဲများ၏ ချက်ပြုတ်ခြင်း နည်းစနစ်ကို ရရှီနိုင်ပေသည်။ ထိုအချက်က ပုဖန်ကို အလွန်အမင်း စွဲဆောင်နေပေသည်။ ကျင့်ကြံခြင်းအဆင့် ၁၀% တိုးတက်လာပါက သူ၏ ကျင့်ကြံခြင်းအဆင့်က စတုထ္တအဆင့် သို့ ရောက်သွားမည်ဖြစ်သည်။ ထိုအချိန်တွင် စနစ်ကလည်း အဆင့်တက်သွားပြီး သော့မပွင့်သေးသော အစိတ်အပိုင်းများကို အသုံးပြုလာနိုင်မည် ဖြစ်သည်။


“စိတ်ပုပ်သူဌေး… နင်ဘာတွေ ငေးနေတာလဲ ငါတို့မြန်မြန်သွားမှ ဖြစ်မယ်… အဲလိုမဟုတ်ရင် အရှင်မင်းသားအကိုကြီးကို မမှီပဲ နေလိမ့်မယ်…” ကွမ်းရှောင်ယီက ပုဖန်၏ အင်္ကျီစကို ဆောင့်ဆွဲ၍ ပြောဆိုလိုက်သည်။


ပုဖန်က သတ်ိပြန်၀င်လာပြီး ခေါင်းညိမ့်ပြလိုက်သည်။ထို့နောက် ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်ကို အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်လိုက်ပြီး သူတို့သွားနေသောလမ်းကြောင်းအတိုင်း ဆက်သွားလိုက်ကြသည်။ သူတိုလေးယောက်က မြို့တံခါး၀သို့ ရောက်ရှိလာကြသည်။ မြို့တံခါး၀၏ အရှေ့တွင် သံချပ်ကာ၀တ်ရုံးများကို ၀တ်ဆင်ထားသည့် တပ်သားများက တည်ကြည်သော အမူအယာများနှင့် စီတန်းနေကြပြီး သူတို့ထံမှ ညိ်ု့မှိုင်းသော အရှိန်အဝါမျး ထွက်ပေါ်နေကြသည်။ အခြားတပ်စုတစ်စုက စီတန်းနေကြပြီး အမိန့်ကို စောင့်နေကြသည်။ ထိုတပ်စုက တတိယမင်းသားကို ကာကွယ်ရန် အတွက် ဖြစ်သည်။


ဂျိချန်းရွဲ့က သံချပ်ကာအပြည့် ၀တ်ဆင်ထားပြီး ခေါင်းဆောင်းကို ဆောင်းထားလေသည်။ သူ၏ ချောမောခန့်ညားသော မျက်နှာပေါ်တွင် နူးညံ့မှုများက ပျောက်ကွယ်သွားပြီး တင်းမာခက်ထန်ကာ အေးစက်နေပေသည်။


“ငါ့ကို လိုက်ပို့တဲ့အတွက် ကျေးဇူးတင်ပါတယ်…ပိ်ုင်ရှင်ပု… ငါတစ်ကယ်ပဲ ချီမြှောက်ခံရတယ်လို့ ခံစားနေရတယ်….” ဂျိချန်းရွဲ့က ပုဖန်ကို သတ်ိပြုမိသွားသောကြောင့် အနည်းငယ်အံ့အားသင့်သွားပြီး ပြောဆိုလိုက်သည်။


“အရှင့်သား…တိုက်ပွဲအတွင်းမှ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ… ဘယ်အရာကမှ အရှင့်သားရဲ့ အသက်လောက်အရေးမကြီးဘူး… ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်က မင်းသားတစ်ပါးဆိုတာကို မမေ့ပါနဲ့….” ရှောင်မန်က တည်ကြည်လေးနက်စွာဖြင့် သတိပေးပြောဆိုလိုက်သည်။


မြို့၏ အပြင်ဘက်တွင် သောင်းကျန်းနေသော ဂိုဏ်းဂဏများနှင့် ရင်ဆိုင်တိုက်ခိုက်ရသည်မှာ အလွန့်အလွန် အန္တရာယ်ကြီးမားပေသည်။ သေးငယ်သော အမှားတစ်ခုကပင် စစ်တပ်တစ်ခုလုံးကို ပျက်စီးစေနိုင်လေသည်။ ထို့အပြင် သောင်းကျန်းသူ ပညာရှင်များက ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်များသာ ဖြစ်ကြပေသည်။ အင်ပါယာတပ်သားများက အလွန်သန်မာကြသော်လည်း ထိုကျွမ်းကျင်သူများကို အလွယ်တကူ ရင်ဆိုင်နိုင်ခြင်းမရှိပေ။ အင်ပါယာမင်းမြတ် ဂျိချန်းဖန်က ထိုဂိုဏ်းများနှင့် နှစ်ပေါင်းများစွာ တိုက်ပွဲဆင်နွဲခဲ့သော်လည်း အပြီးတိုင် တိုက်ခိုက် မချေမှုနးနိုင်ခဲ့ပေ။


ဂျိချန်းရွဲ့က ခေါင်းညိမ့်ပြလိုက်ပြီး သူ၏ အညိုရင့်ရောင် ယူနီကွန်းပေါ်သို့ တက်၍ ဇတ်ကြိုးကို ဆွဲကိုင်ထားလိုက်သည်။ ထို့နောက် အင်ပါယာနန်းတော်ကို တခဏမှ ငေးမောကြည့်လိုက်ပြီး တပ်သားများနှင့် အတူ အဝေးသို့ တစ်ဖြည်းဖြည်းခြင်း ထွက်ခွာသွားလေတော့သည်။ ဂျိချန်းရွဲ့၏ ပုံရိပ်က ပျောက်ကွယ်သွားသည်နှင့် ကွမ်းရှောင်ယီက ပုဖန်ဘက်သို့ လှည့်၍ မေးမြန်းလိုက်သည်။


“စိတ်ပုပ်သူဌေး… ငါတို့က အရှင်မင်းသားအကိုကြီးကို လိုက်ပို့ပြီးပြီဆိုတော့ ဆိုင်ပြန်ဖွင့်ကြမလား…”


ရှောင်ရှောင်လုံနှင့် ရှောင်ယန်ယုတို့ကလည်း ပုဖန်ရှိရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ ပုဖန်က ဆိုင်ပြန်ဖွင့်မည်ဆိုပါက နောက်မှ လိုက်ပါသွားကြမည် ဖြစ်သည်။ပုဖန်၏ ဆိုင်မှ အစားအသောက်များကို စားသောက်ရသည်က ပျော်ရွှင်မှုတစ်မျိုးကို ဆောင်ကျဉ်းပေးနိုင်ပေသည်။


ပုဖန်က မျက်နှာသေနှင့် ခေါင်းခါပြလိုက်ပြီး ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်သို့ ဦးတည်လိုက်သည်။


“ဒီနေ့တော့ ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်မှာ သွားစားပြီးတော့ အင်ပါယာမြို့တော်က နံပါတ်တစ် စားသောက်ဆိုင်ရဲ့ လက်ရာတွေကို သွားစားကြည့်ရမယ်…”