အခန်း ၆၈" ငါ့ရဲ့စွမ်းရည်တွေကို တိုးပွားလာစေချင်တယ်"
“ဟမ်… ပိုင်ရှင်ပုက ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်မှာ သွားစားချင်တာလား…” ရှောင်ရှောင်လုံက ပုဖန်၏ စကားကို ကြားလိုက်ရသောကြောင့် မျက်လုံးပြူး၍ ပြောဆိုလိုက်သည်။ ကွမ်းရှောင်ယီနှင့် ရှောင်ယန်ယုတို့ကလည်း ပုဖန်ကို နားမလည်နိုင်စွာ ငေးကြည့်နေမိသည်။ သူမတို့၏ အမြင်တွင် ပုဖန်၏ အချက်အပြုတ်စွမ်းရည်က ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်မှ စားဖိုမှုး၏ စွမ်းရည်ထက် များစွာ သာလွန်နေပေသည်။
“ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်က လေအလင်းအင်ပါယာမှာ နံပါတ်တစ် စားသောက်ဆိုင်ဖြစ်လာတဲ့ အကြောင်းအရင်းကို သိချင်တာရယ် ဒီ ကြီးမြတ်တဲ့ စားဖိုမှုးက အဲဒီဆိုင်က ပညာတွေက်ိုလဲ မြင်တွေ့ချင်နေတယ်… ဥပမာ အနေနဲ့ ပင်လယ်တစ်ခုက မြစ်ပေါင်းများစွာ ဆီက ရေတွေစီး၀င်နေသလို့ပေါ့… ပင်လယ်ရဲ့ ကြီးကျယ်မြင့်မြတ်မှုက မြစ်အများအပြားက စီးဆင်းလာတဲ့ ရေတွေကို သိုလှောင်ထားနိုင်လို့ပဲ …” ပုဖန်က ပြောပြောဆိုဆိုနှင့် ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်ကို ဦးတည်သွားလိုက်သည်။
“ပင်လယ်တစ်ခုက မြစ်အများကြီးရဲ့ရေကို စုစည်းပေးထားနိုင်တယ်… သူ့ရဲ့ ကြီးကျယ်မြင့်မြတ်မှုက အရာအားလုံးကို စုစည်းထားနိုင်လို့….” ရှောင်ရှောင်လုံက ပုဖန်၏ စကားကို ရေရွတ်လိုက်ပြီး မဲ့ပြုံးပြုံးလိုက်မိသည်။ ထို့နောက် ပုဖန်၏ အပြုအမူများက ထူးဆန်းနေသည်ကို သတိပြုမိသွားခဲ့သည်။
“ရှောင်ယီ… ပိုင်ရှင်ပုရဲ့ အမူအယာတွေက ထူးဆန်းမနေဘူးလား… ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်မှာ ဒီနေ့ မကောင်းတာတစ်ခုခု ဖြစ်တော့မယ်လို့ ငါတော့ ခံစားနေရတယ်….” ရှောင်ရှောင်လုံက ကွမ်းရှောင်ယီ၏ အနားသို့ တိုးကပ်လိုက်ပြီး ပြောဆိုလိုက်သည်။
“ထူးဆန်းတယ်…. ငါကဘာလို့ ဘာမှမခံစားမိတာလဲ … ဘာတွေများ ထူးဆန်းနေလို့လဲ ပညာဆိုတာ အမြဲတမ်းသင်ယူနေရမယ်တဲ့… ပညာရှာ ပမာသူဖုန်းစား လို့ ငါ့အဖိုးက အမြဲတမ်း ငါ့ကို ပြောနေတာပဲ….” ရှောင်ယီက အနည်းငယ်မျှ ကြောင်အသွားပြီး ပြန်လည်ပြောဆိုလိုက်သည်။
“ဟုတ်ပါပြီ …ဟုတ်ပါပြီ… နင်နဲ့ စကားနိုင်မလုနေတော့ဘူး….” ရှောင်ရှောင်လုံက ကွမ်းရှောင်ယီကို ပြန်လည်ပြောဆိုလိုက်သည်။
သူတို့သုံးယောက်က ပုဖန်၏ နောက်သို့ အလျင်အမြန် လိုက်သွားလိုက်ကြသည်။ ပုဖန်၏ ဆိုင်ငယ်လေး မပေါ်လာခင်အချိန်က ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်တွင် သွားရောက်စားသောက်နေကြ ဖြစ်သောကြောင့် သူတို့က ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်နှင့် စိမ်းသက်နေခြင်းမရှိပေ။ ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်က အင်ပါယာမြို့တော်အတွင်းမှ နံပါတ်တစ် စားသောက်ဆိုင်ဖြစ်သောကြောင့် ဟင်းပွဲများက အလွန်အရသာ ကောင်းလှပေသည်။ ထိုအချက်က ပုဖန်၏ ဟင်းပွဲများနှင့် မနှိုင်းယှဉ်ခဲ့လျင် အမှန်တရားသာ ဖြစ်ပေသည်။
“ပိုင်ရှင်ပု… မင်းက ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်ကို သွားမယ်ဆိုတော့ အဲဆိုင်က စည်းကမ်းတွေကို သိလား…” ရှောင်ရှောင်လုံက ပုဖန်၏ အနီးသို့ လျောက်သွားလိုက်ပြီး ပြောဆိုလိုက်သည်။
“စည်းမျဉ်း စည်းကမ်းတွေ… ဟုတ်လား…” ပုဖန်က အနည်းငယ် အံ့အားသင့်သွားပြီး ရှောင်ရှောင်လုံ၏ ဘက်သို့ လှည့်၍ မေးမြန်းလိုက်သည်။ ရှောင်ရှောင်လုံက နှုတ်ခမ်းထောင့်စွန်းလေးများကို တွန့်၍ ပြုံးလိုက်မိသည်။ ပုဖန်က ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်သို့ သွားရောက်လိုသည်မှာ အကြောင်းပြချက် တစ်စုံတစ်ခု ရှိ၍ ဖြစ်ကြောင်းကို သူက သိရှိနေပေသည်။ သို့သော် ပုဖန် အရည်အချင်းကိုတော့ သူက စိတ်ချရုံကြည်နေပေသည်။
“အင်ပါယာမြို့က နံပါတ်တစ် စားသောက်ဆိုင် ဖြစ်တဲ့အတွက် ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်မှာ အထပ်သုံးထပ်ရှိတယ်… တစ်ထပ်ချင်းစီမှာ ပြင်ဆင်ထားတဲ့ ပရိဘောဂတွေရဲ့ အရည်အသွေးနဲ့ ၀န်ဆောင်မှုတွေက ကွာခြားတယ် … ပထမထပ်က သာမာန်စားသုံးသူတွေအတွက်ပဲ… ပထမထပ်မှာ ရနိုင်တဲ့ ဟင်းပွဲတွေက အရမ်းစျေးမကြီးဘူး… မြို့တော့ထဲက ပြေလည်တဲ့ သာမာန်မိသားစုတွေက တစ်လကို နှစ်ခါ သုံးခါလောက် လာစားလေ့ ရှိကြတယ်….”
“ဒုတိယထပ်ကတော့ နည်းနည်း ပိုထူးခြားတဲ့ ဧည့်သည်တွေအတွက် အဲဒီက ပရိဘောဂ အပြင်အဆင်တွေက ပထမထပ်ကထက် ပိုပြီးကောင်းမွန်တဲ့ အပြင် ၀န်ဆောင်မှုပေးတဲ့ စားပွဲထိုးတွေကလဲ ပထမထပ်ကလို ယောက်ျားလေး စားပွဲထိုးတွေ မဟုတ်တော့ပဲ လှပတဲ့ ပိုးထည်၀တ်စုံကို ၀တ်ဆင်ထားတဲ့ အမျိုးသမီး စားပွဲထိုးလေးတွေက ဧည့်ခံပေးတယ်…ဒီ၀န်ဆောင်မှုတစ်ခုထဲနဲ့ပဲ တစ်နိုင်ငံလုံးက ဆိုင်တွေထဲမှာ အကောင်းဆုံးဖြစ်လာတယ်…. ဟင်းပွဲတွေရဲ့ စျေးနှုန်းက ပထမထပ်ထက် ပိုပြီး မြင့်မားတဲ့အပြင် အရသာလဲ ပိုကောင်းလာတယ်….”
“တတိယထပ်ကတော့ အဆင့်အမြင့်ဆုံးပဲ… သူ့ရဲ့ ၀န်ဆောင်မှုကလဲ ထိပ်တန်းပဲ … ပရိဘောဂ အပြင်အဆင်ရော စားပွဲထိုးတွေရော အင်ပါယာမြို့တော်ထဲက ဘယ်ဆိုင်ကမှ မယှဉ်နိုင်ဘူး…. ပြီးတော့ အဲဒီ တတိယထပ်ကို သာမာန်ထက်ထူးခြားတဲ့ အထူးပုဂ္ဂိုလ်တွေကိုပဲ တက်ရောက် စားသောက်ခွင့် ပြုထားတယ်…” ရှောင်ရှောင်လုံက ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်၏ အပြင်အဆင်များနှင့် စည်းမျဉ်းစည်းကမ်းများကို ရှည်လျားစွာ ရှင်းပြလိုက်သည်။
ရှောင်ရှောင်လုံ ရှင်းပြသည်ကို နားထောင်လိုက်ပြီးနောက် ပုဖန်က မျက်မှောင်ကြုံ့၍ ခေါင်းတစ်ညိမ့်ညိမ့်နှင့် တွေးတောလိုက်သည်။ ဤစားသောက်ဆိုင် ပိုင်ရှင်က စိတ်ကူးအလွန်ကောင်းလှပေသည်။ ထိုသူက တစ်ထပ်စီတိုင်းတွင် မတူညီသော အပြင်အဆင်များနှင့် ၀န်ဆောင်မှုများကို ပြင်ဆင်ထားသောကြောင့် စားသုံးသူများက မိမိနှင့် အဆင်ပြေရာ အထပ်သို့ ၀င်ရောက်နိုင်ပေသည်။
ထို့အပြင် ဒုတိယထပ်တွင် စားသောက်ဖူးသော ဧည့်သည်က ပထမထပ်သို့ သွားရောက်၍ စားသောက်လိုတော့မည် မဟုတ်ချေ။ ဤနည်းအားဖြင့် ဧည့်သည်များကို စိတ်ကျေနပ်စေနိုင်ပြီး ၀င်ငွေများလည်း တိုးပွားလာစေနိုင်ပေသည်။
“ဒါဆိုရင် တတိယထပ်မှာ ရနိုင်တဲ့ အစားအသောက်တွေက အကောင်းဆုံးပဲပေါ့… ဟုတ်လား… မင်းက အဲဒီကို ၀င်ဖို့ အဆင့်မှီလား…” ပုဖန်က စဉ်းစားမိလိုက်သောကြောင့် ရှောင်ရှောင်လုံကို ရုတ်တရက် မေးမြန်းလိုက်သည်။
“အဲဒီ တတိယထပ်က အင်ပါယာမြို့တော်ထဲက မူးကြီးမတ်ရာတွေနဲ့ ရိုသေလေးစာခံထိုက်တဲ့ သူတွေပဲ ၀င်ခွင့်ရှိတာ… ငါ့တို့လို ကလေးတွေက ၀င်ဖို့ အဆင့်မမှီဘူး… တစ်ခါတုန်းက ဆန်းချီရှန်းက တတိယထပ်ကို ၀င်ဖို့လုပ်တာ ဆိုင်ထဲက ပစ်ထုတ်ခံလိုက်ရတယ်လေ… အဲဒီအထပ်ကို အင်ပါယာအဆင့်တစ်ယောက်က အမြဲတမ်း စောင့်ကြည့်နေတာ …” ရှောင်ရှောင်လုံက ပြန်လည်ပြောဆိုလိုက်သည်။
“ မင်းတောင်မှ အဲဒီ တတိယထပ်ကို ၀င်မရဘူးလား…” ပုဖန်က မျက်မှောင်ကြုံ့၍ ပြောဆိုလိုက်သည်။
“ပြောရမယ်ဆိုရင်တော့ အဲဒီကို အရှင်မင်းကြီး ပြီးတော့ သူ့ရဲ့ လက်ယာ၀န်ကြီးချုပ်၊ငါ့အဖေ၊ စစ်သူကြီးကွမ်းတို့နဲ့ သူတို့နဲ့ အဆင့်အတန်းတူတဲ့ လူအနည်းငယ်လောက်ပဲ ၀င်လို့ရတာ ….” ရှောင်ရှောင်လုံက ပုဖန်ကို ထပ်မံရှင်းပြလိုက်သည်။ သူတို့က စားတစ်ပြောပြောနှင့် လျောက်လာကြပြီး ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်၏ ၀င်ပေါက်ရှေ့သို့ ရောက်ရှိလာကြသည်။
“အိုး… ဒါသခင်လေးရှောင်မဟုတ်လား… မတွေ့တာတော်တော်ကြာနေပြီနော်.. သခင်လေး… ဒီမှာ လာသုံးဆောင်တာလား… အထဲကို မြန်မြန်ကြွပါ…” ဆိုင်ရှေ့သို့ ရောက်ရှိသွားသည်နှင့် ကိုယ်လုံးကိုယ်ပေါက်လှပပြီး စွဲဆောင်မှုရှိသော သတ်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်က သူ၏ တင်ပါးများကို ရမ်းခါ၍ ကနွဲ့ကလျ လျောက်လာပြီး အသံစူးစူးနှင့် ပြောဆိုလိုက်သည်။
“ဟုတ်တာပေါ့… မတွေ့ရတာတောင် တော်တော်ကြာပြီနော် အမချွန်း အမက ပိုပိုပြီး စွဲဆောင်မှု ရှိလာတယ်နော်…” ရှောင်ရှောင်လုံက တက်တက်ကြွကြွ ပြုံးလိုက်ပြီး ပြောဆိုလိုက်သည်။
စွဲဆောင်မှုရှိသည့် သတ်လတ်ပိုင်းအရွယ် အမျိးသမီးက သူ၏ လက်ဝါးလေးကို နှုတ်ခမ်းတွင် အုပ်၍ ကနွဲ့ကလျ ရယ်မောလိုက်လေသည်။ သူမက ရယ်မောလိုက်ချိန်တွင် ကြီးမားလုံးဝိုင်းသော သူမ၏ ရင်သားများက တစ်လှုပ်လှုပ် လှုပ်ခါနေလေသည်။ ပတ်၀န်းကျင်အပူချိန်က ရုတ်တရက်ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။ စွဲဆောင်မှုရှိသည့် အမျိုးသမီးက လှပစွာ ပြုံးလိုက်ပြီး ဆိုင်အတွင်းသို့ လမ်းပြခေါ်ဆောင်သွားလေတော့သည်။
ပုဖန်က စကား၀င်မပြောပဲ အမချွန်း၏ ခန္ဒာကိုယ်ကို တစ်ချက်မျှ အကဲခတ်လိုက်ပြီး ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင် အတွင်းသို့ တည်တည်ငြိမ်ငြိမ်ဖြင့် ၀င်ရောက် လိုက်ပါသွားလိုက်သည်။ ဆိုင်အတွင်းသို့ ရောက်ရှိသွားသည်နှင့် စားသောက်ဆိုင်၏ ကျော်ကြားရခြင်းအကြောင်းရင်းကို သိလိုက်ရသည်။ ပထမထပ်ကပင် အလွန်ကျယ်ပြန့်ပြီး စားပွဲခုံများကို သပ်ရပ်စွာ ခင်းကျင်းထားလေသည်။ စားသုံးသူများက မြိန်ရည်ရှက်ရည် စားသောက်နေကြပြီး သူတို့၏ မျက်နှာပေါ်တွင် စိတ်ကျေနပ်မှုများကို တွေ့မြင်နိုင်ပေသည်။
“သခင်လေးရှောင် သခင်လေးတို့က လေးယောက်ပဲမဟုတ်လား… အထူးဧည့်သည်နေရာမှာပဲ စားပွဲပြင်ပေးရမလား…” အမချွန်းသူမ၏ တင်ပါးများကို ရမ်းခါ၍ ရှေ့မှ ဦးဆောင်သွားနေရာမှ သူတို့ဘက်ကို ငဲ့ကြည့်လိုက်ပြီး မေးမြန်းလိုက်သည်။
“ဟုတ်တယ်… အမချွန်း … ကျွန်တော်တို့ လေးယောက်ပဲ … အဆင်ပြေတဲ့ စားပွဲ ပြင်ပေးပါဦး….”
“နေဦး… ငါတို့ကို ဒီပထမထပ်က သာမာန်နေရာမှာပဲ စားပွဲစီစဉ်ပေးပါ…” ရှောင်ရှောင်လုံ၏ စကားမဆုံးသေးခင်တွင် ပုဖန်က ၀င်ရောက်ပြောဆိုလိုက်သည်။
“ငါတို့က သာမာန်စားသုံးသူနေရာမှာ စားကြမှာလား…”
ရှောင်ရှောင်လုံနှင့် အခြားသူများက အံ့အားသင့်သွားကြသည်။
“ဟုတ်တယ်လေ… မင်တို့က အထူးဧည့်သည်နေရာမှာ စားချင်တယ်ဆိုရင် သွားကြလေ… ငါက ဒီမှာ စားသောက်ပြီးတာနဲ့ လိုက်လာလိုက်မယ်…” ပုဖန်က ပြောဆိုလိုက်သည်။
ရှောင်ရှောင်လုံတို့က ဘာစကားမှ ဆက်မပြောနိုင်ပဲ ပုဖန်ကို ငေးကြည့်နေမိကြသည်။ ရှောင်ယန်ယု၏ မျက်နှာကာအောက်မှ လှပသောနှုတ်ခမ်းလေးများက ခပ်မဲ့မဲ့ဖြစ်သွားပြီးတွေးလိုက်မိသည်။
“သူက ပြသနာရှာဖို့ စဉ်းစားနေတာလား…”
“ကောင်းပြီလေ… အမချွန်း ငါတို့ကို ပထမထပ်မှာပဲ စားပွဲပြင်ပေးပါ..” ရှောင်ရှောင်လုံက အမချွန်းကို ပြုံးပြလိုက်ပြီး ပြောဆိုလိုက်သည်။
အမချွန်း၏ လှပသော မျက်နှာလေးပေါ်တွင် သံသယများနှင့် ပြည့်နှက်သွားပြီး ပုဖန်ကို တစ်ချက်အကဲခတ်လိုက်လေသည်။ ထို့နောက် သူမကချိုသာစွာဖြင့် ပြောဆိုလိုက်သည်။
“ကောင်းပါပြီး ..ဒီဘက်ကို ကြွပါ…”
သူတို့လေးယောက်က စီစဉ်ပေးသော ခုံတွင် ၀င်ထိုင်လိုက်ကြသည်။ ခုံတွင် ထိုင်လိုက်ပြီးသည်နှင့် ပုဖန်က သူ၏ကုတ်အင်္ကျီနှင့် မာဖလာကို ချွတ်လိုက်လေသည်။ ထို့နောက် သူ၏ လက်ညိုးနှင့် ခုံကို သုတ်လိုက်လေသည်။ သူ၏ လက်ညိုးတွင် ဆီများ ပေကျံလာသည်ကို ခံစားလိုက်ရပြီး လက်တွင် အမည်းရောင်များ ပေကျံနေပေသည်။
“သန့်ရှင်းသပ်ရပ်မှုမရှိဘူး… စားချင်စိတ်တောင် ပျောက်သွားတယ်…” ပုဖန်က အေးစက်စက် အမူအယာနှင့် ပြောဆိုလိုက်သည်။ စားသောက်ဖွယ်ရာများကို မှာယူနေသည့် ရှောင်ရှောင်လုံက အေးခဲသွားပြီး ပုဖန်ကို ငေးကြောင်ကြောင်နှင့် စိုက်ကြည့်နေလေသည်။ ရှောင်ယီနှင့် ရှောင်ယန်ယုတို့ကလည်း မျက်လုံးလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး သူ့ကို ကြည့်နေကြလေသည်။ အမချွန်း၏ လှပသော မျက်နှာက အေးစက်သွားခဲ့လေသည်။သူမက စိတ်အနှောက်အယှက်ဖြစ်သွားသည်မှာ ပေါ်လွင်နေပေသည်။
“ဟွန့်.. ဒီနေရာက ပထမထပ်လေ… ဘယ်လိုလုပ် သန့်ရှင်းသပ်ရပ်မှုရှိမှာလဲ … ကိုယ်ဟာကို ဒီနေရာမှာ စားဖို့ ရွေုးပြီးတော့…” အမချွန်းက တွေးလိုက်မိသည်။
“ဒီပထမထပ် စားသောက်ခန်းမှာ ရနိုင်တဲ့ အကောင်းဆုံး ဟင်းပွဲတွေကို ချပေး…” ပုဖန်က အမချွန်းကို ထိုင်နေရာမှ လှမ်းပြောလိုက်သည်။
“အကောင်းဆုံးဟင်းပွဲ အကုန်… ဒီမှာ အကောင်းဆုံးဟင်းပွဲ ဆယ်ပွဲရှိတယ်… တစ်ပွဲကို ငွေပြား ၅၀၀ ကျသင့်တယ်… အကုန်လုံးကို မှာမယ်ဆိုတာ သေချာလို့လား…” အမချွန်းက ပုဖန်ကို မယုံသင်္ကာဟန်ဖြင့် စိုက်ကြည့်၍ မေးမြန်းလိုက်သည်။
ပုဖန်က ရှောင်ရှောင်လုံနှင့်အတူ လာရောက်ခဲ့သော်လည်း သူမက မယုံသင်္ကာ ဖြစ်နေပေသည်။ စစ်သေနာပတိချုပ် ရှောင်မန်၏ သားဖြစ်သော ရှောင်မန်တွင် ပိုက်ဆံက ရှားပါးမည်မဟုတ်သော်လည်း ထိုလူငယ်လေး၏ အခြေအနေကို သူမက သိရှိနေခြင်းမရှိပေ။ ထိုလူငယ်လေးက အ၀တ်အစားများက အဆင်ပြေပြေ ရှိနေသော်လည်း ငွေရှိသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ငွေရှိပါက ပထမထပ်မှ ရိုးရိုးစားသောက်ခန်းကို ရွေးချယ်မည်မဟုတ်ပေ။
“အမချွန်း… သူမှာတာတွေ အကုန် ချပေးလိုက်ပါ… သူ့မှာတစ်ခြားအရာတွေသာ ရှားပါးရင် ရှားပါးမယ်… ပိုက်ဆံတော့ မရှားဘူး…” ရှောင်ရှောင်လုံက ခပ်ဟဟရယ်မောလိုက်ပြီး ပြောဆိုလိုက်သည်။
ရှောင်ရှောင်လုံက ၀င်ပြောလိုက်သောကြောင့် အမချွန်းက စားသောက်ဖွယ်ရာများကို ပြင်ဆင်ရန် ထွက်သွားလေတော့သည်။ အမချွန်းထွက်ခွာသွားသောအခါ ရှောင်ရှောင်လုံက ပုဖန်ကို မေးမြန်းလိုက်သည်။
“ပိုင်ရှင်ပု… မင်းဒီစားသောက်ဆိုင်က ဟင်းပွဲတွေ အကုန်လုံးကို စားဖို့ ကြံစည်နေတာလား…”
“အမှန်ပဲ.. ငါဒီနေ့ အားနည်းချက်တွေကိ်ု ရှာဖွေပြီးတော့ ပြသနာအချို့ ရှာမလို့ပဲ…” ပုဖန်က ခပ်ပြုံးပြုံးနှင့် ပြန်လည်ပြောဆိုလိုက်သည်။